အခန်း ၁၆၄၂
Vol. 111 Ch. 1642
¬¬အပိုင်း (၁၆၄၂)
နဂါးကလန်နှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်တို့သည် အထက်နယ်မြေတွင် သီးခြားဖြစ်တည်နေသည့် လောကကြီးတစ်ခုဟုပင် သတ်မှတ်နိုင်သည်။ ၎င်းတို့သည် သာမာန်ထက် ပိုသော ကိစ္စရပ်မျိုးဖြစ်ပေါ်ခဲ့ခြင်း မှလွဲလျှင် ၎င်းတို့ လောကဆီသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်ကို ဘယ်တော့မှ မဖွင့်လှစ်ခဲ့ချေ။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် လာရောက်ပြီး အပြင်ဘက်တွင် စည်းတစ်ခုကို ဖန်တီးထားလိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးတို့သည် လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခဲ့ကြပြီး အပြင်ဘက်တွင် စည်းခတ်လျက် ရှိနေကြ၏။
ယခင်တုန်းကလည်း သူတို့သည် ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ခဲ့ဖူး၏။ အထူးသဖြင့် နတ်ဆိုးနယ်မြေနှင့် နတ်ဆိုးဘိုးဘေးကြီးတို့ပင် ဖြစ်သည်။ သူတို့၏ မူလရည်ရွယ်ချက်သည် ကလန်နှစ်ခုကို စည်းခတ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းကို ထောက်ပံ့ခြင်း မပြုနိုင်အောင် တားဆီးခြင်းဖြစ်သည်။ ၎င်းကလန်နှစ်ခုကို စည်းခတ်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးရန်ဆိုသည်မှာ လုံလောက်အောင် လွယ်ကူသွားပေလိမ့်မည်။
သို့ပေမဲ့ ကံဆိုးလွန်းလှသော အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် ကျွင်းချောင်ရှောင်း တစ်ယောက် ဘယ်သူမှ မသိရှိဘဲ ထာဝရရွက်သင်္ဘောကြီးကို အသုံးပြုကာ အထဲသို့ ဝင်ရောက်နေနိုင်ခြင်းပင်။
ပိုမို၍ ဆိုးရွားသည့်အရာမှာ နဂါးကလန်ကို ဝင်ရောက်ပါဝင်ခြင်း မပြုစေဘဲ သူ့ဘာသူ ဖြေရှင်းမည်ဟု သွားရောက်ကာ ပြောဆိုနေခြင်းပင်။ မည်မျှ မောက်မာလိုက်သနည်း။
“ကောင်းပြီ”
လုံဟောင်ထျန်းက ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့စကားကို နားထောင်ပါ့မယ်”
“ဒါဆို ဆက်လုပ်တော့”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “အခု ကျောက်ရုပ်ထုမျိုးနွယ် ကလန်ကို သွားရအုံးမယ်”
ဤတစ်ကြိမ်မှာတော့ သူသည် ရွက်သင်္ဘော၏ စွမ်းရည်ကို အသုံးပြုကာ လေဟာနယ်ကို ချိုးဖြတ်၍ မသွားရောက်တော့ချေ။ ထိုအရာသည် အရင်းအမြစ်များကုန်၏။ ထို့ကြောင့် ကျောက်ရုပ်ထုမျိုးနွယ်နှင့် နဂါးကလန်တို့အကြား တည်နေရာလမ်းကြောင်းကို ရွေးချယ်၍ သွားလိုက်သည်။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ အဓိကဟောခန်း ....။
ကျွင်းချောင်ရှောင်းသည် ကလန်ခေါင်းဆောင် ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိသည်။
ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါး တို့သည် ဦးညွတ်ကာဖြင့် ဂါရဝပြုလိုက်၏။ “ကြိုဆိုပါတယ် ကလန်ခေါင်းဆောင်”
“အားလုံးပဲ ထကြပါ” ကလန်ခေါင်းဆောင် ဖြစ်ရခြင်းနှင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ရခြင်းသည် မတူညီသည့် အတွေ့အကြုံပင်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်မျိုးကြီး ခံစားနေမိ၏။ ဟုတ်ပေသည်။ သူ့အနေနှင့် ဤတည်နေရာသို့ ရောက်ရှိလာခြင်းမှာ အပျော်လာခြင်း မဟုတ်ပေ။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး များ စည်းခတ်ထားခြင်းဖြစ်ကြောင်း လာရောက်ကာ ပြောဆိုနေခြင်းဖြစ်သည်။
“ဘာ”
သတင်းကို ကြားပြီးသည့်နောက် မင်းဆရာများသည် ဒေါသထွက်သွားခဲ့၏။ “သူတို့က ကျောက်ရုပ်ထုမျိုးနွယ် ကို ဘယ်လိုဖြစ်ပြီး စည်းခတ်ရဲရတာလဲ။ ဒါက သည်းခံလို့မရဘူး။ သွားမယ်။ သွားပြီးတိုက်ခိုက်ကြမယ်”
မူးမတ်များအားလုံးတို့သည်လည်း ဒေါသထွက်သွားကြသည်။ ကလန်ခေါင်းဆောင်၏ အမိန့်ကို နာခံကာဖြင့် အင်မော်တယ်အဆင့်ဂိုဏ်းများကို တိုက်ခိုက်ရန် စောင့်စားလျက် ရှိသည်။
ဘိုးဘေးနယ်မြေ - ဤအရာသည် အလွန်အရေးကြီးသော ကိစ္စဖြစ်၏။ ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ဘိုးဘေးနယ်မြေကြီးကို သူတို့က ဖျက်ဆီးတာ မဟုတ်ဘူးဆိုတော့ ထားလိုက်ပါတော့”
“အမ်”
ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ဆွံ့အသွားခဲ့ကြသည်။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း က ကျုပ်တို့ကြားမှာရှိတဲ့ အဆက်အသွယ်ကို ဖြတ်တောက်ချင်တာလေ။ သူတို့ စိတ်ရှိတဲ့အတိုင်း လွှတ်ပေး ထားလိုက်မယ်”
အထူးတာဝန်ပြည့်စုံပြီးသည့်နောက် သူသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကြီးမားသည့် ယုံကြည်ချက်ကို တည်ရှိနေ၏။ ရန်သူများကို အကောင်းဆုံး အနိုင်ယူနိုင် မည့်နည်းလမ်းဆိုသည်မှာ တကယ့်အရေးအကြောင်း အောင်မြင်နိုင်မည့် အခြေအနေကို ဖမ်းဆုပ်ထားရန်သာ လိုအပ်၏။ တစ်ဖက်လူများသည် သူ့ကို လာရောက်ကာ ပြဿနာရှာဖို့ စဉ်းစားထားသည်ဆိုမှတော့ သူ့အနေနှင့် တခြားသူများ၏ အတွင်းခံပါမကျန် လုယူဖို့ စဉ်းစားထား၏။
ဟား ဟား ဟား ဟား
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ သူ့အား ပြဿနာလာရှာမည့်အကြောင်း တွေးတောပြီးနောက် ကျွင်းချောင်ရှောင်းသည် တောင်ခြေတွင် မတ်တပ်ရပ်ကာ ရယ်မောလျက် ရှိသည်။ “လာခဲ့စမ်း၊ လာခဲ့စမ်း။ ခင်ဗျားတို့ရဲ့ မျက်နှာကို ပိတ်ရိုက်ဖို့ မစောင့်နိုင်တော့ဘူး”
.................
လင်းထျန်အင်မော်တယ်ဂိုဏ်း
အဓိကဟောခန်းထဲမှာတော့ ကျွမ်းကျင်သူဆရာကြီးဆယ်ယောက်တို့က ထိုင်လျက်ရှိ၏။ ဤအတောအတွင်း သူတို့သည် သုံးရက်ကိုတစ်ခါဆိုသလို သေးငယ်လှသည့် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြ၏။
ငါးရက်ကို တစ်ခါ ဆိုသလို အစည်းအဝေးကြီးတစ်ခုကို ကျင်းပသည်။
အကြောင်းအရင်းမှာ ပြိုင်စံရှားဂိုဏ်းအား မည်ကဲ့သို့ အနိုင်ယူ ရမည်ကို ဆွေးနွေးခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော အစီအစဉ်ကြီးကို စတင်သူမှာ လင်းထျန်အင်မော်တယ်ဂိုဏ်းပင် ဖြစ်ပြီး အစည်းအဝေးပွဲကြီးတစ်ခု၏ ကုန်ကျစရိတ်ကပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် ကုန်ဆုံး၏။
“ကျုပ်အထင်အရဆိုရင် လက်ရွေးစင်နဲ့ ဂိုဏ်းရဲ့ကျင့်ကြံသူတွေအားလုံးကို စေလွှတ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်” ပုန်းကွယ်အင်မော်တယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်က ပြောလိုက်သည်။
“ကျုပ်တို့ဆီမှာ သင့်တော်တဲ့ အကြောင်းပြချက် ရှိဖို့လိုအပ်တယ်။ အင်း... ဒါမှ လောကကြီးက ကျုပ်တို့ကို အပြစ်တင်လို့မရမှာ”
အတိတ်တုန်းက သူတို့သည် နတ်ဆိုးကလန်ကြီး တစ်ခုလုံးကို ဖျက်ဆီးခဲ့၏။ ထိုအကြောင်းအရာသည် အားလုံး သောသူများ လက်ခံနိုင်သည့် အကြောင်းအရာပင်ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းသည် အထက်နယ်မြေကို ရောက်ရှိလာ ပြီးသည့်နောက် ဘာတစ်ခုမှ ဆိုးရွားသည့်အရာများကို မပြုလုပ်ချေ။ ထို့ကြောင့် သူတို့အနေနှင့် သွားရောက်ကာ တိုက်ခိုက်ဖြေရှင်းလိုက်မည်ဆိုလျှင် တစ်လောကလုံးက ဘာထင်ကြမည်နည်း။
မှန်ပေ၏။ သူတို့အနေနှင့် စည်းမျဉ်းများကို လိုက်နာရန် လိုအပ်နေ၏။ မိစ္ဆာဂိုဏ်းများဆိုလျှင် သူတို့သည် စည်းမျဉ်း စည်းကမ်းများကို လိုက်နာနေရန် မလိုအပ်ပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆိုလျှင်တော့ စဉ်းစားရန် လိုအပ်နေသေး၏။
“ကျွင်းချောင်ရှောင်းက တော်တော်ကြီးကို မောက်မာတယ်။ ကြည့်ရတာ တခြားဂိုဏ်းတွေနဲ့လည်း ပဋိပက္ခတွေ ရှိမှာပဲ” ထူးခြားအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် မျက်စိမှိတ်ပြကာ ပြောလိုက်သည်။
အားလုံးသော သူတို့သည် ချက်ချင်းပဲ နားလည်သွားခဲ့ကြ၏။
..............
ဆန်းကြယ်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် လင်းရှန်းယီသည် စာကြည့်ခန်းထဲတွင် ရှေ့နောက်လျှောက်လျက ်ရှိသည်။
သူ၏ဘေးနားတွင် ရှိနေသော အကြီးအကဲများ အမူအရာကလည်း လေးနက်လို့နေသည်။
“အားလုံးပဲ”
ခဏလောက် ကြာပြီးသည့်နောက် သူသည် ရပ်တန့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့ ဘာလုပ် ကြမလဲ”
“အင်မော်တယ်ဂိုဏ်းတွေက အမိန့်ပေးပြီဆိုမှတော့ ငြင်းလို့ ဘယ်ရပါ့မလဲ။ ကျုပ်တို့လိုက်နာဖို့ပဲ ရှိတော့တယ်”
“အင်း”
လင်းရှန်းယီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဘာလို့ ကျုပ်ကို ဆန်းကြယ်ကောင်းကင်ဂိုဏ်းကိုမှ ဒီလောက်ခက်ခဲတဲ့ တာဝန်ပေးရတာလဲ”
ယခုအင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် အထူးသဝဏ်လွှာ ကိုပေးပို့ခဲ့၏။ ပါဝင်သည့်အကြောင်းအရာသည် ပြိုင်စံရှားဂိုဏ်းနှင့် ပဋိပက္ခဖြစ်စေမည့် နည်းလမ်းတစ်ခုကို ရှာဖွေရန်ပင် ဖြစ်၏။ ကိစ္စကြီးမားလေ၊ ကောင်းလေဖြစ်သည်။
မူလအားဖြင့် ဆန်းကြယ်အင်မော်တယ်ဂိုဏ်းသည် ကျွင်းချောင်ရှောင်းအကြောင်းကို ကြားဖူးခဲ့ပြီး ၎င်း၏ ဆရာ သည် စီနီယာတုံးကုဖြစ်ကြောင်းကို သိရှိ၏။ အတိတ်တုန်းကသာဆိုလျှင် သူတို့သည် ကျိန်းသေပေါက် ရန်ပြုရဲလိမ့် မည်မဟုတ်ချေ။ သို့ပေမဲ့ အထက်ဆီမှ အမိန့်ရရှိလာပြီဖြစ်သောကြောင့် ကျိန်းသေပေါက် လိုက်နာရပေလိမ့်မည်။ ဘဝသည် ဆိုးရွားလှချေ၏။
..............
ပြိုင်စံရှားဂိုဏ်း
ဖြောက် ဖြောက် ဖြောက်
ညီညာလှသည့် လူတန်းကြီးနှင့်အတူ တပည့်များသည် ကျွမ်းကျင်စွာဖြင့် လေ့ကျင့်လျက်ရှိသည်။ တည်နေရာကြီး တစ်ခုလုံးတွင် စက်ရုပ်အစိတ်အပိုင်းများ တည်ရှိနေ၏။ ထိုအရာများကို ဖြုတ်လိုက်၊ တပ်လိုက်နှင့် ကျွမ်းကျင်စွာ ပြုလုပ်နေသည်မှာ ထိုတပည့်များပင်။
ဝေါ့
မြောင်ရှုန်းနန်သည် သွေးပင် အန်ထွက်လျက်ရှိ၏။ ပြီးနောက် မြေပေါ်သို့ လဲကျကာ သတိလစ် လဲကျသွားသည်။
“မြန်မြန်၊ မြန်မြန်”
စွန်းပုကုံးသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “သူ့ကို အထူးကုသဆောင်ဆီကိုပို့”
ဆွစ် ..........
တခြားသောဆေးဟောခန်းမှ အဖွဲ့ဝင်များသည် လျင်လျင်မြန်မြန်ဖြင့် ရောက်ရှိလာပြီး လူနာအား ထမ်းစင်ပေါ်သို့ တင်၏။ ဆေးအဖွဲ့သားများအားလုံးသည် ချက်ချင်းပဲ ပါးစပ်လေမှုတ်ခြင်းအပြုကို ပြုလုပ်ကြ၏။ မေ့မျောနေလျက် ရှိသည့် မြောင်ရှုန်းနန်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ကျုပ်... ကျုပ် လုပ်နိုင်သေးတယ်”
“စီနီယာအစ်ကို”
အပြင်စည်းတပည့်တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းလျှောက်လာပြီး သူ၏လက်များကို လှမ်းဆွဲလိုက်၏။ “အဲကိစ္စကို ကျုပ်တာဝန်ထားလိုက်ပါ”
ပြောပြီးသည့်နောက် သူသည် အလုပ်ဝတ်စုံကို ဝတ်ဆင်ပြီး စက်ရုပ်များ၏ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။
တူညီသည့်မြင်ကွင်းမျိုးသည် ထိုကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာသည်။ တပည့်တစ်ယောက် လဲကျသွားလျှင် တခြားသော တပည့်များသည် ထိုနေရာကို အစားထိုးဝင်ရောက်ရန် အဆင်သင့်ဖြစ်နေ၏။
“ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ စိတ်ဓာတ်အင်အားပဲ”
အလုပ်ရုံ၏အရှေ့တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် လက်သီးကိုမြှောက်ကာဖြင့် ပြောလိုက်သည်။ “ထာဝရ၊ ထာဝရ၊ ထာဝရ”
တပည့်များအားလုံးသည် ကြက်သွေးထိုးထည့်ခံထားလိုက်ရသလိုပင် တိုက်ချင်ခိုက်ချင်စိတ်များနှင့် ပြည့်နှက် သွား၏။ ၎င်းတို့သည် ပြင်းပြင်းထန်ထန်နှင့် ပိုမိုကာ အလုပ်လုပ်လာကြ၏။
ပန်းပဲခန်းမဆောင်သည် ပိုမိုကာ အလုပ်များ လျက်ရှိသည်။ အစီအရင်ဟောခန်းဆောင်သည်လည်း ထိုနည်းလည်းကောင်းပင်။ စက်ရုပ်အစိတ်အပိုင်းများကို ပေးပို့ပြီးသည့်နောက် အဖွဲ့ဝင်များသည် အစီအရင်များကို ရေးဆွဲကြ၏။ လဝက်အတွင်း မှာပဲ ကျွဲရိုင်းစက်ရုပ် တစ်ရာကျော်တို့ကို ဖန်တီးတည်ဆောက်ပြီး ဖြစ်သည်။
ဖူး....
တတိယမျိုးဆက် ကျွဲရိုင်းစက်ရုပ်ထဲတွင် ထိုင်ချပြီးသည့်နောက် ကျင်းကျီသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူမ၏ လက်များသည် အသက်သွင်းသည့် အစီအရင်ပေါ်သို့ တင်ကာဖြင့် အသက်သွင်းလိုက်တော့သည်။
“စွမ်းအင်အဆင့် - သာမန်
အကာအကွယ်အဆင့် - သာမန်
တိုက်ခိုက်မှုအဆင့် - သာမန်”
စောင့်ကြည့်ရေးအခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျုံးရီက အမိန့်ပေးလိုက်သည်။ “စမယ်”
“ကောင်းပါပြီ”
ဆွစ် ဆွစ် ဆွစ်
ကျင်းကျီသည် သူမ၏လက်ချောင်းများကို လှုပ်ရှားကာဖြင့် အစီအရင်ကို အသက်သွင်း၏။ အတွင်းပိုင်းစနစ်များ အားလုံးကို အသက်သွင်းပြီးသည့်နောက် တတိယမျိုးဆက် ကျွဲရိုင်းသည် အတောင်ပံများကို ဖြန့်ကားကာဖြင့် အမြန်ဆုံးနှုန်းဖြင့် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
“ငါတို့လုပ်နိုင်ပြီ၊ ငါတို့ လုပ်နိုင်ခဲ့ပြီပဲ”
အစီအရင်ဟောခန်း၏ အပြင်ဘက်မှာတော့ စက်ရုပ်ကို သုတေသန ပြုလုပ် နေသည့်အဖွဲ့ဝင်များ အားလုံးတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ ရေတွက်လို့မရအောင် များပြားသော နေ့နေ့ညည သုံးသပ်လေ့လာမှုများ၏ အောက်မှာတော့ နောက်ဆုံးတွင် ဆုလာဘ်ကို သူတို့ ရရှိခဲ့သည်။
ထိုက်ရွှမ်အဘိုးအိုသည် ဦးခေါင်းကို ငုံ့ပြီးသည့်နောက် မျက်လုံးထောင့်တွင်ရှိသော မျက်ရည်များကို အသာ သုတ်လိုက်သည်။ သူက တီးတိုးပြောလိုက်၏။ “ဒီလေကလည်း ကြမ်းလိုက်တာကွာ”