အခန်း ၁၆၄၅
Vol. 111 Ch. 1645
အပိုင်း(၁၆၄၅)
ရီရှင်းချန်သည် ခန္ဓာကိုယ်ပြောင်းလဲခဲ့သည်ဆိုသော်လည်း သူ၏ ဝိညာဉ်သိစိတ်မှာတော့ ကျွင်းချောင်ရှောင်း၏ လွှမ်းမိုးမှုကို ခံနေရ၏။ ထို့ကြောင့်ပင်လျှင် တစ်ခြားသောသူများမှ ငွေညှစ်ရန်ပညာကိုတော့ ကောင်းကောင်းမွန်မွန် တတ်မြောက်နိုင်ခဲ့၏။
“အင်း”
မူလလမ်းစဉ်အတိုင်း ပြန်လည်ရောက်ရှိရန် အလွန်ပင်ခက်ခဲလှပေလိမ့်မည်။ သို့ပေမဲ့ ဤတိုက်ပွဲကို ကြည့်ရှုရမည် ဆိုလျှင် ရီရှင်းချန်သည် အစစ်အမှန်ရှာဖွေခြင်းအဆင့် အားအင်ကို ပိုင်ဆိုင်ကြောင်း သိသာထင်ရှားလှ၏။ သူသည် လေးယောက်တစ်ယောက် တိုက်ခိုက်သည့်အချိန်တွင် အောက်စည်းမှ မရောက်ခဲ့ပေ။
တခြားသောစွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုလိုက်သည့်အချိန်မှာတော့ အားလုံးသောသူများကို ဖိနှိပ်တိုက်ခိုက်နိုင်ခဲ့၏။
ဆွစ် ဆွစ် ……..။
ရီရှင်းချန်သည် ဒဏ်ရာရရှိထားသော ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ လေးယောက် တို့ကို ဖမ်းဆီးကာဖြင့် တားမြစ်တည်နေရာထဲမှ ထွက်ခွာသွား၏။ သို့ပေမဲ့ သူသည် လမ်းတစ်ဝက်မှာပဲ ရပ်တန့်လိုက် ၏။ သူသည် အဝေးတစ်နေရာတွင် ရှိနေသော တောင်တန်းကြီးကို လှမ်းမျှော်ကြည့်ရှုကာဖြင့် မျက်နှာတစ်ခုလုံးသည် သုန်မှုန်သွားခဲ့၏။
“စီနီယာအစ်ကိုရီ … ဘာဖြစ်လို့လဲ။” လျှိုပိုင်ဝမ်က မေးလိုက်၏။
“ဘာမှမဟုတ်ပါဘူး။”
ရီရှင်းချန်သည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာဖြင့် ပြောလိုက်သည်။ “ပြန်ကြစို့။”
ရီရှင်းချန် သူ၏ ရောင်းရင်းဂိုဏ်းသားများနှင့် ထွက်ခွာသွားသည့်အချိန်မှာတော့ အဝေးတစ်နေရာရှိ တိမ်များထဲမှ ကြည့်ကောင်းလွန်းလှသော ပုံရိပ်တစ်ခု ဖြစ်တည်လာ၏။ သူမက တီးတိုးပြောလိုက်၏။ “သူ တကယ်ပဲ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီလား။ ပြီးတော့ သူ့ဆီမှာ အားအင်တူညီတဲ့ ပရိညာဉ်သားရဲတစ်ကောင်ကလည်း တည်ရှိနေသေးတာပဲ။”
ဤသူသည် ဧကရီလင်းရောင်ပင် ဖြစ်တော့၏။ ဤအမျိုးသမီးသည် နယ်မြေဟောခန်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် ပြုလုပ်ချင်နေမိ၏။ လက်ရှိအခြေအနေမှာတော့ သူထင်မှတ်ထားသည့်အတိုင်းပင် နယ်မြေဟောခန်း သည် ရစရာမရှိအောင်ပင် ဂုဏ်သိက္ခာများကျဆင်းခဲ့၏။ ထိုကဲ့သို့သောအရာသည် ကျွင်းချောင်ရှောင်းပြုလုပ်ခဲ့သည့် အရာပင် ဖြစ်၏။
“တပည့်”
ကြီးမြတ်သူချင်းဝေသည် ရုတ်တရက်ပေါ်ပေါက်လာကာ ပြောလိုက်သည်။ “မင်းရဲ့ အချိန်တွေကို ဖြုန်းတီးမနေနဲ့တော့။ ဆရာ့နောက်ကို လိုက်ပြီး လေ့ပြီးကျင့်တော့။ မဟုတ်ရင်တော့ မင်းအနေနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”
ဧကရီလင်းရောင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျွန်မရဲ့ ပြိုင်ဘက်က ကျွင်းချောင်ရှောင်း မဟုတ်ဘူး။ အဲဒီ ရီရှင်းချန်ပဲ။”
ကြီးမြတ်သူ ချင်းဝေ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လာခဲ့၏။ သူမသည် သူမ၏ တပည့်ကို ကြီးမြတ်သူ တုံးကု၊ ကြီးမြတ်သူ ကုဟုန်တို့၏အကြား တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းခဲ့၏။ သို့ပေမဲ့ သူမ မသိရှိသည်မှာ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ကို တိုက်ခိုက်စေချင်ခြင်းပင်။
ဧကရီလင်းရောင်မှာတော့ အခြေအနေတစ်ခုလုံးကို ကောင်းကောင်း သုံးသပ်နိုင်စွမ်းရှိ၏။ ရီရှင်းချန်နှင့် သူမတို့ အကြားတွင် ရှိနေသော ရန်ငြိုးကို အပြီးသတ်နိုင်ရန်အတွက် ပြိုင်စံရှားဂိုဏ်းသည် သူမနှင့်ရီရှင်းချန်ကို တိုက်ခိုက်ခိုင်း ပေလိမ့်မည်။ မှန်ပေ၏။ ထိုအရာသည် ကုန်းရှန့်တွေးတောထားသည့်အရာပင်ဖြစ်သည်။
…
ပြိုင်စံရှားဂိုဏ်း
ရီရှင်းချန်ပြန်ရောက်ပြီးသည့်နောက် သူသည် တောင်၏ထိပ်တွင် တစ်ယောက်တည်း ထိုင်လျက်ရှိ၏။ သူ့အနေနှင့် အစောပိုင်းတုန်းက တောနက်ထဲတွင် ဧကရီလင်းရောင်ကို မမြင်ခဲ့ရသော်လည်း သူမ၏ အော်ရာများကို အာရုံခံမိ၏။
“ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းမှ ကျွမ်းကျင်သူတွေနဲ့ ငါတိုက်ခိုက်တဲ့အချိန်မှာ ဒီအမျိုးသမီးက အမှောင်ထဲကနေ ချောင်းကြည့်နေတာပဲ။ ဒီတော့ တစ်ချိန်တုန်းက ပုရွက်ဆိတ်လေးတစ်ကောင်လို ထင်မှတ်ခဲ့တဲ့ ငါက အခု အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ ဘယ်လိုခံစားရလိမ့်မလဲ။”
ရီရှင်းချန်သည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်မိ၏။ သူသည် ဟန်ထုတ်ကြွားဝါနေခြင်းမဟုတ်ပေ။ အမှန်တိုင်းပင် သူ၏ နှလုံးသားထဲတွင်ရှိနေသော အမုန်းတရားများသည် ပိုမိုကာ များပြားလာခဲ့၏။ သူသည် လက်စားချေရန် မစောင့်မျှော်ချင်တော့ပေ။
“ဒီကိစ္စတွေ ပြီးသွားမှပဲ။”
ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ “ငါတို့ရဲ့ ရန်ငြိုးက အဆုံးသတ်သွားလိမ့်မယ်။”
…
အဆုံးအစမဲ့သော မြက်ခင်းပြင်ကြီးထဲမှာတော့ ဧကရီလင်းရောင်သည် ထူးဆန်းလှသည့် ကျောက်တုံးများနှင့် ပြည့်နှက်လျက်ရှိနေသည့် တည်နေရာတွင် မတ်မတ်ရပ်နေသည်။
“တပည့်”
ကြီးမြတ်သူချင်းဝေက လေးလေးနက်နက်ပြောလိုက်၏။ “မင်းအနေနဲ့ ဒီထဲကို ဝင်သွားပြီဆိုရင် သေခြင်း၊ ရှင်ခြင်းက ခန့်မှန်းလို့မရနိုင်ဘူးနော်။ အထဲကို ဝင်ချင်တာ သေချာရဲ့လား။”
“……..”
ဧကရီလင်းရောင်သည် ခဏလောက်တိတ်ဆိတ်သွားပြီးသည့်နောက် တီးတိုးရေရွတ်လိုက်သည်။ “ဆရာက ကျွန်မကို သေစေချင်တာမဟုတ်ဘူးလေ။ ဒီတော့ ကျိန်းသေပေါက် သေမှာမဟုတ်ပါဘူး။”
ပြောပြီးသည့်နောက် သူမသည် တစ်ချက်ကလေးမှ နောက်သို့ လှည့်မကြည့်ဘဲ တားမြစ်နယ်မြေထဲသို့ ဝင်ရောက် သွား၏။
ဒွီ …။
ထူးဆန်းသည့်အလင်းများ ဖြစ်တည်သွားပြီး လှောင်အိမ်ကြီးတစ်ခုဖြစ်တည်လာ၏။ ကြီးမြတ်သူ ချင်းဝေသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“ဆရာတစ်ယောက်အနေနဲ့ ငါ့တပည့် ဘာတွေတွေးနေတယ်ဆိုတာတောင် ငါ ကောင်းကောင်းမခန့်မှန်းနိုင်ပါလား။”
….
ဒဏ်ရာရထားသော စွမ်းအားမြင့်ကျင့်ကြံသူ ၄ ယောက်တို့အား ပြိုင်စံရှားဂိုဏ်းထဲတွင် ချုပ်နှောင်ထားခဲ့၏။ ၎င်းတို့သည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ လာရောက်ရွေးရန် စောင့်မျှော်နေကြ၏။ ကျွင်းချောင်ရှောင်း သည် ၎င်းတို့အား ထျန်းယွမ်အကျဉ်းထောင်ထဲသို့ မစေလွှတ်ခဲ့ချေ။ သက်တောင့်သက်သာသာ ထားရှိထား၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား အလုံးစုံသော အခွင့်အာဏာကို ပေးအပ်ခဲ့ပြီးသားဖြစ်၏။ သူ၏ တပည့်များကို တစ်ခြားသော ကျင့်ကြံသူများနှင့် ပဋိပက္ခဖြစ်ပွားသည့်အခါမျိုးတွင် ထိုကဲ့သို့ ပြုလုပ်ရန် သင်ကြားထားစရာ မလိုအပ်ချေ။ တပည့်များသည် ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိနေ၏။
ယခုဆိုလျှင် ရီရှင်းချန်သည် အနိုင်ရရှိရုံသာမက ပိုက်ဆံရရှိရန် တစ်ဖက်လူများကိုပင် ဖမ်းဆီးခေါ်ဆောင်လာခဲ့သေး၏။ သို့ပေမဲ့ သူ မသိရှိသည်မှာ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းသည် အကြီးအကဲများ ဖမ်းဆီးခံလိုက်ရခြင်းအချိန်၌ အားရပါးရနှင့် အောင်ပွဲခံလျက်ရှိနေကြခြင်းပင်။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် ပြိုင်စံရှားဂိုဏ်းအား ပြဿနာသွားရှာရန် သူတို့ကို စေလွှတ်ခဲ့၏။ ထို့ကြောင့် ပြဿနာသည် ကြီးလေကောင်းလေ ဖြစ်၏။ ယခု ပြန်ပေးဆွဲသည့်အလုပ်ကို ပြုလုပ်ခဲ့သည်ဆိုမှတော့ ဤပြဿနာသည် ပိုမိုကာ လေးနက်သွားခဲ့သည် မဟုတ်ပါလား။
“မြန်မြန်။”
လင်းရှန်ယီ က ပြောလိုက်သည်။ “အင်မော်တယ်ဂိုဏ်းတွေကို သတင်းပေးလိုက်တော့။”
နေ့ဝက်အတွင်းမှာပဲ သတင်းသည် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီသို့ ရောက်ရှိသွား၏။ လင်းဟောင်ရန်သည် ထိုသတင်းကို သိရှိပြီးသည့်နောက် ပြန်ပြောလိုက်၏။
“တစ်ယောက်ယောက်ကို လွှတ်လိုက်။ ဒါပေမဲ့ လုံးဝ ပြန်မရွေးနဲ။”
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းနှစ်ခုကြား ပဋိပက္ခသည် အကြီးမားဆုံး အခြေအနေဆီသို့ မရောက်ရှိသေးချေ။ ထို့ကြောင့် ပြဿနာကို ထပ်မံကာ မီးထွန်းရပေလိမ့်မည်။ ထိုမှသာလျှင် တစ်လောကလုံးက သိရှိပြီး သူတို့ရဲ့ လုပ်ရပ်မှန်ကန်သည်ဟု သုံးသပ်ကြမှာ မဟုတ်ပါလား။
ညွှန်ကြားချက်ကို ရရှိပြီးသည့်နောက် လင်းရှန်းယီ၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်သွားခဲ့၏။ ဆန်းကြယ် ကောင်းကင်တာအိုဂိုဏ်းမှ အကြီးအကဲများအားလုံးသည် ငွေညှစ်ခြင်းကို ခံထားရ၏။ သွားရောက်ကာ ရွေးချယ်ခြင်း ကို မပြုလုပ်ပါက ကျွင်းချောင်ရှောင်းကို ဒေါသထွက်စေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ဂိုဏ်းသည်သာ ဆုံးရှုံးမှုဖြစ်မည် မဟုတ်ပါလား။
“အင်း” လင်းရှန်ယီ သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။
သူ့၌ ရွေးချယ်စရာသာ ရှိသည်ဆိုပါက ပြိုင်စံရှားဂိုဏ်းကို ကျိန်းသေပေါက် ပြဿနာရှာမိလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ယခု အင်မော်တယ်ဂိုဏ်းများမှ တိုက်ရိုက်စေခိုင်းမှုကို ရရှိထားသောကြောင့် ငြင်းပယ်၍လည်း မရနိုင်ချေ။ လိုက်နာရပေလိမ့်မည်။
“သွားကြစို့ ပြိုင်စံရှားဂိုဏ်းကို။ ငါ့နောက်လိုက်ခဲ့။”
“ဂိုဏ်းချုပ်”
စာကြည့်ခန်းထဲမှာတော့ ရီရှင်းချန်သည် မနေ့က ဖြစ်သွားခဲ့သည့်ကိစ္စရပ်များကို အသေးစိတ်ပြန်လည်ကာ သတင်း ပေးပို့၏။ ပြီးတော့ သူသည် ဇဝေဇဝါနှင့် ပြောလိုက်၏။ “ကျုပ်ရဲ့ အထင်အရဆိုရင် ဒီကိစ္စမှာ တစ်ခုခု လွဲမှားနေသလိုပဲ။”
“ဟမ်”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘာတွေလွဲမှားနေတာလဲ။”
ရီရှင်းချန်သည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “အထက်နယ်မြေမှာ ဂိုဏ်းချုပ်ရဲ့ ဆရာက ကြီးမြတ်သူတုံးကုလို့ မသိတဲ့သူ ဘယ်သူရှိလဲ။ ပြီးတော့ ဆန်းကြယ် ကောင်းကင်တာအိုဂိုဏ်းက ဘာလို့ မသိရတာလဲ။ ပြီးတော့ ကျုပ်တို့ဂိုဏ်းသားတွေရဲ့ ရင်ဘတ်ပေါ်မှာ ပြိုင်စံရှားဂိုဏ်း ဆိုပြီးတော့ ထင်ထင်ရှားရှားကြီး ရေးထားတာမဟုတ်လား။”
“ဒီတာအိုဂိုဏ်းက ပြိုင်စံရှားဂိုဏ်းကို အလေးအနက်မထားတာလည်း ဖြစ်နိုင်တယ်မဟုတ်လား။” ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ မေးမြန်းလိုက်သည်။
ရီရှင်းချန်က ပြောလိုက်၏။ “ဂိုဏ်းတစ်ခုရဲ့ တပည့်တွေအနေနဲ့ အပြင်ထွက်တဲ့အချိန်မှာ တစ်ခြားဂိုဏ်းတွေနဲ့ ပဋိပက္ခဖြစ်ပွားတယ်ဆိုတာ သာမန် ပဲလေ။ ဒါပေမဲ့ အချက်ပြလိုက်တာနဲ့ တစ်ပြိုင်နက် အစစ်အမှန်ရှာဖွေခြင်း ကျင့်ကြံသူ ၄ ယောက်တို့ ရောက်ရှိလာခဲ့တာက ဘာသဘောလဲ။”
“အမှန်ပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ နည်းနည်းထူးဆန်းနေတယ်။”
သူ၏ နားလည်မှုအရဆိုလျှင် လျှိုပိုင်ဝမ်နှင့် တစ်ခြားသောသူများ ဝင်ရောက်သွားသည့် တားမြစ်တည်နေရာသည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းနှင့် အလွန်ဝေးကွာသည့် တည်နေရာတွင် ရှိ၏။ အကူအညီတောင်းခံမှုကို ချက်ချင်း တုံ့ပြန်နိုင်သည်ဆိုလျှင်တောင်မှ အနည်းဆုံး အချိန် ၁ နာရီလောက်တော့ ယူသင့်သည်မဟုတ်ပါလား။
“ဒါမှမဟုတ်ရင်”
ရီရှင်းချန်က ပြောလိုက်၏။ “ဒီဂိုဏ်းသားတွေကို ကာကွယ်ဖို့အတွက် အစစ်အမှန်ရှာဖွေခြင်းအဆင့် အကြီးအကဲတွေက အမှောင်ထဲကနေ တောက်လျောက်လိုက်နေတာလား”
“မဖြစ်နိုင်ဘူး။”
ကျွင်းချောင်ရှောင်းက ငြင်းပယ်လိုက်သည်။ “ဘာမှမလုပ်ဘဲ အားယားနေတဲ့လူတွေမှ မဟုတ်တာ။”
အတိတ်တုန်းက တပည့်များ အပြင်ဘက်ထွက်၍ တာဝန်များပြုလုပ်ချိန်တွင် ကုကျောင်းရှစ်ကို လိုက်ပါ ကာကွယ်ခိုင်းခဲ့၏။ ထိုအရာသည် ဘာမှလုပ်စရာမရှိဘဲ ပျင်းရိနေသောကြောင့်ပင်ဖြစ်၏။
တာအိုအဆင့် ဂိုဏ်းတစ်ခုအနေနှင့် တပည့်ပေါင်းသိန်းကျော် တည်ရှိနေမှာ သေချာ၏။ အကြီးအကဲများကို စေလွှတ်၍ ၂၄ နာရီလောက် ကာကွယ်ပေးထားရန်ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။
“ပြောနေစရာမလိုတော့ဘူး။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်မိ၏။ “ဒါတော်တော်ထူးဆန်းနေတယ်။”
ဤအရာနှင့်ပတ်သက်၍ မကောင်းသည့်အခြေအနေတစ်ခု မတည်ရှိဘူးဆိုသည်ကို ကျွင်းချောင်ရှောင်းက မယုံကြည် နိုင်ပေ။
“လျှိုပိုင်ဝမ်တို့ကို မေးရအောင်။”
“ကောင်းပါပြီ။”
မကြာခင်မှာပဲ လျှိုပိုင်ဝမ်က လျှောက်ဝင်လာခဲ့၏။ အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သည်နှင့်အညီ ၎င်းသည် အဓိကတောင်ထွတ်ပေါ်တွင် ဂိုဏ်းချုပ်ကို မြင်လေ့မြင်ထရှိသည်ဆိုသော်လည်း ဤကဲ့သို့ အနီးကပ်စကားပြောဆိုခြင်း ကို မပြုလုပ်ဖူးချေ။
“ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းနဲ့ ဖြစ်တဲ့ ပဋိပက္ခအကျဉ်းချုပ်ကို ပြောပြ။”
“ကောင်းပါပြီ။”
လျှိုပိုင်ဝမ်သည် အလောတကြီးဖြင့် အကျဉ်းချုပ်ကာ ပြောဆိုခဲ့၏။ “ဂိုဏ်းတူရောင်းရင်းတွေနဲ့အတူ တားမြစ်တည်နေရာထဲကို ဝင်တဲ့အချိန်မှာ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများရှိတဲ့ တည်နေရာကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က အဲဒါတွေကို သိမ်းဆည်းနေတဲ့အချိန်မှာ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းက လူတွေက ထွက်လာပြီးတော့ သူတို့ရှာတွေ့ခဲ့တာလို့ ပြောတယ်။ မြန်မြန်ဆန်ဆန် ပြန်ပေးကြဖို့လည်း တောင်းဆိုကြတယ်။ ပြီးတော့ စပြီး တိုက်ခိုက်ကြတာပဲ။”
“ဒီလောက်ပဲလား။”
“ဒါပါပဲ။”