အခန်း ၁၆၂၉
Vol. 110 Ch. 1629
အပိုင်း (၁၆၂၉)
နှလုံးသားအလင်း ၊ ကောင်းကင်လက်ဝါးရိုက်ချက်။
ဤအရာများသည် အထက်နယ်မြေ ဗားရှင်း မှ ထုတ်ဖော်ခဲ့သော အထူးတာဝန် နံပါတ် (၁) ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဆုလဘ်အဖြစ် ရရှိထားသော အရာများဖြစ်သည်။
အဆုံးသတ်မှာတော့ … ထိုအရာများသည် ကုထျန်းရှင်းဆီမှ ခိုးယူခဲ့ခြင်းဖြစ်နေ၏။
အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်။
သီးခြားတာဝန်ကို ပြည့်စုံစေသည်အတွက် ရရှိသော ဆုလဘ်။ တစ်စုံတစ်ယောက်သည် ထိုအရာကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်သည်ဆိုပါက ကိုယ်ပွားများကို ဖန်တီးနိုင်မည်ဖြစ်သည့်အပြင် ကျင့်ကြံခြင်း ၊ ဆေးပညာ၊ တခြားအထောက်အကူ ပညာရပ်များတွင်လည်း ပိုမိုကာ မြန်ဆန်စွာ တတ်ကျွမ်းပေလိမ့်မည်။
အဆုံးသတ်မှာတော့ ထိုအရာသည်လည်း ကုထျန်းရှင်းဆီမှ ခိုးယူခဲ့ခြင်း ဖြစ်နေပြန်သည်။
….
ဖူး …။
ပုံရိပ်ယောင်နယ်မြေကြီးတစ်ခုအတွင်းမှာတော့ ..
ကုကျောင်းရှစ်သည် သူ၏ လက်သေးသေးလေးကို ယမ်းခါကာ လက်ငါးချောင်ကြား၌ စွမ်းအင်များကို စုစည်းလိုက်သည်။ ချက်ချင်းပဲ ကောင်းကင်လက်ဝါးရိုက်ချက်သည် အသက်ဝင်သွားခဲ့သည်။ “ဖေဖေ .. သား သင်ယူနိုင်ခဲ့ပြီ”
မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသည့် ကုထျန်းရှင်းသည် ဆွံ့အသွား၏။
သူ မန္တာန်ကို ရွတ်ဖတ်ပြခဲ့သည်မှာ မကြာသေးပေ။ အများဆုံး ဆယ်မိနစ်ခန့်သာ ရှိသည်။ သို့ပေမဲ့ ကုန်းဝသည် အလုံးစုံ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ပါရမီမှာ အလွန်ကြီးမြတ်လွန်းသောကြောင့်သာ ဖြစ်ရပေမည်။
“ဒီသိုင်းကျင့်ကြံခြင်း နည်းစနစ် နှစ်ခုက သားနဲ့ သင့်တော်နေလို့နေမယ်။ နောက်တစ်ခု စမ်းကြည့်ရအောင်” ကုထျန်းရှင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်မံစမ်းသပ်ရန် ပြင်ဆင်လိုက်သည်။ သူသည် အလျှင်စလိုနှင့် သူ့သား၏ ပါရမီကို မှတ်ချက်မပေးချင်ပေ။ ထို့ကြောင့် နှလုံးသားအလင်း ကျမ်းစာကို ထုတ်ယူကာ ပေးလိုက်သည်။
အဆုံးသတ်မှာတော့ ကုန်းဝသည် သင်ယူတတ်မြောက်ပြီး ဖြစ်နေပြန်၏။
“ပါရမီရှင်”
“ဒါ တကယ့် ပါရမီရှင်ပဲ”
ကုထျန်းရှင်းသည် သူ၏မျက်နှာပေါ်ရှိ ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ချေ။ ပျော်ရွှင်လို့နေသည်။
ကုကျောင်းရှစ်သည် ကျင့်ကြံခြင်းနည်းစနစ်များကို မြန်မြန်နှင့် သင်ယူနိုင်ခဲ့ခြင်းမှာ ပြိုင်စံရှားဂိုဏ်းထဲတွင် ထိုနည်းစနစ်များကို သေချာ လေ့လာခဲ့ရကြောင့်ပင်။ သူ၏ မှတ်ဉာဏ်များသည် မရှိတော့လျှင်တောင်မှ ထိုနည်းစနစ်များ၏ သိုင်းအသိပညာသည် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ကိန်းဝတ်တည်ရှိနေလေသည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ဖြင့် သင်ယူနိုင်ခဲ့ခြင်းပင်။
ထို့ကြောင့် ကုထျန်းရှင်းအနေဖြင့် သူ၏ သား ဤကဲ့သို့ မြန်မြန်ဆန်ဆန် တတ်မြောက်ခြင်းနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းကိုပင် ကျေးဇူးတင်သင့်ပေသည်။
.....
ပြိုင်စံရှားဂိုဏ်း ....။
ကျွင်းချောင်ရှောင်းသည် လက်အုပ်ချီကာဖြင့် စာကြည့်ခန်းထဲ၌ ထိုင်လျက်ရှိသည်။ လအသစ်၏ refresh လုပ်ခွင့်ကို ပြန်လည် ရရှိပြီဖြစ်သောကြောငင့် သူသည် အသုံးဝင်သည့် အရာများ စတိုးထဲတွင် ပေါ်လာစေရန် ဆုတောင်းနေခြင်းလည်း ဖြစ်၏။
အထူးတာဝန် ပြည့်စုံရန် အချိန်ကာလသည် သုံးလမှ ငါးလ နီးပါးသာ ကျန်ရှိတော့သည်။ လက်ရွေးစင်တပည့်များ၏ လိုအပ်ချက်သည် ကိုက်ညီသွားခဲ့ပြီဖြစ်သော်လည်း တခြားတပည့်များဆီမှ ဘာသံမှပင် မကြားရသေးချေ။ ထို့ကြောင့် တာဝန် ပြည့်စုံစေရန် စနစ်၏ စတိုးကိုသာ အားကိုးရပေတော့မည်။
“ဒင် ... ဒင် ...”
ကျွင်းချောင်ရှောင်း သည် ဆက်တိုက်ပဲ refresh လုပ်နေသည်။ သို့ပေမဲ့ ဘာတစ်ခုမှ ကောင်းတာ ထွက်မလာသေးချေ။
“အား ......”
စုစုပေါင်းအကြိမ် နှစ်ဆယ်မြောက် refresh လုပ်ပြီးသည့်နာက် ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ အော်ဟစ်နေမိသည် “ငါက VIP အသုံးပြုသူလေ။ ဘာလို့ ပစ္စည်းကောင်းတွေ မရတာလဲ”
စနစ်က ပြောလိုက်၏ “မင်း အလျင်အရမ်းမလိုနဲ့လေ”
“အလျှင်မလိုလို့ရမလား။ တာဝန်က ပြည့်ဖို့ အချိန်ကပ်နေပြီ”
ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်ကျမိနေသည်။ သို့ပေမဲ့ ဆယ်ကြိမ် အခွင့်အရေးရှိသေးသည်ကို မြင်တော့ မိမိကိုယ်ကိုယ် အားတင်းကာ ဆက်လက် refresh လုပ်လိုက်တော့သည်။ ချက်ချင်းပဲ သူ၏ မျက်နှာသည် ဝင်းထိန်သွားသည်။
ထိုအရာကို မြင်သည်နှင့် စာဖတ်သူများ ဘာဖြစ်မလဲ ဆိုသည်ကို သိရှိပြီးဖြစ်ပေလိမ့်မည်။
ကြိုးစားမှုသည် ကိုယ်ထင်ပြခဲ့သည်။ သူသည် စတိုးထဲတွင် (?) အမှတ်အသားနှင့် သေတ္တာကြီးတစ်လုံးကို တွေ့မြင်နေရသောကြောင့်ပင်။
လာပြီ .. အထူးပစ္စည်းလာလေပြီ။
“ဟား ဟား ဟား...”
စာကြည့်ခန်းထဲမှ ရယ်မောသံထွက်ပေါ်နေသည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အပြင်ဘက်မှ ဖြတ်လျှောက်သွားသော နှင်းဆီဧကရီသည် စားပွဲပေါ်တက်ကာ ဆောင့်ကြောင့်ထိုင်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်၍ ရယ်မောနေသော သူမ၏ ယောကျာ်းကိုမြင်တော့ တွေးလိုက်မိ၏။ ခစ်ခစ် .. ချစ်စရာလေး။
.......
စာအုပ်တစ်အုပ်လုံးတွင် အထူးပစ္စည်းသေတ္တာမည်မျှ ပေါ်လာသနည်းကို စာရေးသူဖြစ်သော မိမိသည် မမှတ်မိတော့ပေ။ သို့ပေမဲ့ သေတ္တာပေါ်လာသည်နှင့် အလွန်ကောင်းမွန်သော ပစ္စည်းမျိုးပေါ်လာမည်ဆိုသည်မှာ တော့ မငြင်းနိုင်ပေ။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ ၊ တစ်ချက်ထိုးသတ်ဖြတ်ခြင်း နှင့် ဟောခန်းသခင်ကျိ ဝတ်သော အနီရောင် အတွင်းခံတို့သည် ထိုသေတ္တာဆီမှ ရလာသော အရာမျိုးဖြစ်သည်။
ဟုတ်ပေသည်။ အထူးပစ္စည်းသည် အထက်နယ်မြေတွင် ပထမဆုံးပေါ်လာသော အရာတော့ မဟုတ်ချေ။ ပထမပေါ်လာသော သေတ္တာ၌ နေလက်ဝါးသိုင်းကျမ်းကို ရရှိခဲ့သည်။ သို့ပေမဲ့ ဆန်းကြယ်လွန်းသောကြောင့် ကျွင်းချောင်ရှောင်းသည် တကယ်တမ်း တိုက်ပွဲမျိုးတွင် အသုံးမပြုဖူးသေးချေ။
“ချီးတဲ့မှ .. ဈေးကြီးလိုက်တာ။ ဘာလို့ ၂၀၀၀ တိုးလာတာလဲ။”
ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၄၀၀၀ ဆိုသော ဂဏန်းကို မြင်ချိန်မှာတော့ ကုန်းရှန့်သည် စိတ်ဓာတ်ပင် ကျသွားမိသည်။
“ဈေးကြီးတယ်ထင်ရင် မဝယ်နဲ့လေ”
စနစ်သည် ခပ်မာမာပြောလိုက်၏ “refresh လုပ်လိုက်”
“သွားစမ်း”
ကျွင်းချောင်ရှောင်းသည် ဆူငေါက်လိုက်သည်။ သူသည် ရင်ထဲတွင် ဖြစ်ပေါ်နေသော နာကျင်မှုများကို ဖိနှိပ်ကာဖြင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို သုံးကာ ဝယ်ယူလိုက်ရသည်။ သူ၌ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ သာလျှင် ကျန်ရှိတော့သည်။
ဘာပဲပြောပြော အထူးပစ္စည်းသေတ္တာသည်သူ့အား တစ်ချက်ကလေးမှ စိတ်မပျက်စေခဲ့ဖူးပေ။ သူ ယုံကြည်ရပေမည်။
“ဖူး ....”
မျက်စိမှိတ်ပြီး လက်အုပ်ချီကာ စီနီယာအဖြူကို တလိုက်ပြန်သည်။ ပြီးနောက် လက်ကို ရွှေရောင်အလင်းတန်းများ တည်ရှိနေရာ သေတ္တာပေါ်သို့ အသာတင်လိုက်၏။
“ဒင် ..... တစ်ချက်ထိုးသတ်ဖြတ်ခြင်း ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင် ..... တိုက်ပွဲမြေပြင်တစ်ခု ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
သေတ္တာကြီးပျောက်ကွယ်သွားပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲတွင် လျှို့ဝှက်သိုင်းကျမ်းတစ်ခု နှင့် တည်နေရာ ရွေ့ပြောင်းခြင်း ဂိတ်တံခါးတစ်ခု ပေါ်လာ၏။
“တစ်ချက်ထိုး သတ်ဖြတ်ခြင်း ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိသည် “ဟို တစ်ချက်ထိုး သတ်ဖြတ်ခြင်း ကို အဆင့်မြင့်တင်ထားတာမျိုးလား”
“ဆွစ် ....”
လျှို့ဝှက်သိုင်းကျမ်း၏ ပထဆုံး စာမျက်နှာကို အလျှင်အမြန် ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကျမ်းစာထဲရှိ စာသားများသည် အသက်ဝင်လာသလို လှုပ်ရွလာသည်။ ပြီးနောက် အလင်းတန်းတစ်ခု အဖြစ် အသွင်ပြောင်းကာ သူ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားတော့၏။
မကြာမီမှာပဲ .....။
ကျွင်းချောင်ရှောင်းသည် ထိုသိုင်းနည်းစနစ်ကို ကျွမ်းကျင်သွားလေသည်။
“.......”
စနစ်သည် နဝေတိမ်တောင်နှင့် ပြောလိုက်မိ၏ “လက်ခံသူရဲ့ အရည်အချင်း နဲ့ ဦးနှောက်က ဒီနည်းစနစ်ကို သင်ယူရင် တစ်သက်လုံး တတ်မြောက်မှာ မဟုတ်မှန်းသိလို့ ဒီလိုမျိုး သိစိတ်ပင်လယ်ထဲ တစ်ခါတည်း ရိုက်သွင်းလိုက်တာ ထင်တယ်”
“ဟားဟား ....”
ကျွင်းချောင်ရှောင်းမှာတော့ မောက်မာစွာဖြင့် ခါးထောက်ကာ ရယ်မောနေမိသည်။
သူသည် တစ်ချက်ထိုးသတ်ဖြတ်ခြင်းကို သင်ယူတတ်မြောက်သည် သာမက နည်းဥပဒေသတွေကိုပါ နားလည်သွားခဲ့ ၏။ ထိုတိုက်ကွက်သည် ယခင် တစ်ချက်ထိုး သတ်ဖြတ်ခြင်း နှင့် တူညီလွန်းသည်။ သို့ပေမဲ့ အထက်နယ်မြေတွင် ရရှိသော နည်းစနစ် ဖြစ်သည်မို့ အသုံးပြုပုံ ခြားနားသလို အဆပေါင်း များစွာလည်း ပိုမို အားကောင်း၏။
တစ်ချက်ထိုး သတ်ဖြတ်ခြင်း ...။
ယခင် တစ်ချက်ထိုး သတ်ဖြတ်ခြင်းနည်းစနစ်ကို ထုတ်ဖော်ချင်ပါက တစ်စုံတယောက်သည် သူ၏ အရှေ့တွင် လုံလောက်သည့် ပမာဏအလိုက် မောက်မာပြရမည်ဖြစ်သည်။ မောက်မာမှုနှုန်း တစ်ရာ ရာခိုင်နှုန်းပြည့်မှသာ နည်းစနစ်ကို ထုတ်ဖော်နိုင်သည်။ ထို့ကြောင့် တန်ပြန်နည်းစနစ် တစ်ခုဖြစ်ခဲ့သည်။
သို့ပေမဲ့ ယခုအချိန်မှာတော့ တစ်ဖက်လူ ဘာလုပ်လုပ် စောင့်နေစရာမလိုတော့ပေ။ တစ်ခါတည်း ထုတ်ဖော် တိုက်ခိုက်နိုင်၏။ စဦး တိုက်ခိုက်ရေးနည်းစနစ်အဖြစ် ပြောင်းလဲသွားခဲ့၏။
“စမ်းကြည့်လိုက်မယ်”
ကျွင်းချောင်ရှောင်းသည် တိုက်ပွဲနယ်မြေ ဆိုသော အရာကို လောလောဆယ် မကြည့်အားသေးချေ။ အဓိက ဟောခန်း၏ အပြင်ဘက် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီ လျှောက်သွားပြီး တိုက်ကွက်ကို ခင်းလိုက်သည်။
“ဟမ်”
“ဂိုဏ်းချုပ် သိုင်းကွက်ပြတော့မှာလား”
“သွားကြည့်ရအောင်”
အနီးနားရှိတပည့်များသည် တစ်ယောက်နှင့် တစ်ယောက် လက်တို့ကာ ဆော်သြရင်း ဂိုဏ်းချုပ်ရှိရာသို့ လှမ်းလျှောက်လာကြ၏။
“ဒွီ ... ဒွီ ....”
တည်နေရာသည် တုန်ခါသွားပြီး သူ၏ ခြေထောက်အောက်ရှိ သဲပွင့်များပင် ခုန်ထလာသည်။
စားသောက်ခန်းထဲမှ လျှောက်ထွက်လာသော ယုစီနန်သည် လေ့ကျင့်ရေးကွင်းပြင်ဆီမှ ထူးခြားသော အော်ရာများကို အာရုံခံလိုက်မိသည်။ ထို့ကြောင့် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏ “ထူးဆန်းတဲ့ အော်ရာတွေပဲ”
“ဒါ ဂိုဏ်းချုပ်ပဲ”
ကုန်းစွန်းဟုန့်သည် အိမ်သာတက်နေရင်းတန်းလန်းကနေ ဘောင်းဘီကို ဆွဲမကာ အိမ်သာထဲမှ ပြေးထွက်လာသည်။
ထင်မှတ်ထားသည့်အတိုင်းပင် လေ့ကျင့်ရေးကွင်းပြင်ဆီ ရောက်ချိန်မှာတော့ ဂိုဏ်းချုပ်သည် လေ့ကျင့်ရေးကွင်းပြင်၌ မတ်မတ်ရပ်လျက်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးနှင့် ပေါင်းစပ်နေသလိုပင်။
ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူးခြားလွန်းသည့် အော်ရာများကို ကြည့်ရှုပြီးနောက် ဂိုဏ်းထဲရှိ အားလုံးသော သူများသည် ဆွံ့အလျက်ရှိနေသည်။
ဆွစ် ...။
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ ချက်ချင်းပဲ လေထုထဲတွင် ကိုယ်ပွားနှစ်ခု ပေါ်လာပြီး သူ နှင့် တြိဂံပုံစံ ရပ်တန့်နေ၏။
“ကိုယ်ပွားနှစ်ခု ....”
“ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ပါပဲ”
တပည့်များ၏ မျက်လုံးထဲတွင် အားကောင်းလွန်းသော ချီးကျူးမှုများနှင့် ပြည့်နှက်သွားသည်။
သူတို့သည် ကိုယ်ပွားတစ်ထောင်ကျမ်းအား အချိန်အတော်ကြာ လေ့ကျင့်ခဲ့ကြသည်။ သို့ပေမဲ့ ကိုယ်ပွား တစ်ခုတည်းသာ စုဖွဲ့နိုင်ကြသေး၏။
“အားညို ....”
ကျွင်းချောင်ရှောင်းသည် ခါးထောက်ရပ်သားကနေ လှမ်းပြောလိုက်သည် “သီချင်းဖွင့်”
ရီရှင်းချန်သည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ကြီးကို အသာနှိပ်လိုက်သည်။ စည်းချက်ကျနသော တေးဂီတအသံသည် ထွက်ပေါ်လာ၏။
“လှုပ်လို့ရပြီ ... လှုပ်လို့ရပြီ”
သီချင်းသံထွက်ပေါ်လာချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မူလ ခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ယောက်တို့သည် ခါးကို အသာလှည့်ကာဖြင့် စည်းချက်အတိုင်း ဖင်ကို လှုပ်ကာ ကလေသည်။
“ဒင် ... ၈၀% .. ၉၀% ၁၀၀% .... စတင်တိုက်ခိုက်နိုင်ပြီ”
သိုင်းနည်းစနစ်ကို နက်နက်နဲနဲ နားလည်ပြီးသည့်နောက် ဤနည်းစနစ်သည် တခြားသောသူများ၏ ရှက်ရွံစိတ်ကို တစ်ရာရာခိုင်နှုန်းအထိ စုဆောင်းရခြင်း ဖြစ်လို့နေလေ၏။ သောက်ကျိုးနည်းလှချေသည်တကား။
“တစ်ချက်ထိုး သတ်ဖြတ်ခြင်း”
ကျွင်းချောင်ရှောင်းသည် အားလုံးသော သူများ၏ ခန္ဓာကိုယ်မှ ရှက်ရွံစိတ်များကို စွမ်းအင်အဖြစ် ရရှိပြီးနောက် ဖင်လှုပ်ကနေခြင်းအား ရပ်တန့်ကာ သူ၏ ကိုယ်ပွားနှစ်ကောင်နှင့် အတူ ပေါင်းစပ်၍ မြေပေါ် ခြေဆောင့်လိုက်သည်။ သူသည် အမြှောက်ဆံ တစ်ခုလို ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။
ဖောင်း .....
ရွှီး .....။
အင်မော်တယ်တောင်၏ အပြင်ဘက် ကိုယ့်လမ်းကို သွားနေကြသော သိုင်းကျင့်ကြံသူများသည် ရုတ်တရက် အလန့်တကြားနှင့် လှည့်ကြည့်လိုက်မိကြသည်။ ကောင်းကင်ပေါ်တွင်တော့ ကြီးမားလွန်းလှသည့် ဖင်ပုံစံ အကွဲကြောင်းကြီး ထင်ပေါ်နေကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။
ဘုတ် ...။
ဂိုဏ်း၏အတွင်းဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေး ကွင်းပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ၏ ခေါင်းတုံးပြောင်လေးသည် တောက်ပြောင်လို့နေသည်။
ယုစီနန် နှင့် ကုန်းစွန်းဟုန့်တို့သည် ဆွံ့အလျက်ရှိသည်။ ဂိုဏ်းချုပ်သည် ဖင်ကို လှုပ်ခါပြီး ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်ကို သူတို့မြင်လိုက်ရသည်။ ပြီးနောက် ကောင်းကင်ယံတွင် ကြီးမားလွန်းသော ဖင်ပုံစံ အရာကြီးက ထင်ကျန်နေခဲ့၏။
လေပေါ်မတက်ခင် အော်သွားတုန်းက တစ်ချက်ထိုး သတ်ဖြတ်ခြင်း ဆိုပြီး အော်သွားသည်ကို သူတို့ ကြားလိုက်ရသည်မှာ အသေအချာပင်။ အဘယ့်ကြောင့် ကောင်းကင်ကို ဖင်နှင့် သွားပေါက်ရသနည်း။