အခန်း ၁၆၁၈
Vol. 109 Ch. 1618
အပိုင်း (၁၆၁၈)
ကုထျန်းရှင်း၏ မျက်နှာကြောင့် ကြယ်တာရာစိတ်ဝိညာဉ်လောကသည် အထက်နယ်မြေသို့ အချိန်အတိုင်းအတာ တစ်ခုအတွင်း လာရောက်ကာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အချိန်ကာလတစ်ခုအထိ ငြိမ်းငြိမ်းချမ်းချမ်း နှင့် နေထိုင်သွားနိုင်ခဲ့သည်။ သို့ပေမဲ့ ကျူးကျော်မှုနှစ်ခုကို အတွေ့အကြုံ ရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စွမ်းအင်ကင်းမဲ့သလို ခံစားနေမိ၏။ သူ့အနေနှင့် ဝင်ရောက်ကာ ဆော့ကစားခဲ့ရသည့် အတွေ့အကြုံကိုပင် မရရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် အလွန်အားနည်းသောကြောင့်ပင်။ ဘာလုပ်ရမည်နည်း။ ပိုမိုအားကောင်းရန် လိုအပ်နေသည်။
ပုံပြောသူသည် ပိုမိုအားကောင်းစေမည့် လမ်းစဉ်တစ်ခုကို ကျွင်းချောင်ရှောင်းအား ညွှန်ပြခဲ့၏။ ထိုအရာသည် စကြဝဠာအနှံ့သို့ ခရီးလှည့်လည်သွားလာရန်ပင် ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ အဓိကတာဝန်၏ ကန့်သတ်ချက်က တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် ဘာမှပြုလုပ်၍ မရချေ။ ထို့ကြောင့် ပထမဆုံးအနေဖြင့် အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခုအဖြစ် သူ၏ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် စဉ်းစားလိုက်၏။
“ဆရာနှင့် ကြီးမြတ်သူကုဟုန်တို့အကြား စီစဉ်ထားတဲ့တိုက်ပွဲက ရှိနေသေးတယ်လေ။ အထက်နယ်မြေကနေ ဘယ်လိုလုပ် ထွက်ခွာသွားလို့ ရမှာလဲ”
ကျွင်းချောင်ရှောင်းအား ရစ်ပတ်နှောင်တွယ်နေသည့် ကိစ္စရပ်များသည် အများအပြားရှိ၏။ ထို့ကြောင့်ပင်လျှင် ရွေးချယ်ခွင့်မရှိဘဲ အထက်နယ်မြေ၌သာလျှင် နေထိုင်နေရ၏။ သူ့အနေနှင့် ကုကျောင်းရှစ်ဆီသို့ သွားရောက်၍ ပြန်လည်ဆုံဆည်းချင်စိတ်များကိုပင် ဖိနှိပ်ထားခဲ့ရသည်။
“ညီလေး မင်းက ကောင်းမွန်တဲ့မိသားစုတစ်ခုမှ မွေးဖွားလာခဲ့ရတာပဲ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါ မင်းအတွက် အရမ်းကို ပျော်ရွှင်မိတယ်။ ဒီတော့....”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ငါတို့ ပြန်ပြီးတော့ ပေါင်းစုံတဲ့အချိန်မှာ ငါက မင်းထက် အားနည်းနေလို့ မဖြစ်ဘူး”
ကုန်းရှန့်သည် ကုန်းဝမှာ ကုကျောင်းရှစ်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် အရှက်မဲ့စွာဖြင့် သူ့ညီလေး၏ ရွှေပေါင်ကြီးကို ဆွဲဖက်လိမ့်မည်ဟု တစ်ဖက်လူများက ထင်မှတ်လိမ့်မည်။ သို့ပေမဲ့ အမှတ်မထင် ကိစ္စရပ်နှစ်ခုကို တွေ့ကြုံခံစားပြီးသည့်နောက် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အားနည်းနေသေးကြောင်း ခံစားလိုက်မိ၏။ ထို့ကြောင့် ပိုမိုကြိုးစားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ တခြားသူများကို မှီခိုရခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် အားကိုးခြင်းလောက် ကောင်းမွန်သည့်အရာ မရှိခဲ့ချေ။
ကုကျောင်းရှစ်၏အဖေသည် အလွန် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သူ၏စနစ်သည်လည်း အားနည်းလွန်းနေသည်လား။
မဟုတ်ပေ။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကုန်းစွန်းရော့လီသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာ၏။
“သား ..... အရာကိစ္စအားလုံး ပြီးသွားပြီလေ။ ဒီတော့ မင်းရဲ့အမေကို သွားရှာတော့မယ်”
သူမအနေနှင့် စိတ်ပိုင်းဖြတ်ပြီး ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိရှိ၏။ ထို့ကြောင့် တားမြစ်မနေတော့ချေ။
ဝှစ်
ထိုနေ့မှာပဲ ကုန်းစွန်းရော့လီသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲပြီးသည့်နောက် အထက်နယ်မြေမှ ထွက်ခွာသွားခဲ့၏။ သူမသည် အဆုံးအစမဲ့သော စကြဝဠာကြီးနှင့် ပေါင်းစပ်သွားခဲ့၏။
“ဒီအတောအတွင်း ကျွန်မက ဂိုဏ်းကို စီမံခန့်ခွဲပေးထားမယ်။ ရှင်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လေ့ကျင့်တော့” အနောက်ဘက်တွင် ရပ်တန့်လျက် ရှိသော နှင်းဆီဧကရီက ပြောလိုက်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ခရီးထွက်ခွာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အမူအကျင့်များသည် ပြောင်းလဲသွားခဲ့ကြောင်းကို သူမက ခံစားမိ၏။ နောက်တောက်တောက် အမူအရာများသည် ပျောက်ကွယ်သွားခဲ့ပြီး တည်ငြိမ်ရင့်ကျက်သော အမူအရာများသည် အစားထိုးဝင်ရောက်လာခဲ့သည်။
“ဒါဆိုရင် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ” အတွင်းရေးကိစ္စရပ်များကို နှင်းဆီဧကရီက အဓိက တာဝန်ယူထား ခဲ့သည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် နတ်ဆိုးမျိုးနွယ်များ၏ သိုင်းနည်းစနစ်များနှင့် သူ၏အဖေ မထွက်ခွာခင်က ပေးအပ်ခဲ့သော သိုင်းနည်းစနစ်များကို ထုတ်ယူလိုက်၏။ သူသည် အတွေ့အကြုံအဆောင်ကို ချိုးချေလိုက်ပြီးသည့်နောက် စတင်ကာ လေ့ကျင့်တော့၏။
သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် အရေအတွက်မှာ အဓိက မဟုတ်ပေ။ ပြည့်စုံခြင်းအဆင့်ဆီသို့ ရောက်ရှိအောင် လေ့ကျင့်နိုင်ခြင်းကသာ အဓိက ဖြစ်၏။ သို့ပေမဲ့ သူသည် စတင်ကာလေ့ကျင့်နေပြီဆိုမှတော့ အကောင်းမွန်ဆုံးသော အခြေအနေရှိအောင် လေ့ကျင့်မှ ဖြစ်ပေလိမ့်မည်။ နတ်ဆိုးကလန်မှ သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် အခြားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် အနည်းငယ် ဆင်တူလို့နေ၏။ ကျင့်ကြံပြီးသည့်နောက်မှာတော့ သူ၏ သိုင်းကျင့်ကြံခြင်း နိယာမများသည် ပိုမိုကာ အားကောင်းလာခဲ့တော့၏။
“ဒါပေမဲ့ အထဲမှာ သိုဝှက်ထားတဲ့ နိယာမသဘောတရားတွေကို ငါနားမလည်သေးဘူးဖြစ်နေတယ်”
ကျင့်ကြံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အကျင့်အတိုင်းပင် သက်တန့်ရောင်သူတော်စင်ကျမ်း ခုနှစ်တွဲအား ထုတ်ယူလိုက်သည်။ လွန်ခဲ့သည့်နှစ်အတွင်း သူ၏အဆင့် တိုးတက်လာသည် နှင့် တပြိုင်နက် သက်တန့်ရောင်စဉ်ကျမ်းကို ထုတ်ယူကာ လေ့လာတတ်၏။ အထဲတွင်ရှိသော နက်နဲလှသည့်သဘောတရားများကို နားလည်ချင်သောကြောင့်ပင်။
သို့ပေမဲ့ အဓိကအချက်များကို နားမလည်ရုံသာမက ခန့်မှန်း၍မရအောင် အားကောင်းသည့် အချက်များ ပိုမိုကာ တည်ရှိနေသည်ကိုသာ ခန့်မှန်းမိ၏။
ကုထျန်းရှင်း၏ စကားအရဆိုလျှင် သက်တန့်ရောင်သူတော်စင် ဆိုသည်မှာ သိုင်းပညာ၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးဟုပင် သူသိရှိပြီးဖြစ်တော့၏။ အားအင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေ တစ်ခုအထိ ရောက်ရှိနေမှာ သေချာသည်။
ထိုသူချန်ထားခဲ့သည့် အစိတ်အပိုင်းခုနှစ်ခုတို့သည် အလွန်နက်နဲလွန်းလှပြီး သိုင်းပညာ၏ သဘောတရားများ ပါဝင်နေမှာ သေချာသည်။ ဂိုဏ်း၏ အတွင်းရေးကိစ္စရပ်များအားလုံးကို နှင်းဆီဧကရီနှင့် အထက်ပိုင်းအကြီးအကဲများက ပြုလုပ်ထားသောကြောင့် ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း ကိစ္စရပ်များကိုသာ အာရုံစိုက်ထားခဲ့၏။
တခြားသောဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ဘာမှချမှတ်နေစရာ မလိုအပ်တော့ချေ။ ပြိုင်စံရှားဂိုဏ်းသည် လက်ရှိနည်းလမ်းအတိုင်း အဆင်ပြေလျက် ရှိနေပြီး ဆေးဆိုင်များ၏ ထောက်ပံ့မှုနှင့်အတူ အရင်းအမြစ်များ ကလည်း တိုးတက်လာခဲ့တော့၏။ အဓိက တပည့်များ၏ ဂိုဏ်းတာဝန်များကလည်း ပြည့်စုံလျက်ရှိပြီး ဆက်တိုက်ဆိုသလိုပဲ လုံလောက်သည့်အမှတ်များ ရရှိနေ၏။ လုံလောက်သည့် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပြီးအမြူတေပြောင်းလဲခြင်းဆေးလုံးများကို ထောက်ပံ့ ပေးနိုင်သည်ဆိုပါက ဂိုဏ်းတစ်ခုလုံးသည် အမြူတေပြောင်းလဲခြင်း အဆင့်ကို ရောက်ရှိသွားဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။
အောက်ပိုင်းဂိုဏ်းသားများ၏ အားအင့်အဆင့်၊ အထက်ပိုင်းအကြီးအကဲများ၊ လက်ရွေးစင်တပည့်များ၏ ကျင့်ကြံခြင်းအဆင့်ကလည်း နောက်ကောက်ကျ မကျန်ရစ်ပေ။ ကျွင်းချောင်ရှောင်းအနေဖြင့် တစ်နှစ်တာ ဗွီအိုင်ပီအသုံးပြုသူအကောင့်ကို စာရင်းပေးသွင်းပြီးသည့်နောက် လစဉ်လတိုင်း ရူးရူးမူးမူးနှင့် Refresh လုပ်လျက်ရှိ၏။
“ဒင်... လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် ငါးထောင်ကို အသုံးပြုပြီးသည့်နောက် အကြီးအကဲသီးသန့် လေ့ကျင့်ရေးခန်းမဆောင် တစ်ခုကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြပါပြီ”
“ဒင်၊ ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၁၂၀၀၀”
နှစ်လကြာပြီးသည့်နောက် စုစုပေါင်း Refresh ခြောက်ဆယ် ပြုလုပ်ခဲ့ရ၏။ ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ အသစ်ဖန်တီးထားသည့် ကျင့်ကြံခြင်းပစ္စည်းတစ်ခုကို ရရှိခဲ့သည်။
ထိုအရာသည် အကြီးအကဲများအတွက်သာ သင့်တော်သည့်အရာ ဖြစ်၏။ အသစ်ရောက်ရှိလာသည့် ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ချိုးဖြတ်မရောက်ရှိသေးသည့် တခြားသော တင်းရှင်းဝမ်၊ ကျန့်ရာတို့ကဲ့သို့သော စီနီယာအကြီးအကဲများ အားလုံးသည် အားအင်အဆင့်မှာ တိုးတက်နေသည် ဆိုသော်လည်း အကြီးအကဲများသီးသန့် ကျင့်ကြံခြင်းအခန်း မရှိသောကြောင့် အချိန်နှောင့်နှေးလို့ နေခဲ့၏။
တပည့်များသည် လုံလောက်သည့် ဂိုဏ်းတာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိခဲ့၏။ ထို့ကြောင့် စတိုးထဲတွင် သွားရောက် လဲလှယ်နိုင်သည်။
အကြီးအကဲများသည်လည်း ထို့အတူပင်။
ကောင်းနှင့်မြေကြီးဓာတ်သဘာဝများ စုစည်းလျက် ရှိနေသည့် သီးသန့်ကျင့်ကြံခြင်းအခန်းတွင် ကျန့်ရာသည် သူ၏ လက်ဝါးအား မျက်နှာပြင်တစ်ခုပေါ်သို့ တင်လိုက်၏။ လေးရာခြောက်ဆယ်ဆိုသည့် တန်ဖိုးဂဏန်း ပေါ်လာသည့်အချိန်မှာတော့ သူ၏ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်မိ၏။
တင်းရှင်းဝမ်သည် စိတ်ဓာတ်ကျသွား၏။ “ဘာလို့ ဒီကောင် ငါ့ထက်ပိုပြီး မြင့်နေရတာလဲ”
ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် ရှိနေသည့် တန်ဖိုးဂဏန်းသည် သီလအမှတ်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် အထဲသို့ဝင်ကာ ကျင့်ကြံချင်သည်ဆိုပါက နေ့စဉ်နေ့တိုင်း ထိုအမှတ်များကို အသုံးပြုရန် လိုအပ်သည်။
“ကျုပ် စမ်းကြည့်လိုက်မယ်” အဘိုးကြီးကုန်းသည် အရှေ့ဆီသို့ လျှောက်တက်လာပြီးသည့်နောက် မြင်ကွင်းပေါ်သို့ သူ၏လက်ဝါးကို တင်လိုက်၏။ အရေအတွက်သည် (၁၅၀၀) ကို ပြသနေ၏။
“ချီးတဲ့မှ” ကျန့်ရာသည် ဆွံ့အသွားမိသည်။
“အကြီးအကဲကျန့်”
အဘိုးကြီးကုန်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”
နင်ညီအစ်ကိုတို့သည်လည်း ရောက်ရှိလာခဲ့၏။ သူတို့၏ သီလအမှတ်များသည် လေးရာမှ ငါးရာနီးပါးခန့်သာရှိ၏။ ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည်လည်း လာရောက်ကာ စမ်းသပ်ကြ၏။ သူတို့၏ ရမှတ်သည် သုညပင်ဖြစ်၏။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ကျင့်ကြံခြင်းအခန်းဆီမှ လျှောက်ထွက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ၎င်းတို့အား နှစ်သိမ့်ပေးခဲ့သည်။ “ခင်ဗျားတို့က ဂိုဏ်းကိုရောက်တာ မကြာသေးဘူးလေ။ ဒီတော့ ဘာသီလအမှတ်မှ မရှိတာ သဘာဝပါပဲ”
အကြီးအကဲတစ်ယောက်သည် သီလအမှတ်များကို ရယူချင်သည် ဆိုပါက အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းအောင် ပြုလုပ်ဆောင်ရွက်ပေးဖို့လို၏။ တပည့်များကို ကူညီပြသပေးခြင်းသည် အရေးကြီးသော သီလအမှတ်များကို ရရှိမှာ သေချာ၏။
ဥပမာအားဖြင့် အဘိုးကြီးကုန်းသည် သီလအမှတ် ထောင့်ငါးရာကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိပြီးသည့်နောက် တပည့်များအား သိုင်းပညာနှင့်ပတ်သက်၍ သင်ကြားပြသပေးခဲ့၏။ သူသည် ရံဖန်ရံခါဆိုသလို တခြားသော အကြီးအကဲများနှင့် အစားထိုး၍ ၎င်းတို့၏ အလုပ်များကို ပြုလုပ် ဆောင်ရွက်တတ်သေးသည်။
တခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ကျန့်ရာနှင့် တင်းရှင်းဝမ်တို့သည် တစ်ခါတစ်ရံ သင်ခန်းစာများကို သင်ကြားပြသပေးခြင်းမှာလွဲလျှင် အချိန်တော်တော်များများသည် ကျင့်ကြံခြင်း၌သာ ကုန်ဆုံးခဲ့၏။ ထို့ကြောင့် ကောင်းမွန်လှသည့် သီလအမှတ်များ မရရှိခဲ့ချေ။
နင်ညီအစ်ကိုမှာတော့ တပည့်များအား မည်သည့်သင်ခန်းစာကိုမှ သင်ကြားမပေးချေ။ တပည့်များ ခေါ်ယူမှုကိုသာ တာဝန်ယူထားခဲ့၏။ သို့ပေမဲ့ သူတို့သည် ကုသိုလ်မှတ်အနည်းငယ်တော့ ရရှိနေ၏။
“နားလည်ပါပြီ”
ယုစီနန်က ပြောလိုက်သည်။ “မနက်ဖြန်ကစပြီး သင်ကြားပေးပါ့မယ်”
ကုန်းစွန်းဟုန့်သည် မျက်လုံးများချာချာလည်သွား၏။ “ခင်ဗျားက ဘာတတ်လို့လဲ။ တပည့်တွေ အကုန်လုံး လမ်းတွေမှားကုန်ပါမယ်။ တပည့်တွေကို သင်ကြားပေးတဲ့တာဝန်ကို ကျုပ်ယူမယ်”
၎င်းတို့နှစ်ယောက်သည် ဂိုဏ်းထဲတွင် အချိန်အတော်ကြာ နေခဲ့သူများ မဟုတ်ချေ။ သို့ပေမဲ့ တပည့်များအား သင်ကြားပြသပေးရန် ဆုံးဖြတ်လိုက်ကြသည်။
အထူးသဖြင့် အကြီးအကဲများ၏ လေ့ကျင့်ရေးခန်းမ ပေါ်ထွက်လာပြီးသည့်နောက် သူတို့သည် ဂိုဏ်း၌ တပည့်များကို စတင်ကာ လေ့ကျင့်သင်ကြားပေးတော့သည်။ အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျင့်ကြံသူများ သင်ကြားပြသပေးခြင်းသည် ကောင်းမွန်သည့်အရာပင် ဖြစ်တော့၏။ တင်းရှင်းဝမ်၊ အဘိုးကြီးကုန်းနှင့် တခြားသောသူများမှာတော့ အားလပ်ချိန်ပင် မရှိတော့ချေ။ ၎င်းတို့သည် ရှိနေသောသီလအမှတ်များကို အသုံးပြုကာဖြင့် ကျင့်ကြံခြင်းခန်းမဆီသို့ ရံဖန်ရံခါ သွားရောက်ကာ လေ့ကျင့်ကြ၏။ သူတို့၏ အဆင့်များ တိုးတက်လာဖို့ဆိုသည်မှာ အချိန်ကာလတစ်ခုသာ ကြာပေလိမ့်မည်။
“အကြီးအကဲခန်းမ ရှိနေပြီဆိုမှတော့ ဟောခန်းသခင်တွေရဲ့ ကျင့်ကြံခြင်းအခန်းကလည်း ရှိရမယ်မဟုတ်လား” ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီးသည့်နောက် ပြောလိုက်၏။
“အရာအားလုံး ရနိုင်တယ်”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ရဲရဲရင့်ရင့် Refresh လုပ်ဖို့ပဲ လိုအပ်တယ်”
“.........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “မင်းက အချိန်တိုင်း ဂိုဏ်းစုဆောင်းမှတ်တွေ အသုံးပြုဖို့ပဲ ပြောနေတာကိုး”
“ဒင် ...... အထူးတာဝန် ပြည့်စုံသည်”
“နောက်ဆုံးတော့ ရောက်လာပြီပဲ” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ငိုချလုမတတ်ပင် ဖြစ်သွားမိသည်။
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမစစ်ဦးစီးချုပ်သည် အထက်နယ်မြေဆီသို့ ကျူးကျော်လာခဲ့၏။ ထို့အပြင် ဆယ်ယောက်မြောက် ရေတပ်ဦးစီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ကျူးကျော်လာခဲ့၏။ ဤကဲ့သို့ ကောင်းမွန်လှသည့်အခွင့်အရေးနှစ်ခုတွင် တာဝန်ပေါ်ပေါက်မလာခဲ့ချေ။ သူသည် စနစ်ကို ဖွင့်ကာ ကြည့်ရှုလိုက်၏။
“အထက်နယ်မြေ အထူးတာဝန် (၆)
တာဝန်၏ အသေးစိတ် - လက်ခံသူသည် နှစ်နှစ်အတွင်း ဂိုဏ်း၏အလုံးစုံသော အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ပေးရမည်။
တာဝန်၏လိုအပ်ချက် -
အထက်ပိုင်းအစစ်အမှန်ရှာဖွေခြင်းအဆင့် - ၀/၁၊
အလယ်အလတ်အစစ်အမှန် ရှာဖွေခြင်းအဆင့် - ၀/၅၊
လက်ရွေးစင်တပည့် အစစ်အမှန်ရှာဖွေခြင်းအဆင့်နိမ့် - ၀/၁၀
တာဝန်၏ဆုလာဘ် - ????”
အခြေအနေများကို ဖတ်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မှုန်ကုတ်ကုတ်နှင့် ပြောလိုက်၏။
“ရီရှင်းချန်နဲ့ ရောင်မုန့်ယဉ်တို့ကို ထည့်မတွက်ဘူးလား”
စနစ်က ပြောလိုက်သည်။ “တာဝန်ထုတ်ပြန်လာတဲ့အချိန်မှာ ဖြစ်ရမယ့်အရာပဲလေ။ သူတို့က အစောကြီးကတည်းက အဆင့်ချိုးဖြတ်ထားတာ မဟုတ်ဘူးလား”
“နှစ်နှစ်”
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ “ဒါက နည်းနည်းခက်တယ်”