အခန်း ၁၆၁၆
Vol. 109 Ch. 1616
အပိုင်း(၁၆၁၆)
အထက်စကြဝဠာကြီး၏ အလုံးစုံသော စွမ်းအင်များအောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် တိုက်ခိုက် ချက် တစ်ချက်ကလေးကိုမှ မခုခံနိုင်ခဲ့တော့ချေ။ အချိန်အတိုင်းအတာတိုအတွင်း လောကကြီးတစ်ခုလုံးသည် ပြိုလဲ လျက်ရှိနေပြီး ကမ္ဘာကြီးတစ်ခုလုံး အဆုံးသတ်သွားသကဲ့သို့ပင် စုတ်ပြတ်သပ်ကုန်သည်။
ကျွင်းချောင်ရှောင်းသည် လေထုထဲတွင်လွင့်မြောလျက်ရှိနေပြီး နှလုံးသားထဲတွင်တော့ သူ့ကိုယ်သူ အပြစ်တင်နေမိ၏။ သူသည် ဆယ်ယောက်မြောက် ရေတပ်ဦးစီးနှင့် အပေါင်းအဖော်များအားလုံးကို တိုက်ခိုက်ခဲ့သည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်မှ လူများကိုတော့ သွားရောက်ကယ်တင်ရန်အတွက် အချိန် မရရှိခဲ့ချေ။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များသည် သူ့တွင် အလုံးစုံတာဝန်ရှိသည်ဟု ယုံကြည်နေမိ၏။
စနစ်က ပြောလိုက်သည်။ “အနည်းဆုံး လက်ခံသူအနေနဲ့ ဒီလောကကြီးကို ကယ်တင်ခဲ့တာပဲလေ။”
ကုန်းမြေတိုက်ကြီး၏ အခြေအနေတစ်ခုလုံးသည် ဆိုးဆိုးရွားရွား စုတ်ပြတ်လျက်ရှိနေ၏။ သို့ပေမဲ့ ကောင်းကင်တာအို ၏ နိယာမများမှာတော့ ကျန်ရှိနေသေးသည်။ သူသည် အနည်းဆုံးတော့ ရောက်ရှိလာနိုင်ခဲ့သေး၏။ ယခုထက် ခြေတစ်လှမ်းသာ နောက်ကျခဲ့သည်ဆိုပါက ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် လုံးဝတည်ရှိတော့မည် မဟုတ်ချေ။
ဒင်
“လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀၀ ကို အသုံးပြုပြီးသည့်နောက် လောကပြန်လည်ပြင်ဆင်ခြင်းစက်အား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ပို့ဆောင်ပြီးပါပြီ။”
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီးသည့်နောက် သူ ယခုမှ ဝယ်ယူထားသည့်ပစ္စည်းကို ထုတ်ယူလိုက် ၏။ ဤအရာသည် ကြီးမားလှသည့် သံသေတ္တာကြီးတစ်ခုဖြစ်ပြီး လေထုထဲတွင် လွင့်မြောနေ၏။ ထိုသေတ္တာကြီးဆီမှ လေးဘက် လေးမျက်နှာ ပွင့်လှစ်သွားပြီးသည့်နောက် ငါးရှဉ့်နှင့်တူသော သတ္တဝါများသည် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ အနှံ့ဆီသို့ လွင့်မြောသွားခဲ့၏။
ပတ်ဝန်းကျင်ရှိ တည်နေရာကြီးတစ်ခုလုံးအား ပြန်လည်ကာ ကုစားပြီး ပျက်စီးလျက်ရှိနေသည့် လောကကြီးတစ်ခုလုံး ကို တစ်ခုနှင့်တစ်ခု ပြန်လည်ကာ ချိတ်ဆက်ပေး၏။ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များနှင့် ဝယ်ယူ၍ရရှိထားသော လောက ပြင်ဆင်ခြင်းစက် ဆိုသည်မှာ တည်နေရာ အဆင့်မြှင့်တင်ခြင်းစက်ထက် ပိုမိုကာ အားကောင်းလွန်းသည်။
ပျက်စီးနေသည့် လောကကြီးတစ်ခုလုံးကို အချိန်တိုအတွင်း အလုံးစုံပြန်လည်ကာ ကောင်းမွန်စေခဲ့၏။ သို့ပေမဲ့ ပျက်စီးလျက်ရှိနေသည့် မြို့၊ အဆောက်အဦများကိုတော့ ပြန်လည်ပြင်ဆင်နိုင်စွမ်းမရှိခဲ့ချေ။ သေဆုံးသွားခဲ့သည့် သတ္တဝါများကိုလည်း ပြန်လည်အသက်ရှင်သန်အောင် ပြုလုပ်၍တော့ မရချေ။
ဤအရာသည် ရန်ကြွေးတစ်ခုသာ ဖြစ်၏။ ကျွင်းချောင်ရှောင်းအနေနှင့် စာအုပ်မှတ်တမ်းထဲတွင် သေသေချာချာ ရေးမှတ်ထားခဲ့သည်။ ကြယ်တာရာစိတ်ဝိညာဉ် လောကသို့ စိန်ခေါ်ရန် သူ့၌ လုံလောက်သည့် အားအင်အဆင့်မရှိသေးချေ။ သို့ပေမဲ့ အနာဂတ်တွင် ကျိန်းသေပေါက် ထိုလောကကြီးကို သူဖျက်ဆီးပစ်ရမည်။
…
သိုင်းကျင့်ကြံသူများ၏ တန်ဖိုးထားရသည့် နတ်ဘုံနတ်နန်းတစ်ခုဖြစ်ခဲ့သော သံမဏိအရိုးတောင်သည်လည်း မလွတ် မြောက်ခဲ့ချေ။ အဆောက်အဦ ၉၀ ရာခိုင်နှုန်း နီးပါးခန့်သည် ဖျက်ဆီးခံလိုက်ရ၏။ ကံကောင်းသည့်အရာတစ်ခုသည် အခြေခံ အရင်းအမြစ်နှင့် လောက၏ နိယာများ ပျောက်ကွယ်မသွားခြင်းပင်။
မြို့တော်ဝန်ရှဲ့၊ အိုက်မိသားစုခေါင်းဆောင်နှင့် တစ်ခြားသောသူများသည် လုံလုံခြုံခြုံနှင့် တည်ရှိနေ၏။ အချက် အလက်အားဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကြီးမားသည့်ထိခိုက်မှုမျိုးကို ခံစားရသည်ဆိုသော်လည်း သတ္တဝါလူတော်တော်များများ သေဆုံးမသွားခဲ့ချေ။ အကြောင်းအရာအားဖြင့် ဆယ်ယောက်မြောက် စစ်ဦးစီးချုပ်သည် ဖျက်စီးပစ်ရန် အမိန့်ပေးခဲ့သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းတို့ အလျှင်မီ ရောက်ရှိလာခဲ့သောကြောင့်ပင်ဖြစ်၏။
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်ဟယ်သည် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ “ကျုပ် ခင်ဗျားကို စိတ်ပျက်စေခဲ့ပြီ။”
သူသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ဖြစ်၏။ သူ၏တာဝန်သည် ဤလောကကြီးတစ်ခုလုံး ငြိမ်းချမ်း အောင် ထိန်းသိန်းစောင့်ရှောက်ရန်ပင်ဖြစ်၏။
“ရန်သူက အရမ်းအားကောင်းလွန်းတယ်လေ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ ခင်ဗျားရဲ့ အပြစ်မဟုတ်ပါဘူး။”
မာယွင်တန်၊ အိုက်ရှန်းရီနှင့် တစ်ခြားသောသူများသည် ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ဂိုဏ်းချုပ်ကျွင်းကို ထပ်မံကာ မြင်ရသည့်အရာသည် ပျော်ရွှင်စရာကိစ္စပင်ဖြစ်၏။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ဆိုးရွားသည့် ကပ်ဘေးကြီးကို ခံစားလိုက်ရသည်ဖြစ်သောကြောင့် ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းလျက်ရှိနေကြ၏။
…
နောက်တစ်ရက် ကွဲအက်လျက်ရှိနေသည့် တည်နေရာကြီးနှင့် ပျက်စီးလျက်ရှိနေသည့် မြေများအားလုံးသည် မူလ အတိုင်း ပြန်လည်ဖြစ်တည်သွား၏။ သို့ပေမဲ့ ဆိုးရွားသည့် ထိခိုက်မှုများကို ခံယူခဲ့ရသည့် အရိပ်အယောင်များကတော့ ကျန်ရှိလို့ နေသေး၏။ ထိုအရာအားလုံးကို ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်တော့ယူရပေဦးမည်။
ထိုက်ရွှမ်အအေးဂိုဏ်း၊ တောက်ပအလင်းတန်းနတ်ဂိုဏ်းနှင့် တစ်ခြားသော အဓိကဂိုဏ်းတော်တော်များများသည် ကပ်ဘေးကြီးပြီးသည့်နောက် ပြန်လည်ကာ တည်ဆောက်နေရ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် တိုက်ပွဲ တည်နေရာကြီးကို ပြန်လည်ရှင်းလင်းပြီးသည့်နောက် သူတို့ချစ်မြတ်နိုးရသည့် လူများအားလုံးကို သံမဏိအရိုးတောင် တွင် ပြန်လည်ကာ စုစည်းစေသည်။ အခြေအနေတစ်ခုလုံးသည် ဆိုးရွား စုတ်ပြတ်နေသည့် အခြေအနေဆီမှ နွေးထွေးသည့် အရိပ်အာဝါသအောက်သို့ ပြန်လည်ရောက်ရှိလာ၏။
လီချင်းယန်သည် သူ၏ မိန်းကလေးကို သွားရောက်မရှာဖွေဘဲနှင့် သူ၏ အဖေဆီသို့ ပထမမဆုံး အရောက်သွားခဲ့၏။ ဤမြင်ကွင်းသည် အမှန်ပင် စိတ်ချမ်းမြေ့စေရသည့် မြင်ကွင်းမျိုးပင်ဖြစ်သည်။
“အဒေါ်ဝမ်”
တစ်ဝက်တစ်ပျက် ပြိုလဲနေပြီဖြစ်သော စားသောက်ဆိုင်တစ်ခု၏ အထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ပါးစပ်ကို သုပ်ကာဖြင့် ပြောလိုက်၏။ “နောက်ထပ် ခေါက်ဆွဲတစ်ပွဲလောက် ပေးပါအုံး။”
ရွှေရောင်စားဖိုမှူး အဆင့်ရှိသော လျှိုဝမ်ရှစ်သည် သူ့အား သေသေချာချာ ချက်ပြုတ်ကျွေးမွေး၏။ သို့ပေမဲ့ သူသည် အဒေါ်ဝမ် ချက်ပြုတ်သည့် ခေါက်ဆွဲကို အထူးနှစ်ခြိုက်လျက်ရှိနေတုန်းပင်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အဆိုးဝါး ဆုံးသော အခြေအနေကာလများတွင် ဤခေါက်ဆွဲနှင့် အသက်ရှင်ခဲ့ရသည်မဟုတ်ပါလား။
“ဘယ်အချိန်ပြန်သွားမှာလဲ။”
အဒေါ်ဝမ်သည် ခေါက်ဆွဲများကို ချက်ပြုတ်ရင်းမှ လှမ်းကာ မေးမြန်းသည်။ “ရက်အနည်းငယ်ကြာရင်ပေါ့။”
ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အချိန်အတော်ကြာ နေထိုင်ရန် အစီအစဉ်မရှိချေ။ ဤတည်နေရာသည် အဆင့်မြင့်သိုင်းကျင့်ကြံသူများအတွက် အကူအညီဖြစ်စေနိုင်သည့် တည်နေရာမျိုးမဟုတ်ချေ။ ပိုမိုကာ အားကောင်းပြီး ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးကို ပြန်လည်ကာ ရန်ကြွေးတောင်းခံချင်သည်ဆိုပါက အထက်နယ်မြေဆီသို့ သွားရောက်ကာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရပေလိမ့်မည်။
အဒေါ်ဝမ်က ပြောလိုက်၏။ “မင်းထွက်သွားပြီး နှစ်အနည်းငယ်အတွင်း မြောင်ဟွာခန်းမသခင်က ရံဖန်ရံခါဆိုသလို သံမဏိအရိုးတောင်ဆီကို လာတယ်။ ပြီးတော့ သံမဏိအရိုးတောင် အလွတ်ကြီးပေါ်မှာ တွေဝေငေးငိုင်စွာနဲ့ ရပ်နေတတ်တယ်လေ။ အခု မင်းပြန်လာပြီဆိုတော့ ဘာလို့ သူမကို သွားပြီးတော့ မတွေ့တာလဲ။”
သူမသည် ခေါက်ဆွဲပန်းကန်ကို ကိုင်ကာဖြင့် အသာလှည့်ကြည့်လိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မရှိတော့ချေ။
…….
မြောင်ဟွာခန်းမ
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် တပည့်များကို ဦးစီးကာဖြင့် ပျက်စီးလျက်ရှိနေသည့် ဂိုဏ်းကြီးကို ပြန်လည် ကာ တည်ဆောက်နေ၏။
“ဟမ်”
တည်နေရာတစ်ခုလုံး တုန်ခါသွားပြီးနောက် လေထုထဲတွင် ကျွင်းချောင်ရှောင်းပေါ်ပေါက်လာခဲ့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြောင်ဟွာခန်းမမှ တပည့်များက ထအော်လိုက်၏။ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ အမူအရာများသည်လည်း ပျက်ယွင်းသွားခဲ့ကြ၏။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ရုပ်သိမ်းကာဖြင့် ဇဝေဇဝါ မေးမြန်းလိုက်သည်။ “ခန်းမသခင်ရှစ်က ဘယ်မှာလဲ။”
ဤမေးခွန်းသည် ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ အမူအရာများကို ပိုမိုကာ ပျက်ယွင်းသွားစေ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် နာကျင်မှုများ ပြည့်နှက်နေ၏။
“ဘာဖြစ်လို့လဲ။”
“ခန်းမ …. ခန်းမသခင် ပျောက်နေတယ်။”
“ပျောက်နေတယ်ဟုတ်လား။” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိလိုက်သည်။
အဒေါ်ဝမ်ပြောသလိုဆိုရင် ရှစ်ကျန်းရွမ်သည် အချိန်ကြာလျှင် တစ်ခါဆိုသလို သံမဏိအရိုးတောင်သို့ လာရောက် တတ်၏။ သို့ပေမဲ့ သူမသည် ပြန်ပေါ်မလာခဲ့ပေ။ အကြောင်းအရင်းမှာ ပျောက်နေသောကြောင့်ပင်။
“လွန်ခဲ့တဲ့ ၅နှစ်တုန်းက ညတစ်ညမှာတော့ ကောင်းကင်ယံအထက်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတယ်။ ပြီးတော့ ခန်းမသခင်ရှစ်က ပျောက်ကွယ်သွားခဲ့တယ်။”
ကျန်းစွန်းဖန်းဟွာသည် ထိုနေ့ကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ သူမ မျက်နှာတစ်ခုလုံးသည် မျက်ရည်များနှင့် ပြည့်နှက်နေ၏။
“ခင်ဗျားတို့ သူ့ကို မရှာဘူးလား။”
“လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး ရှာနေတာပါ။”
“………”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖြန့်နှံ့ကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ရှစ်ကျန်းရွမ်ကို ရှာမတွေ့ခဲ့ချေ။ သူ၏ နှလုံးသားထဲတွင်တော့ တိကျသေချာသည့် အဖြေတစ်ခုရရှိခဲ့၏။ “သူမက ဒီဂြိုဟ်မှာ မဟုတ်ဘူးပဲ။”
“ဖြစ်နိုင်တာ တစ်ခြားဂြိုဟ်တစ်ခုခုကို ထွက်သွားတာဖြစ်မယ်။” စနစ်က ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
ကြယ်ကောင်းကင်ခံတပ်ကြီး ဖျက်ဆီးခံရပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကုန်သွယ်ရေးဇုန်အဖြစ် အစားထိုးဖြစ်တည်လာခဲ့၏။ များပြားလှသည့် ဂြိုဟ်များသည် ကုန်စည်များကို လဲလှယ်ရန် ဤတည်နေရာသို့ ရောက်ရှိလာသည်ဖြစ်သောကြောင့် ဤတည်နေရာမှ ထွက်ခွာ၍ တစ်ခြားသောဂြိုဟ်များကို သွားရောက်ရန်လည်း အလွန်တရာ လွယ်ကူသွားခဲ့၏။
“ကျုပ် သူမကို သွားရှာလိုက်အုံးမယ်။”
ကျွင်းချောင်ရှောင်းသည် မြောင်ဟွာခန်းမဆီမှ ထွက်ခွာသွားပြီးသည့်နောက် စကြဝဠာထဲသို့ ဝင်ရောက်လိုက်၏။ ပြီးနောက် ပတ်ဝန်းကျင်တည်နေရာထဲကို သူသည် လိုက်လံကာ ကြည့်ရှု၏။ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိပြီးသည့်နောက် သူသည် အောက်နယ်မြေထဲတွင် လက်ဖျောက်တစ်ချက်တီးရုံနှင့် ကြိုက်သည့်တည်နေရာကို သွားနိုင်စွမ်းရှိသော လူတစ်ယောက်ဖြစ်နေ၏။ သူသည် အနှိုင်းမဲ့သော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သို့ပေမဲ့ ရက်အနည်းငယ်ကြာ ဂြိုဟ်ပေါင်း ၁၀၀ ကျော်တို့ကို လှည့်လည်ရှာဖွေပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်ကို ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် သူသည် စကြဝဠာထဲတွင် ရပ်တန့်ကာဖြင့် ခန့်မှန်းလိုက်မိ၏။ “သူမက အောက်နယ်မြေမှာ မဟုတ်ဘူး။ ဒါဆိုရင် အထက်နယ်မြေကိုပဲ သွားတာလား။”
စနစ်က ပြောလိုက်သည်။ “ဒီကောင်မလေးက နှစ်အနည်းငယ်အတွင်း သိုင်းအင်ပါယာအဆင့်ကို ရောက်ရှိသွားတာလား။”
“အင်း။ တစ်ချို့နည်းလမ်းတွေကို အသုံးပြုပြီးတော့ အဆင့်တက်သွားတာလည်းဖြစ်နိုင်တယ်လေ။” ကျွင်းချောင်ရှောင်း က ခန့်မှန်းလိုက်မိ၏။
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိသည်။ အဆင့်နိမ့်သိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုကဲ့သို့ ပြုလုပ်ရန်ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်လာခဲ့၏။ ကောင်းကင်ယံအထက်တွင် ဖြစ်တည် လျက်ရှိနေသည့် တည်နေရာပျက်စီးမှုကြီးတစ်ခုလုံးသည် ပြန်လည်ကာ ပျောက်ကွယ်သွားပြီဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည်လည်း ပုံမှန်အတိုင်းပင် ပြန်လည်ကာ လှည့်ပတ်နေ၏။ စိတ်ဝိညာဉ် စွမ်းအင်အနည်းငယ် ယုတ်လျော့သွားသည်ကလည်း ပြန်လည်ကာ ကောင်းမွန်နေပြီဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်က ပြောလိုက်၏။ “ခင်ဗျားနောက်ဆုံးတော့ ပြန်လာပြီကိုး။”
ကျွင်းချောင်ရှောင်း မြောင်ဟွာခန်းမဆီသို့ သွားသည့်အချိန်တွင် သူသည် အလောတကြီးနှင့် ရောက်လာခဲ့၏။ သို့ပေမဲ့ သံမဏိအရိုးတောင်တွင် ရက်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသည်။
“ဘာဖြစ်လို့လဲ။”
“ခင်ဗျားကို ကျုပ် တစ်ခုပြမယ်။”
မြို့တော်ဝန်ဟန်သည် ကြေးမှန်တစ်ချပ်နှင့်ဆင်တူသော ရတနာတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာပေါ်၌ ကောင်းကင်ကြီးတစ်ခုလုံး ကွဲအက်လျက်ရှိနေသည့်မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။
“ဒါက”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ၅ နှစ်တုန်းက သဘာဝပတ်ဝန်းကျင် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ်။ အဲတုန်းက နဂါးကျားတိုက်ပွဲကျင်းပနေတဲ့ အချိန်ပေါ့။ ဒီဟန်က ပုံရိပ်ယောင်အစီအရင်ကို အသုံးပြုပြီး ဒီမြင်ကွင်းကို မှတ်တမ်းတင်ထားခဲ့တယ်။”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ယူကာကြည့်ရှုလိုက်၏။ အကြိမ်ပေါင်းများစွာ သေသေချာချာ ကြည့်ရှုပြီး သည့်နောက် ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်တည်ခဲ့သည်။ ထိုအရာသည် တည်နေရာ အက်ကွဲကြောင်းတွင်းမှ လက်ကြီးတစ်ဖက် ထွက်ပေါ်လာခြင်းပင်။
“ဒါ လူသားတွေ လုပ်တာပဲ။” ကျွင်းချောင်ရှောင်းက အတည်ပြုလိုက်၏။
စနစ်က ပြောလိုက်၏။ “ဒီတည်နေရာကြီးကို ချိုးဖျက်ပြီး လက်ကြီး ထွက်လာအောင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်တယ်ဆိုတာ အထက်နယ်မြေတစ်ခုရဲ့ စွမ်းရည်ပဲ။”
“ဒီလို ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုကြီး ဖြစ်လာပြီး ခန်းမသခင်ရှစ်က ပျောက်ကွယ် သွားခဲ့တယ်။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဖြစ်နိုင်တာ သူမကို လူတစ်ယောက်ကက ခေါ်ဆောင်သွားခဲ့တာပဲ။”
“ဒါကဖြစ်နိုင်တယ်လေ။” ကျွင်းချောင်ရှောင်းနှင့် စနစ်တို့သည် ရှားရှားပါးပါး သဘောတူညီမှု ရရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေ၏။ “ဟောခန်းသခင်ရှစ်ရဲ့ အားအင်အဆင့်က မြင့်မားလွန်းတာ မဟုတ်ဘူးလေ။ ဘာလို့ ကျွမ်းကျင်သူတစ်ယောက်က အားစိုက်ထုတ်ပြီး သူမကို ခေါ်သွားရတာလဲ။”
စနစ်က ပြောလိုက်သည်။ “ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့စွမ်းအင်တစ်မျိုး ရှိနေတယ်လေ။ လျှို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်လိမ့်မယ်။”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် ရှစ်ကျန်းရွမ်၏ မျက်လုံးရောဂါကို ကုသပေးပြီးနောက် ထူးခြားသည့် ဓာတ်သဘာဝအကြောင်းကို မတွေးခဲ့တော့ချေ။ ထို့အပြင် သူမကို မည်သည့်ထိခိုက်မှုများကိုမှ မပေးနိုင်သောအရာလည်း ဖြစ်နေသည်မို့ သူသည် ထုတ်ဖော်မစဉ်းစားခဲ့ခြင်းလည်းဖြစ်၏။ ယခု စနစ်ပြောသလိုဆိုရင် တစ်စုံတစ်ခုသည် မှားယွင်းနေပေလိမ့်မည်။
“သူမကို ခေါ်ဆောင်သွားခဲ့တာက ကောင်းချီးလား။ ကျိန်စာများလား။”
“ကောင်းချီးတစ်ခုဖြစ်နိုင်တယ်။ တကယ်လို့ ကျိန်စာဆိုရင် တည်နေရာကိုချိုးဖြတ်ပြီး ဘာလို့ အတင်း ခေါ်ယူသွားတော့မှာလဲ။ တစ်ခါတည်း သတ်ပစ်လိုက်မှာပေါ့။”
“ဒါလည်းဟုတ်တာပဲ။”
မြောင်ဟွာခန်းမသည် ပြိုင်စံရှားဂိုဏ်း၏ မဟာမိတ်နှစ်ခုထဲမှ တစ်ခုဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ခန်းမသခင်ရှစ် ဒုက္ခရောက်သည်ကို ယေဘုယျအားဖြင့် လက်ခံလိမ့်မည်မဟုတ်ချေ။
“ချင်းယန် …… အမိန့်ပေးလိုက်တော့။ ငါတို့ မနက်ဖြန်ပြန်ကြမယ်။”
“ကောင်းပါပြီ။”