အခန်း ၁၆၂၈
Vol. 110 Ch. 1628
အပိုင်း (၁၆၂၈)
ပုံရိပ်ယောင် တည်နေရာထဲမှာတော့ ကုထျန်းရှင်းသည် ကုကျောင်းရှစ်ကို အထဲသို့ ခေါ်ဆောင်လာခဲ့၏။ ယနေ့မှ စ၍ သူသည် ပြန်လည်မွေးဖွားလာခဲ့သည့် သူ၏သားအား သိုင်းပညာများ စတင်ကာ သင်ကြားပေးတော့မည်။ ကြာမြင့်နိုင်သည့် အချိန်ကာလသည် ငါးနှစ်အထိ သူက သတ်မှတ်ထားခဲ့၏။
“မင်းက အရင်ဘဝမှာ ဘာပဲဖြစ်ခဲ့၊ ဖြစ်ခဲ့၊ ဒီနေ့ကစပြီးတော့ သင်ယူတတ်မြောက်ခဲ့တဲ့ သိုင်းပညာတွေ အကုန်လုံးကို မေ့လိုက်တော့။ ဒါတွေကို လေ့ကျင့်ခဲ့ရတာက ဘဝတလျှောက်လုံး အချိန်ဖြုန်းခဲ့ရတာလို့လဲ စဉ်းစားထား”
ကုထျန်းရှင်းက ရိုးရိုးရှင်းရှင်း ပြောပြလိုက်၏။ ဤစကားစုသည် အမှန်ပင် မောက်မာလွန်းလှ၏။ သို့ပေမဲ့ ပုဆိန် တစ်လက်တည်းနှင့် တစ်ဖက်မှ ရောက်ရှိလာခဲ့သည့် တပ်သင်္ဘောကြီးအား ခုတ်ပိုင်းနိင်သောကြောင့် အမှန်ပင် သူ့၌ မောက်မာရန် အခွင့်အလမ်း ရှိနေသည်။
“နားလည်ပါပြီ”
ကုကျောင်းရှစ်သည် သူ၏အဖေ မည်မျှ အားကောင်းသည်ကို သိရှိ၏။ ထို့ကြောင့် သူမွေးဖွားလာခဲ့ပြီးသည့်နောက် တခြားသော သိုင်းပညာများကို စဉ်းစားလိမ့်မည် မဟုတ်ချေ။ သူ၏အဖေသည် သူ့ကို သေသေချာချာ သင်ပြပေးပြီးသည့်နောက် သူသည် ထူးချွန်ပြောင်မြောက်လှသော ကျောက်စိမ်း တစ်ခု ကဲ့သို့ ဖြစ်လာမှာ သေချာ၏။
“လာခဲ့”
ကုထျန်းရှင်းက ပြောလိုက်သည်။ “စကြရအောင်”
ဆွစ် ဆွစ် ........။
ပြောပြီးပြီးချင်းမှာပဲ ကိုယ်ပွားတစ်ခုသည် ပေါ်ပေါက်လာခဲ့သည်။ “ဒါက မင်းအဖေကိုယ်တိုင် တစ်ဘဝလုံး သေသေချာချာ အားထုတ်ဖန်တီးခဲ့ရတဲ့ သိုင်းပညာတစ်ခုပဲ။ ဒါကို အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်လို့ ခေါ်တယ်။ ဒီနေ့ကစပြီး မင်းကို သေသေချာချာ သင်ပေးမယ်။ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီး တိုးတက်လာလိမ့်မယ်”
“အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ် ဟုတ်လား”
ကုကျောင်းရှစ်သည် ထိုနာမည်ကို ရင်းနှီးသလို ခံစားနေမိ၏။ သို့ပေမဲ့ သူမမှတ်မိချေ။ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော သူ၏မှတ်ဉာဏ်အစိတ်အပိုင်းများသည် ပြန်လည် ရရှိ လာခဲ့ပြီဆိုသော်လည်း သူကျင့်ကြံခဲ့သော သိုင်းနည်းစနစ်များကို မမှတ်မိခဲ့ချေ။ မဟုတ်ပါက သူသည် ထကာ အော်ဟစ်နေပေလိမ့်မည်။ ဒါက အစ်ကိုကြီးဂိုဏ်းရဲ့ ပြိုင်စံရှား သိုင်းနည်းစနစ်ပဲ။
“ဟုတ်တယ်”
ကုထျန်းရှင်းက ရှင်းပြလိုက်သည်။ “ဒီအရိပ်တစ်ထောင် သိုင်းနည်းစနစ်ဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုတာ မဟုတ်ဘူး။ သိုင်းပညာနဲ့ပတ်သက်ပြီး နားလည်နိုင်ဖို့ အပံ့အပိုး၊ အထောက်အပံ့တစ်ခု ဖြစ်စေတာပဲ။ မင်းအဖေရဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှု၊ ဆေးပညာနဲ့ပတ်သက်တဲ့ အောင်မြင်မှုတွေ အကုန်လုံးက ဒီနည်းစနစ်ပေါ်မှာ အခြေခံခဲ့တာ။ ထိုင်တော့၊ ငါမင်းကို မန္တာန်တစ်ခု သင်ပေးမယ်”
“အင်း” ကုကျောင်းရှစ်သည် ထိုင်ချလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်ပါဝင်စားမှုများဖြင့် တောက်ပလျက် ရှိနေသည်။ သူ၏အဖေကဲ့သို့ ကျွမ်းကျင်သူတစ်ယောက် ဖန်တီးထားသည့် သိုင်းပညာတစ်ခုသည် သာမန်ထက် ပိုသည်မှာ သေချာ၏။
“ဟုတ်ပြီ”
ကုထျန်းရှင်းက သတိပေးလိုက်သည်။ “သာမန်ထက်ပိုထူးခြားတဲ့ သိုင်းနည်းစနစ်ဆိုတာမျိုးက ခန့်မှန်းလို့ မရအောင် အားကောင်းတယ်။ အရင်ဆုံး ဒီဟာရဲ့ အခြေခံနိယာမတွေကို တက်ကျွမ်းသွားအောင် ပြုလုပ်ရမယ်။ စိတ်မရှည်မဖြစ်နဲ့။ ပြီးတော့ သိုင်းပညာဆိုတာက အလျင်လိုရင် အနှေးဖြစ်တတ်တယ်လေ”
“ဖေဖေ သင်ကြားပြသပေးတာကို သေသေချာချာ မှတ်သားထားပါ့မယ်”
“သေသေချာချာ နားထောင်”
ကုထျန်းရှင်းသည် မန္တာန်များကို တစ်ခုပြီးတစ်ခု ရွတ်ဖတ်ပြလိုက်၏။ “အိမ်ကို ရောက်ပြီဆိုရင် သိုင်းကျမ်းကိုတော့ မင်းအမေဆီကတောင်း”
“..............”
ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ သိုင်းနည်းစနစ်သည် သူ၏အဖေ ဖန်တီးထားသည့် သိုင်းနည်းစနစ်ဖြစ်၏။ သို့ပေမဲ့ ထိန်းသိမ်းစောင့်ရှောက်ထားသူမှာ သူ့အမေဖြစ်သည်။ မိသားစုတွင် မည်သူမှာ အာဏာပါဝါရှိကြောင်း ထိုအချက်ကို ကြည့်ရှုသည်နှင့် သိရှိနိုင်စွမ်း ရှိပေလိမ့်မည်။
“သား”
ကုထျန်းရှင်းသည် ထိုင်ချလိုက်ပြီးနောက် ပြောလိုက်သည်။ “မင်းက သိုင်းပညာနဲ့ပတ်သက်ပြီး အခြေခံတစ်ခု ရှိသင့်တယ်။ ဒီတော့ မင်း ဒါကို အရင်ဆုံးလေ့ကျင့်၊ နားမလည်တာရှိရင် ငါ့ကိုပြော၊ ဒီအဖေက မင်းကို တစ်ခု၊ နှစ်ခုလောက် ညွှန်ကြားပြသပေးမယ်”
အားလုံးသောသူများသည် ဤကဲ့သို့ အဖေမရှိသည့်အတွက် မနာလိုဖြစ်မိနေကြပေလိမ့်မည်။
“ကောင်းပြီ”
ကုကျောင်းရှစ်သည် သူ၏ဒန်ထျန်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ကာဖြင့် သူ၏အဖေသင်ပေးသော မန္တာန်များအတိုင်း လှုပ်ရှားလျက်ရှိ၏။ သူ၏ မျက်ခုံးသေးသေးလေးများသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့၏။
ကုထျန်းရှင်းသည် သိုလှောင်လက်စွပ်ထဲမှ စားပွဲတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် မြေပဲတစ်ပန်းကန်နှင့် ဝိုင်တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ဝိုင်ခွက်အနည်းငယ်သောက်ရန် ရည်မှန်းထားပုံ ပေါ်သည်။
“ဖေဖေ”
ကုကျောင်းရှစ်က မေးလိုက်၏။ “သောက်ဖို့အတွက် မေမေက ခွင့်ပြုထားလို့လား”
ကုထျန်းရှင်းသည် သူ၏သားအား မြေပဲနှင့်ကောက်ပေါက်ကာဖြင့် သတိပေးလိုက်သည်။ “သိုင်းပညာနဲ့ ပတ်သက်ရင် အကြီးမားဆုံး ထားမြစ်ချက်က စိတ်ပျံ့လွင့်တာပဲ။ မြန်မြန်ဆန်ဆန် မင်းရဲ့စိတ်ကို ထိန်းပြီး ကျင့်ကြံ တော့။ အရက်သောက်တာကိုတော့ မင်းအမေကို မပြောနဲ့ပေါ့”
“ကောင်းပါပြီ” ကုကျောင်းရှစ်သည် များများစားစား တွေးတောမနေတော့ချေ။ အရိပ်တစ်ထောင် သိုင်းနည်းစနစ် အား နားလည်ရန် ဆက်လက်ကာ ကြိုးစားတော့၏။
ကုထျန်းရှင်းမှာမူ မြေပဲလေးကိုစား၊ ဝိုင်လေးကိုသောက်ရင်းနှင့် တွေးတောနေမိတော့သည်။ “ငါက ငါ့သားရဲ့ ရိုးတွင်းခြင်ဆီတွေကို သန့်စင်ပေးထားခဲ့တာ နှစ်နှစ်တိတိ ကြာခဲ့ပြီလေ။ ဒီတော့ သူ့ရဲ့ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ရင် ပြဿနာမရှိနိုင်ဘူး။ သူ့ရဲ့ ပင်ကိုယ်ပါရမီ ဘယ်လောက်ရှိသလဲဆိုတာပဲ ကြည့်ရမယ်”
သူ့အနေနှင့် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို အရင်ဆုံး သင်ပြပေးရခြင်း၏ အကြောင်းရင်းသည် သူ့သား၏ ပင်ကိုယ် ပါရမီကို စမ်းသပ်ချင်သောကြောင့်ပင်ဖြစ်သည်။ သုံးရက်မှ ဆယ်ရက်အတွင်း အခြေခံတစ်ခုအထိ နားလည်နိုင်စွမ်း ရှိသည်ဆိုပါက အရည်အသွေး ပြည့်မှီသည်ဟု သုံးသပ်ရမှာဖြစ်ပြီး အနာဂတ်တွင် ပါရမီရှိသည်ဟု သတ်မှတ်ရမှာဖြစ်သည်။
“ဖေဖေ”
ထိုအချိန်မှာတော့ ကုကျောင်းရှစ်၏ အော်သံသည် သူ၏အတွေးများကို ဖြတ်တောက်ပစ်လိုက်၏။ သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။
“ဘာဖြစ်ပြန်ပြီလဲ”
သိုင်းပညာနှင့်ပတ်သက်လျှင် အရေးအကြီးဆုံး ကိစ္စသည် စိတ်ငြိမ်ငြိမ်ထားရန်ဖြစ်သည်။ ကုထျန်းရှင်းသည် ယခုမှ ကျင့်ကြံကာစဖြစ်သော သူ၏ သားတစ်ယောက် ခဏခဏ မေးမြန်းနေသည်ကို စိတ်ပျက်နေမိသည်။
“ဒါက”
ကုကျောင်းရှစ်သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “သား.. သား သင်ပြီးသွားပြီနဲ့တူတယ်”
“ဘာ”
ကုထျန်းရှင်းသည် အံ့အားသင့်သွားသည်။ “သင်ပြီးသွားပြီ ဟုတ်လား”
“ဟုတ်ပါတယ်” ကုကျောင်းရှစ်သည် ခေါင်းညိတ်လိုက်၏။
“ဟုတ်လို့လား”
ကုထျန်းရှင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လမ်းလျှောက်လာ၏။ သူ့သား၏ နားရွက်ကို ဆွဲကာ ပြောလိုက်သည်။ “မင်းသင်တာ ဆယ်မိနစ်တောင် မရှိသေးဘူး။ ငါ့ကို အရူးလို့ ထင်နေတာလား”
“တကယ်သင်ပြီးသွားပါပြီ”
ကုကျောင်းရှစ်သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ဖေဖေ... မယုံလို့ရှိရင် သားပြမယ်”
“ကောင်းပြီ”
ကုထျန်းရှစ်သည် သူ၏သားကို အသာလွှတ်ကာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “မင်း ငါ့ကို တကယ်တမ်း ပြသနိုင်မယ်ဆိုရင် အခုကစပြီး ဒီဝိုင်ကို တစ်စက်ကလေးတောင် ငါမတို့တော့ဘူး”
သူ နှစ်ပေါင်းထောင်ချီ အချိန်ယူကာ ဖန်တီးခဲ့သော သိုင်းနည်းစနစ်ကို ယုံကြည်ချက် ရှိလို့နေ၏။ သူ၏သားသည် အလွန်တရာ ပါရမီရှိလှသည် ဆိုလျှင်တောင်မှ ဆယ်မိနစ် အတွင်း တတ်ကျွမ်းရန်မှာတော့ အလွန်တရာ ခက်ခဲပေလိမ့်မည်။ နားလည်မှုရှိသည်ဆိုလျှင် တော်သေး၏။
ဖူး....
ကုကျောင်းရှစ်သည် သက်ပြင်းရှည်ကြီးချလိုက်၏။ ပြီးနောက် မျက်လုံးကို စုံမှိတ်လိုက်သည်။ များပြားလှသည့် မန္တာန်များသည် သူ၏သိစိတ်ပင်လယ်ထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
ဒွီ
သူ၏ခန္ဓာကိုယ် လှုပ်ခါသွားပြီးသည့်နောက် ကိုယ်ပွားတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ကုထျန်းရှင်းသည် ထိုအရာကို မြင်လိုက်သည့်အချိန်မှာတော့ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ပြီးနောက် သူ၏ပါးစပ်သည် ဖြည်းညှင်းစွာဖြင့် ပွင့်ဟသွားခဲ့သည်။ မှန်ပေ၏။ အော်ရာနှင့် ပုံပန်းသွင်ပြင်အရဆိုလျှင် ဤအရာသည် အရိပ်တစ်ထောင်ကိုယ်ပွားနည်းစနစ်မှ ဖြစ်သည်။
“ငါ အိမ်မက်များ မက်နေတာလား”
ကုထျန်းရှင်းသည် အလျင်အမြန်ဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ၏သားသည် တကယ့်ကို ပါရမီရှိလှစွာဖြင့် ကိုယ်ပွားတစ်ကောင်ကို ဖန်တီးလိုက်သည်ဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ “ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ”
..............
ခနော်ခနဲ့ တဲအိမ်လေးအတွင်းမှာတော့ အမျိုးသမီးကုသည် စာအုပ်စင်တစ်ခုလုံးကို မွှေနှောက်ကာ သန့်ရှင်းရေး ပြလုပ်ပြီးနောက် သပ်ရပ်လှသော စာအုပ်သေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်၏။ သူမသည် သေတ္တာ၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် စည်းအလွှာများကို အမှတ်တမဲ့နှင့် ဖယ်ရှားလိုက်မိသည်။
“ယောက်ျား... ရှင်က တကယ့်ကို အမြင်ရှိတာပဲ။ အနာဂတ်မှာ ကျွန်မတို့ရဲ့သားကို လွှဲပြောင်းပေးနိုင်ဖို့အတွက် သိုင်းနည်းစနစ်တွေကို ကြိုစုထားခဲ့တယ်”
သေတ္တာပွင့်သွားသည့်အချိန်မှာတော့ အထဲ၌ များပြားလွန်းလှသော ရှေးသိုင်းနည်းစနစ်များ တည်ရှိလို့နေခဲ့၏။ လက်ရှိအချိန်တွင် တခြားသော စွမ်းအားမြင့်သိုင်းကျင့်ကြံသူ တစ်ယောက်သည်သာ ဤနေရာတွင် ရှိမည်ဆိုပါက မျက်ရည်ထွက်လောက်သည်အထိ မနာလိုဖြစ်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် အထဲတွင် ရှိသော သိုင်းနည်းစနစ်များအားလုံးသည် အထက်စကြဝဠာတစ်ခုလုံးတွင် တန်ဖိုးအကြီးဆုံးသော သိုင်းနည်းစနစ်များ ဖြစ်လို့နေသောကြောင့်ပင်။
“အရိပ်တစ်ထောင်သိုင်းကျမ်း”
အမျိုးသမီးကုသည် တီးတိုးရေရွတ်လိုက်၏။ ပြီးနောက် တစ်ခုပြီးတစ်ခုကို လှန်ကာ ရှာဖွေနေသည်။ သူမ၏ အမူအရာသည် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကျမ်းကို ရှာဖွေ မတွေ့ရှိသောကြောင့်ပင်။
“အခိုးခံလိုက်ရတာလား”
သူမသည် ချက်ချင်းပဲ သူမ၏ ခန့်မှန်းမှုကို ငြင်းပယ်လိုက်မိ၏။ ဤလျှို့ဝှက်သိုင်းနည်းစနစ်များ ထားရှိရာ သေတ္တာပေါ်တွင် များပြားလှသည့် စည်းများကို ထားရှိ၏။ ယခု ထိုစည်းများသည် ဤအတိုင်း တည်ရှိနေသေး၏။ မည်သူမှ ထိတွေ့ကိုင်တွယ်ခဲ့ပုံ မပေါ်ပေ။ ခိုးယူသွားဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
“ငါ ဒီထဲကိုများ မထည့်ထားမိတာလား” အမျိုးသမီးကုသည် ပြင်းပြင်းထန်ထန် စတင်ကာ စဉ်းစားလိုက်၏။ သူမ၏ ယောက်ျားဆီမှ ယူဆောင်ခဲ့ပြီးသည့်နောက် ဤအထဲသို့ ထည့်လိုက်သည်ဖြစ်ကြောင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။
“မဖြစ်သေးဘူး။ ဒီနေရာမှာ တစ်ခုခု လွှဲမှားနေပြီ” အမျိုးသမီးကုသည် ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် လျှို့ဝှက်သိုင်းကျမ်းအကြောင်း မေးမြန်းခဲ့သည့်အချိန်ကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ သူမ၏ ယောက်ျားသည် ပြင်းပြင်းထန်ထန်နှင့် အထပ်ထပ်ငြင်းပယ်ခဲ့ဖူးသည်။
“ဒီလျှို့ဝှက်သိုင်းကျမ်းကို ဝိုင်နဲ့လဲပြီး သောက်လိုက်တာပဲ ဖြစ်ရမယ်။ ဒီအရက်သမားကတော့... ကုထျန်းရှင်း... ပြန်ခဲ့စမ်း”
သူ၏သားကို သင်ကြားပြသလျက်ရှိနေသည့် ကုထျန်းရှင်းသည် ရုတ်တရက် စူးရှလှသည့်အော်သံတစ်ခုကို ကြားလိုက်ရပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။
“အာ.. မဟုတ်တော့ဘူး။ မင်းအမေတော့ ဒေါသထွက်နေပြီ”
..............
“မိန်းမ... ငါက အပြစ်ကင်းပါတယ်။ ငါ လျှို့ဝှက်သိုင်းကျမ်းကို မင်းကိုပေးလိုက်တာ သေချာတယ်လေ။ ဘယ်လို ဖြစ်ပြီး ရုတ်တရက် ပျောက်သွားရတာလဲ။ ပြီးတော့ ပျောက်သွားတယ်ဆိုရင်တောင်မှ ဘာလို့ ငါ့ကို အပြစ်လာတင် နေရတာလဲ။ ငါ ကျိန်ပြောပါတယ်။ ငါ ဝိုင်နဲ့လဲသောက်တာ မဟုတ်ပါဘူး”
..................
နောက်တစ်ရက်
ပုံရိပ်ယောင်မြင်ကွင်းထဲမှာတော့ ကုထျန်းရှင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သူတော်စင်တစ်ပါးကဲ့သို့ အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။
“ဖေဖေ”
ကုကျောင်းရှစ်သည် အားပျော့စွာဖြင့် ပြောလိုက်မိသည်။ “ဆေးကုဖို့ မလိုဘူးဆိုတာ သေချာလို့ လား”
“မလိုပါဘူး”
ကုထျန်းရှင်းက ပြောလိုက်၏။ “ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါတယ်”
မြင်ကွင်းကို သေချောချာ ကြည့်ရှုလိုက်မည်ဆိုလျှင် သူ့အဖေ၏ နဖူးပေါ်တွင် ကြီးမားလှသည့် ဘုကြီးတစ်ဘု တည်ရှိလို့နေ၏။ မျက်လုံးများသည် မျဉ်းကြောင်းလေးတစ်ခုကဲ့သို့ ဖူးယောင်နေ၏။ အတော်ပင် ကြည့်ရ ဆိုးလှသည်။
“အံအားသင့်စရာပဲ”
ကုကျောင်းရှစ်သည် အံ့အားသင့်လို့နေ၏။ သူ၏အမေသည် အိမ်တွင်းအကြမ်းဖက်မှုကို မနေ့က ပြုလုပ်ခဲ့သည်ဆိုလျှင်တောင်မှ သူ၏အဖေသည် မည်သည့်စကားမှ မဆိုချေ။ မိန်းမကြောက်သည့် နေရာတွင် အတော်အဆင့်မြင့်သည့် အခြေအနေအထိ ရောက်ရှိနေပုံပေါ်သည်။ နောက်ဆုံး အသားကျနေသည့်အဆင့်သို့ပင် ရောက်ရှိနေ၏။
“ကုထျန်းရှင်း... ပြန်ခဲ့စမ်း” အမျိုးသမီးကု၏ အသံသည် ထွက်ပေါ်လာခဲ့ပြန်သည်။
ကုထျန်းရှင်းသည် စိတ်ဓာတ်ကျ သွားမိ၏။ “ကောင်းကင်ဘုံ… ဘာပျောက်ပြန်ပြီလဲ မသိဘူး”
သူခန့်မှန်းခဲ့တာ မှန်ပေ၏။ သူတို့၏ တဲလေးဆီသို့ ပြန်လာပြီးသည့်နောက် အမျိုးသမီးကုသည် စားပွဲပေါ်တွင် တခြားသော သပ်ရပ်လှသည့် သေတ္တာတစ်ခုကို တင်ကာ အော်ဟစ်လိုက်၏။ “ရှင်... နှလုံးသားအလင်းကျမ်းစာနဲ့ ကောင်းကင်လက်ဝါးရိုက်ချက်ကိုလည်း ရောင်းစားလိုက်ပြန်ပြီလား”
“မဟုတ်ပါဘူး။ ကျိန်းသေပေါက် မဟုတ်ပါဘူး။ ဒီမှာ စည်းက ရှိနေသေးတယ်လေ။ ဒီအထဲက အရာတွေက ဘယ်လိုဖြစ်ပြီးပျောက်သွားမှာလဲ။ ငါမသိပါဘူး”
............
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ရေမိုးချိုး အဝတ်အစားလဲပြီးသည့်နောက်မှာတော့ စာကြည့်ခန်းထဲတွင် ထိုင်လိုက်သည်။ သူသည်စတိုးကို ဖွင့်ကာဖြင့် ဆုတောင်းလိုက်သည်။
“ငါ့ရဲ့အဆင့်ကို တိုးမြင့်နိုင်မယ့် အရာတွေကို တွေ့ဖို့ မမျှော်လင့်ပါဘူး။ အနည်းဆုံးတော့ အင်မော်တယ်အဆင့် သိုင်းနည်းစနစ်လေး၊ ဘာလေးရရင် မဆိုးဘူး”