အခန်း ၁၆၅၁
Vol. 111 Ch. 1651
အပိုင်း (၁၆၅၁)
ကျိုးဟုန်သည် တစ်ချက်တည်းဖြင့် စွမ်းအားမြင့်သိုင်းကျင့်ကြံသူ ရာကျော်တို့အား သတ်ဖြတ်ခဲ့သည်။ ထိုအရာသည် လင်းဟောင်ရန်နှင့် ကျန်သောသူများကို အံ့အားသင့် တုန်လှုပ်စေခဲ့သည်။
ချက်ချင်း ဓားအချက်ပေါင်းရှစ်ထောင်ကို ထုတ်ဖော်နိုင်သော တခြားသောဓားသမား တစ်ယောက်ကို ရှာတွေ့ရန် ဆိုသည်မှာပင် မဖြစ်နိုင်ချေ။ ၎င်းသည် ဆက်လက် လေ့ကျင့်သွားမည် ဆိုပါက ကြောက်မက်ဖွယ်ရာကောင်းသော အခြေအနေဆီသို့ တိုးတက်ရောက်ရှိသွားမှာ သေချာ၏။
ကျိုးဟုန်၏ စွမ်းဆောင်ရည်က ကောင်းမွန်လေ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့အား အန္တရာယ်အငွေ့အသက် ပိုမို ခံစားရစေလေဖြစ်သည်။ ထို့အပြင် ဤလူသည်ပြိုင်စံရှားဂိုဏ်းမှ တပည့် တစ်ယောက်မျှသာ ရှိနေသေးသည်။ အချိန်မီသာ မတားဆီးနိုင်ပါက မည်သို့မှ ထိန်းသိမ်းနိုင်တော့မည် မဟုတ်ချေ။
“အားလုံးပဲ”
လင်းဟောင်ရန်သည် အသံပို့လွှတ်လိုက်သည် “ဒီဂိုဏ်းကို ဆက်ပြီးလွှတ်ထားလို့မဖြစ်တော့ဘူး”
ကြယ်တာရာ စိတ်ဝိညာဥ်လောကဆီမှ ကျူးကျော်မှုအတွင်း ပြိုင်စံရှားဂိုဏ်းဆီမှ တပည့်တော်တော်များများ၏ အားအင်အဆင့်ကို သူတို့ လက်တွေ့မြင်ခဲ့ပြီးပြီ ဖြစ်သည်။ ယခု ကျိုးဟုန် ကဲ့သို့ ဓားပါရမီရှင် ပေါ်ပေါက်လာခြင်းသည် သူတို့ကို ပိုမို၍ စိုးရိမ်စိတ်များစေခဲ့၏။
“’ဒါအမှန်ပဲ”
ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က ပြောလိုက်သည် “ဒီကို ရောက်လာပြီဆိုမှတော့ တစ်ခါတည်း ဖျက်ဆီးလိုက်ကြတာပေါ့”
“ကျွင်းချောင်ရှောင်း”
လင်းဟောင်ရန်သည် အေးစက်စက် ပြောလိုက်၏ “မင်းက ဆန်းကြယ်ကောင်းကင်ဂိုဏ်းချုပ်ကို သတ်ခဲ့တယ်။ မင်းရဲ့ ပြစ်မှုက ထင်ရှားတယ်။ အထက်နယ်မြေရဲ့ ဥပဒေအရ မင်းတို့ ဂိုဏ်းကို ဖယ်ရှားရမယ်။”
သူ၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြန့်နှံ့သွားပြီး လွတ်လပ်သောကျင့်ကြံသူများ၏ နားထဲသို့ တိုးဝင်သွားသည်။
“သွားပြီပဲ”
“ပြိုင်စံရှားဂိုဏ်းကတော့ သွားပြီပဲ”
လင်းဟောင်ရန် ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် အထက်နယ်မြေ၏ အလယ်အလတ်စား မြို့အသီးသီးတို့တွင် ပုံရိပ်ယောင်အစီအရင် နှင့် အတူ ကြေညာစာများ ပေါ်လာသည်။ ပါဝင်သည့် အကြောင်းအရာမှာ -
“ပြိုင်စံရှားဂိုဏ်းသည် တက်လှမ်းလာစဥ်ကတည်းက တားမြစ်နယ်မြေ တော်တော်များများကို ဖျက်ဆီးခဲ့သည်။ ဆန်းကြယ်ကောင်းကင်ဂိုဏ်းမှ အကြီးအကဲများကို ဖမ်းဆီးခဲ့သည့်အပြင် ရွှမ်စိတ်ဝိညာဥ် ကျောက်တုံး သန်းတစ်ထောင်ဖြင့် ပြန်ရွေးစေခဲ့သည်။ ထို့အပြင် ဆန်းကြယ်ကောင်းကင် ဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သည်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြိုင်စံရှားဂိုဏ်းအား ဖယ်ရှားပစ်ရန် သဘောတူညီခဲ့သည်”
“ချီးတဲ့မှ ...”
“အဲလောက်ကြီးတောင်လား”
မြို့အသီးသီးရှိ သိုင်းကျင့်ကြံသူများသည် စုဝေးကာ ဆွေးနွေးကြကုန်၏။ ဤအမိန့်သည် အဆိုးရွားဆုံးသော အမိန့်မျိုးဖြစ်ကြောင်း သူတို့က ကောင်းကောင်းနားလည်ကြ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ စုဝေးတိုက်ခိုက်ခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းတုန်းက နတ်ဆိုးနယ်မြေကို ဖယ်ရှားခဲ့စဥ် က ဖြစ်သည်။
“အင်မော်တယ်ဂိုဏ်းက လူတွေပျံသန်းလာကြတာ အံ့အာသင့်စရာမဟုတ်တော့ဘူး”
“ဒါမျိုးက ရှားရှားပါးပါး မြင်ကွင်းမျိုးပဲ။ ကျုပ်တို့ပွဲသွားကြည့်ကြရအောင်။”
“ဘာကိုကြည့်မှာလဲ”
“အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်က လူတွေအများကြီး လွှတ်လိုက်ကြတာ။ ကျုပ်တို့ ရောက်သွားရင် ပြိုင်စံရှားဂိုဏ်း ရှိမှာတောင်မဟုတ်တော့ဘူး”
“ကျွင်းချောင်ရှောင်းရဲ့ ဆရာက ကြီးမြတ်သူတုံးကုလေ။ သူက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေမယ်လို့ ကျုပ်မထင်ဘူး။ သွားရင် ထိပ်တန်းကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို မြင်ရမှာ သေချာတယ်”
“သွားကြစို့”
အဆုံးသတ်မှာတော့ ပွဲကြည့်ချင်ဇောနှင့် ကျင့်ကြံသူများသည် အင်မော်တယ်တောင်ဆီသို့ လှမ်းလာခဲ့ကြတော့သည်။ လူအရေအတွက်သည် များပြားလွန်းပြီး တစ်သိန်းလောက်ပင် ရှိနိုင်၏။
.....
ထူးခြားလှိုဏ်ဂူ၏ အပြင်ဘက် ....
ကြီးမြတ်သူတုံးကုသည် အမဲရောင်စစ်တုရင်အကွက်ပေါ် စစ်တုရင်ရုပ်ကို ချပြီး ခေါင်းကို မော့ကာ ပြုံးလိုက်သည် “ကျုပ်နိုင်ပြီ”
ဟင်း .....။
မာဆာတိုကီတာနိုသည် ခေါင်းကို ခါယမ်းပြီး ပြောလိုက်၏ “ခင်ဗျား ခြေတစ်လှမ်းနောက်ကျသွားပြီ”
“ခင်ဗျားနဲ့ ကျုပ်ရဲ့ကြား လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက သဘောတူညီချက်အတိုင်းဆိုရင် ရှုံးတဲသူက နိုင်တဲ့သူရဲ့စကားကို တစ်ကြိမ် နားထောင်ရမယ် ဆိုတာ သိတယ်နော်။”
“ပြောပါ”
ကြီးမြတ်သူတုံးကုသည် မတ်တပ်ထရပ်ပြီးနောက် နောက်ကျောပေးကာ ပြောလိုက်သည် “’ဒီမှာနေခဲ့”
ပြီးနောက်သူသည် ချိတ်တွင်ချိတ်ထားသော ဝတ်စုံကို လှမ်းယူကာ ဝတ်ဆင်လိုက်၏။ သူ၏ ခန္တာကိုယ်ဆီမှ သေခြင်းတရား၏ အော်ရာများ စိမ့်ထွက်လျက်ရှိနေ၏။
“ကျုပ် အရာအားလုံးကို သဘောတူနိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ သဘောမတူနိုင်ဘူး”
မာဆာတို ကီတာနိုသည်လည်း ဝတ်စုံထလဲကာဖြင့် ဆံပင်များကို ဖြီးသင်လိုက်သည် “အနာဂတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကျုပ်က ခင်ဗျားကို ထောက်ပံ့မယ်လို့ ပြောခဲ့ပြီးပြီ မဟုတ်လား”
ကြီးမြတ်သူတုံးကုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏ “ဘာလို့ ပေါက်ကရတွေ လျှောက်ပြောနေတာလဲ”
မာဆာတို ကီတာနိုသည် လှိုဏ်ဂူထဲမှ အရင်ဆုံး လျှောက်ထွက်သွားပြီးနောက် ပြောလိုက်သည် “ခင်ဗျား နောက်ကျရင် ခင်ဗျား တပည့်ရဲ့ ဂိုဏ်းက ရှိတော့မှာ မဟုတ်ဘူး”
သူတို့နှစ်ယောက်သည် သေခြင်းတရားကြောင့် ခွဲခွာရတော့မည့် သူများကဲ့သို့ ပြောဆိုနေကြသည်မှာ အဆန်းမဟုတ်ချေ။ အင်မော်တယ်ဂိုဏ်းကြီးများမှ ထုတ်ဖော်ခဲ့သည့် အမိန့်သည် မည်မျှပြင်းထန်သနည်း ဆိုသည်ကို သူတို့က ကောင်းကောင်းသိကြ၏။
ကြီးမြတ်သူ တုံးကုသည် သူ၏ ရောင်းရင်းဟောင်းကြီးအကြောင်း သိစွာဖြင့် ပြောလိုက်သည် “ကျုပ် ခင်ဗျားပေါ်အကြွေးတင်သွားပြီ”
မာဆာတို ကီတာနိုက ထအော်လိုက်၏ “ခင်ဗျားရဲ့ တပည့် ဒုက္ခရောက်နေတယ်။ သူက ကျုပ်ရဲ့ မိတ်ဆွေလည်း ဟုတ်တယ်။ ဒီတော့ ကျေးဇူးကြွေးဆိုတာ မရှိဘူး”
“ကောင်းပြီ။ ကောင်းပြီ”
၎င်းတို့နှစ်ယောက်ပြောဆိုနေတုန်းမှာပဲ သူတော်စင်ခုနှစ်ပါးတို့က ပျံသန်းရောက်ရှိလာကြသည်။ သူတို့သည် ကျွင်းချောင်ရှောင်းနှင့် ဆရာ- တပည့် ဆက်ဆံရေးမရှိကြပေ။ သို့ပေမဲ့ နှစ်နှစ်တိတိ လေ့ကျင့်သင်ကြားပေးခဲ့ကြဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် လာရောက်ကူညီကြခြင်းပင်။
“ရောင်းရင်းတို့ …”
ကြီးမြတ်သူတုံးကု က တွေးလိုက်မိသည် “ကျုပ် အတွေးမှားခဲ့တယ်”
မိတ်ဆွေရောင်းရင်းများသည် အသက်ဘေးကိုတောင် ဂရုမစိုက်ဘဲ လာရောက်ကာ ကူညီလို့နေသည်။ မျက်ရည်လည်စရာ ကိစ္စမျိုးပင်။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တတ်သည့် လောကကြီး၌ ဤကဲ့သို့သော အရာမျိုးသည် ရှားပါးလွန်းလှ၏။
“သွားကြစို့”
ဝှစ် ..ဝှစ် ...။
ကြီးမြတ်သူတုံးကု ဦးဆောင်သော လွတ်လပ်သော ကျင့်ကြံသူများသည် အင်မော်တယ်တောင်ဆီသို့ အမြန်ဆုံးပျံသန်းလိုက်ကြသည်။
သူတို့သည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးများ၏ ဖိနှိပ်မှုအောက်တွင် နေထိုင်ခဲ့ကြရသည်။ ထို့ကြောင့် နောက်လာနောင်သားများပေါ်တွင်သာ သူတို့၏ မျှော်လင့်ချက်ကို ပုံအပ်ထားရ၏။ ယခု အနာဂတ် မျိုးဆက်သစ်အတွက် သူတို့၏ အသက်ကို ပေးအပ်ရန်ပင် ပြင်ဆင်ပြီးဖြစ်တော့သည်။
……..
ပြိုင်စံရှားဂိုဏ်းဆီသို့ မြင်ကွင်းကို ပြန်ကြည့်ရမည် ဆိုလျှင် အခြေအနေသည် တည်ငြိမ်အေးဆေး၍ နေသည်။ ကျွင်းချောင်ရှောင်းသည် ဂိတ်တံခါးရှေ့တွင်ထိုင်ပြီး လက်တစ်ဖက်ဖြင့် မုတ်ဆိတ်နှုတ်လျှက်ရှိသည်။ တခါတရံ နှပ်ချေးဖတ်ပင် နှိုက်လျက်ရှိသေး၏။
“......”
တပည့်များသည် ဆွံ့အလျက်ရှိသည်။ တကယ့်ထိပ်တန်းကျွမ်းကျင်သူများသည် သူတို့ဂိုဏ်းအား လာရောက်ကာ ဝိုင်းထားသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သက်တောင့်သက်သာဖြင့် ဇိမ်ခံ၍ပင် ရှိနေသည်။
နှပ်ချေးဖတ်နှိုက်ပြီး ပြန်ရှုနေသော သူ၏ ဂိုဏ်းချုပ် အပြုအမူကို ကြည့်ရင်း စုရှောင်မိုသည် အန်ချင်စိတ်ပင် ပေါက်လို့နေ၏။
လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသော တပည့်များသည်လည်း အာရုံလွှဲသည့် အနေဖြင့် ဦးခေါင်းကို အခြားတစ်ဖက်သို့ လွှဲထားကြသည်။
ကုန်းရှန့်၏ ဤအပြုအမူကို ကြည့်ရင်း သဘောကျနေသူမှာ နှင်းဆီဧကရီ တစ်ယောက်တည်းသာလျှင် ရှိ၏။
“ကျုပ်တို့ကို ဖယ်ရှားပစ်မယ် ဟုတ်စ”
ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကာ ပြောလိုက်သည် “မောက်မာလိုက်တာ”
လင်းဟောင်ရန် သည် စကားလုံးများနှင့် အချိန်ဖြုန်းရန် အစီအစဥ် မရှိပေ။ လက်ကို မြှောက်ကာ အေးစက်စက် ပြောလိုက်၏ “တပည့်တို့ ..... ငါ့အမိန့်ကို နားထောင်ကြ။ ပြိုင်စံရှားဂိုဏ်းကို အမြန်ဆုံး ရှင်းလင်းလိုက်ကြ”
“ကောင်းပါပြီ”
“ဝှစ် .. ဝှစ်”
ချက်ချင်းပဲ အမြူတေ ပြောင်းလဲခြင်း အဆင့် ခုနှစ် ၊ ရှစ် ကျင့်ကြံခြင်းထက် မည်သို့မှ အားမနည်းသော ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ အော်ရာများသည် လောကကြီးတစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။
“တိုက်ပွဲက စပြီဆိုမှတော့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ပြိုင်ဘက်ကင်းကြောင်း ပြသရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ကို မြှောက်ကာဖြင့် ပြောလိုက်သည် “ကလေးတို့ .. ကျယ်ကျယ်လေး”
ဝှစ် ....။
တပည့်တသိန်းတို့သည် စီပီကာများကို ထုတ်ကာဖြင့် အော်ဟစ်လိုက်၏ “ပြိုင်စံရှားဂိုဏ်းကို ရန်ပြုသူ မှန်သမျှ သေဆုံးရမယ်”
ကောင်းကင်ကြီးတစ်ခုလုံးပင် လှုပ်ခါသွားရသည်။
တိုက်ပွဲကို အသံဖြင့်သာ အနိုင်အရှုံး သတ်မှတ်မည် ဆိုလျှင် ပြိုင်စံရှားဂိုဏ်းက ကျိန်းသေနိုင်လောက်၏။
ဆွစ် ....။
ထိုအချိန်မှာတော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြပြီ ဖြစ်သည်။
ရှေ့မှ ဦးဆောင်နေသူများသည် ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ အင်မော်တယ်ဂိုဏ်းကြီးများသည် ထိုကဲ့သို့သော အဆင့် ကျင့်ကြံသူများကို လွယ်လွယ်ကူကူ ဖြင့် စေလွှတ်နိုင်စွမ်း ရှိနေကြ၏။
ကျွင်းချောင်ရှောင်းသည် သန်းချီသော နတ်ဆိုးစစ်တပ်ကြီးကို ပိုင်ဆိုင်သည် ဆိုသော်လည်း အကုန်လုံးသည် အမြူတေ ပြောင်းလဲခြင်း ပထမအဆင့်၌သာ တည်ရှိကြသည်။ ထို့ကြောင့် တိုက်ပွဲကို ခန့်မှန်း၍ မရနိုင်ချေ။
အင်မော်တယ်အဆင့်ဂိုဏ်းများသည် တောင်ကဲ့သို့သော ကြီးမားသည့် ဖိအားကို ပေးစွမ်းနေသည်။
“ကြောက်စရာပဲ”
အဝေးမှ ပုန်းကာ ကြည့်ရှုနေကြသော လွတ်လပ်သော ကျင့်ကြံသူများသည် တလက်လက် လင်းထိန်နေသော စွမ်းအင်လှိုင်းများကို ကြည့်ရှုပြီး စိတ်များပင် လှုပ်ခါသွားကြ၏။
“ဘယ်သူ တိုက်ရဲလဲ ကြည့်မယ်”
ရုတ်တရက် ဒေါသတကြီး ကြိမ်းမောင်းသံကြီး ထွက်ပေါ်လာပြီး အားလုံးသော သူတို့၏ ချီနှင့် သွေးများကိုပင် ဆူဝေသွားစေခဲ့သည်။
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ လူများသည် ရပ်တန့်သွားကြ၏။
ကြီးမြတ်သူတုံးကု နှင့် ၎င်း၏ ရောင်းရင်းများသည် ပြိုင်စံရှားဂိုဏ်း ဝင်ပေါက်ဝသို့ ရောက်ရှိလာကြသည်။ “ကျုပ်တပည့်နဲ့ သူ့ဂိုဏ်းကို ထိရဲသူ မှန်သမျှ အကုန်သေရမယ်။”
“ဆရာ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာလှည့်ကာဖြင့် ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ မျက်ရည်တုများ တည်ရှိနှင့်ပြီးဖြစ်သည်။ သူ့ဆရာ၏ အော်ရာများကို အာရုံခံမိပြီးကတည်းက မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော မျက်ရည်ယိုဗုံးကို ထုတ်သုံးနှင့်ပြီး ဖြစ်၏။ မြန်ဆန်လွန်းလှသည့် ကုန်းရှန့်ပါတကား။