အခန်း ၁၆၄၉
Vol. 111 Ch. 1649
အပိုင်း (၁၆၄၉)
ပြိုင်စံရှားဂိုဏ်း …
ကျွင်းချောင်ရှောင်းသည် ကြည့်မှန်၏ရှေ့တွင်မတ်မတ်ရပ်လျက်ရှိနေ၏။ သူသည် သူ၏အင်္ကျီကော်လံကို သပ်ရပ်အောင် ပြုလုပ်ပြီး ဆံပင်ကိုလည်း သေသေချာချာဖြင့် ဖြီးလိုက်၏။
အစောကြီးကတည်းက အရှေ့ပင်လယ်ရှိ ကလန်ကြီး နှစ်ခုသည် စည်းခတ်ခြင်းခံလိုက်ရပြီဆိုသောသတင်းကို ရရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် ကျိန်းသေပေါက် သူ့ဆီသို့ ရောက်ရှိလာပေလိမ့်မည်။ သူသည် အလွန်တရာ ဖျတ်လတ်သွက်လပ်သော ဟန်ပန်အမူအရာမျိုးဖြင့် အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လိုက်သည်။
ဖြူမဲညီနောင်၊ အဘိုးကြီးတင်းနှင့် တခြားသောအထက်ပိုင်းအကြီးအကဲများအားလုံးသည် အဓိကဟောခန်း၏ အပြင်ဘက်တွင် ညီညီညာညာနှင့် ရပ်တန့်နေကြ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော လက်ရွေးစင်တပည့်များ အားလုံးသည်လည်း သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ဂုဏ်ယူစွာဖြင့် ရင်ကော့ကာ ရပ်နေကြ၏။ ၎င်းတို့မျက်လုံးထဲရှိ တိုက်ခိုက်လိုခြင်းဆန္ဒများသည် ပြည့်ဝလျက်ရှိနေ၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် မနှေးနှင့် မမြန်ဆိုသလို ရောက်ရှိလာပေလိမ့်မည်။ သူတို့အားလုံး သည် တိုက်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်ထားပြီးဖြစ်သည်။
“အထက်နယ်မြေကို တက်လှမ်းလာခဲ့တာ ၁၀ နှစ် နီးပါးရှိပြီ။”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာဖြင့် ပြောလိုက်၏။ “အားလုံးသောသူတွေကို ပြိုင်စံရှားဂိုဏ်းဆိုတာ လာပြီးတော့ ရန်စလို့ ရတဲ့ လူတွေမဟုတ်ဘူးဆိုတာကို ပြောဖို့ အချိန်ကျပြီ။ ပြိုင်စံရှားဂိုဏ်းကို ရန်ပြုတဲ့လူတွေအကုန်လုံးက သတ်ခံရမယ်။”
“အားလုံးအသတ်ခံရမယ်”
ဂိုဏ်းထဲတွင် ဤကဲ့သို့ ကျယ်လောင်လှသော အော်ဟစ်သံသည် ကောင်းကင်ယံဆီသို့ ပျံ့နှံ့သွားသည်။
ဆွစ် ဆွစ်
တောင်၏ ဂိတ်တံခါးများသည် ဖြည်းညင်း စွာ ပွင့်သွားခဲ့၏။ အသစ်ဖန်တီးပြုလုပ်ထားသည့် ကျွဲရိုင်းစက်ရုပ်များသည် ကောင်းကင်ယံအထက်ဆီသို့ ပျံသန်းလာခဲ့ ကြသည်။ အင်မော်တယ်တောင်၏ အပြင်ဘက်တွင် နတ်ဆိုးစစ်သည် ၁ သန်းကျော်တို့သည် မတ်မတ်ရပ်လျက်ရှိနေပြီး ခံစစ်ကြီး ၃ ခုအဖြစ် နေရာယူထား၏။ လက်ရှိအခြေအနေတွင် ပြိုင်စံရှားဂိုဏ်းသည် တင်းတင်းကြပ်ကြပ်ဖြင့် စောင့်ကြပ်လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အကာအကွယ်အစီအရင်ကို အသက်မသွင်းခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် အထက်ပိုင်းအကြီးအကဲများအားလုံးတို့သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူသည် အရာအားလုံးကို ရင်ဆိုင်ရန် ယုံကြည်ချက် ရှိလို့နေသည်။
သတ်ဖြတ်လိုခြင်းအော်ရာများသည် ဂိုဏ်းကြီးတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး သွေးချောင်းစီးနိုင်သည့် တိုက်ပွဲကြီး တစ်ခုသည် မကြာခင်မှာ စတင်တော့မှာဖြစ်၏။
ဆွစ်
ထိုအချိန်မှာပဲ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းက စွမ်းအားမြင့်ကျင့်ကြံသူ ၁၀၀ ကျော်တို့သည် ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့သည် အခေါင်းတစ်ခုကို သယ်ဆောင်လာခဲ့ကြသည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အလောင်းတစ်ခုလဲလျောင်းလျက်ရှိနေကြောင်း ရှာဖွေလိုက်၏။
“သူသေသွားပြီဟုတ်လား။ မဖြစ်နိုင်တာ။”
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် တစ်ဖက်လူအား ဓားနှင့်ထိုးခဲ့သည်ဆိုသော်လည်း အသက်အန္တရာယ်ကို ထိခိုက်လောက်အောင် မဟုတ်ခဲ့ချေ။ ငရဲဆေးလုံးကိုပင် တိုက်ကျွေးခဲ့သေး၏။ သို့ပေမဲ့ အဘယ့်ကြောင့် သေဆုံးသွားရသနည်း။
“နားလည်ပြီ။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရယ်မောလိုက်၏။ ဖြစ်ခဲ့သည့် ပဋိပက္ခတွင် မည်သို့မှ ဖြေရှင်း၍ မရနိုင်သည့် အခြေအနေတစ်ခုသို့ရောက်ရှိအောင် ပြုလုပ်ဖို့ဆိုလျှင် တစ်စုံတစ်ယောက်သည် သေဆုံးမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အကြီးအကဲစွန်းသည် အင်မော်တယ်အဆင့်ဂိုဏ်းများကို အခွင့်အရေးရရှိရန်အတွက် သေဆုံးပေးခဲ့ရခြင်းပင်ဖြစ်သည်။ သနားစရာကောင်းလေစွ။
“ကျွင်းချောင်ရှောင်း”
လင်းရှန်းယီ သည် တောင်၏အပြင်ဘက်တွင် ရပ်တန့်လျက်ရှိနေပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက ကျုပ်ဂိုဏ်းရဲ့ အကြီးအကဲကို သတ်ခဲ့တယ်။ ဒီရန်ငြိုးက ကျိန်းသေပေါက် ပြေလည်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။”
ကျွတ် ကျွတ် ကျွတ်
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်မော်တယ်အဆင့်ဂိုဏ်းတွေကို အကြောင်းပြချက် ရှာပေးနိုင်ဖို့အတွက် အစစ်အမှန်ရှာဖွေခြင်းအဆင့် ကိုယ့်ရဲ့ အကြီးအကဲတစ်ယောက်ကိုတောင် စတေးလိုက်တယ်ဆိုတော့ ခင်ဗျားတို့ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းက တကယ့်ကို အံ့အားသင့်စရာပဲ။”
အရှေ့ဘက်ပင်လယ်၏ စည်းသည် ဖန်တီးတည်ဆောက်သွားခဲ့ပြီဖြစ်သောကြောင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် လာရာလမ်းကို ရောက်ရှိနေလောက်ပြီဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ဟန်ဆောင်နေစရာမလိုတော့ပေ။ ထို့အပြင် ဤနေရာတွင် ဟန်ဆောင်နေလည်း အကျိုးမထူးလှပေ။
လင်းရှန်းယီ ၏ အမူအရာသည် အေးခဲသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် နာကျင်မှုများ ဖြစ်တည်လာခဲ့သည်။ သို့ပေမဲ့ သူသည် စိတ်အခြေအနေကို ချက်ချင်းပဲ ပြင်ဆင်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်က အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ဖိတ်ကြားထားတယ်။ ကျုပ်အတွက် သူတို့က တရားမျှတမှုတွေ ယူဆောင်ပေးလိမ့်မယ်။”
“ဪ”
ကျွင်းချောင်ရှောင်းသည် တောင်၏ ဂိတ်တံခါးအပြင်ဘက်တွင်ရှိနေသော နံရံ အပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် ကြည့်ကောင်းစွာဖြင့် ထိုင်ချလိုက်တော့၏။ သူသည် လက်များကို ယှက်ကာဖြင့် ပြောလိုက်သည်။ “မနက်စောစောစီးစီး အခေါင်းကြီး ယူလာတယ်ဆိုတာက တကယ့်ကို ကျက်သရေတုန်းတာပဲ။”
“ကျက်သရေတုန်းတာဖြစ်ဖြစ်၊ မင်္ဂလာမရှိတာတာပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘာလို့လဲ ဆိုတော့ …”
လင်းရှန်းယီ၏ လေသံသည် အေးစက်သွားခဲ့၏။ “အသက်အတွက် အသက်ကြွေးပြန်တောင်းမှာမို့လို့ပဲ။”
“ရပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လင်းရှန်းယီ၏ အကြည့်များသည် အေးခဲသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အသံသည် တောင်၏ ဂိတ်တံခါးဆီမှ ထွက်လာသည် မဟုတ်ပေ။ သူ၏ နား ဘေးနားက ထွက်ပေါ်လာခြင်းကြောင့် ပင်ဖြစ်၏။ သူသည် ကြိုးစားကာဖြင့် ခေါင်းကို လှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အရှေ့၌ တစ်ဖက်လူသည် ပေါ်လာ၏။
“အသက်အတွက် အသက်ကြွေးပဲ။”
ပြီးသည့်နောက် ထိုလူသည် လက်ကို မြှောက်လိုက်၏။ လင်းရှန်းယီသည် တာအိုအဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ် သောကြောင့် တုံ့ပြန်မှုမှာ မြန်ဆန်လွန်းလှ၏။ လျင်မြန်သော အရှိန်နှုန်းနှင့်အတူ မြန်ဆန်လှသည့် နည်းစနစ်ကို အသုံးပြုကာဖြင့် ရှောင်ရှားလိုက်၏။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်သည့်အချိန်မှာ တော့ တစ်ဖက်လူသည် သူ၏ ဦးခေါင်းကို ကုတ်ခြစ်သွားခဲ့ခြင်းသာဖြစ်ပြီး တိုက်ခိုက်ခြင်းကို မပြုလုပ်ခဲ့ချေ။
သူ၏ မျက်နှာတစ်ခုလုံးသည် ဒေါသတရားကြောင့် နီမြန်းလို့သွားခဲ့၏။
“မဟုတ်ဘူး”
သူသည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိသူတစ်ယောက်ပင် ဖြစ်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးမှ ကျွမ်းကျင်သူများလောက် အားမကောင်းလှဘူးဆိုသော်လည်း တစ်ဖက်လူအနေနှင့် သူ့အနားသို့ ချဉ်းကပ်လာသည်ကို လွယ်လွယ်ကူကူနှင့် ခွင့်ပြုပေးသင့်သည့်လူမျိုးမဟုတ်ချေ။
ဘုန်း
တွေးတောလျက်ရှိနေတုန်းမှာပဲ အားကောင်းလွန်းလှသော လက်သီးချက်တစ်ခုသည် သူ၏ ညာဘက်မျက်နှာပေါ်သို့ ကျဆင်းလာ၏။ အနှေးပြကွက်များနှင့် ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် လင်းရှန်းယီ၏ မျက်လုံးများသည် ပြူးထွက် သွား၏။ ပါးစပ်တစ်ခုလုံးသည် ရွဲ့စောင်းသွား၏။ ပြီးနောက် သူသည် အင်မော်တယ်တောင်၏ အပြင်ဘက်ဆီသို့ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်ကာ ပြုတ်ကျသွားခဲ့၏။
“ဂိုဏ်းချုပ်”
ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။
သူတို့သည် ကျွင်းချောင်ရှောင်းကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် မည်သည့်အချိန်က တိုက်ခိုက်လိုက်သနည်းဆိုသည်ကို သူတို့ သေသေချာချာ မမြင်ခဲ့ရပေ။
“ခင်ဗျားက ကိုယ့်လူ့ကိုယ်တောင် သတ်တယ်ဆိုတော့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်လုပ်ဖို့ ဘယ်လိုလုပ် အရည်အချင်း ရှိမှာလဲ။”
ဆွစ်
ကျွင်းချောင်ရှောင်းသည် အောက်သို့ ဆင်းသက်သွားပြီးသည့်နောက် ကောင်းကင်ယံတစ်ခုလုံးသည် ဖုန်များလွင့်စင် သွားခဲ့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ချက်ချင်းပဲ လက်သီးထိုးနှက်သည့်အသံကြီးတစ်ခုကို ကြားနေရ၏။ မြေပြင်တစ်ခုလုံးသည် တုန်ခါလျက်ရှိနေတော့ သည်။
ထိုအသံကြီးသည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းဆီမှ အထက်ပိုင်းအကြီးအကဲများအားလုံးကို ကြီးကြီး ကျယ်ကျယ်နှင့် အံ့အားသင့်စေခဲ့တော့၏။ ၎င်းတို့သည် နဖူးစပ်ဆီမှ ချွေးများပင် ကျဆင်းနေ၏။
ခဏလောက်ကြာ ပြီးသည့်နောက် ကျယ်လောင်လှသည့်အသံကြီး တိတ်ဆိတ်ငြိမ်သက်သွား၏။ ဖုန်များသည် မြေပေါ်သို့ ပြန်လည်ကာ ကျဆင်းလာ၏။ ကျွင်းချောင်ရှောင်းသည် ကြီးမားလှသည့် တွင်းကြီးတစ်ခုရှေ့တွင် မတ်မတ်ရပ်နေ၏။ တွင်း၏ အထဲမှာတော့ မျက်နှာတစ်ခုလုံး ရောင်ကိုင်းစုတ်ပြတ်လျက်ရှိနေသည့် လင်းရှန်းယီ လဲလျောင်းနေသည်။ ၎င်းသည် ပါးစပ် ထဲမှ အမြှုပ်များထွက်လျက်ရှိနေပြီး သွားများအားလုံးပင် မရှိတော့ချေ။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သည် တစ်ချက်ကလေးမှ မခုခံနိုင်ခဲ့ချေ။
“ယောကျ်ား”
နှင်းဆီဧကရီသည် အံ့အားသင့်မိနေ၏။ “ဒီလောက်ကြီးအားကောင်းတာလား။”
မည်သည့်အချိန်၌ အဆင့်တက်မည်နည်းဟု သူမ ခဏခဏ သွားရောက် မေးမြန်းဖူး၏။ သို့ပေမဲ့ လက်ရှိအခြေ အနေမှာတော့ တစ်ဂိုဏ်းလုံး၏ အရှေ့တွင် သူမ၏ ယောကျ်ားသည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပင် သွားရောက်ကာ ရိုက်နှက်လျက်ရှိနေ၏။ ဤအရာမှာ လွန်လွန်းလှချေသည်။
“ဘာတွေဖြစ်နေတာလဲ။”
“ပြိုင်စံရှားဂိုဏ်းမှာ တိုက်ပွဲတစ်ခုခု ဖြစ်နေတာလား။ သွားကြည့်ကြရအောင်။”
အင်မော်တယ်တောင်၏ အပြင်ဘက်တွင် ရှိနေသော လွတ်လပ်သောကျင့်ကြံသူများသည် ကျယ်လောင်လှသော အသံကြီးကို ကြားရသည့် အချိန်မှာတော့ အလျင်အမြန်နှင့် ပျံသန်းကာ ရောက်ရှိလာ၏။ သို့ပေမဲ့ ၎င်းတို့ ရောက်ရှိလာ သည့်အချိန်တွင် ကောင်းကင်ယံတွင် ကျွဲရိုင်းစက်ရုပ်များ ပျံသန်းလျက်ရှိနေပြီး နတ်ဆိုးစစ်သည်များ တည်ရှိနေသည် ကို မြင်လိုက်ရ၏။ တစ်စုံတစ်ခု ကြီးမားသည့် အရာကြီး ဖြစ်တော့မည်ဖြစ်ကြောင်း သူတို့က နားလည်လိုက်မိသည်။
ဆွစ် ဆွစ် ဆွစ်
ရုတ်တရက် ဆန်းကြယ်လှသော အော်ရာများသည် အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာ၏။ လွတ်လပ်သောကျင့်ကြံသူ များသည် အလောတကြီးဖြင့် လှည့်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် ၎င်းတို့သည် မျက်လုံးများ ပြူးထွက်သွားခဲ့ကြ၏။
သူတို့၏ မြင်ကွင်းထဲတွင်တော့ လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာခဲ့ကြသည်။ စုစုပေါင်း လူပေါင်း ၁၀၀၀၀ လောက်သာ ဖြစ်သည်ဆိုသော်လည်း အားလုံးသော သူတို့သည် လက်ရွေးစင် တပည့်များသာဖြစ်၏။ အားအနည်းဆုံးပင်လျှင် အမြုတေပြောင်းလဲခြင်းအဆင့် ၇ နှင့် အဆင့် ၈ ကျင့်ကြံသူများဖြစ်နေ၏။ ရေတွက်၍ မရအောင်များပြားသော အမြုတေပြောင်းလဲခြင်းကျင့်ကြံသူများလည်း ပါဝင်နေသေးသည်။
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ ကျွမ်းကျင်သူများအားလုံးသည် တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ကြ ပေ။ မျက်လုံးနှင့်မြင်နိုင်စွမ်းရှိနေသည့် အော်ရာအရှိန်အဝါများကို ထုတ်ဖော်ကာဖြင့် ပျံသန်းရောက်ရှိလာခဲ့၏။
လွတ်လပ်သော ကျင့်ကြံသူများသည် ခြေထောက်များတုန်ယင်သွားသည်အထိပင် ကြောက်လန့်သွားခဲ့ကြ၏။ ဤကဲ့သို့ လူအရေအတွက်နှင့် အော်ရာများသည် သူတို့ကိုသာ ပစ်မှတ်ထားသည်ဆိုပါက ကျိန်းသေပေါက် တစ်ခါတည်း သေဆုံး သွားနိုင်သည့်အရာမျိုးပင် ဖြစ်သည်။
ကံကောင်းစွာဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးများသည် သာမန်လူများကို သတ်ရန် ရောက်ရှိလာခဲ့ခြင်း မဟုတ် ချေ။ သူတို့၏ အကြီးအကဲများသည် ပြိုင်စံရှားဂိုဏ်းဆီသို့သာ ရောက်ရှိနေ၏။ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ပျံသန်းကာဖြင့် ရောက်ရှိသွားချင်မိသည်။ သူတို့ နီးကပ်လာသည်နှင့်အမျှ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့၏။
သို့ပေမဲ့ ဤကဲ့သို့ အားကောင်းလှသော အော်ရာများကို ရင်ဆိုင်ရသည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များ၏ မျက်နှာအမူအရာသည် တစ်ချက်ကလေးမှ တွန့်ဆုတ်မသွားခဲ့ကြချေ။
“သူတို့က မြန်မြန်ဆန်ဆန် ရောက်လာပြီပဲ။”
ကျွင်းချောင်ရှောင်းသည် သေမလိုဖြစ်နေပြီဖြစ်သော လင်းရှန်းယီကို အသာဆွဲယူကာဖြင့် ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ပျံသန်းသွား၏။ ပြီးနောက် မြေပေါ်သို့ ဘုတ်ခနဲ ပစ်ချကာဖြင့် ထိုင်ခုံတစ်ခုပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းထျန်အင်မော်တယ်ဂိုဏ်း ဦးဆောင်သော အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ ဂိုဏ်းချုပ်များသည် တောင်၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာ၏။ ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ယောက် ဆိုးဆိုးဝါးဝါးရိုက်နှက်ခံရသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့သည် ဒေါသတရားများကို မည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။
“ကျွင်းချောင်ရှောင်း”
ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က အော်ဟစ်လိုက်၏။ “ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်းက အကြီးအကဲလေးယောက်ကို ပြန်ပေးဆွဲရုံတင်မကဘူး။ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သိန်း ၁၀၀၀ ကို ငွေညှစ်ခဲ့သေးတယ်။ ဒီကိစ္စက တကယ့်ကို..”
“ပေါက်ကရတွေမပြောနဲ့တော့။”
ကျွင်းချောင်ရှောင်းသည် စိတ်မရှည်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။ “ကျုပ် ဒီလိုကိစ္စမျိုးကို မလုပ်လို့ရှိရင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးအနေနှင့် ကျုပ်ကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ပေးစရာမရှိဘဲ ဖြစ်နေမှာပေါ့။”
မှန်ပေသည်။ တိုက်ခိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် သူသည် မလိုအပ်တာများကို လျှောက်၍ ပြောဆို နေခြင်းကို မနှစ်သက်ချေ။ ရှိသမျှ အားလုံးကို စိန်ခေါ်ကာ တိုက်ခိုက်ချင်မိ၏။
“ကောင်းပြီ။”
လင်းဟောင်ရန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တစ်ခြားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို ခွင့်ပြုချက်မရှိဘဲနဲ့ ထိန်းသိမ်းထားသေးတယ်။ ဒါက ပထမဦးဆုံးသော ရာဇဝတ်မှုပဲ။ ပြီးတော့ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သိန်း ၁၀၀၀ ကိုလည်း ငွေညှစ်တောင်း ဆိုခဲ့သေးတယ်။ ဒါက ဒုတိယမြောက် ရာဇဝတ်မှုပဲ။ ပြီးတော့ အကြီးအကဲစွန်းကို သတ်ဖြတ်ပစ်ခဲ့တာက တတိယ ရာဇဝတ်မှုပဲ။”
ရွှီး ....။
ဓားအလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ခေါင်းတစ်ခုသည် လိမ့်ဆင်းသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားပြီး တလိမ့်လိမ့်နှင့် လိမ့်ဆင်းသွားခဲ့သော လင်းရှန်းယီ ၏ ဦးခေါင်းကြီးပေါ် ခြေတစ်ဖက်တင်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “လောကကြီးမှာ ဘယ်သူကမှ ကျုပ်ကို ရာဇဝတ်မှုနဲ့ တရားစွဲလို့မရနိုင်ဘူး။ တကယ်လို့ ရတယ်ဆိုရင်လည်း အဲ့လူကို သတ်ပစ်မယ်။”
အော်ရာများသည် ချက်ချင်းပဲ လေးနက်သွားခဲ့သည်။
“သတ်ကြ။ သတ်ကြတော့။”
ဂိုဏ်း၏ အတွင်းဘက်ဆီမှ တပည့်များ၏ ဒေါသတကြီး အော်ဟစ်သံသည် ကောင်းကင်ယံကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့၏။