အခန်း ၁၆၄၆
Vol. 111 Ch. 1646
အပိုင်း (၁၆၄၆)
လျှိုပိုင်ဝမ်သည် သူဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောကြားလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပဲ အတွေးနက်သွားမိသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အထက်နယ်မြေ၌ နေထိုင်ပြီးသည့်နောက် ထုတ်ပြန်ထားခြင်းမရှိသော ဥပဒေသများ ရှိကြောင်း နားလည်ပြီး ဖြစ်၏။ ထိုကဲ့သို့သော စည်းမျဉ်းများကို တာအိုအဆင့် ဂိုဏ်းတစ်ခု က အဘယ့်ကြောင့် မသိရှိဘဲ နေမည်နည်း။
ထို့အပြင် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆိုသည်မှာ တန်ဖိုးကြီးမားလှသည် မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းနှင့် ပြဿနာတက်ရုံတင်မက တိုက်ခိုက်ခြင်းကိုပါ ပြုလုပ်ခဲ့သည်။ အံ့အားသင့်စရာ ကောင်းလွန်းနေသည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏ “ကျုပ်အထင်အရဆိုရင် သူတို့က ပြိုင်စံရှားဂိုဏ်းကို သပ်သပ် ပြဿနာ ရှာတာပဲ”
နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ရယူပြီးသည့်နောက် သူ၏ ဆက်စပ်စဉ်းစားမှုများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
“ငါ့ဆရာက ကြီးမြတ်သူ တုံးကုပဲ။ ဆန်းကြယ်ကောင်းကင် တာအိုဂိုဏ်းက ဒါကို မသိဘဲမနေဘူး။ သူတို့က တားမြစ်တည်နေရာထဲ လာတာ သပ်သပ် ပြဿနာရှာဖို့ပဲ။ နောက်ကွယ်ကနေ တစ်စုံတစ်ယောက် က ထောက်ပံ့ပေးထားတာ ဖြစ်ရမယ်” ကျွင်းချောင်ရှောင်းက ခန့်မှန်းလိုက်မိ၏။
ယခင် တာအိုအဆင့်မိုင်းတွင်း ပေါ်ပေါက်လာစဉ်က ဂိုဏ်းအသီးသီး တို့ ရောက်ရှိလာခဲ့ပြီး ထိုသူတို့ထဲတွင် တာအိုအဆင့် ဂိုဏ်းများလည်း ပါဝင်ခဲ့ကြသည်။ လင်းထျန်အင်မော်တယ်ဂိုဏ်းကို အနိုင်ယူပြီးနောက် အားလုံးသော သူတို့သည် လိမ်လိမ်မာမာ နှင့် ပြန်သွားခဲ့ကြသည်။ ဆန်းကြယ် ကောင်းကင်ဂိုဏ်းသည် ခေါင်းကို မြည်းကန်ခံလိုက်ရသောကြောင့် ပြဿနာ လာရှာရသည်လား။
“ဂိုဏ်းချုပ်”
လီလိုရှုသည် လျှောက်ဝင်လာပြီး ပြောလိုက်သည် “ကျွန်မ သေချာစုံစမ်းပြီးပြီ”
“ပြော”
“ဆန်းကြယ်ကောင်းကင်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းလောက်ကတည်းက တည်ထောင်ခဲ့တာပဲ။ တာအိုအဆင့်ဂိုဏ်းအဖြစ် လှမ်းတက်နိုင်တဲ့ခရီးလမ်းမှာ သူတို့က လင်းထျန်အင်မော်တယ်ဂိုဏ်း ကို အမှီအခိုပြုခဲ့ရတယ်”
“သြော်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် ဖြစ်သွားကြသည်။
လီလိုရှုက ဆက်ပြောလိုက်၏ “ဆန်းကြယ်ကောင်းကင်ဂိုဏ်းက လက်ရွေးစင်တပည့်တွေကို လင်းထျန်အင်မော်တယ်ဂိုဏ်းဆီ စေလွှတ်တတ်တယ်။ ဆယ်နှစ်တစ်ခါပေါ့။ အများအမြင်မှာ မဟာမိတ်တွေပေါ့။ ဒါပေမဲ့ သခင် နဲ့ နောက်လိုက်ပါပဲ”
“အောက်ဆွဲလေးတွေပေါ့”
“အဲလိုတွေးလို့လည်း ရတယ်”
ရီရှင်းချန် က ပြောလိုက်သည် “ဆန်းကြယ်ကောင်းကင်ဂိုဏ်း က ပြိုင်စံရှားဂိုဏ်း ကို မကြောက်လန့်တာ နောက်ကွယ်မှာ လင်းထျန်အင်မော်တယ်ဂိုဏ်းတည်ရှိနေလို့ပဲ”
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်း သည် မေးထောက်ကာ ပြောလိုက်၏ “အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက မွန်းစတားကလန် နှစ်ခုရဲ့ ဘိုးဘွားမြေကို စည်းခတ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့က တလောကလုံးကို ဘယ်လို ရှင်းပြမလဲ”
“နားလည်ပြီ”
ရီရှင်းချန်သည် သဘောပေါက်သွားသည် “အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း လှုပ်ရှားနိုင်ဖို့ ဆန်းကြယ်ကောင်းကင် တာအိုဂိုဏ်းက လမ်းကြောင်းခင်းပေးတာပေါ့။ မဆိုးဘူး”
“ဟမ့်”
ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏ “အမှိုက်တွေကိုပဲ ဒီလို လှည့်စားလို့ရမယ်”
သူသည် ဧကရီလင်းရောင်၏ နောက်ကျောကို ဓားနှင့် ထိုးခြင်းကို တစ်ခါခံဖူးသည်မို့ နောက်ကွယ်မှ အကြံအစည်များ ထုတ်တတ်သူများကို ကြည့်မရချေ။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသံပို့လွှတ်လိုက်သည် “ဆန်းကြယ်ကောင်းကင် တာအိုဂိုဏ်းချုပ် က လာတွေ့ပါတယ်”
“ဒီလောက်မြန်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်၏ “သူတို့ ဘယ်လိုဇာတ်လမ်းမျိုးခင်းမလဲ သိချင်စမ်းမိတယ်”
.....
“ဟူး .....”
“ဟူး .... ဟူး ....”
ကောင်းကင်ယံထက်၌ ဆန်းကြယ်ကောင်းကင်ဂိုဏ်းမှ အကြီးအကဲ ဆယ်ယောက်တို့သည် မတ်မတ်ရပ်လျှက်ရှိပြီး ရန်လိုသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျှက်ရှိသည်။
သူတို့သည် လူလာရွေးသည်နှင့် မတူချေ။ ပြဿနာလာရှာခြင်းနှင့်သာ ဆင်တူနေ၏။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ အဓိက တံခါးပွင့်သွားပြီး အကြီးအကဲဟုန် နှင့် တခြားသော အကြီးအကဲ သုံးယောက်တို့သည် ကြိုးချည်ခံထားရလျက်ဖြင့် ထွက်လာကြောင်း မြင်ရချိန်မှာတော့ ၎င်းတို့အားလုံး၏ အော်ရာများသည် လျော့ကျသွားသည်။
အစစ်အမှန်ရှာဖွေခြင်း အဆင့်နိမ့်ဆိုသည်မှာ တာအိုအဆင့်ဂိုဏ်းတစ်ခုတွင်တောင်မှ ထောက်တိုင် ကျင့်ကြံသူဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပွားသွားလျှင် သူတို့အတွက် ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှ၏။
“ဆွစ်”
ကျွင်းချောင်ရှောင်း သည် တောင်၏ ဂိတ်တံခါးထိပ်ဆီသို့ ပျံသန်းသွားလိုက်သည်။ ပြီးနောက် လက်သီးကို ဆုပ်ကာဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည် “ခင်ဗျားကို ကြည့်ရတာ ဟိတ်ဟန် ကောင်းလွန်းတယ်။ ဂိုဏ်းချုပ်ဖြစ်မယ်ထင်တယ်”
“အမှန်ပဲ”
လင်းရှန်းယီ ၏ လေသံသည် ခပ်တင်းတင်းပင်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ကျုပ် လေမဖြုန်းတော့ဘူး။ ခင်ဗျားတို့ ဂိုဏ်းသား လေးယောက် အတွက် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို ပေးပါ”
ရွှမ်အဆင့် သို့မဟုတ် အစစ်အမှန်အဆင့် ဂိုဏ်းတစ်ခုခု ဆိုပါက စျေးသည် နိမ့်ကျပေလိမ့်မည်။ သို့သော်ငြား တာအိုအဆင့် ဆိုသည်မှာ အင်မော်တယ်အဆင့်၏ အောက် ဒုတိယ နေရာတွင် ရှိသည် မဟုတ်ပါလား။ ကျိန်းသေပေါက် စျေးကောင်းကောင်း တောင်းရပေမည်။
ကုန်းရှန့်သည် အပြစ်ကင်းစင်သူများကို ငွေညှစ်မည် မဟုတ်ပေ။ သို့ပေမဲ့ ပြဿနာ တက်ပြီဆိုလျှင်လည်း နည်းနည်းလေးမှ ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။ အောက်နယ်မြေ၏ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ကဲ့သို့ပင် ထပ်တလဲလဲ ငွေညှစ်ခြင်းကို ပြုလုပ်ပေလိမ့်မည်။
ထို့အပြင် .....
တစ်ဖက်လူများသည် ပြဿနာအရင်ဆုံးစရှာသူများ ဖြစ်နေသည် မဟုတ်ပါလား။
“ကျွင်းချောင်ရှောင်း”
လင်းရှန်းယီ သည် အေးစက်စက် ကြည့်ကာ ပြောလိုက်သည် “ကျုပ်တို့ဂိုဏ်းကြား တပည့်တွေက နည်းနည်းလောက် စကားများကြရုံပဲ။ ဘယ်လိုလုပ် ရွမ်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို တောင်းရတာလဲ”
ကျွင်းချောင်ရှောင်းသည် အစောကတည်းက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ယခု တစ်ဖက်လူများ၏ လေသံကို နားထောင်လိုက်သည်နှင့် ခန့်မှန်းချက် မှန်ကန်ကြောင်း နားလည်သွားခဲ့၏။ ပြဿနာတက်ပါက ကျိန်းသေပေါက် အင်မော်တယ်ဂိုဏ်းများ ရောက်ရှိလာမှာပင်။
ကောင်းပြီ။ ကျုပ် ခင်ဗျားတို့ နဲ့ ပူးပေါင်းပေးမယ်။
“မများပါဘူး” ကျွင်းချောင်ရှောင်းသည် စိတ်တိုနေပုံပေါ်သည်။
“မင်း”
လင်းရှန်းယီ သည် သူ၏ ဒေါသများကို ဖိနှိပ်ကာဖြင့် လေသံပျော့လေးနှင့် ပြောလိုက်၏ “ကျုပ်ဂိုဏ်းက အရင်မှားတာပါ။ ဒီတော့ ကျုပ်တို့ကပဲ အရင် တောင်းပန်ပါတယ်။ ကျုပ်ဂိုဏ်းရဲ့ အကြီးအကဲ လေးယောက်ကို လွှတ်ပေးပါ”
လာရောက်ဟန်ထုတ်သည် ဆိုလျှင်ပင် ပြစ်ချက်ကင်းအောင်ပြုလုပ်ဖို့ လိုအပ်နေသေးသည်။ အတင်းကြီး သိသာအောင်ပြုလုပ်၍ မဖြစ်ချေ။
သို့ပေမဲ့ ကုန်းရှန့်သည် ဉီးနှောက်မကောင်းဘူးဆိုလျှင်တောင်မှ တစ်ဖက်လူများမှာ ရည်ရွယ်ချက် နှင့် လာကြောင်း သိနေသည်။
“ကျုပ် သူတို့ကို လွှတ်ပေးမယ်”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “အရင်ဆုံး ပြန်ပေးငွေကို ပေးပါ”
တစ်ဖက်လူ မည်သို့ပင်ပြောပြော သူသည် တစ်ဖက်လူများ နှင့် ပူးပေါင်းပေးရမည်။ တစ်ဖက်လူများသည် အကြောင်းပြချက် လိုချင်နေကြသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် အကြောင်းပြချက်ကို ပေးရပေမည်။ နှစ်ဖက်လုံးက တင်းမာမှသာလျှင် လိုရင်းရောက်မည် မဟုတ်ပါလား။
ဟုတ်ပေသည်။
ကျွင်းချောင်ရှောင်းမှာ အတင်းကြီး သရုပ်ဆောင်နေစရာမလိုပေ။ ရုပ်ကိုက အစောကတည်းက ရိုက်ချင်စရာ ဖြစ်နေသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျွင်း”
လင်းရှန်းယီ သည် အေးစက်စက် ပြောလိုက်သည် “ခင်ဗျားရဲ့ ဆရာက အထက်နယ်မြေမှာ ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူပဲ။ ခင်ဗျားက ဒီလို ငွေညှစ်နေတာ စီနီယာတုံးကုကို အရှက်ခွဲ သလို ဖြစ်မနေဘူးလား”
“အားနာပါတယ်”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “ဆရာက လောကီကိစ္စတွေကို စိတ်မဝင်စားတော့ဘူး။ ဒီတော့ ရှက်တာမျိုးရှိမှာ မဟုတ်ဘူး”
“.........”
လင်းရှန်းယီ သည် မည်သို့ တုံ့ပြန်ရမည်မှန်းပင် မသိတော့ချေ။
“ကျုပ်ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။”
ကျွင်းချောင်ရှောင်းသည် တောင်၏ ဂိတ်တံခါးရှေ့သို့ ဆင်းသက်လိုက်သည်။ သူသည် အကြီးအကဲဟုန် ၏ ပုခုံးပေါ် လက်တင်လိုက်၏ “ခင်ဗျား ပူးပေါင်းလိုက်တာ ကောင်းမယ်။မဟုတ်ရင် ......”
ဂျွတ် ...။
အရိုးကျိုးသည့်အသံသည် ထွက်ပေါ်လာသည်။
အကြီးအကဲဟုန်၏ မျက်နှာသည် ရှုံတွသွား၏။ တစ်ဖက်လူသည် ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူ မထင်မှတ်မိခဲ့ ချေ။
“နာလား”
“အား......”
အကြီးအကဲဟုန်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
“ကျွင်းချောင်ရှောင်း”
လင်းရှန်းယီ သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် အကြီးအကဲဟုန်၏ အခြားတစ်ဖက်ဆီ သွားလိုက်ပြီး ကျန်ပုခုံးထက်ကို လက်တင်လိုက်ပြန်သည်။
“ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကို ကျုပ် စိတ်မဝင်စားဘူး။ ပြိုင်စံရှားဂိုဏ်းသား တစ်ယောက်ယောက်ကို ထိခိုက်စေတယ် ဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ထိုက်တန်စွာ ပြန်ပြီး ပေးဆပ်ရမယ်”
“ဂျွတ်”
“အား ...”
ပုခုံးရိုးနှစ်ခု ကျိုးပြီးသည့်နောက် အကြီးအကဲဟုန် ၏ မျက်နှာသည် အလုံးစုံ ပျက်ရွင်းသွားသည်။ သူ၏ လက်နှစ်ဖက်သည် တွဲလောင်းကျနေလေ၏။
တခြားသော အဖမ်းခံထားရသူများသည် နဖူးတွင် ဇောချွေးများပင် ပျံလာကြသည်။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းသည် ထိုသူများထဲမှ တစ်ယောက်၏ ရှေ့သို့ လျှောက်သွားပြီး ပြုံးလိုက်၏ “ခင်ဗျားရဲ့ ဂိုဏ်းချုပ်မပေးဘူး ဆိုရင် ခင်ဗျားအလှည့်ရောက်ပြီ။”
ဤအပြုံး ..... နတ်ဆိုးတစ်ပါးလိုပင်။
အကြီးအကဲလေးယောက်တို့သည် တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် လင်းရှန်းယီ ကို မော့ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်ကြသည် “ဂိုဏ်းချုပ် ...... မြန်မြန်လေး ပေးလိုက်ပါ။”
သူတို့၏ ကျင့်ကြံခြင်းအဆင့်များအား စည်းခတ်ထားလေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူတို့သည် သာမာန်လူများနှင့် မခြားပေ။
ဇွိ .....။
ရုတ်တရက် ဓားမြှောင်တစ်ချောင်းသည် အကြီးအကဲဟုန်၏ အဖော်များထဲမှ တစ်ယောက်၏ ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။
ဇွိ ....။
ဓားမြှောင်ကို ပြန်လည် ဆွဲထုတ်လိုက်ပြန်၏။
ကျွင်းချောင်ရှောင်းသည် ဓားမြှောင်ပေါ်ရှိ သွေးများကို ခါချရင်း ဒေါသထွက်နေသော လင်းရှန်းယီ အား ကြည့်လိုက်သည် “ခင်ဗျား မပေးရင် ဒီတစ်ခါ နှလုံးသားထဲကို ဝင်သွားမယ်”