အခန်း ၁၆၁၄
Vol. 109 Ch. 1614
အပိုင်း (၁၆၁၄)
စနစ်သည် ကျွင်းချောင်ရှောင်းအား တစ်ခြားသော ဂြိုဟ်များ၏ ဘာသာစကားကို ဖတ်ရှနိုင်သည့် စွမ်းရည်ကို ပေးစွမ်းခဲ့၏။ သို့ပေမဲ့ ထိုအရာကို တတ်မြောက်သွားပြီးသည့်နောက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒ များ ပြည့်နှက်သွားခဲ့သည်။
“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ” ကျန်းတယ်ကျွင်းနှင့် ရှန့်ကွမ်းရှင်းရောင်တို့က ကြောင်အသွားခဲ့ကြ၏။ စောနကလေးတင် အရာအားလုံးသည် အဆင်ပြေလို့နေခဲ့၏။ အဘယ်ကြောင့် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းဆန္ဒ ထွက်ပေါ်နေရသနည်း။
ဘုန်း
ကျွင်းချောင်ရှောင်းသည် စက်ခန်း၏ အတွင်းပိုင်းနံရံကြီးကို လက်သီးဖြင့် ဒေါသတကြီး ထထိုးကာ ပြောလိုက်သည်။ “ငါ့ရဲ့ မွေးရပ်မြေကို ထိရဲတယ်။ ငါ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးကို ဖျက်ဆီးပစ်မယ်”
“အဲလိုပြောမနေနဲ့”
စနစ်က ပြောလိုက်၏။ “မြန်မြန်… စစ်သူကြီးဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ကို ညွှန်ကြားချက်တွေ ပေးလိုက်တော့လေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ဖို့အရာကို လက်လျော့လိုက်ဖို့ပေါ့”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မြင်ကွင်းဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ သို့ပေမဲ့ စိတ်ထဲတွင် ကြိတ်ကာ အော်လိုက်သည်။ “ဒါ ဖုန်းလည်းမဟုတ်ဘူး၊ ကွန်ပျူတာလည်း မဟုတ်ဘူးလေ။ ငါ သူတို့ကို ဘယ်လို ပြန်ပြီး ပြောရမှာလဲ။ ညွှန်ကြားချက်ကို ဘယ်လိုပို့ရမလဲ”
“……..”
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ဆယ်ဦးမြောက် ရေတပ်ဦးစီးချုပ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ခိုက်မည်ဖြစ်ကြောင်း သိရှိသည်ဆိုသော်လည်း ထိုသူတို့အား မည်ကဲ့သို့သော နည်းလမ်းကို အသုံးပြု၍ တားဆီးရမည်ဖြစ်ကြောင်း မသိရှိချေ။ ထို့အပြင် အသံပို့လွှတ်နိုင်သည်ဆိုသည်တောင်မှ သိသာထင်ရှားသော အသံ၊ လေယူလေသိမ်းတို့က ကွာနေပေအုံးမည်။ ထို့ကြောင့် တစ်ဖက်လူများအနေဖြင့် စစ်သူကြီးအဖြစ် အသိအမှတ်ပြုကြ လိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်”
ကျန်းတယ်ကျွင်းက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
သူနှင့် ရှန်ကွမ်းရှင်းရောင်တို့ကို ကျွင်းချောင်ရှောင်းသည် မြင်ကွင်းပေါ်တွင်ရှိသော စာများကို ဖတ်ပြလိုက်၏။
ရှန်ကွမ်းရှင်းရောင်တို့သည် ထိုအသံကို ကြားပြီးသည့်နောက်မှာတော့ ဒေါသတွေ ထွက်ကုန်ကြတော့သည်။ အထက်နယ်မြေ သည် ကောင်းမွန်လှသည့် ဓာတ်သဘာဝနှင့် လောကနိယာမများ တည်ရှိနေသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းမှ ဂိုဏ်းသားတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာသည့်လူများ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့်မြင့်ဂြိုဟ်တစ်ခုသည် ၎င်းတို့၏ မွေးရပ်မြေကို ပစ်မှတ်ထားနေသည်ဆိုခြင်းမှာ လုံးဝ လက်သင့်ခံနိုင်စရာ ကိစ္စရပ်မျိုး မဟုတ်ချေ။
“ဂိုဏ်းချုပ်”
ကျန်းတယ်ကျွင်းသည် အလောတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်တို့ မြန်မြန်ပြန်ပြီး ကူညီရမယ်”
“ဘယ်လိုပြန်ကြမှာလဲ”
ဤမေးခွန်းသည် သူ့အား ဆွံ့အသွားစေ၏။ လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခဲ့ကြသည် ဆိုသော်လည်း ပြန်ရန်မှာမူ ခက်ခဲလှ၏။ လက်ရှိအခြေအနေ၌ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အခက်အခဲများ ကြားတွင် ရောက်ရှိနေသည်ဆိုလျှင်တောင်မှ သူတို့သည် ကောင်းကင်တာအို၏ ကန့်သတ်ချက်များ တည်ရှိနေသောကြောင့် အောက်ဆီသို့ ဆင်းသက်နိုင်ရန် မလွယ်ချေ။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးတောကာဖြင့် ဖြူမဲညီနောင်တို့ကို ဆင့်ခေါ်လိုက်၏။ ၎င်းတို့ နှစ်ယောက်သည် အောက်နယ်မြေဆီသို့ ကျဆင်းလာခဲ့ဖူးသူများ ဖြစ်သောကြောင့် ထူးခြားသည့်နည်းလမ်းများကို အသုံး ပြုခြင်းဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်နိုင်မည့် နည်းလမ်းများကို ပိုင်ဆိုင်ပေလိမ့်မည်။
“ဟမ်”
အချင်းအရာကို သိရှိပြီးသည့်နောက် အဖြူရောင်နတ်ဆိုးသည် ကြောင်အအဖြင့် ပြောလိုက်၏။ “ကျုပ်တို့က ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြုပြီးတော့ အောက်နယ်မြေကို ဆင်းသက်လာ တာလေ။ ဒါပေမဲ့ လူဦးရေအကန့်အသတ်ကလည်း ရှိတယ်။ ပြီးတော့ ကောင်းကင်တာအိုရဲ့ တားဆီးချက် တွေကိုလည်း မလွတ်မြောက်နိုင်ဘူး။ ကျုပ်တို့အဆင့်တွေက တည်နေရာရွေ့ပြောင်းခြင်းအဆင့်ဆီကို ကျဆင်းသွားခဲ့တယ် မဟုတ်လား”
“လူဘယ်နှစ်ယောက်လောက်ကို ပို့နိုင်လဲ”
“နှစ်ယောက်”
“……….”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ အောက်နယ်မြေတွင် အဆင့်ကန့်သတ်ချက် တည်ရှိနေသည် ဆိုသော်လည်း သူက ဂရုမစိုက်ချေ။ လူပေါင်းများစွာတို့ အောက်သို့ ဆင်းသက်သွားမည်ဆိုပါက အဆင့်နိမ့်သွားမည် ဆိုလျှင်တောင်မှ တိုက်ခိုက်နိုင်မှုစွမ်းအားသည် တိုးတက်နေဦးမှာဖြစ်၏။
နှစ်ယောက် - ဤအရေအတွက်နှင့် မဖြစ်နိုင်ချေ။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြန်မြန်… ကျုပ်ကို အောက်နယ်မြေပို့ပေး”
“ဂိုဏ်းချုပ်”
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “စကြဝဠာပြောင်းပြန်လည်ခြင်း နည်းစနစ်ဆိုတာ တည်နေရာ ရွေ့ပြောင်းခြင်း သိုင်းကျင့်ကြံသူတစ်ယောက်ကိုပဲ အောက်ကို စေလွှတ်ပေးနိုင်တာ”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။ လူအရေအတွက် အကန့်အသတ် တည်ရှိနေသည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူ့အနေနှင့် အောက်သို့ဆင်းသက်သွားနိုင်သေး၏။ သို့ပေမဲ့ သူသည် ပထမရေတပ်ဦးစီးချုပ်အား သူ၏ကိုယ်ပိုင်အားအင်ဖြင့် မဖျက်ဆီးနိုင်ဘူးဆိုသော်လည်း ဆယ်ယောက်မြောက် ရေတပ် ဦးစီးချုပ်ကိုတော့ ဖျက်ဆီးနိုင်သေးသည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အကြီးအကဲကို မော့ကာ ကြည့်ရှုလိုက်၏။ “နည်းလမ်းရှိသေးလား”
“ဘာနည်းလမ်းမှ မရှိတော့ဘူး” ထိုက်ရွှမ်အဘိုးအိုသည် ဦးခေါင်းကို ခါယမ်းလိုက်မိတော့၏။ အပေါ်သို့ တက်လာနိုင်ရန် နည်းလမ်းရှိသည်ဆိုသော်လည်း အောက်သို့ ဆင်းသက်သွားရန် နည်းလမ်းမရှိချေ။
“ဒါဆိုရင်”
စနစ်က ပြောလိုက်သည်။ “ယုံကြည်ရတဲ့စတိုးကို Refresh လုပ်လိုက်တော့”
“ဒီနည်းလမ်းပဲ ရှိတော့တာပဲ” ကျွင်းချောင်ရှောင်းသည် စတိုးထဲကိုသာ အာရုံစိုက်လိုက်တော့၏။ ထို့အပြင် အထက် နယ်မြေဆီသို့ ပထမဦးဆုံး ရောက်ရှိလာသည့်အချိန်တွင် စတိုးထဲမှ ပစ္စည်းကို အသုံးပြု၍ အောက်သို့ ဆင်းသက်သွားခဲ့ ဖူးသည် မဟုတ်ပါလား။
“ဒါပေမဲ့”
ထိုအချိန်မှာပဲ ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ငါ့အနေနဲ့ ထာဝရ ရွက်သင်္ဘောကြီးကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားလိုက်မယ်။ ဒါဆိုရင် အောက်နယ်မြေဆီကို ပြန်ဖို့နည်းလမ်း ရှိနိုင်လိမ့်မယ်”
ကျွင်းချောင်ရှောင်းက မျက်လုံးပြူးသွား၏။
“သူ့စကားကို နားမထောင်နဲ့”
စနစ်ကပြောလိုက်သည်။ “ဒီလေ့လာ သုံးသပ်မှုက အောင်မြင်လား။ မအောင်မြင်ဘူးလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ အောင်မြင်သွားမယ်ဆိုရင်တောင်မှ နောက်ကျသွားလိမ့်မယ်”
“ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ဒုက္ခရောက်လျက် ရှိ၏။ သူ့အနေနှင့် အချိန်ဖြုန်းနေ၍ မဖြစ်နိုင်ချေ။
“ဒီရွက်သင်္ဘောကြီးက ထက်ပိုင်းပိုင်းခံထားရတယ်ဆိုပေမဲ့ အတွင်းပိုင်းအရာတွေမှာ ရှိနေတဲ့ လုပ်ဆောင်နိုင်မှုက မပျက်ဆီးသေးဘူး။ ဒါတွေကို အချိန်နဲ့တည်နေရာလျှို့ဝှက်နယ်မြေထဲကို ထည့်ပြီးတော့ ပြင်ဆင်လိုက်မယ်ဆိုရင် လေးနာရီကနေ ခြောက်နာရီကြားလောက်အတွင်း ပြင်ဆင်ပြီး ဖြစ်နေလိမ့်မယ်” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။
“သေချာလို့လား”
“သေချာတာပေါ့”
“ကောင်းပြီ။ ဒါဆိုလည်း မြန်မြန်ပြင်လိုက်တော့”
“………”
စနစ်သည် စိတ်ဓာတ်တကျနှင့်ဖြစ်သွား၏။ “ထိုက်ရွှမ်အဘိုးအိုက ငါနဲ့ဆန့်ကျင်ဘက် ပြုလုပ်နေတာလား”
တစ်ရက်တည်းမှာပဲ ရွက်သင်္ဘောကြီးသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရ၏။ အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များသည် အထဲသို့ ဝင်ရောက်ကာ ပြင်ဆင်လိုက်ကြတော့၏။
ကျွင်းချောင်ရှောင်းသည် အရာအားလုံး ထိုက်ရွှမ်အဘိုးအို၏ ပခုံးပေါ်သို့ တင်ပေးပြီးသည့်နောက် စိတ်သက်သာရာ ရသလို ဖြစ်နေမိ၏။ သို့ပေမဲ့ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လုံခြုံမှုနှင့်ပတ်သက်၍ ပူပန်လျက်ရှိနေသေး သည်။ ထို့ကြောင့် သူကိုယ်တိုင်ရောက်ရှိလာခဲ့ပြီးသည့်နောက် အမိန့်ပေးစေခိုင်းခြင်းကို ရံဖန်ရံခါ ပြုလုပ််နေမိသည်။
……….
ပြိုင်စံရှားဂိုဏ်း
အခြေအနေတစ်ခုလုံးသည် လေးနက်တည်ကြည်လျက် ရှိနေ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောက်ဆီမှ ဆယ်ဦးမြောက် ရေတပ်ဦးစီးချုပ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း တပည့်များ အားလုံးက သိရှိ ကြ၏။ ထို့ကြောင့် သူတို့သည် အောက်နယ်မြေတွင် ရှိနေသော သူတို့၏ မိသားစုများကို စိုးရိမ်ပူပန်လျက် ရှိနေကြ၏။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုက ပြောလိုက်သည်။ “ကျုပ်တို့ ပြန်ကြမလား”
“အင်း” လီချင်းယန်၏ မျက်လုံးများသည် ဆုံးဖြတ်ချက် ခိုင်မာလျက် ရှိနေ၏။ သူနှင့်စုရှောင်မိုတို့၏ မိဘများသည် အောက်နယ်မြေတွင် တည်ရှိနေကြ၏။ အထူးသဖြင့် သူချစ်ခင်နှစ်သက်ရသော အမျိုးသမီးသည် သံမဏိအရိုးမြို့လေး တွင် နေထိုင်လျက်ရှိ၏။ သို့သော်ငြား သူသည် ရင်ပူလျက် ရှိနေသည်ဆိုလျှင်တောင်မှ အပြင်ပိုင်း မှာတော့ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဂိုဏ်းချုပ်ကို အစစ်အမှန် ယုံကြည်နေ သောကြောင့်ပင်ဖြစ်၏။
လက်ရှိအချိန်မှာတော့ လုံကျိရန်၊ လီဖေး၊ လီထျန်းထျန်းနှင့် တခြားသောသူများသည် စိတ်မရှည်စွာ စောင့်မျှော်နေကြပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး တိုက်ခိုက်ခြင်း မခံရပါစေနဲ့ဟု ဆုတောင်းနေကြသည်။
“မြန်မြန်… မြန်မြန်”
အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အလုပ်သမားများကို ဆောဩလျက် ရှိနေ၏။ လီချင်းယန်နှင့် မတူညီစွာဘဲ သူသည် အောက်နယ်မြေတွင် မည်သည့်သွေးသားမှ မရှိချေ။ သို့ပေမဲ့ အဒေါ်ဝမ်၊ အိုက်မိသားစုခေါင်းဆောင်၊ မြို့တော်ဝန်ရှဲ့နှင့် တခြားသောသူများ အားလုံးသည် သူ၏သွေးရင်းသွေးသားများကဲ့သို့ပင်။ အားလုံးကို ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းအား သူခွင့်ပြုပေး လိမ့်မည် မဟုတ်ချေ။
……..
အောက်နယ်မြေ
သံမဏိတပ်သင်္ဘောကြီးဆယ်စင်းသည် အမှောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်လျက်ရှိ၏။
“ခေါင်းဆောင်”
အဓိက ရွက်သင်္ဘောကြီးထဲမှာတော့ နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။ “စစ်သူကြီးဆီက ဘာညွှန်ကြားချက်မှ မရသေးဘူး”
အဓိကအခန်း၏ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အသက်နှစ်ဆယ်စွန်းစွန်း လူငယ်သည် လက်တစ်ဖက်နှင့် မျက်နှာကို အုပ်ကာကာဖြင့် ပြောလိုက်သည်။ “အထက်နယ်မြေနဲ့ အောက်နယ်မြေဆက်သွယ်တာ ဆယ့်ငါးမိနစ်ပဲကြာတယ်။ ဘာလို့ အခုထိ ပြန်စာမရသေးတာလဲ”
“ခေါင်းဆောင်”
နောက်လိုက်က ပြောလိုက်သည်။ “ဒီကြယ်ကြွေကုန်းမြေတိုက်ကြီးက နည်းနည်း ထူးဆန်းတယ်။ အထဲမှာ အဆင့်မြင့်တည်နေရာရွေ့ပြောင်းခြင်းအစီအရင်တွေ အများကြီး ရှိနေပုံပဲ”
“အမ်”
လူငယ်သည် အနည်းငယ်အံ့အားသင့်သွားမိ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတွင်လည်း တည်နေရာ ရွေ့ပြောင်ခြင်း အစီအရင်များ တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ အချိန်အတော်ကြာ ကတည်းက တည်ရှိထားသော လောကကြီးတစ်ခုဖြစ်သည်မို့ ရှိနေခြင်းဖြစ်သည်။ အောက်နယ်မြေတွင် ဤကဲ့သို့သော အရာမျိုး တည်ရှိနေသည်ဆိုခြင်းမှာ မယုံကြည်နိုင် ဖွယ်ရာပင်။
“ကျုပ်တို့ ထပ်စောင့်လို့မရတော့ဘူး”
သူသည် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်သည်။ “တိုက်ခိုက်ကြမယ်”
စစ်သူကြီး သည် ညွှန်ကြားချက်ကို မပေးဘူးဆိုမှတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ရပေလိမ့်မည်။ ယခု ရွက်သင်္ဘောများသည် အောက်နယ်မြေသို့ ရောက်ရှိလာခဲ့ကြ၏။ ဆယ်ယောက်မြောက် ရေတပ်ဦးစီးချုပ် တစ်ယောက် ဖြစ်သည်မို့ သူသည် ကျိန်းသေပေါက် အားလုံးသောသူများကို အမိန့်ပေးနိုင်စွမ်းရှိ၏။
“ကောင်းပါပြီ”
ဆွစ် ဆွစ် ဆွစ်
ရွက်သင်္ဘောဆယ်စင်းတို့သည် လေဟာနယ်ထဲသို့ ဖြတ်သန်းကာ ဝင်ရောက်လာခဲ့ကြတော့သည်။
………….
ကြယ်ကြွေကုန်းမြေတိုက်
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့် နှစ်အနည်းငယ်အတွင်းမှာပဲ တော်တော်များများ ပြောင်းလဲသွားခဲ့၏။ ပထမဦးဆုံး တည်နေရာရွေ့ပြောင်းခြင်း အစီအရင် အများအပြားရှိသည်မို့ သွားလာရာတွင် ရိုးရှင်းပြီး ယခင်ကထက် ပိုမိုကာ လွယ်ကူသွားခဲ့သည်။
ဒုတိယအားဖြင့် ကင်းသမားဆယ့်နှစ်ဦးတို့သည် တစ်လောကလုံးကို တည်ငြိမ်အောင် ထိန်းချုပ်ထားခဲ့သည်။ ယနေ့မှာတော့ အရှေ့တောင်ရန်ကျူး တစ်ခုလုံးသည် အထူးသဖြင့် သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းတည်ရှိရာ တည်နေရာကြီးတွင် ထူးခြားသည့်တည်နေရာကြီး အဖြစ် အားလုံးက သတ်မှတ်ပြီး များပြားလှသောလူနှင့် မိသားစုများသည် တည်နေရာကို ရောက်ရှိကာ ဂါရဝပြုနေကြသောကြောင့်ပင်။
“ဂိုဏ်းချုပ်ကျွင်း”
စားသောက်ခန်းတစ်ခုအတွင်းမှာတော့ မြို့တော်ဝန်ရှဲ့သည် ပြတင်းပေါက်နားတွင်ထိုင်ပြီး ဝိုင်ခွက်ကို ကိုင်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်တို့အနာဂတ်မှာ ထပ်ပြီးတွေ့ နိုင်ဖို့ အခွင့်အရေးရှိမယ်လို့ထင်တယ်”
“မဖြစ်နိုင်ဘူး”
အိုက်ရှန်းရီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးမို့ အထက်နယ်မြေမှာ သူရဲ့နာမည်ကို ရေးထိုးနိုင်မှာပဲလေ။ သူ့အတွက် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆိုတာ ခဏတာ နားခိုရာနေရာထက် မပိုဘူး”
“မဖြစ်နိုင်တာ”
တောင်ပြာဂိုဏ်း၏ အကြီးအကဲ မာယွင်တန်က လျှောက်ဝင်လာခဲ့၏။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးနေပြီဖြစ်သောကြောင့် လွတ်နေသောခုံတွင် ဝင်ရောက်ကာ ထိုင်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ ကိုယ်ရည်ကိုယ်သွေးအရဆိုရင် သူက မိတ်ဆွေဟောင်းတွေဆီကို ကျိန်းသေပေါက် ပြန်လာလိမ့်မယ်”
“ဒါကအမှန်ပဲ”
အိုက်ရှန်းရီသည် အနည်းငယ် ရှက်ရွံစွာဖြင့် ပြောလိုက်၏။ “ကျုပ်ပြောခဲ့တာ မှားသွားပြီလေ။ ဒီခွက်နဲ့ပဲ အပြစ်ပေးခံလိုက်တော့မယ်”
“ဟင်”
ရုတ်တရက် သူ ကိုင်ထားသည့်ဝိုင်ခွက်သည် တုန်ယင်သွားခဲ့တော့၏။ စားပွဲခုံတစ်ခုလုံးသည်လည်း လှုပ်ခါလျက် ရှိနေပြီး စားသောက်ခန်းတစ်ခုလုံးသည်ပါ တုန်ယင်လာခဲ့၏။ အားလုံးသောသူများ၏ အမူအရာသည်လည်း ပြောင်းလဲ သွားခဲ့၏။ ထို့ကြောင့် အလောတကြီးဖြင့် အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည်။
ကောင်းကင်ယံပေါ်မှာတော့ တည်နေရာကြီးတစ်ခုလုံးသည် ကွဲအက်သွားခဲ့ပြီးသည့်နောက် ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးများသည် တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့ကြ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက သတ္တဝါတွေ ... မင်းတို့အနေနဲ့ ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ ကျေးကျွန်တွေ ဖြစ်လာကြတော့မယ်။ ဒါက မင်းတို့အတွက် ကောင်းချီးပဲ။ ကျေးဇူးတင်လိုက်ကြ”