အခန်း ၁၆၁၅
Vol. 109 Ch. 1615
အပိုင်း (၁၆၁၅)
ရွက်သင်္ဘောကြီးဆယ်စင်းတို့သည် မဖိတ်ခေါ်ပဲ ပေါ်ပေါက်လာခဲ့တော့၏။ ထိုရွက်သင်္ဘောများသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ကောင်းကင်ယံတွင် လွင့်မျောလျက် ရှိနေ၏။
အလွန်အားကောင်းလွန်းသော အော်ရာများ သည် ထွက်ပေါ်လာပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေသော သက်ရှိသတ္တဝါများ အားလုံးကို ဖိနှိပ်တော့သည်။
“ဆိုးတာပဲ”
ယွမ်ဟယ်သည် သိုင်းမဟာမိတ်ဟောခန်းထဲမှ မျက်ပြူးဆန်ပြာဖြင့် ထွက်ခွာလာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် သူ၏ဂိုဏ်းနှင့်အတူ အထက်နယ်မြေကို မတက်လှမ်းစဉ်က ကြယ်ကြွေကုန်းမြေတိုက်ကြီး အနာဂတ်တွင် ပြဿနာတက်လာခဲ့မည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် များပြားလှသည့် အကာအကွယ်အစီအရင် များကို စကြဝဠာကြီးအပြင်ဘက်တွင် ကြိုတင်ကာ စီရင်ခဲ့၏။ သို့ပေမဲ့ ဤအကာအကွယ် အတားအဆီးများသည် တစ်ဖက်လူအား မတားဆီးနိုင်ခဲ့ချေ။ သူတို့ပင် သတိမမူမိဘဲ ဝင်ရောက်လာခဲ့သည်ဖြစ်သောကြောင့် ရောက်ရှိလာခဲ့သူ များသည် အလွန်အားကောင်းလှပေလိမ့်မည်။
ဆွစ် ဆွစ်
သိုင်းအင်ပါယာကိုးယောက်တို့သည် ၎င်းတို့ တံခါးပိတ်ကျင့်ကြံရာနေရာဆီမှ ပျံသန်းထွက်ခွာလာခဲ့ကြသည်။ ၎င်းတို့သည် ရွက်သင်္ဘောကြီးများ၏အောက်တွင် မတ်မတ်ရပ်လိုက်ကြပြီး ၎င်းတို့၏အမူအရာများ အားလုံးသည် လည်း လေးနက်နေခဲ့ကြ၏။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း ဖန်တီးထားသည့် သိုင်းမဟာမိတ်အဖွဲ့သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်၏။ သို့ပေမဲ့ ၎င်းတို့ကိုးယောက်သည် အလေးစားခံ သိုင်းအင်ပါယာများအဖြစ် တည်ရှိနေတုန်းပင်။ ကြယ်တွေကုန်းမြေတိုက်ကြီး အန္တရာယ်ကျရောက်လာသည့် အခိုက်အတန့်တွင် သူတို့သည် ကြံ့ကြံ့ခံ တားဆီးရမှာဖြစ်သည်။
“ဘာဖြစ်တာလဲ”
အဓိက ရွက်သင်္ဘောကြီးဆီမှ အသံတစ်သံထွက်ပေါ်လာ၏။ “ခင်ဗျားတို့က အညံ့မခံချင်ဘူးလား”
ဆွစ်
ယွမ်ဟယ်သည် ပျံသန်းထွက်ခွာလာပြီးသည့်နောက် လက်သီးကိုဆုပ်ကာဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။ “ရောင်းရင်း… ကောင်းကောင်းမွန်မွန် စကားပြောကြစို့”
“ကျုပ်ပြောပြီးပြီလေ။ ခင်ဗျားတို့တွေ ကျေးကျွန်ဖြစ်လာရမယ်”
ဤစကားသည် အလွန်မောက်မာပြီးတော့ ကြမ်းတမ်း လွန်းလှသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးအား အခွင့်အရေးတစ်ချက်ကလေးမှပင် ပေးချင်ပုံ မပေါ်ချေ။
ယွမ်ဟယ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ခင်ဗျားတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးဆိုတာ အထက်နယ်မြေနဲ့ ပတ်သက်နေတယ်ဆိုတာ မသိဘူးလား”
တစ်ဖက်လူသည် ကောင်းသော ရည်ရွယ်ချက်နှင့် ရောက်ရှိလာခဲ့ခြင်းမဟုတ်မှန်း သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ဖက်လူများ ထုတ်ဖော်ထားသည့် အော်ရာများသည် အလွန်အားကောင်းလွန်းလှချေ၏။ ကလန်ကဆန်ပြုလုပ်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်ခံအင်အားကို အသုံးပြု၍ ခြောက်လှန့်ရန်သာ ရှိတော့၏။
“ဟား ဟား ဟား ဟား”
အဓိက ရွက်သင်္ဘောကြီးဆီမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ “ကျုပ်က ခင်ဗျားပြောတဲ့ အထက်နယ်မြေဆိုတာ မရှိတော့မှာတောင် စိုးရိမ်ရတယ်”
ပထမဦးစီးချုပ်သည် အထက်နယ်မြေသို့ သွားရောက် တိုက်ခိုက်နေသည်ဖြစ်ကြောင်းကို သူက သိရှိပြီးဖြစ်၏။ အချိန်အတိုင်းအတာအရဆိုလျှင် ပထမစစ်ဦးစီးချုပ်သည် ထိုတည်နေရာသို့ ရောက်ရှိပြီး အောင်မြင်စွာဖြင့် အထက်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပြီးဖြစ်နေလောက်သည်။
“အထက်နယ်မြေ ဟုတ်လား။ ဖျက်ဆီးခံလိုက်ရပြီ ဟုတ်လား” ယွမ်ဟယ်၏ အမူအရာသည် တုန်ယင်သွားခဲ့၏။
“ကျုပ်ရဲ့သည်းခံနိုင်မှုက အတိုင်းအတာရှိတယ်”
အဓိက ရွက်သင်္ဘောဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ “ခင်ဗျားတို့ အားလုံး စဉ်းစားဖို့အချိန် ဆယ့်ငါးမိနစ်ပေးမယ်။ မဟုတ်ဘူးဆိုရင် ....”
ဆွစ်
အဓိကရွက်သင်္ဘောကြီး၏အောက်တွင် အပေါက်တစ်ခု ရုတ်တရက် ဖြစ်တည်လာ၏။ အလင်းတန်းတစ်ခုသည် ပေါ်ပေါက်လာပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာတစ်ခုဆီသို့ ကျဆင်းသွား၏။ ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံကြီးဖြစ်ပေါ်လာပြီး မှိုပွင့်သဏ္ဍာန်တိမ်များသည် ကောင်းကင်ယံတွင် ဖြစ်တည် လာသည်။
……..
ယွမ်ဟယ်၊ သိုင်းအင်ပါယာကိုးယောက်နှင့် တခြားသောသူများအားလုံးသည် ကျောရိုးမကြီးများပင် စိမ့်တက်သွားမိ ကြ၏။ ဤစွမ်းအင်အဆင့်သည် အရာအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သည့် အင်အားမျိုးပင်ဖြစ်၏။
“သွားပြီးပဲ”
သံမဏိအရိုးမြို့လေးတွင် တည်ရှိနေသည့် မာယွင်တန်၊ အိုက်ရှန်းယီနှင့် တခြားသောသူများ အားလုံးတို့ သည် နှလုံးသားထဲတွင် ရေရွတ်လျက် ရှိနေကြသည်။ “ဒီတစ်ကြိမ် အားလုံးတော့ သွားပြီပဲ”
ရွက်သင်္ဘောဆယ်စင်းတို့သည် အလုံးစုံသော ဖိအားများကို ထုတ်ဖော်လျက် ရှိနေ၏။ အားကောင်းလှသော အလင်းတန်းတစ်ခုသည် ၎င်းတို့အား မျှော်လင့်ချက် ကင်းမဲ့လောက်စေသည့် အားအင်မျိုးအဖြစ် တိုက်ခိုက်၏။
…………..
အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေ
ကျွင်းချောင်ရှောင်းသည် မီးစိတ်ဝိညာဉ်၏ စွမ်းအားများနှင့်အတူ သလင်းအမြူတေများအားလုံးကို အသုံးပြုပြီး ထောက်ပံ့ပေးနေရင်းမှ သူ၏ နဖူးစပ်တွင် ရှိနေသော ချွေးများကို သုတ်လိုက်၏။ ထိုက်ရွှမ်အဘိုးအိုသည် အဓိက ရွက်သင်္ဘောကြီးတွင် ရှိနေသော အစီအရင်ကို ပြန်လည်ကာ ပြင်ဆင်ခဲ့သည်။
“အချိန်ကျပြီပဲ”
ဘေးတစ်ဖက်တွင် ရှိနေသော ဖန်းရီကျိက ပြောလိုက်၏။ “ပြန်ပြင်ပြီးသွားပြီ”
ရွှီး
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ “လုပ်တော့”
“အားလုံး မမယ်” ကျုံးရီက အော်ဟစ်လိုက်၏။ ကျွှဲရိုင်းစက်ရုပ်ပေါင်း နှစ်ထောင်ကျော်တို့သည် ရွက်သင်္ဘောကြီး၏ အပိုင်းအစနှစ်ခုကို ဆွဲမကာဖြင့် ပြန်လည်ကာ တပ်ဆင်တော့၏။
ကျွီ ကျွီ ကျွီ
ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ဖြစ်တည်လာသည့် မီးဓာတ်များသည် ထိုအရာနှစ်ခုကို သံဂဟေဆော်ထားသလို ပြန်လည်ကာ ချိတ်ဆက်ခြင်းကို ပြုမူတော့သည်။
စနစ်က ချီးကျူးလိုက်၏။ “လက်ခံသူရဲ့ ဒီလိုစွမ်းရည်မျိုးနဲ့ဆိုရင် အကောင်းဆုံးဝရိန်သမားတစ်ယောက် ဖြစ်လာမှာပဲ။ ဒီမှာလာပြီး သိုင်းကျင်ကြံနေတာ ကိုယ့်ရဲ့ပါရမီကို ဖြန်းတီးရာ ကျနေတာပဲ”
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် စနစ်နှင့် ရန်ဖြစ်ရန် အချိန်မရှိချေ။ ထို့ကြောင့် ထိုက်ရွှမ်အဘိုးအိုကို ကြည့်ရှုကာဖြင့် မေးလိုက်သည်။ “ဆရာကြီး… ဒီဟာအားလုံးကို ဆရာကြီးတာဝန် ထားလိုက်တော့မယ်”
“ကောင်းပြီ”
ထိုက်ရွှမ်အဘိုးအိုသည် အဓိကရွက်သင်္ဘောတွင် အစီအရင်အဖွဲ့များကို ခေါ်ဆိုပြီး များပြားလှသည့် အစီအရင်များကို ချိတ်ဆက်တော့၏။ အချိန်သည် နည်းနည်း၊ နည်းနည်းချင်းစီ ကုန်လွန်သွား၏။
တပည့်များအားလုံး သည် အပြင်ဘက်တွင် စောင့်စားလျက် ရှိနေကြ၏။ ၎င်းတို့သည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။
....
အပြင်ဘက်၊ တစ်နာရီအကြာ... နှစ်နာရီအကြာ
"ဒုတိယစီနီယာအစ်ကို"
စုရှောင်မိုသည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်သည်။ "ကျုပ် မကောင်းတဲ့ခံစားချက်တွေ ရနေတယ်"
"အရမ်းကြီး တွေးမနေနဲ့" လီချင်းယန်သည် တည်ငြိမ်နေသည့်ဟန် ဖြစ်သော်လည်း သူ၏နှလုံးသားမှာတော့ အလွန်ပင် ရှုပ်ထွေးလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် မကောင်းသည့် ခံစားချက်များ၊ အာရုံများကို သူလည်း ရရှိခံစားနေမိ၏။
ဆွစ်
ထိုအချိန်မှာပဲ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှ ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးသည် ပျံသန်းထွက်ခွာလာပြီး ပြိုင်စံရှားဂိုဏ်း၏ အထက်တွင် လွင့်မျောနေခဲ့၏။ ထိုအရာသည် နေကြီးကိုတောင် ကွယ်ထားသောကြောင့် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် မှောင်မဲသွားခဲ့၏။
"အောင်မြင်သွားပြီ။ အောင်မြင်ပြီပဲ။ ကျုပ်တို့အောက်နယ်မြေကို ပြန်လို့ရပြီ" တပည့်များအားလုံးသည် စိတ်လှုပ်ရှားလျက်ရှိသည်။
အဓိက ရွက်သင်္ဘောကြီး၏ အောက်တွင်ရှိနေသော ဝင်ပေါက်ကြီးသည် ပွင့်သွားခဲ့၏။ “အားလုံးပဲ” ကျွင်းချောင်ရှောင်း၏ အသံက ထွက်ပေါ်လာသည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်ကြရအောင်"
"ကောင်းပါပြီ"
ဝှစ် ဝှစ်
ချက်ချင်းပဲ တပည့်တစ်သောင်းကျော်တို့သည် အဓိကသင်္ဘောကြီးပေါ်သို့ ပျံသန်းတက်ရောက်လာခဲ့ကြသည်။ ထိုအထဲတွင် စွန်းမူချန်နှင့် တခြားသော အဖွဲ့ဝင်အသစ်များလည်း ပါဝင်နေကြသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ဒုက္ခရောက်နေသည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားလာခဲ့၏။
ထိန်းချုပ်ခန်းထဲမှာတော့ ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်ခဲ့ပြီးသည့်နောက် ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်အမှတ်အသားများပေါ်တွင် သူ၏လက်ဝါးကို တင်ကာ ကြည့်ရှုလျက် ရှိနေသေးသည်။
ဝှစ်
သံမဏိရွက်သင်္ဘောကြီးသည် အသက်ဝင်ပြီးသည့်နောက် လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။
“ကျေးဇူးပြုပြီး တည်နေရာကို အတည်ပြုပါ” စက်ရုပ်ကဲ့သို့ အသံတစ်ခုက ထွက်ပေါ်လာသည်။
“အောက်နယ်မြေ၊ ကြယ်ကြွေကုန်းမြေတိုက်”
“တည်နေရာကို အတည်ပြုပြီးပါပြီ။ လွန်းပျံယာဉ်သည် အသက်ဝင်သွားခဲ့သည်။ ရောက်ရှိနိုင်မည့် အချိန်ကာလသည် ဆယ့်ငါးမိနစ်ဖြစ်သည်”
ဆွစ်
နက်မှောင်လျက်ရှိသည့် တည်နေရာကြီးထဲမှာတော့ ရွက်သင်္ဘောကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဆုံးအစမဲ့သော စကြဝဠာထဲသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလျက်ရှိသည်။ မကြာခင်မှာပဲ အောက်နယ်မြေနှင့် အထက် နယ်မြေကြား ဆုံမှတ်ထဲသို့ ရောက်ရှိ၏။ ပြီးနောက် ကောင်းကင်နှင့်မြေကြီး နိယာမများကို လျစ်လျှူရှုကာဖြင့် အောက်နယ်မြေထဲသို့ တိုးဝင်ခဲ့၏။
........
ဟူး ဟူး
ရွက်သင်္ဘောကြီးသည် တုန်ခါသွားခဲ့ပြီးသည့်နောက် တဖြည်းဖြည်း ပြန်တည်တည်ငြိမ်သွားခဲ့သည်။
“အောက်နယ်မြေဆီ ရောက်ရှိပါတော့မယ်”
............
သတိပေးသံကို ကြားရသည့်အချိန်မှာတော့ ထိုက်ရွှမ်အဘိုးအို၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင် သွား၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ အစီအရင်နည်းပညာသည် မည်မျှ အားကောင်းလိုက်သနည်း။ လွယ်လွယ်ကူကူနှင့် ကောင်းကင်တာအိုနှင့် နိယာမများကို ချိုးဖြတ်ဝင်ရောက်နိုင်စွမ်း ရှိလို့နေ၏။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့အဆင့်က အောက်ကို မလျော့ကျသွားပါလား”
“တူတူပဲ” ရွက်သင်္ဘောတွင် ရှိနေသော တပည့်များအားလုံးသည် ကြောင်အသွားခဲ့ကြ၏။ ၎င်းတို့သည် အောက်နယ်မြေသို့ ရောက်ရှိသည့်အချိန်တွင် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အောက်သို့ပြုတ်ကျသွားမည်ဟု မျှော်လင့်ပြီးသားဖြစ်၏။ သို့ပေမဲ့ ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။
“ပြဿနာရှိနေသေးတယ်” ကျွင်းချောင်ရှောင်းမှာတော့ မျက်မှောင်ကုတ်လျက်ရှိသည်။
သူ၏ သူ့တပည့်များ၏ အဆင့်သည် ဖိနှိပ်ခြင်း မခံရဘူးဆိုသော်လည်း ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ဆယ်ဦးမြောက် ရေတပ်ဦးစီးသည် အားကောင်း လှသည့်သူ ဖြစ်မှာ သေချာလှ၏။ အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို မဆိုနှင့် အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည်ပင်လျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ လူများအားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။
“မြန်မြန်.. မြန်မြန်”
ဝှစ် ဝှစ်
အားလုံးတို့သည် အလောတကြီးဖြင့် စိတ်လောလျက် ရှိနေတုန်းမှာပဲ သူတို့၏ မြင်ကွင်းထဲတွင် ကြယ်ကြွေကုန်းမြေ တိုက်ကြီးက ပေါ်ပေါက်လာ၏။
“ခရီးစဉ်ကို ရောက်ပါတော့မယ်” စက်ရုပ်ကဲ့သို့အသံက ထပ်မံထွက်ပေါ်လာသည်။
ပြိုင်စံရှားဂိုဏ်းတပည့်များ၏ နှလုံးသားထဲတွင် လှုပ်ခတ်သွားခဲ့တော့၏။ သူတို့၏အိမ်တစ်ခုလုံး မဖျက်ဆီးခံရစေရန် တောင်းဆုပြုလျက် ရှိနေတော့၏။
ဝှစ်
ခဏလောက် ကြာပြီးသည့်နောက် သူတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲသို့ ဝင်ရောက်လာကြသည်။
လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများအားလုံးတို့သည် မြင်ကွင်းမှတဆင့် ပျက်စီးယိုယွင်းလျက် ရှိနေသည့် ကောင်းကင်နှင့် မြေကြီးတို့ကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ အမူအရာတစ်ခုလုံးသည် တုန်ယင်သွားခဲ့ကြ၏။
“သတ်ကြ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် မျက်လုံးများ ပြူးထွက်သွားမတတ် ပြောလိုက်သည်။ “အားလုံးကိုသတ်”
ခလွပ် ခလွပ်
ရွက်သင်္ဘောကြီးအောက်ရှိ အပေါက်ကြီးသည် ဖြည်းညှင်းစွာဖြင့် ပွင့်သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းဆီမှ တပည့်များ အားလုံးသည် ဒေါသတကြီးဖြင့် ပျံသန်းထွက်ခွာလာခဲ့ကြပြီး ရှိရှိနေသမျှသော ဒရုန်းများအားလုံးကို ဆက်တိုက် ဖျက်ဆီးကြတော့သည်။ ဒေါသတရားများ ပါဝင်နေသောကြောင့် စွမ်းအင်များအားလုံးသည် ကြောက်ခမန်းလိလိပင်။
“ခေါင်းဆောင်”
ဆယ်ခုမြောက်ရေတပ်ဦးစီးတည်ရှိရာ အဓိကသင်္ဘောထဲမှာတော့ နောက်လိုက်တစ်ယောက်က ထအော်လိုက်သည်။ “ပထမရေတပ်ဦးစီးရဲ့ အဓိက ရွက်သင်္ဘောကြီးရောက်လာပြီ”
“ဘာ” ဝိုင်ခွက်ကို အရသာခံကာ သောက်လျက်ရှိနေသည့် လူငယ်သည် ကြောင်အသွားခဲ့၏။ သူသည် အစောကြီးတုန်းက ညွှန်ကြားချက်ကို တောင်းခံခဲ့သော်လည်း စစ်သူကြီးသည် ပြန်လည်မဖြေကြားခဲ့ချေ။ သို့ပေမဲ့ အဘယ်ကြောင့် ယခု လူကိုယ်တိုင် ရောက်ရှိလာရသနည်း။
ဘုန်း
ဘုန်း ဘုန်း
အနားတွင် ရှိနေသော ရွက်သင်္ဘောကြီး ကိုးခုလုံးသည် ပေါက်ကွဲထွက်သွား၏။ ကြီးမားသည့် စွမ်းအင်လှိုင်းများ၏ အောက်မှာတော့ တစ်ဖက်လူသည် လောကကြီးထဲသို့ ဆင်းသက်လာသည့် နတ်ဆိုးကြီးတစ်ပါးကဲ့သို့ပင်။
“ခေါင်းဆောင်”
နောက်လိုက်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ရွက်သင်္ဘောကိုးစင်းလုံး ဖျက်ဆီးခံ လိုက်ရပြီ”
ဘန်း
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးကို ခန္ဓာကိုယ်နှင့်ဝင်ကာ တိုက်လိုက်၏။ ပြီးသည့်နောက် အမြူတေ ပြောင်းလဲခြင်းအဆင့်ကိုးသာရှိသော လူငယ်၏ လည်ပင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်၏။
“ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်။ ကျုပ် ကျွင်းချောင်ရှောင်းက ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးကို ပျက်စီးအောင် ပြုလုပ်ပစ်မယ်လို့”
သူသည် အလွန်ဒေါသထွက်လျက် ရှိ၏။ လက်ရှိအချိန်မှာတော့ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ပင်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အချိန်တစ်ခုအတွင်း ပျက်စီးလျက် ရှိနေတော့၏။ ရေတွက်လို့မရအောင် များပြား လှသော သတ္တဝါများအားလုံးသည် ဒရုန်းများအောက်တွင် သေဆုံးလျက် ရှိနေပြီး ရေတွက်လို့မရအောင် များပြားသော ဂိုဏ်းများ၊ မြို့များသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်၏။
ကျွင်းချောင်ရှောင်းသည် သူ့တပည့်များ၏ မိသားစုဝင်များ မထိခိုက်လားဆိုသည်ကို ဂရုမစိုက်နိုင်တော့ချေ။ သူ၏စိတ်ထဲတွင် တစ်ခုသော အတွေးသာ ရှိတော့သည်။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကကြီး.... ကျုပ် အားလုံးကို ဖျက်ဆီးပစ်မယ်”