အခန်း ၁၆၅၃
Vol. 111 Ch. 1653
အပိုင်း (၁၆၅၃)
ကျွင်းချောင်ရှောင်းသည် လှုပ်ရှားခဲ့၏။ အဝေးတစ်နေရာတွင် ရှိနေသော လွတ်လပ်သော ကျင့်ကြံသူများသည် သေသေချာချာ၊ ရှင်းရှင်းလင်းလင်း မမြင်ရသည်အထိ မြန်ဆန်လွန်းလှချေသည်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများ၊ ကြီးမြတ်သူတုံးကုနှင့် တခြားသော လွတ်လပ်သည့် ကျင့်ကြံသူအားလုံးတို့သည် စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် ကျိန်းသေပေါက် လှုပ်ရှားမှုကို မြင်ရသင့်သည်။
ဖုန်မှုန့်များ လွင့်စင်သွားသည့်အချိန်မှာတော့ အားလုံးတို့သည် မျက်လုံးအပြူးသား ဖြစ်မိနေကြသည်။ သူတို့ မျက်လုံးထဲတွင် ဘာကိုမြင်ခဲ့သောကြောင့် ဤမျှထိတ်လန့်တုန်လှုပ်သွားရသနည်း။
ကျွင်းချောင်ရှောင်းသည် ပုန်းကွယ်အင်မော်တယ်ဂိုဏ်းချုပ်ဆီသို့ ချဉ်းကပ်သွားသည်ဖြစ်ကြောင်းကို သူတို့မြင်လိုက်ရ၏။ ပြီးနောက် မျက်နှာ တည့်တည့်ကို လက်သီးဖြင့် ထိုးနှက်ပြီး မြေပေါ်သို့ ပြုတ်ကျအောင် ပြုလုပ်ခဲ့၏။ သာမန်တိုက်ခိုက်ချက်တစ်ခု ဖြစ်သည်ဆိုသော်လည်း အလွန်နက်နဲလှသော ကောင်းကင်နှင့်မြေကြီး ၏ ဓာတ်သဘာဝများသည် အရှိန်အဟုန် ပြင်းပြင်းနှင့် ပါဝင်လျက်ရှိနေ၏။
“ထိပ်ဆုံးအဆင့်”
မာဆာတိုကီတာနိုက အော်ဟစ်လိုက်သည်။ “အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ပါလား”
သူ၏တပည့်နှင့်ပတ်သက်၍ အလုံးစုံ စိုးရိမ်လျက်ရှိနေသော ကြီးမြတ်သူတုံးကုသည် ခဏလောက် ကြောင်အ သွား၏။ ပြီးသည့်နောက် အားတက်သရော ပြောလိုက်၏။ “သူ တစ်စုံတစ်ခုကို ထပ်ပြီးနားလည်သွားပြန်ပြီလား။ ဒါကြောင့် ဒီအဆင့်ဆီကို ရုတ်တရက် ချိုးဖြတ်ရောက်ရှိသွားတာ နေလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို နက်နက်နဲနဲ နားလည်သည်နှင့် အဆင့်တက်တတ်ကြောင်း သူ နားလည်ထားသည်။ယခုအစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ရောက်ရှိနေသည်ဖြစ်သောကြောင့် တစ်စုံတစ်ခု ဉာဏ်အလင်း ပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ကြီးမြတ်သူတုံးကုက သုံးသပ်လိုက်မိသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
လင်းဟောင်ရန်နှင့် တခြားသောဂိုဏ်းချုပ်ရှစ်ယောက်တို့သည် ဆွံ့အသွားခဲ့ကြ၏။ တစ်ဖက်လူသည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေရုံသာမက ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်အား လက်သီးတစ်ချက်တည်းနှင့် သတိလစ်မေ့မျောအောင် တိုက်ခိုက်ခဲ့၏။
ဝှစ်
လေပြင်းများတိုက်ခိုက်ပြီးသည့်နောက် ဖုန်များသည် လွင့်စင်သွားခဲ့၏။ ကြီးမားလှသည့် တွင်းကြီးတစ်ခု ပေါ်ပေါက် လာခဲ့သည်။ ပုန်းကွယ်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုတွင်း၏ အဆုံးတွင် နစ်ဝင်လျက် ရှိနေ၏။ ညာဘက်ပါးတွင် လက်သီးရာကြီးတစ်ခုက ထင်ထင်ရှားရှား ရှိနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့တွလျက် ရှိနေသည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် လေထဲသို့ ထပ်မံခုန်တက်လာခဲ့ပြီး အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “မဆိုးဘူးပဲ”
သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသည့် တိုက်ခိုက်ချက်ကို ထုတ်ဖော်ခဲ့၏။ သူသည် ဤတိုက်ကွက်ကို ယခင်တုန်းက လင်းရှန်းယီ နှင့် တိုက်ခိုက်ခဲ့ဖူး၏။ ယခု ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ် သည် ဒဏ်ရာရရှိရုံသာ ဖြစ်ခဲ့သည်ဆိုသောကြောင့် အနည်းငယ် ပိုမိုအားကောင်းရပေလိမ့်မည်။ ဟုတ်ပေ၏။ ထို့အပြင် တစ်ဖက်လူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်နေသည် မဟုတ်ပါလား။
“ချီးတဲ့မှ”
သူသည် တွင်း၏အောက်ခြေဆီမှ မနည်းကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ မျက်နှာတွင် ဖြစ်နေသည့် နာကျင်မှုများကို ဖိနှိပ်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ကျုပ်... ကျုပ် ဂရုမစိုက်မိခဲ့တာ”
ဘုန်း ဘုန်း
ထိုအချိန်မှာပဲ ကောင်းကင်ယံဆီမှ ကောင်းကင်လက်ဝါးရိုက်ချက်က ကျဆင်းလာပြီး တွင်းနက်ကြီးဆီသို့ ကျဆင်း လာ၏။ မြေပြင်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန်နှင့် တုန်ခါလျက် ရှိနေပြီး မြေပြင်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာ၏။
ကုထျန်းရှင်းဆီမှ ရယူထားခဲ့သော သိုင်းနည်းစနစ်သည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျွင်းချောင်ရှောင်း ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ အားကောင်းလှသည် သာမက ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။ ယခင်တုန်းကထက် အဆတစ်ရာလောက် ပိုမိုကာ အားကောင်းခဲ့သည်။
...............
ကြီးမြတ်သူတုံးကု၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။ သူ၏တပည့်သည် အခြေအနေကို ပြောင်းပြန် လှန်ကာ ကံကြမ္မာအလှည့်အပြောင်းကို ဖန်တီးပြုလုပ်နိုင်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ သူ၏တပည့်သည် တိုက်ပွဲစတင်ကတည်းက တစ်ဖက်လူကို ဖိနှိပ်ကာ တိုက်ခိုက်ခဲ့သည်။ အင်မော်တယ် အဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် ဆိုးဆိုးရွားရွား နှိပ်စက်ရိုက်နှက်ခြင်းကို ခံနေရ၏။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။ ကြီးမြတ်သူတုံးကုသည် မည်သို့မှ မနေနိုင်တော့ဘဲ လက်ကို မြှောက်လိုက်၏။
“ရိုက်လိုက်လေ”
မာဆာတိုကီတာနိုသည် ဘေးမှဝင်ကာ ပြောလိုက်သည်။ “နာတယ်လို့ခံစားရရင် အိမ်မက် မက်နေတာ မဟုတ်ဘူး”
ဖြောင်း ...။
ဟား ဟား ဟား ဟား
ကြီးမြတ်သူတုံးကုသည် သူ၏နာကျင်သွားသောပါးကို အသာဖုံးအုပ်ကာဖြင့် ရယ်မောလိုက်၏။ “ဒါအမှန်ပဲ။ ဒါအမှန်ပဲ။ ကျုပ်တပည့်က ပုန်းကွယ်အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ရိုက်နှက်နေတာပဲ”
....................
ခဏလောက်ကြာပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် ပင်ပန်းသောကြောင့် ရပ်တန့်လိုက်တော့၏။ ဖြစ်စဉ် တစ်ခုလုံးတွင် သူသည် အသက်ပင် ကောင်းကောင်းရှုခဲ့ခြင်း မရှိချေ။ လက်သီးများပင် နာကျင်လျက်ရှိ၏။
ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိနေ၏။ မူလအားဖြင့် လက်သီးချက်တစ်ချက်ကြောင့် ဒဏ်ရာရရှိခဲ့သောသူသည် ကောင်းကင်လက်ဝါးရိုက်ချက်နှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးသည့်နောက် မြေထဲသို့ ကျွံဝင်လျက် ရှိနေပြီး တစ်ကိုယ်လုံးသည်လည်း တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သေမလိုပင် ဖြစ်နေပုံပေါ်သည်။ ဤအရာသည် အားနည်းလွန်းသောကြောင့် မဟုတ်ပေ။ ကုန်းရှန့်မှာ အလွန်အားကောင်းနေသောကြောင့်ပင်။
“............”
လင်းဟောင်ရန်နှင့် တခြားသော ဂိုဏ်းချုပ်ရှစ်ယောက်တို့၏ အမူအရာများသည် ပျက်ယွင်းသွားခဲ့၏။ ပုန်းကွယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤကလေးအား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ပုန်းကွယ်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်သာလျှင် ရိုက်နှက် ခြင်းကို ခံခဲ့ရသည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် တောင်၏ဂိတ်တံခါးဆီသို့ ပျံသန်းပြီးသည့်နောက် လဖက်ရည်ကို အသာမော့ကာ သောက်လိုက်သည်။ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ “အင်း ပူတုန်းသောက်လိုက်ရတာပဲ”
“ချီးတဲ့မှ”
လင်းဟောင်ရန်နှင့် တခြားသောသူတို့၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့ကြသည်။ ထိုဒေါသမီးများသည် အရှိန်တငြီးငြီးနှင့်ပင်။
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် ဦးခေါင်း နှင့် လက်များကို ခါယမ်းကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “သွေးတောင် မပူသေးဘူး။ တကယ်လို့ ခင်ဗျားတို့ ထပ်ပြီး တိုက်ခိုက်ချင်သေးတယ်ဆိုရင် ကျုပ်က အချိန်မရွေးပါပဲ”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် အရင်ဦးဆုံး ခေါင်းဆောင်ကို ဖမ်းဆီးသွားစေချင်မိ၏။ ထို့ကြောင့် သူတို့သည် ကျွင်းချောင်ရှောင်းကို ဖိအားပေးနေခြင်းသာဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် အလွန် အားကောင်းလှသည့်အခြေအနေတစ်ခုကို ထုတ်ဖော်ပြသလျက်ရှိသည်။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ကျုပ်က အားနည်းတဲ့လူကို အနိုင်မကျင့်ပါဘူး။ ခင်ဗျား တို့အနေနဲ့ ကျုပ်ကို အနိုင်မယူနိုင်ဘူးလို့ ထင်လို့ရှိရင် အတူတူ တက်လာခဲ့လို့ ရသေးတယ်”
မောက်မာမှုဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာသာလျှင် ဖြစ်သည်။
နတ်ဆိုးဘိုးဘေးကြီးသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ထိပ်တန်းကျွမ်းကျင်သူများကို တစ်ယောက်တည်း စိန်မခေါ်ရဲခဲ့ချေ။
“ဒီကောင်”
ကြီးမြတ်သူတုံးကုသည် ထ၍ဆဲချင်စိတ်ပင် ပေါက်နေမိ၏။ ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ် တစ်ယောက်အား အချိန်တိုအတွင်း အနိုင်ယူခဲ့သည်ဆိုခြင်းအား သူသည် အမှန်ပင် အံ့အားသင့်တုန်လှုပ်မိ၏။ သူ့တပည့်၏ ကျင့်ကြံခြင်းအဆင့်သည် ခန့်မှန်းလို့ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနေသည် ဖြစ်ကြောင်း ကိုလည်း နားလည်၏။ သို့ပေမဲ့ ကျန်သော အင်မော်တယ်အဆင့် ဂိုဏ်းကြီးကိုးဂိုဏ်း၏ ဂိုဏ်းချုပ်များကို စိန်ခေါ်ခြင်းဆိုသည်မှာ တကယ်ပင် မောက်မာလွန်းသည့် ကိစ္စရပ်ပင်ဖြစ်သည်။ သေလမ်းရှာနေခြင်းနှင့်ပင် ဆင်တူ၏။
“ဂိုဏ်းချုပ်ကျွင်းစကားကို နားထောင်ရမယ်ဆိုရင်... အင်း”
ထူးခြားအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။ “မင်းက ကျုပ်တို့ ကိုးယောက်နဲ့ တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်းသည် ဖြစ်နိုင်သမျှ ရန်သူများနှင့် အမြန်ဆုံး တိုက်ခိုက်ချင်နေမိ၏။ ပြီးလျှင် သူသည် ရှိသမျှလူများအားလုံးကို ခေါ်ဆောင်သွား၍ ၎င်းတို့၏ ဂိုဏ်းများဆီသို့ သွားရောက်တိုက်ခိုက်တော့မှာဖြစ်၏။ ထိုသို့ဆိုလျှင် များပြားလှသည့် အရင်းအမြစ်များကို ရရှိမှာ သေချာသည်။
ထူးခြားအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်က ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ”
“ဂိုဏ်းချုပ်ကျွင်းက ဒီလောက် ယုံကြည်ချက် ရှိနေပြီဆိုမှတော့”
အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်က လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်တို့က ပူးပေါင်းပါဝင်ပေးရမှာပေါ့”
ပုန်းကွယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ အားအင်အဆင့်သည် သူတို့နှင့် တန်းတူညီတူသာလျှင်ရှိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် တခဏချင်း အနိုင်ရအောင် တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် သူတို့အနေနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရန် ယုံကြည်ချက် မရှိတော့ချေ။ သို့ပေမဲ့ အဖွဲ့လိုက် တိုက်ခိုက်ရမည် ဆိုလျှင်တော့။ လာစမ်း။ မည်သူ့ကို ကြောက်ရမည်နည်း။
ဂုဏ်သိက္ခာတရားဆိုသည်မှာ အရေးကြီးလွန်းလှ၏။ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့ကဲ့သို့ လွတ်လပ်သော ကျင့်ကြံသူများပင်လျှင် သိုင်းလောက၏ နိယာမနှင့် ကျင့်ကြံခြင်းစည်းမျဉ်းများကို သွေဖယ်ခြင်း မပြုကြချေ။ သူတို့သည် ကျိန်းသေပေါက် လူများများနှင့် ဝင်ရောက်ကာ အနိုင်ပိုင်း တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ တစ်ချိန်လုံး မောက်မာဝံ့ကြွားစွာ နေထိုင်ခဲ့သည့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ခေါင်းဆောင်များမှာတော့ ဤဂုဏ်သိက္ခာတရားဆိုသည်ကို တစ်ချက်ကလေးတောင် ဂရုမစိုက်ကြတော့ချေ။
ဟုတ်ပေ၏။ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်၍ မနိုင်နိုင်ဘူးဆိုမှတော့ အဖွဲ့လိုက် ဝိုင်းဝန်းကာ တိုက်ခိုက်ကြမည်ဟု ဆုံးဖြတ်လိုက်သည်မှာ သာမန်သာဖြစ်သည်။
ကိစ္စကြီးအားလုံး ပြီးမြောက်သွားသည့်အချိန်တွင် ကျွင်းချောင်ရှောင်း၏ ခွင့်လွှတ်၍ မရနိုင်သော ပြစ်မှုများကို အားလုံးသိအောင် ဖော်ထုတ်ပြသခြင်းအားဖြင့် အားလုံးသောသူတို့သည် သူတို့ကို ချီးကျုးရန်သာရှိ၏။ မည်သူကမှ ဤကဲ့သို့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့်အတွက် ပြစ်တင်ရှုံ့ချမှုကို မည်သူကမှ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။
နတ်ဆိုးဘိုးဘေးကြီးကို ဥပမာထား၍ ပြနိုင်၏။ ယခင်တုန်းက သူတို့သည် ပူးပေါင်းပြီးသည့်နောက် နတ်ဆိုး ဘိုးဘေးကြီးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ၏။ အခု အထက်နယ်မြေမှ အားလုံးသည် မိစ္ဆာများကို ရှင်းလင်းခဲ့သည် ဟုသာ သိကြ၏။ အရေအတွက်နှင့် အနိုင်ယူနိုင်ခဲ့သည်ဆိုခြင်းကို မည်သူက ဂရုစိုက်နေသနည်း။ တစ်ဖက်လူကို မိစ္ဆာအဖြစ် ကင်ပွန်းတပ်ပြီးပြီဆိုမှတော့ သူတို့အနေနှင့် လုပ်ချင်တိုင်းလုပ်၍ ရနေပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လက်သီးချက်ကြောင့် တည်နေရာကြီးတစ်ခုလုံး ကွဲအက်သွားသည့် တည်နေရာဆီသို့ သွားရောက်ကာ မတ်တပ်ရပ်လျက် ရှိ၏။ ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်တိုက်ခိုက်ရမည့်လူများသည် လင်းဟောင်ရန်နှင့် တခြားအင်မော်တယ်အဆင့်ဂိုဏ်းကြီးရှစ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်များပင်ဖြစ်၏။
၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို အပြည့်အဝ ထုတ်ဖော်ထားခဲ့ကြပြီဖြစ်ပြီး အော်ရာသီးသန့်နှင့်ပင် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။
သိုင်းပညာရှင်များသည် အဝေးဆီမှ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်းချုပ်သည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များအရှေ့တွင် မတ်မတ်ရပ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။
“ဘာ... ကျွင်းချောင်ရှောင်းက ဂိုဏ်းချုပ်ကိုးယောက်နဲ့ တစ်ယောက်တည်း တိုက်ခိုက်မှာ ဟုတ်လား”
ထိုသတင်းကို ကြားရသည့်အချိန်မှာတော့ လွတ်လပ်သော ကျင့်ကြံသူများ အားလုံးတို့သည် မျက်လုံးအပြူးသား ဖြစ်သွားခဲ့ကြသည်။
“သူ.... သူ ရူးများနေပြီလား”
“ဂိုဏ်းကြီးကိုးဂိုဏ်းက ဂိုဏ်းချုပ်တွေနဲ့ တိုက်ခိုက်ဖို့ဆိုတာ ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို သေလမ်းရှာတာပဲ နေမယ်”
သူတို့၏အမြင်အရ ကြည့်ရှုရမည်ဆိုလျှင် ပွဲကို လာရောက်ကြည့်ရှုကြသည့် လွတ်လပ်သော ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းကို အထင်ကြီးမားလှသည်တော့ မဟုတ်ချေ။ ထို့အတူ ဤကဲ့သို့သော လုပ်ရပ်မျိုးသည် ကျောက်ခဲကို ကြက်ဥနှင့်ပေါက်ခြင်းသာဖြစ်၏။
ဟုတ်ပေသည်။ သူ့ကိုချီးကျူးလျက် ရှိနေသည့် လူများလည်း တည်ရှိနေသေးသည်။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံး အဆင့်တွင် ရှိနေသော လူကိုးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း၊ ထို့အပြင် တည်ငြိမ်အေးဆေးစွာဖြင့် တည်ရှိနေခဲ့သည်။
စိတ်ပိုင်းဆိုင်ရာနှင့် သတ္တိတရားသည် ချီးကျူးလောက်ဖွယ်ရာပင်။ နယ်မြေဟောခန်းဆီသို့ ဝင်ရောက်ပြီး တစ်ဖက်လူထိန်းသိမ်းထားခဲ့သည့် တရားခံကို ထုတ်ခိုင်းခြင်း၊ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏လက်တွင် ရှိနေသော တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို လုယူရဲခြင်းဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
လင်းဟောင်ရန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့ စပြီးတိုက်လို့ရပြီလား”
အရေအတွက်အရ တိုက်ခိုက်ခြင်းဆိုသည်မှာ အနည်းငယ်တော့ မှားယွင်းလှ၏။ ထို့အပြင် ကြည့်ရှုသူများ ပိုမို များပြားလေ၊ ၎င်းတို့၏ ဂုဏ်သိက္ခာ ပိုမိုကျဆင်းလေဖြစ်သည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် ဘီးတစ်ချောင်းကို ထုတ်ယူကာဖြင့် သက်တောင့်သက်သာဖြင့် ခေါင်းဖြီးလျက်ရှိ၏။ တိုက်ခိုက်ပွဲဖြစ်သည်ဆိုလျှင် သူသည် ဆံပင်ပုံစံကိုတော့ အပျက်မခံနိုင်ပေ။
“...............”
အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့ကြ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး တို့သည် အရေအတွက်များများနှင့် ရောက်ရှိလာခဲ့ကြသည်။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးချင် သောကြောင့် ဖြစ်ကြောင်း အားလုံးက သိရှိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် စိတ်အေးသက်သာစွာဖြင့် ခေါင်းပင်ဖြီးလို့ နေခဲ့သေးသည်။ ယခုဖြစ်တည်နေသည့် ကိစ္စရပ်ကြီးကို လေးနက်သည့် အကြောင်းအရာအဖြစ် မသတ်မှတ်ထားသည်လား။