မိုယွိ နှင့် ဒိကျဲ့
Vol. 126 Ch. 1762
ရှီမာယူယူသည် သူတို့၏ ထူးဆန်းသောမျက်နှာထားများကို ကြည့်ပြီး မေးလိုက်သည် “အရသာဆိုးလို့လား”
သူမ ပြောပြီးသည်နှင့် လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။
“ရှီအာ မင်းရဲ့ လက်ဖက်ရည် အရည်အသွေးက…” ရှောင်ရော့ပိုင်သည် ပြောမည်လုပ်လိုက်သော်လည်း ဆက်မပြောနိုင်ပေ။
“ဘာဖြစ်လို့လဲ သောက်လို့မကောင်းဘူးလား” ရှီမာယူယူ မေးလိုက် သည်။
“မဟုတ်ဘူး ငါတို့ ပြောတာက ဒီပညာကို တခြားသူတွေရှေ့ မပြတာ ကောင်းမယ်” ကုန်းဇီယွမ် ပြောလိုက်သည်။
“ဘာလို့လဲ” ရှီမာယူယူ နားမလည်နိုင်ဖြစ်နေသည်။
“တစ္ဆေလောကမှာ လက်ဖက်ရည်ကိုအရမ်း ကြိုက်တဲ့လူတစ်ယောက်ရှိ တယ် သူသာသိရင် မင်းကိုချုပ်ထားပြီး မင်းရဲ့လက်ဖက်ရည်ဖျော်နည်းပညာကို သင်ခိုင်းမှာ အသေအချာပဲ…” ကုန်းဇီယွမ် ပြန်ဖြေလေသည် “အဲလူက အရမ်း အားကောင်းပြီး နောက်ခံလည်းတောင့်တယ်… သူသာ မင်းကို ချုပ်ထားလိုက် ရင် မင်းအဖေက မင်းသားကို သွားအကူအညီတောင်းရင်တောင် မဖြစ်နိုင်ဘူး”
“မင်းပြောတာ မိုယွိလား” ရှီမာယူယူ မေးလိုက်သည်။
“မင်း သူ့ကိုသိတာလား” ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့မှာ အံ့ဩသွား သည်။
“ငါ သူ့ကိုသိတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ငါတို့ အရင်က လက်ဖက်ရည်နှပ်နည်းကို ဆွေးနွေးဖူးတယ်”
“ဘာ သူနဲ့ လက်ဖက်ရည်နှပ်နည်းကို ဆွေးနွေးဖူးတယ်ဟုတ်လား” ကုန်းဇီယွမ် ရှင်းပြသည် “သူ မင်းကို မဖမ်းဘူးလား”
“သူက ကိုင်တွယ်ဖို့ အရမ်းလွယ်ပါတယ်” ရှီမာယူယူ ပြန်ချေပလိုက်သည် “သူ့ကို ဘာလို့အဲလောက် ကြောက်နေတာလဲ”
မိုယွိသည် တစ်ခဏမျှတော့ သူမကို သတ်ရန်ရည်ရွယ်ခဲ့သော်လည်း သူမ သည် လက်ဖက်ရည်နှပ်နည်းသိသည်နှင့် သင်ပေးရန် ပြေးလာခဲ့သည်။ တစ်ချိန် တည်းမှာပင် သူသည် သူမကို သိုင်းပညာများသင်ပေးခဲ့သည်။ ထို့ကြောင့် မိုယွိ သည် ကိုင်တွယ်ရန် မခက်ခဲလှဟု သူမ ထင်မိသည်။
“ဖြစ်နိုင်တာက မင်း လက်ဖက်ရည်နှပ်နည်းသိလို့နေမှာ အဲဒါကြောင့် သူ့ကို ကိုင်တွယ်ဖို့ လွယ်တယ်လို့ထင်နေတာ” ရှောင်ရော့ပိုင် ခန့်မှန်းသည်။
“အဲဒါကြောင့်ပဲဖြစ်မယ်” ကုန်းဇီယွမ် သဘောတူသည်။
“မိုယွိက ကြောက်ဖို့ကောင်းလား” ရှီမာယူယူ မေးလိုက်သည်။
“အင်းလေ သူ မျက်တောင်မခတ်ဘဲ လူဘယ်လောက် သတ်လဲ မင်းမသိ လို့… သူက သူ့မျက်စိဆံပင်မွေးဆူးတာနဲ့ သတ်ပစ်တာပဲ… သူ့မှာ ညစ်ပတ်တာ ကိုကြောက်တဲ့ရောဂါရှိတယ် သူ့နားကို ကပ်လာတဲ့လူမှန်သမျှ ချက်ချင်း အသတ်ခံရတာပဲ… ပြီးတော့ သူက သုန်မှုန်နေတာပဲ အခု မင်းနဲ့ ရယ်မောပြီး စကားပြောနေရင်းကလည်း ခဏနေရင် အစိတ်စိတ်ဖြစ်အောင် တုံးရင်တုံး လိုက်တာပဲ” ကုန်းဇီယွမ် ပြန်ဖြေလေသည်။
“တစ်ယောက်ကမိုယွိ နောက်တစ်ယောက်က ဒိကျဲပဲ… အဲနှစ်ယောက်က တစ္ဆေလောကရဲ့ လူသတ်နတ်ဘုရားတွေပဲ… နောင်တစ်ချိန် အဲနှစ်ယောက်နဲ့ တွေ့ရင် ဝေးဝေးသာနေ” ရှောင်ရော့ပိုင် ဆက်ပြောလေသည် “ဒိကျဲ့က မင်းရဲ့ ဝမ်းကွဲလို့ပြောလို့ရပေမဲ့ သူက ဆက်ဆံရတာ အရမ်းခက်တယ် အမှောင် မင်းသမီးကလွဲပြီး သူက အကုန်လုံးကို…”
ရှီမာယူယူ ဆွံ့အသွားသည်။ သူမသည် မိုယွိနှင့် ဒိကျဲ့တို့ကို လူကောင်း များဟု ထင်ထားသည်။ အဲနှစ်ယောက်က ဘာလို့ အဲလောက်ကြောက်နေကြ တာလဲ။
“မင်း မှားများနေသလား” သူမသည် မသေချာစွာပြောလိုက်သည် “ငါ အရင်က ဒိကျဲ့ကိုတွေ့ဖူးတယ် သူက ကောင်းပါတယ်”
သူမ ထိုသို့ပြောလိုက်သည်နှင့် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် သူမ ကို ကြောက်လန့်တကြားကြည့်လေသည်။
“သူတို့နှစ်ယောက်လုံးက ကောင်းတယ်လို့ မင်းပြောလိုက်တာလား သူတို့က လူသတ်နတ်ဘုရားလေ ဟုတ်ပြီလား တစ္ဆေလောကက လူတွေ အကုန်လုံးက သူတို့ကိုကြောက်တယ်ဆိုတာ မင်းသိရဲ့လား” ကုန်းဇီယွမ်သည် မျက်လုံးပြူးလာသည်။ သူ စဉ်းစားမိသည်နှင့် မျက်နှာမှာ ဖြူဖျော့လာသည်။
“သူတို့က အဲလောက် ကြောက်ဖို့ကောင်းလား” ရှီမာယူယူ မေးလိုက် သည်။
“ဒါပေါ့ ငါကိုယ်တိုင် မြင်လိုက်ရတာ… မိုယွိနဲ့ နီးစပ်ချင်တဲ့ မိန်းကလေး တစ်ယောက်ရှိတယ်… ဒါပေမဲ့ သူနဲ့ ၁၀ မီတာလောက်အကွာမှာနေလိုက်မိလို့ သူမကို သူသတ်လိုက်တာ… အဲဒီမိန်းကလေးက မင်းသားရဲ့ သမီးတော်ပဲ ဒါပေမဲ့ မင်းသားက လေတောင်မလည်ရဲဘူး… အဲအစား မိုယွိကိုတောင် ခွင့်လွှတ်ဖို့ တောင်းပန်ရသေးတယ်” ကုန်းဇီယွမ ပြောပြသည်။
“ဒိကျဲ့လူသတ်တာကို ငါ အရင်ကမြင်ဖူးတယ် ဒါပေမဲ့ အဝေးကနေပဲ သူက လူတွေကိုဦးဆောင်သွားပြီး မျိုးနွယ်တစ်ခုကို သွားဖျက်ဆီးတာ အကြောင်းအရင်းကတော့ အဲဒီမျိုးနွယ်ကလူက အမှောင်မင်းသမီးအကြောင်း ကို မကောင်းပြောလို့တဲ့” ရှောင်ရော့ပိုင် ထပ်ပြောလိုက်သည်။
“….” ရှီမာယူယူ ဆွံ့အသွားသည်။ တစ္ဆေလောကအတွင်း ထိုနှစ်ယောက် ၏ ဂုဏ်သတင်းမှာ… ထိုမျှကောင်းလိမ့်မည်ဟု… သူမ ထင်မထားပေ။
“မင်း ဘယ်လိုလူမျိုးလဲဆိုတာနဲ့ ဒီလောက်ကြာအောင် မသိခဲ့ရင် မင်းက သူတို့လိုပဲ သွေးဆာပြီး သွေးအေးတဲ့လူမျိုးလို့ ငါထင်လိုက်မှာပဲ” ကုန်းဇီယွမ် ပြောလိုက်သည် “ပြီးတော့ လူတွေက တူရာတူရာပေါင်းတာလေ”
အဲဒီတော မိုယွိနဲ့ ဒိကျဲ့တို့က ကောင်းတယ်လို့ ထင်တဲ့လူတွေက လူကောင်းမဟုတ်ဘူးလား။
သူမ ရယ်လိုက်သည် “မင်းတို့ကို လက်ဖက်ရည်သောက်ဖိတ်ပြီး သူတို့ရဲ့ ကြည့်ရဆိုးတဲ့ မြင်ကွင်းတွေကို ပြန်အမှတ်ရအောင် လုပ်မိတာ ငါ မထောက် ထားသလိုဖြစ်သွားတယ်”
“မင်းအမှားမဟုတ်ပါဘူး ပြဿနာက မိုယွိနဲ့ ဒိကျဲ့တို့က မင်းရဲ့နယ်ကို ရောက်လာတယ်လို့ ကြားထားတယ်… ဒီမနက်ပဲ အဲသတင်းကြားခဲ့တာ အဲဒါကြောင့် ငါ လက်ဖက်ရည်ကောင်းကောင်းလေး သောက်လိုက်ရတော့ ပြန်တွေးမိသွားတာ” ကုန်းဇီယွမ် ပြောလိုက်သည်။
“သူတို့ရောက်နေတာလား”
“ဟုတ်တယ်လေ သူတို့က မတည့်ကြဘူးလို့လည်း ကြားတယ် တစ်လမ်း လုံးတိုက်ခိုက်လာတာတဲ့ ကိုယ်ရံတော်တွေ အများကြီးသေသွားကြတယ်” ကုန်းဇီယွမ် ပြန်ဖြေလိုက်သည်။
“မှားတယ် အဲလိုမပြောသင့်ဘူး ဒိကျဲ့က မိုယွိကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တယ်လို့ ပြောရမှာ မိုယွိက သူ့ကိုယ်ရံတော်ကို ဒိကျဲ့နဲ့ အကြိမ်တိုင်း ကစားခွင့်ပေးထားတာ” ရှောင်ရော့ပိုင်သည် မိုယွိအတွက် နာမည်ရှင်းပေးလေ သည် “မိုယွိရဲ့အားနဲ့ဆိုရင် ဒိကျဲ့နဲ့ တိုက်ခိုက်စရာတောင်မလိုဘူး သူ့အတွက် အောက်ကျလွန်းတယ်”
ရှီမာယူယူသည် ရှောင်ရော့ပိုင်ကို ကြည့်လိုက်သသည် “မင်းစကားတွေ က ပျော်နေသလိုပဲလို့ ဘာလို့ခံစားမိတာလဲ”
“ဘယ်တုန်းက ပျော်လို့လဲ” ရှောင်ရော့ပိုင်သည် ငြင်းဆန်လေသည်။
“သူ့လိုလူက… ကြည့်ကောင်းတယ်၊ သွေးအေးတယ် အင်အားနဲ့ နောက်ခံ ရှိတယ် တကယ်ပဲ မိန်းကလေးတွေရဲ့ရင်ထဲက နတ်ဘုရားပဲ” ရှီမာယူယူ စနောက်လိုက်သည်။
သူတို့သည် နတ်ဘုရားဆိုသည့်စကားကို ပထမဆုံးအကြိမ်ကြားဖူး သော်လည်း ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ဆိုလိုရင်းကိုနားလည်ကြ သည်။
“သူတို့က ဒီနယ်ထဲရောက်နေတယ်ဆိုတာ သိမှတော့ ဘယ်နေရာမှာလဲ ဆိုတာကိုရော သိမှာပေါ့” ရှီမာယူယူ မေးလိုက်သည်။
“မသိဘူး မိုယွိနေရာတော့ မသေချာဘူး ဒိကျဲ့က သူ့ကိုတစ်ချိန်လုံး နှောင့်ယှက်နေတာဆိုတော့ ဒိကျဲ့ရှိတဲ့နေရာမှာပဲ ရှိလောက်တယ်”
ရှီမာယူယူသည် စားပွဲကို လက်သုံးချောင်းဖြင့် ခေါက်နေသည်။ ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သူမ၏ အတွေးကိုမသိတော့ပေ။ သူတို့ လက်ဖက်ရည်သောက်ပြီးသည်ကိုမြင်သည်နှင့် သူမ အတွေးကိုရပ်ပြီး သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“ရှီအာ သူတို့ကိုသွားတွေ့မလို့ စဉ်းစားနေတာလား” ကုန်းဇီယွမ် မေး လိုက်သည်။
ရှီမာယူယူသည် မျက်ခုံးများပင့်ပြီး ပြုံးလိုက်သည် “မဟုတ်ဘူး ငါ သူတို့ ကိုမတွေ့ချင်ပါဘူး ဒါပေမဲ့ မတွေ့အောင် ဘယ်လိုလုပ်ရမလဲ”
“ကောင်းတယ်” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ စိတ်အေးသွားသည်။
သူမ မိုယွိနှင့် ဒိကျဲ့တို့ကို ပြောလိုက်ချိန်တွင် သူတို့ကိုသွားတွေ့တော့မည့် ပုံစံဖြစ်နေသည်ဟု ဘာကြောင့်ခံစားမိလည်းမသိပေ။
“သူတို့လိုလူတွေက ဘယ်သွားသွား လူအာရုံစိုက်ခံရတယ် အဲအချိန်ကျ ရင် မင်းပုန်းနေဖို့တော့လိုတယ်”
“အင်း သိပြီ” ရှီမာယူယူ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
သူမ ပြောလိုက်သည်မှာ မိုယွိနှင့် ဒိကျဲ့တို့ ဤနေရာသို့ ရောက်လာသည် ဟု ပြောလိုက်ချိန်တွင် သူတို့နှင့်တွေ့တော့မည်ဟု ဆဌမအာရုံရနေသည်ဟု သူတို့ကိုမပြောလိုက်ပေ။
သို့သော် ယခုအချိန်မှာ တွေ့ရန်အချိန်မကောင်းသေးပေ။ ထိုလူ နှစ်ယောက်ကို ရှောင်ရန်မှာ အလွန်ပင်ခက်ခဲသည်။
ဟူး… ခေါင်းကိုက်လိုက်တာ…
ထာရဝတောက်ပခြင်းမြို့တော်၏ မလှမ်းမကမ်းရှိ နယ်စားအိမ်တော်တွင် ဒိကျဲ့သည် အိမ်တော်တံခါးကိုခေါက်ပြီး ဒေါသတကြီး လျှောက်လာသည်။
သူ့နောက်မှလိုက်လာသော အစောင့်သည် သခင်ဖြစ်သူ၏ အသတ်ခံရ မည်ကို ကြောက်ရွံ့နေသည်။
မိုယွိသည် ခြံဝန်းထဲတွင် လက်ဖက်ရည်သောက်နေသည်။ ဒိကျဲ့ဝင်လာ သည်ကို ကြည့်ပြီး သူ့မျက်လုံးထဲတွင် စိတ်မရှည်မှုများနှင့် မတတ်သာမှုများ ဖြစ်ပေါ်သွားသည်။
ဒီကောင်က ထွက်သွားပြီမဟုတ်ဘူးလား။ ဘယ်အချိန်ထိ နေနေဦးမှာ လဲ။
“မင်း နောက်တံခါးတစ်ချပ်ကို ဖျက်လိုက်ပြန်ပြီလား အဲဒီတံခါးက မုရုန်ဟွေ့ပိုင်တာနော် သူပြန်လာရင် ရှင်းပြရမယ်” သူသည် ဖြည်းညင်းစွာ ပြောလိုက်သည် “အမိန့်ကိုမှတ်ထားလိုက် တံခါးလဲမပေးနဲ့ ဒီအတိုင်း ဟာလာဟင်းလင်းထားလိုက်”
“ဟုတ်ကဲ့ပါ သခင်” အစောင့်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချကာ ပြန်ဆုတ်သွားသည်။
“ဘာမှမပြောနဲ့” ဒိကျဲ့သည် သူ့ကိုစိုက်ကြည့်လိုက်သည် “မင်း မုရုန်ရှီကို သတ်ဖို့ လူလွှတ်လိုက်တာလား”
***