← Chapters

အခန်း ၁၆၄၀

Vol. 110 Ch. 1640

အခန်း ၁၆၄၀

Vol. 110 Ch. 1640

အပိုင်း (၁၆၄၀)

ပြိုင်စံရှားဂိုဏ်း …

ကျွင်းချောင်ရှောင်း သည် အဓိကဟောခန်းထဲတွင် ထိုင်လျက် ရှိနေ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း တို့သည် မျိုးနွယ်စုနှစ်စုအား စည်းခတ်ရန် ပြင်ဆင်လျက်ရှိ၏။ ၎င်းတို့အနေဖြင့် လှုပ်ရှားနေကြပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ကျိန်းသေပေါက် ငြိမ်နေ၍မရတော့ချေ။ ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

"ဂိုဏ်းချုပ်"

လီလျိုရှုက သတင်းပေးပို့လိုက်၏။ "သူတို့က စည်းကိုစပြီးတော့ ဖန်တီးနေကြပြီ"

ကုန်းစွန်းဟုန့်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ "မြန်မြန် မျိုးနွယ်စုတွေကို သတိပေးပြီးတော့ သူတို့ကို တားဆီးရမယ်"

"မလိုဘူး"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သူတို့ကို စည်းခတ်ခိုင်းလိုက်မယ်"

"…....." ကုန်းစွန်းဟုန့်သည် ဆွံ့အသွားမိသည်။

ကျွင်းချောင်ရှောင်းသည် ခုံအောက်သို့ ခုန်ဆင်းလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ဂုဏ်ယူစွာပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက မျိုးနွယ်စုနှစ်ခုရဲ့ အထောက်အပံ့ကို ယူထားတယ်လို့ သူတို့က ထင်နေကြတယ်။ ဒါကြောင့် သူတို့တွေက ဘိုးဘေးနယ်မြေတွေကို စည်းခတ်လိုက်တာပေါ့။ သူတို့ကို နားလည်စေချင်တာက ပြိုင်စံရှားဂိုဏ်းက ကျောက်ရုပ်ထုကလန်နဲ့ နဂါးကလန်ရဲ့ အကူအညီမရှိဘူး ဆိုရင်တောင်မှ အရမ်းကို အားကောင်းလှတဲ့ ဂိုဏ်းတစ်ခုဖြစ်ကြောင်းပဲ"

အမှန်ပင် မောက်မာလွန်းလှချေ၏။ ကုန်းစွန်းဟုန့်သည် မည်သည့်စကားကိုမှ မဆိုချေ။ သို့ပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ကာ ရေရွတ်လျက်ရှိ၏။ "သူတို့စည်းခတ်ခံလိုက်ရရင် အနာဂတ်မှာ ဘယ်လိုလုပ်ပြီးတော့ အပြင်ထွက်လာရမှာလဲ"

တည်နေရာရွေ့ပြောင်းခြင်း အစီအရင်နှင့် ထွက်၍ရလိမ့်မည်ဟု တွေးထင်နိုင်သည်။ သို့ပေမဲ့ တစ်ကယ်တမ်းမှာတော့ တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ဆိုသည်မှာ အရှေ့ဖက်ပင်လယ်ရှိ ကျွန်းတစ်ချို့တွင်သာ တည်ရှိသည့်အရာဖြစ်၏။ လောကငယ်လေးများနှင့် ချိတ်ဆက်ထားသော အရာမျိုး မဟုတ်ချေ။ ပြောရမည်ဆိုလျှင် နည်းပညာသည် လုံလောက်အောင် ထောက်ပံ့မထားနိုင်သောကြောင့်ပင်။

နှင်းဆီဧကရီက ပြောလိုက်၏။ "ပေါ့ပေါ့ဆဆ မလုပ်ကြနဲ့"

ဘိုးဘေးမျိုးနွယ်စုနှစ်ခုကို အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း စည်းခတ်ခြင်းအား တားဆီးသင့်သည်ဟု သူမ က ထင်မိသည်။

"ပြိုင်စံရှားဂိုဏ်းက တွန်းအားပေးလို့ရတဲ့ အရာတစ်ခုလို့ သူတို့က ထင်မှတ်ထားကြတယ်။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက "

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ လေထဲတွင် ရိုးရှင်းလှသော ဓားတစ်ချောင်း ပေါ်ထွက်လာ၏။ သူသည် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ "ကျုပ်တို့ဆီမှာ ဝှက်ဖဲတွေ အများကြီးရှိတယ်လေ။ အင်မော်တယ်အဆင့် ဂိုဏ်းမဆိုနဲ့ ဒီထက်ပိုကြီးတဲ့ ဂိုဏ်းလာရင်တောင်မှ ကြောက်စရာမရှိဘူး"

"ဒါဘာကြီးလဲ"

ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် ပြောလိုက်မိ၏။ ဤဓားသည် ရိုးရှင်းပြီး သာမန်ဆန်လွန်းလှ၏။ သို့ပေမဲ့ ထွက်ပေါ်နေသည့် အော်ရာသည် သာမန်ထက်ပိုကာ ထူးခြားနေသည်ဟု သူတို့က ထင်နေမိသည်။

ကျွင်းချောင်ရှောင်းသည် ဓားရိုးပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ "ဒီဟာက ကျုပ်တို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာတစ်ခုလေ။ အင်မော်တယ်ဓားပေါ့"

ထွီ

စနစ်သည် မည်သို့မျှ မနေနိုင်တော့ချေ။ တံတွေး ထွေးလိုက်ပြန်သည်။

ရှလွမ်

ဓားထုတ်သည့် စူးရှသောအသံတစ်ခု ထွက်ပေါ်လာ၏။

သူတို့သည် လှမ်းကာကြည့်ရှုလိုက်ချိန်မှာတော့ သာမန်ဆန်သည့် ဓားတစ်စင်းကိုသာ မြင်လိုက်ရ၏။ ဓား၏ ကိုယ်ထည်သည် ဓားအိမ်ကဲ့သို့ပင် ရိုးရှင်းလွန်းလှ၏။ ဓား၏ကိုယ်ထည်တွင် သေးငယ်လှသော မျဉ်းကြောင်းများ ပါရှိနေ၏။ သေးငယ်လှသော စာများရေးထိုးထားသလိုပင်။ ဓားမှာ သွေးမထားချေ။ တုံးတိတိဖြင့်သာ။

"ဓားကို သွေးမထားဘူးလား"

ယုစီနန်နှင့် ကုန်းစွန်းဟုန်တို့သည် တွေးလိုက်မိ၏။ ဓားကိုသွေးထားမှသာလျှင် စစ်မှန်သည့် ဓားတစ်စင်းဟု သတ်မှတ်ရပေလိမ့်မည်။ မသွေးထားသော ဓားတစ်စင်းသည် မည်သည့်နေရာတွင် သွားရောက်ကာ ခုတ်ရမည်နည်း။

သို့ပေမဲ့ဂိုဏ်းချုပ်သည် ထိုဓားကိုထုတ်ကာ ဂိုဏ်း၏ ရတနာတစ်ခုဟု ပြောဆိုလျက် ရှိနေ၏။ ပြည့်ပြည့်ဝဝ အထင်သေး၍ မရနိုင်ချေ။ ဖြစ်နိုင်သည်မှာ ကောင်းကင်ကိုပင် လှုပ်ခါ နိုင်သည့် ရတနာတစ်ခု ဖြစ်နေသည်လား။

..............

ဘယ်နေရာမှန်းမသိသော တောင်ကုန်းတစ်ခုအပေါ်မှာတော့

ကျိုးဟုန်သည် ဘုန်းကြီးအိုကြီး တစ်ပါးကဲ့သို့ပင် ကျင့်ကြံလျက် ရှိနေကြ၏။ ဂိုဏ်းထဲတွင် ရှိနေသော ဓားကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ အထက်နယ်မြေသို့ ရောက်ရှိပြီးကတည်းက မြင်ကွင်း၌ပင် ထင်ပေါ်မလာခဲ့ချေ။ အခြားနည်းလမ်းလည်း မရှိချေ။ ဓားတာအိုကို ကျင့်ကြံသည့်သူတစ်ယောက်အနေဖြင့် သူသည် စိတ်နှစ်ကာ ကျင့်ကြံရုံသာရှိ၏။ သာမန်အားဖြင့် ထိုအရာများကို ဖော်ပြရန်လည်း မလိုအပ်ချေ။

“ဟမ် …”

ကျွင်းချောင်ရှောင်းတစ်ယောက် ထိုဓားကိုထုတ်ဖော်လိုက်သည့် အချိန်တွင် ကျိုးဟုန်သည် ထူးခြားလှသည့် စွမ်းအင်များကို ခံစားလိုက်မိ၏။ သူသည် မျက်လုံးကိုဖွင့်လိုက်မိ၏။ သူ၏ ညိုးခြောက်လျက်ရှိနေသော မျက်နှာပေါ်တွင်တော့ ပျော်ရွှင်မှုများ ပေါ်လာ၏။ သူကပြောလိုက်၏။ "ငါနားလည်ပြီ ….. ငါနားလည်သွားပြီ"

ချီများသည် လေထုထဲတွင် ပြည့်နှက်နေပြီး ကောင်းကင်ကြီးကို ထိုးဖောက်သွားကဲ့သလိုပင်။ လက်ရှိအချိန်မှာတော့ ဓားအလင်းတန်းတစ်ခုသည် ပြိုင်စံရှားဂိုဏ်းတွင် ဖြစ်ပေါ်လာ၏။ ထိုဓား အလင်းတန်းသည် ကောင်းကင်ယံအထက် မိုင်တစ်သောင်းနီးပါးခန့်တွင်ပင် ထင်ထင်ရှားရှား မြင်နေရ၏။

"မဆိုးဘူး …. မဆိုးဘူး"

ကျွင်းချောင်ရှောင်းသည် အပြင်ဖက်သို့ ထွက်လျှောက်ပြီးနောက် အပြင်ဖက်တွင် ဖြစ်နေသည့် ဓားအလင်းတန်းကို မြင်လိုက်ရ၏။ သူ၏မျက်နှာတွင် ချီးကျူးသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ဤကဲ့သို့ အရေးကြီးနေသည့် အခြေအနေမျိုးတွင် ကျိုးဟုန်သည် ဓားနိယာမများကို ပိုမိုနားလည်အောင် ကြိုးကြိုးစားစားနှင့် လေ့ကျင့်ခဲ့၏။ နောက်ဆုံးမှာတော့ အစစ်အမှန်ရှာဖွေခြင်း အနိမ့်အဆင့်ကိုပင် ချိုးဖျက်ရောက်ရှိခဲ့လေ၏။

မီးဖိုချောင်တံခါးကို မှိလျက်ရှိနေသည့် မာယုံနင်သည် အထင်အမြင်သေးစွာဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ဓားမော့ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည်လည်း ဂိုဏ်း၏ အရင်းအမြစ်များကို သုံးစွဲရသည်မှာ ရှားပါးလွန်းလှ၏။ သူသည် အစစ်အမှန်ရှာဖွေခြင်း အဆင့်ဆီသို့ မရောက်ရှိသေးသော်လည်း အလွန်နီးကပ်သည့် အဆင့်ဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူလိုအပ်နေသည်မှာ အဓိကနိယာမ၏ သဘောတရားပင်။

"ယောက်ျား"

နှင်းဆီဧကရီက လမ်းလျှောက်လာကာ ပြောလိုက်သည်။ "ဓားသမားတောင် ရှင့်ကိုမှီနေပြီ။ ရှင်အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကို ဘယ်အချိန်ချိုးဖျက်မှာလဲ"

မူလအားဖြင့် ပျော်ရွှင်လျက် ရှိနေသောကျွင်းချောင်ရှောင်းသည် ရုတ်တရက် မြားအစင်းပေါင်းတစ်သောင်းလောက် ထိုးစိုက်ခံရသလို ခံစားလိုက်မိ၏။ သူသည် ချက်ချင်းပဲ ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်၏။ သူသည် စားပွဲပေါ်သို့ မောက်ကာဖြင့် အကြီးအကျယ်အော်ငိုနေချင်နေမိ၏။

တိုက်ပွဲနယ်မြေ ပေါ်ပေါက်လာပြီးနောက် ဂိုဏ်း၏အားအင်အတင့်သည် တမဟုတ်ချင်း တိုးတက်သွားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ဖြစ်သော သူသည် နှစ်နှစ်နီးပါးခန့် ကျင့်ကြံခြင်းအဆင့်တွင် တန့်လျက် ရှိနေသည်။ တိုက်ပွဲနယ်မြေထဲသို့လည်း ဝင်ရောက်ခွင့် မရခဲ့ချေ။

"အထူးတာဝန် ငါ့ကို ဆုလဘ်တွေ ပေးတော့လေ"

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်သားရဲမျိုးနွယ်ကလန်များဆီမှ အကူအညီတောင်းပြီး ပြိုင်စံရှားဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။ အချက်အလက်အားဖြင့် သူတို့အားလုံးသည် ကောင်းမွန်သည့် ရလာဒ်ကို ယူဆောင်လာနိုင်ကြသည်။

"ဂျူနီယာညီလေးရီ "

စုရှောင်မိုက ပြောလိုက်၏။ "မင်းရဲ့ လည်ကုပ် ပေါ်က ဓားရာကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နေတာလဲ"

"မမေးနဲ့တော့ "

ရီရှင်းချန်က ပြောလိုက်သည်။ "ကျုပ် မပြောချင်ဘူး"

ဘိုးဘေးနယ်မြေထဲရောက်ရှိစဉ်က သူသည် စိတ်ဝိညာဉ်သားရဲ၏ လည်ပင်းပေါ်သို့ ဓားတင်ခဲ့၏။ ဤအပိုင်းကို ဖတ်ပြီးသောစာဖတ်သူများသည် သိရှိပြီး ဖြစ်လိမ့်မည်ဖြစ်၏။ ထို့အတူ သူသည်လည်း သူ၏လည်ပင်းပေါ်တွင် ဓားတင်ကာ ခြိမ်းချောက်ခဲ့ရသေး၏။ ထို့ပြင် သူသေလျှင်လည်း သူ၏ဟတ်စကီးခွေးသည်လည်း သေဆုံးမည် မဟုတ်ပါလား။ သူ၏နည်းလမ်းသည် ရိုးရှင်းပြီး ထိရောက်လှ၏။ ပန်းဟူ မျိုးနွယ်စုခေါင်းဆောင်သည် ချက်ချင်းပဲ သဘောတူခဲ့ရ၏။

"အရာအားလုံး အဆင်သင့်ပဲ"

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ခြေတင်ကာ ပြောလိုက်သည်။ "အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း ပြိုင်စံရှားဂိုဏ်းဆီ လာဖို့ကိုပဲ စောင့်ရတော့မယ်"

အရှေ့ပင်လယ်၏ အထက်

အင်မော်တယ်ဂိုဏ်းဆယ်ဂိုဏ်းသည် အစီအရင်ကျွမ်းကျင်သူများကို စုစည်းကာဖြင့် ရှုပ်ထွေးလှသော အစီအရင်ကြီးတစ်ခုကို တည်ဆောက်နေကြ၏။

၎င်းတို့၏လှုပ်ရှားမှုကို ကျွင်းချောင်ရှောင်းသည် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာများကို တားဆီးခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများ တစ်ခုမှ မပြုလုပ်ခဲ့ချေ။

"နယ်မြေတစ်ခုလုံးကို စည်းခတ်ဖို့ဆိုတာ ပေါ့သေးသေးမဟုတ်ဘူး"

ထိုက်ရွှမ်အဘိုးအိုက သုံးသပ်လိုက်၏။ "အနည်းဆုံး လအနည်းငယ်လောက်တော့ ကြာလိမ့်မယ်"

"လအနည်းငယ် ဟုတ်လား"

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ "ဒါဆိုရင် တာဝန်ပြည့်စုံဖို့က နည်းနည်းကြာအုံးမှာပေါ့"

သူ့အနေဖြင့် အင်မော်တယ်ဂိုဏ်းဆယ်ဂိုဏ်း ဘိုးဘေးနယ်မြေနှစ်ခုကို စည်းခတ်ခြင်းကို မတားဆီးရသည့် အစစ်မှန်အကြောင်းအရင်းမှာ တာဝန်ပြည့်စုံမှုနှုန်းကြောင့်ပင် ဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် တမဟုတ်ချင်း တိုးတက်သွားနိုင်သည်။ တာဝန်ပြည့်စုံမှု စံသတ်မှတ်ချက်သည် တိုးတက်နေပြီး ပြည့်စုံမှုနှုန်းထားသည် အနည်းဆုံး ငါးဆယ်အထက်တွင်ပင် ရှိနေ၏။ သူ့အနေဖြင့် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ မရောက်ရှိရင်တောင်မှ အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်ကိုတော့ ရောက်ရှိနိုင်၏။

"မင်း သူတို့ဆယ်ယောက်ကို အနိုင်ယူတိုက်ခိုက်နိုင်မယ်လို့ မင်းထင်လား" စနစ်က မေးလိုက်သည်။

"ငါ"

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည် အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်တွင်သာ ရှိပါက ထိပ်ဆုံးအဆင့်တစ်ယောက်ကို တိုက်ခိုက်နိုင်ကောင်း တိုက်နိုင်လိမ့်မည်။ သို့ပေမဲ့ ဆယ်ယောက်ကိုတော့ မဖြစ်နိုင်ချေ။

…………

အချိန်များသည် ကုန်လွန်သွားခဲ့၏။ တစ်ရက်၊ နှစ်ရက် ……..

ဒင် ….. အထူးတာဝန်ပြည့်စုံသည်။

အချိန်အတော်အကြာ စောင့်မျှော်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျက်သရေ ရှိလှသောအသံကို ကြားလိုက်ရ၏။

“ဒင် …. လက်ခံသူသည် နှစ်နှစ်အတွင်း ဂိုဏ်းကိုတိုးတက်အောင် ပြုလုပ်ခဲ့၏။ လိုအပ်ချက်နှင့် ကိုက်ညီသည် ။ အထူးတာဝန်သည် ပြည့်စုံသွားခဲ့၏။ အထူးတာဝန်ပြည့်စုံမှုနှုန်းသည် ၁၀၀၀ ရာခိုင်နှုန်းဖြစ်၏။ လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို ရရှိသည်။ "

“ဒင် …. ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၃၀၁၀၀၀"

“ဒင် …. လက်ခံသူသည် အထူးတာဝန် နံပါတ် (၆) ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ လက်ခံသူသည် စည်းဖွင့်ခြင်း အဆောင်တစ်ခုကို ရရှိ၏။ အထူးပစ္စည်းဝယ်ယူခွင့် အခွင့်အရေးတစ်ခု၊ ကောင်းကင်စိတ်ဝိညာဉ်ကျောက်ရိုင်း တန်တစ်ရာ"

"ဒါပဲလား"

ကျွင်းချောင်ရှောင်းသည် ဆုလဘ်ကို ကြားရသည့် အချိန်မှာတော့ ဆွံ့အသွားမိ၏။ တာဝန်ပြည့်စုံမှုနှုန်းသည် တစ်ထောင်ဖြစ်နေသောကြောင့် များပြားလှသော ဆုလဘ်များကို ရရှိမည်ဟု မျှော်မှန်းထားခဲ့သည်။ သို့ပေမဲ့ ယခင် ငါးရာ ရာခိုင်နှုန်း ဆုလဘ်လောက်ပင် မများချေ။

"တော်စမ်း"

စနစ်က ပြောလိုက်၏။ "အထူးပစ္စည်းတစ်ခုတည်းနဲ့တင် ထိုက်တန်နေပြီ မဟုတ်လား"

"ဒါကတော့ အမှန်ပဲ"

တစ်ချက်ထိုးသတ်ဖြတ်မှုနှင့် တိုက်ပွဲနယ်မြေတို့ကို စဉ်းစားပြီးနောက် အထူးပစ္စည်းသည် မည်မျှထူးခြားလှကြောင်း ခံစားမိ၏။ သူ့အနေဖြင့် ဂိုဏ်းကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်သည့် ပစ္စည်းတစ်ခုခု ရရှိနိုင်လိမ့်မည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှ လျှောက်ထွက်လိုက်ပြီးနောက် အမိုးပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် သူသည် တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်၏။ သူ၏ အထူးတာဝန်ပြည့်စုံမှုနှုန်းကြောင့် အမှတ်သုံးမျိုးနှင့် ဆုလဘ်များကို ရရှိခဲ့၏။

အစစ်အမှန် အဓိက ဆုလဘ်သည် အဆင့်တက်ခြင်းပင်။ တာဝန်ပြည့်စုံမှုနှုန်းသည် ၁၀၀၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် အထက်အဆင့်သို့ မရောက်ရှိနိုင်ပါက အဓိပ္ပာယ်မရှိလှချေ။

“ဒင် …. လက်ခံသူသည် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကို တိုးတက်ရောက်ရှိခဲ့၏။ "

“ဒင် …. လက်ခံသူသည် အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်ကို တိုးတက်ရောက်ရှိခဲ့၏။ "

“ဒင် …. လက်ခံသူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို တိုးတက်ရောက်ရှိခဲ့၏။ "

သတိပေးသံ တဒင်ဒင် ကို ကြားရပြီးနောက် ကျွင်းချောင်ရှောင်း၏ ငယ်ရွယ်လှသော ခန္ဓာကိုယ်သည် ပြောင်းလဲသွားခဲ့၏။ သူ၏ကျင့်ကြံခြင်းသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ဆီသို့ပင် တိုးတက်ရောက်ရှိခဲ့သည်။

ထို့ကြောင့် သူ၏သက်တမ်းကို မစတေးခင်အရွယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ သူ၏ တောက်ပြောင်လျက် ရှိနေသော ခေါင်းပြောင်ကြီး၌ နက်မှောင်လျက်ရှိနေသော ဆံပင်များပေါ်လာ၏။ အလွန်ချောမောလှသော ဂိုဏ်းချုပ်ကျွင်းသည် ပြန်လည်ရောက်ရှိလာပြီ ဖြစ်၏။

All Chapters