အခန်း ၁၆၃၈
Vol. 110 Ch. 1638
အပိုင်း(၁၆၃၈)
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တာအိုအဆင့် မိခင်စိတ်ဝိညာဉ် ကျောက်တုံးကို အခြေချရန် စီစဉ်ခဲ့တော့၏။ ဤအရာသည် တာအိုကျောက်တုံးကို ပြုစုပျိုးထောင်ရန် ပြုလုပ်ပေးသည့် အရာလည်းဖြစ်၏။ အစစ်အမှန် မိခင်စိတ်ဝိညာဉ်ကျောက်တုံးကဲ့သို့ပင်ဖြစ်သည်။ သို့ပေမဲ့ အချိန်အတော်ကြာမြင့် မှာဖြစ်သည်။ အချိန်အတိုင်းအတာအတိုအတွင်း အကျိုးကျေးဇူးကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် နောင်လာနောင်သားများအတွက် သစ်ပင်စိုက်ခြင်းနှင့်ပင် ဆင်တူနေလေ၏။
“ဂိုဏ်းချုပ်”
ကျန်းတယ်ကျွင်းက အသံပို့လွှတ်လိုက်သည်။ “ဘိုးဘေးအကြီးအကဲကြီးက အဓိက အခြေအနေတစ်ခုကို ချိုးဖြတ်နိုင်ခဲ့ပြီလို့ ပြောတယ်။”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းဆီသို့ အလျင်အမြန်ဖြင့် သွားလိုက်၏။ အထဲသို့ လျှောက်ဝင်လိုက် ချင်းချင်းမှာပဲ အစီအရင် ပုံကြမ်းများနှင့် ပြည့်နှက်လျက်ရှိနေသည့် စားပွဲပေါ်ကို အသာမှီကာဖြင့် ကျယ်လောင်စွာ ရယ်မောလျက်ရှိနေသည့် ထိုက်ရွှမ်အဘိုးအိုကို မြင်လိုက်ရ၏။
သူ့မိန်းမ ကလေးမွေးလို့များအဲ့လောက်ရယ်နေတာလား။
“ဆရာကြီး။ ဘာတွေဖြစ်နေတာလဲ။”
“မြန်မြန်လာခဲ့။ ငါမင်းကို တစ်ခုပြမယ်။”
ထိုက်ရွှမ်အဘိုးအိုက ပြောပြီးသည့်နောက်မှာတော့ အစီအရင်ပုံကြမ်းများကို သေသေချာချာ ပြန်လည်စီလိုက်၏။ ပြီးသည့်နောက် ပထမဦးဆုံး စာမျက်နှာကို အသာဆွဲယူကာဖြင့် စတင်ကာ မိတ်ဆက်လိုက်၏။ “ဒါက ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ ရွက်သင်္ဘောထဲမှာရှိနေတဲ့ အစီအရင်ပုံကြမ်းကို ပြန်လည်ဆွဲယူထား တာပဲ။ ငါ့ရဲ့ အဆုံးမဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့အောက်မှာ ဒီအရာကို အသက်သွင်းနိုင်မယ့် နည်းဥပဒေသကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိခဲ့ပြီလေ။”
“ဒါကို အစောကြီးကတည်းက ရှာဖွေတွေ့ရှိပြီးသား မဟုတ်ဘူးလား။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ထိုက်ရွှမ်အဘိုးအိုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အရင်တုန်းက ဒီအစီအရင်စနစ်နဲ့ ပတ်သက်ပြီး ငါ့ရဲ့ နားလည်မှုက ရေခဲကြီးတစ်ခုရဲ့ ထိပ်ပိုင်းလောက်ပဲရှိသေးတယ်။ အတွင်းပိုင်းကို လုံးဝနားမလည်နိုင်ခဲ့ဘူး။ အခု အလုံးစုံပြည့်ပြည့်ဝဝနားလည်သွားပြီလို့ မပြောနိုင်ဘူးဆိုလျှင်တောင်မှ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်တော့ နားလည်သွားခဲ့ပြီလေ။”
“အံ့အားသင့်စရာပဲ။”
ကျွင်းချောင်ရှောင်းသည် လက်မထောင်ကာ ပြောလိုက်သည်။ “လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀၀ ထဲက တည်ရှိခဲ့တဲ့ နည်းပညာဘိုးဘေးကြီး ပီသပါပေတယ်။”
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀၀ ထဲက နည်းပညာနှင့်ပတ်သက်သည့် ဘိုးဘေးကြီးတစ်ယောက်ဟု ပြောဆိုခြင်းသည် အမှန်ပင် ကောင်းမွန်လှသည့် ချီးမြှောက်ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်ပြီးသည့်နောက် အဘယ့်ကြောင့် ရည်းစားမရှိဘဲ တစ်ယောက်တည်းနေထိုင်နေရသနည်း။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ အစီအရင်စနစ်ကို ကျွမ်းကျင်ပြီးတဲ့နောက်မှာ တစ်ခြားအကျိုးကျေးဇူးတွေ ရှိသေးလား။”
“မင်းက တကယ့်မေးခွန်းကောင်းကြီး တစ်ခုကို မေးလိုက်တာပဲ။”
ထိုက်ရွှမ်အဘိုးအိုသည် နောက်ထပ်ပုံကြမ်းများကို အသာလှန်ကာဖြင့်ပြောလိုက်၏။ “ဒါက ငါလက်ရှိမှာ ပြန်လည်ကူးယူထားတဲ့ ရွက်သင်္ဘောကြီးရဲ့ အစီအရင်တွေပဲလေ။”
များပြားလှသည့် အစီအရင်များသည် ထိုစာရွက်ပေါ်တွင် တည်ရှိနေ၏။ ထို့အပြင် အသေးစိတ်မှတ်သားချက်များသည် လည်း များပြားစွာ ပါဝင်နေခဲ့၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအတွက် ကောင်းကင်ဘုံဆီမှ စာအုပ်တစ်အုပ်ကို ယူကာ ဖတ်ရှုရသကဲ့သို့ပင်။ တစ်ချက်ကလေးမှ နားမလည်နိုင်ခဲ့ချေ။
ရွှီ …။
ထိုက်ရွှမ်အဘိုးအိုသည် တတိယနှင့်စတုတ္ထစာမျက်နှာများကို တစ်ခုပြီးတစ်ခု လှန်ကာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက် ၏။ “အဆင့်မြင့် ကျောက်ရိုင်းတုံးတွေသာ ရမယ်ဆိုရင် ဒီအစီအရင်ကြီးနဲ့ ပေါင်းစပ်ပြီးတော့ ရွက်သင်္ဘောကြီး တစ်ခုကိုတောင်မှ တည်ဆောက်နိုင်လောက်တယ်။”
ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးထွက်သွား၏။ “ရွက်သင်္ဘောကြီးတစ်ခု တည်ဆောက်မယ်ဟုတ်လား။”
ဤအတွေးနှင့် စိတ်ကူးသည် သူ၏ စိတ်ထဲတွင် အရင်တုန်းက တည်ရှိခဲ့သည့် အရာပင် ဖြစ်သည်။
“တကယ်လား။”
“တကယ်ပေါ့။”
ထိုက်ရွှမ်အဘိုးအိုက ထပ်ပြောလိုက်၏။ “ဒါပေမဲ့ ကျောက်ရိုင်းတွေရဲ့ အရည်အသွေးကသာ မမြင့်မားဘူးဆိုရင် တည်နေရာကို ဖြတ်သန်းပြီး ခရီးသွားလာဖို့ အတွက်က တကယ့်ကို ခက်ခဲလိမ့်မယ်။”
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရွက်သင်္ဘောများ၏ အားသာချက်သည် အထက်နယ်မြေတစ်ခုလုံးကို လှည့်လည်သွားလာနိုင်ခြင်းပင်ဖြစ်သည်။ ဤ အရည်အသွေး စံသတ်မှတ်ချက်နှင့် ပြည့်စုံသည့် ရွက်သင်္ဘောများကို ဖန်တီးချင်သည်ဆိုပါက ကြီးမြတ်သူတုံးကု၏ ရွက်သင်္ဘောကို ဖန်တီးထားသည့် ကုန်ကြမ်းပစ္စည်း များနှင့် ပြုလုပ်၍ မရနိုင်ချေ။
“ဒါဆိုရင် ဆက်ပြီးတော့ သုတေသနလုပ်ထားအုံး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဆင့်မြင့်ကျောက်ရိုင်းတွေကို ကျုပ် သေချာရှာလိုက်အုံးမယ်။”
ထိုက်ရွှမ်အဘိုးအိုသည် တပ်သင်္ဘောကြီးကို တည်ဆောက်ချင်သည်ဆိုပါက သူ့အနေနှင့် များပြားပြီး ကောင်းမွန်လွန်းလှသည့် ကျောက်ရိုင်းတုံးများကို ရှာဖွေပေးရမည်မှာ သဘာဝပင်ဖြစ်သည်။ ထို့အပြင် ရွက်သင်္ဘော ဆိုသည်မှာ အထက်စကြဝဠာတစ်ခုလုံးကို လှည့်လည်ခရီးသွားလာနိုင်စွမ်းရှိနေသည်မဟုတ်ပါလား။
ထို့အပြင် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ သွားရောက်ကာ တိုက်ခိုက်နိုင်စွမ်းပင် ရှိနေပေလိမ့်မည်။ သိပ္ပံ နည်းကျ သုတေသနပြုမှုသည် ဂိုဏ်းနှင့် ၎င်း၏ အကျိုးစီးပွားကို ပိုမိုကာ တိုးတက်လာစေလိမ့်မည်။ ထို့ကြောင့် ကုန်ကျစရိတ်သည် များပြားလှသည်ဆိုလျှင်တောင်မှ သူက ကျိန်းသေပေါက် ထောက်ပံ့ပေးရပေမည်။
“ပြီးတော့”
ထိုက်ရွှမ်အဘိုးအိုက ဆက်ပြောလိုက်၏။ “ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ အစီအရင်စနစ်တစ်ခုလုံးက ငါ့ကို ဉာဏ်အလင်းရစေတယ်လေ။ ဒီတော့ ကျွဲရိုင်း စက်ရုပ်တွေကို အဆင့်မြှင့်တင်နိုင်ပြီ။”
“သူတို့က ဘယ်လောက်အထိ အားကောင်းသွားမှာလဲ။”
“အနည်းဆုံး အမြုတေပြောင်းလဲခြင်း အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ ဖြစ်သွားလိမ့်မယ်။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ လက်ရှိတွင် ကျွဲရိုင်းစက်ရုပ်များသည် အကြိမ်ပေါင်း များစွာ အဆင့်မြှင့်တင်ခဲ့ပြီးပြီဆိုလျှင်တောင်မှ အစီအရင်၏ ကန့်သတ်ချက် တည်ရှိနေသောကြောင့် ၎င်းတို့သည် အမြုတေပြောင်းလဲခြင်း အဆင့် ၂ နှင့် နှိုင်းယှဉ်၍ ရနိုင်မည့် အခြေအနေမျိုးပင် တည်ရှိနေသေး၏။ အလုံးစုံသော အားအင်အဆင့်သည်သာ အမြုတေပြောင်းလဲခြင်း အဆင့် ၅ သို့မဟုတ် အဆင့် ၆ သို့ ရောက်ရှိသွားသည်ဆိုပါက ကြီးမားသည့် တိုးတက်မှုများ ဖြစ်တည်သွားမှာဖြစ်၏။
“ဒါဆိုရင် လောလောဆယ် ရွက်သင်္ဘောကြီးကို မတည်ဆောက်နဲ့အုံး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျွဲရိုင်းစက်ရုပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်အောင်လို့ မြန်မြန်လုပ်လိုက်တော့။”
ကြီးမားလှသည့် စကြဝဠာထဲတွင် လှည့်လည်ခရီးသွားလာနိုင်စွမ်းရှိနေပြီး ကြီးမားလွန်းသည့် ရွက်သင်္ဘောကြီးကို တည်ဆောက်ရန်ဆိုသည်မှာ အဓိကတာဝန်ကြီးပင် ဖြစ်သည်။ သို့ပေမဲ့ သူ့၌ အလုံးစုံ ပြည့်ဝအောင် ပြုလုပ်ရန် လိုသည့် အဓိကတာဝန်များကလည်း တည်ရှိလို့နေ၏။ တခြားဆီသို့ သွားရောက်ရန်ဆိုသည်မှာ အနာဂတ်တွင် ပြုလုပ်ရမည့်အရာ ဖြစ်သော်လည်း လောလောဆယ်အားဖြင့် အလောသုံးဆယ် ပြုလုပ်စရာ မလိုအပ်သေးချေ။
ကျွဲရိုင်းစက်ရုပ်များကို အဆင့်မြှင့်တင်ခြင်းကတော့ ခြားနားလျက်ရှိ၏။ ထို့အပြင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ သူသည် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို လုယူခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံး သည် သူ့အား တခြားသောနည်းလမ်းများဖြင့် လှည့်လည်ကာ နောက်ကျောကို ဓားနှင့်ထိုးသည့် အလုပ်မျိုးကို ပြုလုပ်လာနိုင်၏။ ဂိုဏ်း၏ အားအင်အဆင့်သည်သာ တိုးတက်လာမည်ဆိုပါက အားလုံးသောသူများကို ရင်ဆိုနိုင်ရန် ဆိုသည်မှာ သံသယပင် မရှိနိုင်တော့ချေ။
“ကောင်းပြီ။”
ထိုက်ရွှမ်အဘိုးအို ကပြောလိုက်သည်။ “ဒါဆိုရင် ကျွဲရိုင်းစက်ရုပ်တွေကို အရင်ဆုံး လေ့လာလိုက်မယ်။ ဒါပေမဲ့ ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ အစီအရင်တွေက အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ စွမ်းအင်တွေအပေါ် အမှီအခိုပြုပြီး လုပ်ထားတာလေ။ အချိန်ရောက်လာပြီ ဆိုရင် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုဖို့ မနှမြောနဲ့။”
“ဆရာကြီးသာ သုတေသန ပြုနိုင်မယ်ဆိုရင် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆိုလျှင်တောင်မှ လိုလို ချင်ချင်နဲ့ သုံးလိုက်မှာပဲ။”
“ကောင်းပြီ။”
အာမခံချက်ကို ရရှိပြီးသည့်နောက် ထိုက်ရွှမ်အဘိုးအိုသည် ကျန်းတယ်ကျွင်း၊ ရှန့်ကွမ်းရှင်းရောင်နှင့် ခြားသော အစီအရင်ဟောခန်းဆီမှ လက်ရွေးစင်အဖွဲ့သားများကို ဆင့်ခေါ်ကာဖြင့် ကျွဲရိုင်းစက်ရုပ်ကို ထပ်မံ အဆင့်မြင့်တင်ရန် ကြိုးစားတော့သည်။
…
ဖူး
သူ၏ အိပ်ဆောင်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ခြေထောက် အသာ လှမ်းတင်ကာဖြင့် အထူးတာဝန်ကို ဖွင့်ကြည့်လိုက်၏။ အထူးတာဝန် ပြည့်စုံရန် ၃ လခန့်လိုနေသေးသည်ကို မြင်သည့်အချိန်မှာတော့ သူက တွေးတောလိုက်မိ၏။
“အင်း …. လုံလောက်တာထက်တောင် ပိုနေပါပြီ။”
ထင်မှတ်ထားသည့်အတိုင်းပင်။ နောက်လအတွင်းမှာတော့ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များအားလုံးသည် တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့၏ အားအင်အဆင့်သည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့ကြသည်။
ဒင်
အထက်ပိုင်းအကြီးအကဲများ အစစ်အမှန် ရှာဖွေခြင်း အလယ်အလတ်အဆင့် ၁၀/၅
ဒင်
လက်ရွေးစင်တပည့် အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်းအဆင့် ၃၂/၁၀
သတ်မှတ်အရေအတွက်များ တိုးတက်လာသည်ကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် တောက်ပလှ သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူ၏ အတွေ့အကြုံအရဆိုလျှင် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် တိုးတက်လာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်လွန်းလှသည့် အတွေ့အကြုံနှင့် ပစ္စည်းများကို ရရှိတော့မှာ သေချာ၏။
“ဒါက မလုံလောက်သေးဘူး။ ဆက်ပြီးလေ့ကျင့်ကြ။”
အကန့်အသတ်ကို ရောက်ရှိပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် ရပ်တန့်မနေခဲ့ချေ။ အတွင်းစည်းနှင့် အပြင်စည်းတပည့်များကို ခေါ်ယူကာဖြင့် မြန်မြန်ဆန်ဆန်ဖြင့် အဆင့်တိုးတက်အောင် ပြုလုပ်ရန်လိုအပ်ကြောင်း အမိန့်ပေးလိုက်သည်။
လီလိုရှု၊ အကြီးအကဲဝေနှင့် တခြားသော ဟောခန်းသခင်များအားလုံးသည်လည်း အထက်ပိုင်း အကြီးအကဲများတွင် ပါဝင်သည့် သူများဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည်လည်း တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ရန် အစီအစဉ်ချမှတ် ကြတော့၏။ ထို့အပြင် အတွင်းစည်း တပည့်များ ရှိနေသေး၏။ ဥပမာအားဖြင့် မူဟုန်လင်၊ ရှူရှိုးနန်နှင့် ဟုန့်လင်တို့ပင်။
ဒင်
အထက်ပိုင်းအကြီးအကဲ အလယ်အလတ်အစစ်အမှန်ရှာဖွေခြင်းအဆင့် ၁၄/၅
ဒင်
လက်ရွေးစင်တပည့် အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်းအဆင့် ၄၀/ ၁၀
အချိန်များကုန်လွန်ပြီးသည့်နောက် ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့်တပည့်များအားလုံးတို့၏ ကျင့်ကြံခြင်းအဆင့် သည် တိုးတက်သွားခဲ့ကြ၏။ အကန့်အသတ်တာဝန်သည် ပြည့်စုံသည်ထက် ပိုမိုကာ ပြည့်စုံလာခဲ့၏။
ကုန်းရှန့်သည် အနည်းငယ် ရှက်ရွံ့သလိုပင် ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ လက်ရှိအားအင်အဆင့်သည် အဆင့်နိမ့် အစစ်အမှန်ရှာဖွေခြင်းအဆင့်၌သာ တန့်နေသည်မဟုတ်ပါလား။
တစ်ဂိုဏ်းလုံး၏ အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် သူ့ထက် အဆင့်တိုးတက်သွားသည်သာမက တစ်ချို့ဆိုလျှင် ၂ ဆခန့်ပင် ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ “အဓိကတာဝန်ကသာ အဆင့်ကျော်ဖြတ်နိုင်အောင် ငါ့ကို မကူညီပေးနိုင်ဘူးဆိုရင် အနာဂတ်မှာ ဂိုဏ်းက လူတွေကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။”
“လက်ခံသူမှာ ဂုဏ်သိက္ခာဆိုတာ ရှိသေးလို့လား။”
စနစ်က အငေါ်တူးလိုက်သည်။ “ဒီတော့ ဒါကို စိတ်ပူမနေနဲ့။”
“……….”
ကျွင်းချောင်ရှောင်းသည် ဤသောက်ရူးအား လစ်လျူရှုထားလိုက်၏။ ပြီးသည့်နောက် နှင်းဆီပန်းရနံ့များနှင့် မွှေးကြိုင် လျက်ရှိနေသော အမျိုးသမီးတစ်ယောက်သည် သူ၏ ရှေ့ဆီသို့ လှမ်းလျှောက်လာသည်ကို လှမ်းကြည့်လိုက်၏။ သူသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်မိ၏။ “ခင်ဗျားလည်း အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီကိုး။”
“ဟုတ်တယ်။”
နှင်းဆီဧကရီသည် သူမ၏ ဆံနွယ်များကို အနောက်ဘက်ဆီသို့ အသာပင့်တင်၍ ပြုံးကာ ပြောလိုက်၏။ “အင်း …. ကျွန်မယောကျ်ားဖန်တီးထားတဲ့ တိုက်ပွဲနယ်မြေကြီးကို ကျေးဇူးတင်ရမှာပေါ့။ ဒါကြောင့် မနေ့ကလေးတင် အလယ်အလတ် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီလေ။ အော် ဟုတ်တယ်။ ရှင်က အဆင့်နိမ့် အဆင့်ပဲ ရှိသေးတာပဲ။”
ဒုတ် ..။
ထက်ရှလွန်းလှသည့် ဓားမြှောင်တစ်ခုသည် ကုန်းရှန့်၏ နှလုံးသားထဲကို စိုက်ဝင်သွားသည်။
ဇွက် … ဇွက် ..။
ဟဲ ဟဲ ဟဲ ဟဲ ဟဲ
ကျွင်းချောင်ရှောင်းသည် ခြောက်ကပ်ကပ်နှင့် ရယ်မောလိုက်၏။ သူသည် ရင်ဘတ်ကိုတော့ တဘုန်းဘုန်း ထုနှက်လျက် ရှိ၏။
…
ဘုန်း ဘုန်း
သားရဲစီးဟောခန်း၏ အပြင်ဘက်ကွင်းပြင်ကြီးအထဲမှာတော့ ကျွဲရိုင်းစက်ရုပ်နံပါတ် ၁ ကို ထိန်းချုပ်လျက်ရှိနေသည့် ကျုံးရီသည် ကျွဲရိုင်းစက်ရုပ်နံပါတ် ၆၆ ကို ထိန်းချုပ်လျက်ရှိနေသည့် ကျင်းဟီနှင့် တိုက်ခိုက်လျက်ရှိနေ၏။ ၎င်းတို့ နှစ်ယောက်သည် ကျွဲရိုင်းစက်ရုပ်များကို အသုံးပြုရာတွင် အလွန်ကျွမ်းကျင်လျက်ရှိနေကြ၏။ ထို့ကြောင့် တိုက်ခိုက် ရာ၌ ကြည့်ရှု၍ ကောင်းလွန်းလှသည်။
“မဆိုးဘူးပဲ။”
စင်မြင့်၏ ရှေ့တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ သဘောကျသည့် အပြုံးတစ်ခု ဖြစ်တည်လို့ နေခဲ့၏။ ဤစက်ရုပ်နှစ်ခုသည် အထူးအဆင့်မြှင့်တင်ထားသည့် အရာများဖြစ်ပြီး အတွင်းပိုင်းအစီအရင် တစ်ခုလုံးသည် ယခင်ကနှင့်မတူ ခြားနားနေခဲ့၏။
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ အစီအရင်များကို မှီငြမ်းရယူပြီးသည့်နောက် အသုံးပြုထားသည့် စိတ်ဝိညာဉ် အရင်းအမြစ်ကလည်း တာအိုစိတ်ဝိညာဉ်ကျောက်တုံးများဖြစ်၏။ ထို့ကြောင့် ထုတ်ဖော်နိုင်သည့် အားအင်အဆင့် သည် အမြုတေပြောင်းလဲခြင်း အဆင့် ၅ သို့မဟုတ် အဆင့် ၆ ပင် တည်ရှိနေသည်။
“ဒီနည်းပညာက တကယ့်ကို ကောင်းမွန်လွန်းတာပဲ။”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “အခြားစက်ရုပ်တွေကို ဒီအတိုင်း လုပ်မှဖြစ်မယ်။”
“အဆင့်မြှင့်တင်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်လိုက်တော့။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ အသာခုန်ချပြီးသည့်နောက် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် ကောင်းကင်ယံအထက်ကို မော့ကြည့်လိုက်သည်။
“တစ်စုံတစ်ခု ဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်မျိုးကို ကျုပ် ရနေတယ်။”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုသည် လျင်လျင်မြန်မြန်ဖြင့် ရောက်ရှိလာကာ ပြောလိုက်၏။ “သတင်းပေးတွေရဲ့ အရဆိုရင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက စွမ်းအားမြင့်ကျင့်ကြံသူတွေက အရှေ့ ပင်လယ်မှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတယ်တဲ့။”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် သတိအပြည့်ဖြစ်သွား၏။ အချက်အလက်အားဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို လုယူပြီးသည့်နောက် တစ်ဖက်လူများသည် သူ့ကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်းကို သူက သိရှိ၏။ တစ်ဖက်လူများ ယခု လှုပ်ရှားလာခဲ့ပြီဆိုမှတော့ သူ့ကို တစ်စုံတစ်ခု ပြုလုပ်ရန် ပြင်ဆင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကျောက်ရုပ်ထုမျိုးနွယ်ကလန်နဲ့ နဂါးမျိုးနွယ်တွေရဲ့ ဝင်ပေါက်က လွဲပြီး အရှေ့ပင်လယ်မှာ တစ်ခုမှမှ မရှိတာ။ ဟုတ်တယ်မလား ……. ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာဖြင့် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီဘိုးဘေးတည်နေရာနယ်မြေတွေကို စည်းခတ်ပြီးတော့ ပြိုင်စံရှား ဂိုဏ်းကို လာပြီး တိုက်ခိုက်ဖို့ စဉ်းစားနေတာတော့ မဟုတ်နိုင်ဘူးမလား။”