← Chapters

ကံကြမ္မာအလှည့်အပြောင်း

Vol. 3 Ch. 33

ကံကြမ္မာအလှည့်အပြောင်း

Vol. 3 Ch. 33

နံနက်ခင်းတွင် ပထမဆုံးအနေဖြင့် ဝမ်ကျားကွေ့သည့် လီယောင်၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး တာ့ကျွမ်း၏ နွားလှည်းပေါ်သို့ ပစ္စည်းကိရိယာများကို သယ်ကာ စျေးသို့လာခဲ့သည်။

သူသည် လူပုံလယ်နေရာတစ်ခုတွင် ဝါးကုတင်ကို ပြင်ဆင်ခဲ့ပြီး ၎င်းပေါ်တွင် ဝါဂွမ်းချည်အချို့ကို ချည်နှောင်ကာ လဲမှို့တော်တော်များများကိုလည်း ဖြန့်ကျဲထားခဲ့ပြီးနောက် ထိုနေရာမှာပင် သရုပ်ပြခဲ့သည်။

ဘန်း.. ဘန်း… ဘန်း..

ဤနေရာမှ လူများသည် ဤကဲ့သို ပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ အလွန်စည်းချက်ညီသည့် အသံတစ်ချို့နှင့်ပင် ကြည့်ရှုသူတော်တော်များများကို ချက်ချင်းဆိုသလို ဆွဲဆောင်နိုင်ခဲ့သည်။

”ဟေ့လူ၊ ခင်ဗျား ဘာတွေလုပ်နေတာလဲဗျ။”

”ကျုပ် ဂွမ်းမွေ့ယာ လုပ်နေတာဗျ။” ဟု ဝမ်ကျားကွေ့က ပြောခဲ့သည်။ ”ခင်ဗျားတို့အိမ်မှာ လဲသီးတွေရှိရင် ကျုပ်ဆီယူလာလို့ရတယ်။ အဲဒါတွေကို ဇိမ်ရှိပြီး နူးညံ့သွားအောင် ကျုပ် ဖွပေးနိုင်တယ်လို့ အာမခံတယ်။ ပြီးတော့ ကျုပ်လုပ်တဲ့ ဂွမ်းမွေ့ယာက သုံးနှစ်ထိ ဂွမ်းလုံးတာတွေ အဖုအထစ်တွေ မဖြစ်ဘူး။”

”ဟား ဟား၊ ခင်ဗျား လေးလုံးထွားနေတာလား ရောင်းရင်းရာ။”

”အဲလို အမွေးဖွရုံနဲ့ ဂွမ်းတွေ မလုံးကုန်အောင် လုပ်နိုင်လို့လား။”

……………………………………..

လူတိုင်း၏ အယုံအကြည်ကင်းမဲ့မှုကို ရင်ဆိုင်ရချိန်တွင် ဝမ်ကျားကွေ့သည် စိတ်အနှောက်အယှက် မဖြစ်ခဲ့ပေ။

လေးတံကို ဆွဲထုတ်ရင်း လီယောင် သူ့အား သင်ပေးလိုက်သည့် သံစဉ်ကို စတင်သီဆိုခဲ့သည်။

”ဂွမ်းလေးတွေကို ဖွ၊ ဂွမ်းလေးတွေကို ဖွ၊ ပေါင်ဝက်ကို ရှစ်အောင်စအထိ ဖွ……”

များမကြာမီပင် လဲမှိုများသည် ပျော့ပျောင်း ညီညာစွာဖြင့် ပွလာခဲ့သည်။ ဝမ်ကျားကွေ့သည် လေးကို ချလိုက်ပြီး၊ အပေါ်ချည်မျှင်အလွှာကို စတင်ချည်နှောင်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းကို သစ်သားတုံးဖြင့် ဖိထားခဲ့လိုက်သည်။ လှပသေသပ်သည့် ဝါဂွမ်းမွေ့ယာကို လူတိုင်းရှေ့တွင် ခင်းကျင်းပြသခဲ့သည်။

”ကြည့်ရတာတော့ တော်တော်ကောင်းတယ်ဟ။”

”ကျုပ်က ချည်မျှင်တွေ ပြုတ်ကျလာမယ်ထင်နေတာ။ အဲလို မြဲမြဲမြံမြံ ကပ်နေမယ်လို့ ထင်မထားဘူး။”

လူတိုင်း၏ သဘာကျ ချီးမွမ်းသည့် အာမေဋိတ်များကြားတွင် ဝမ်ကျားကွေ့သည် အလွန်ကျေနပ်နေခဲ့သည်။

”လဲမှို့အဟောင်းရှိတဲ့လူတိုင်း အမွေးဖွဖို့ ကျုပ်ဆီကို ယူလာနိုင်ပါတယ်ဗျို့။”

သို့သော် မွန်းတည့်ချိန်အထိ သူစောင့်ခဲ့ပါသော်လည်း လူတွေက ဝင်လာလိုက် ထွက်သွားလိုက်နှင့် တစ်စုံတစ်ယောက်မှ ဂွမ်းဖွရန်အတွက် သူထံသို့ မရောက်လာခဲ့ပေ။

ဤသည်မှာ သူ့အား အမှန်တကယ် စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။ နမိတ်မကောင်းသည့် အစတစ်ခုများ ဖြစ်နိုင်ပါသလား။

”ရောင်းရင်း” သူ စိုးရိမ်ကြောင့်ကြမှုကြောင့် မျက်မှောင်ကြုတ်နေသည့်အခိုက်တွင် အနည်းငယ် ၀ဖြိုးသော ဘဏ္ဍာစိုးတစ်ယောက် သူ့ထံသို့ ရောက်လာခဲ့သည်။ ”ဂွမ်းမွေ့ယာ တစ်ခုလုပ်ရင် ခင်ဗျား ဘယ်လောက်ယူလဲ။”

ဝမ်ကျားကွေ့၏ မျက်လုံးများ တောက်ပလာခဲ့သည်။ ဒါ သူ့ပထမဆုံး စီးပွားရေး အခွင့်အလမ်းများ ဖြစ်နေမလား။

”ဝမ် ၅၀ပါ။”

”စျေးကြီးလိုက်တာ။” စျေးနှုန်းကို ကြားသောအခါ ဘဏ္ဍာစိုးသည် ချက်ချင်းခေါင်းခါခဲ့ပြီး ”စျေးလျော့ပေးဦးမလား။”

”ညီငယ်၊ ကျုပ် စျေးမလျော့ပေးနိုင်ပါဘူး။”ဟု ဝမ်ကျားကွေ့က ပြောခဲ့သည်။ ”ကျုပ် ဂွမ်းချည်မျှင်တွေကို စီစဉ်ရတယ်လေ။ ပြီးတော့ အိမ်မှာလည်း လိုက်လုပ်ပေးနိုင်ပါတယ်။”

ဤသည်မှာ လီယောင် သူ့အား ကူညီသတ်မှတ်ပေးခဲ့သည် စျေးနှုန်းဖြစ်သည်။

မွေ့ယာတစ်ခုအတွက် အမွေးဖွရန် နာရီဝက်ကျော် အနည်းငယ်သာ ကြာသော်လည်း သူသည် ဆက်တိုက် လဲမှို့များကို ဖွနေမည် မဟုတ်ပေ။ ထို့အပြင် ဂွမ်းမွေ့ယာကို တတ်နိုင်ကြသူများသည် သေချာပေါက် ငွေပြတ်လပ်နေလိမ့်မည် မဟုတ်ကြပေ။ ၎င်းသည် ယခုခေတ်၏ ဇိမ်ခံပစ္စည်းဖြစ်သည့်အတွက် သူ စျေးမလျော့နိုင်ပေ။

ဘဏ္ဍာစိုးသည် ခဏမျှ စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ပြောခဲ့သည်။ ”ဒါဆို ဒီလိုလုပ်ရင်ကော၊ ခင်ဗျား တစ်ခု အရင်လုပ်လိုက်။ ခင်ဗျား ပြီးသွားတဲ့အခါကျရင် ကျုပ်တို့ ထပ်ဆွေးနွေးမယ်။”

”ကောင်းပါပြီ။ ဘယ်ကိုသွားရမှာလဲ။”

”ခရိုင်ရုံး။”

ဝမ်ကျားကွေ့ ပင့်သက်ရှိုက်ခဲ့သည်။

သူ့ပထမဆုံး စီးပွားရေးသည် ခရိုင်တရားသူကြီးအတွက် ဖြစ်သည်။ သူ… ဒီအတွက် ငွေတောင်းရဲပါ့မလား။

……………………………………..

ဘန်း.. ဘန်း… ဘန်း..

မကြာမီပင် ဂွမ်းဖွသည့် ရိုက်ခတ်အသံများသည် ခရိုင်ရုံး၏ ခြံအနောက်ဘက်မှ ပျံ့လွင့်လာခဲ့သည်။

စုန့်တရားသူကြီးမင်းသည် စာကြည့်ခန်းထဲတွင် အစိုးရစာရွက်စာတမ်းများကို ပြန်လည်ဆန်းစစ်နေခဲ့သည်။ ထိုအသံများကို ကြားလိုက်သည့်အခါ မျက်ခုံးများ တွန့်သွားခဲ့သည်။

”အပြင်က အဲဆူညံနေတာ ဘာတုန်း။”

”လူကြီးမင်းခင်ဗျာ။” စာကြည့်ခန်းထဲတွင် အတူရှိနေသည့် ဆရာလျှို့က အလျှင်အမြန် ပြန်ဖြေခဲ့သည်။ ”အဲဒါ ဂွမ်းမွေ့ယာလုပ်ဖို့ ဆရာကတော်ခေါ်လာခဲ့တဲ့ လူတစ်ယောက်ပါခင်ဗျာ။”

”မွေ့ယာလုပ်တာ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ။”

”ရွာသားတစ်ယောက်က အဲဒီနည်းလမ်းကို သူ့ဖာသာသူ လုပ်တတ်လာတာလို့ ကျွန်တော်မျိုး သိရပါတယ်ခင်ဗျာ။”ဟု ဆရာလျှို့က ပြောခဲ့သည်။ ”သူလုပ်တဲ့ မွေ့ယာကို ကျွန်တော်မျိုး အခုလေးတင်ပဲ တွေ့လိုက်ရပါတယ်။ လက်ရာကတော့ တော်တော်လေးကို ကောင်းပါတယ်ခင်ဗျာ့။”

စုန့်တရားသူကြီးမင်းသည် ငြီးငွေ့လာပြီ ဖြစ်သည့်အတွက် သူသည် ထိုင်ရာမှထကာ ဘာနည်းလမ်းလဲဆိုသည်ကို ကြည့်ရန် ခြံအနောက်ဘက်သို့ သွားခဲ့သည်။

ရလာဒ်အနေဖြင့် သူအား ချက်ချင်းပင် ဖမ်းစားခဲ့သည်။

လေးကြိုးကို အဆက်မပြတ် လျှင်လျှင်မြန်မြန် ဆွဲခြင်းသည် နဂိုမူလ လဲမှို့အစုများကို အလွန်နူးညံ့ပြီး အမွေးပွနေ့သည့် ဝါဂွမ်းများအဖြစ်သို့ ဖွသွားစေခဲ့သည်။ ၎င်းသည် သူအား သက်တောင့်သက်သာ ခံစားစေခဲ့ရသည်။ အရေးအကြီးဆုံးမှာ အလွန် စည်းချက်ညီညီ ထွက်ပေါ်နေသည့် ရိုက်ခတ်သံများသည် ယခင်က စိတ်လှုပ်ရှားနေသည့် သူ၏ နှလုံးသားလေးလား အမှန်တကယ်ကို ငြိမ်သက်သွားစေခဲ့ပြီး တည်ငြိမ်အေးချမ်းသွားခဲ့ပါသည်။

”သခင်ကြီး။” ခရိုင်တရားသူကြီး၏ ဇနီးသည်သည် သူ အချိန်အတော်ကြာကြီး မှင်တက်စွာဖြင့် ရပ်နေသည်ကို မြင်သောအခါ သူမသည် ရောက်လာခဲ့ပြီး မေးခဲ့သည်။ ”ဘာကိစ္စရှိလို့လဲ သခင်ကြီး။”

စုန့်တရားသူကြီးမင်းသည် သူ့အသိစိတ် ပြန်ဝင်လာခဲ့ပြီး ဣန္ဒြေပျက်ယွင်းမှုကို အလျှင်အမြန် ဖုံးကွယ်ခဲ့ပြီး ”ရုံးအလုပ်တချို့ကို ပြန်စဉ်းစားနေတာပါကွာ။”

”ကျွန်မ သူ့ကို ခဏလောက် စောင့်ပေးဖို့ ပြောစေချင်လား။ ဒါမှမဟုတ် အမွေးဖွဖို့ အပြင်ကို ထွက်သွားပေးရမလား။ ဒါဆို ရှင့်ကို အနှောက်အယှက် မဖြစ်တော့ဘူးလေ။”

”မလိုအပ်ဘူး။ ဒါက ကောင်းပါတယ်။” တခဏလောက် စဉ်းစားပြီးနောက် စုန့်တရားသူကြီးမင်းသည် ဆရာလျှို့ကို ပြောခဲ့သည်။ ”စားပွဲတစ်လုံးနဲ့ ကုလားထိုင် ဒီကို ယူလာခဲ့ချေ။ ငါ ဒီမှာ စာရွက်စာတမ်းတွေ ပြန်စစ်မယ်။”

”ဒါပေမဲ့…….”

ဆရာလျှို့ ထိတ်လန့်သွားခဲ့သည်။

သူက ဒီလို ရိုက်ခတ်သံတွေနဲ့ အပြင်ဘက်မှာ အစိုးရစာရွက်စာတမ်းတွေကို အနှောက်အယှက်ကင်းကင်းနဲ့ ပြန်လှန်ဆန်းစစ်နိုင်ပါ့လား။

ဘယ်လို ဝါသနာမျိုးပါလိမ့်။

”အခု သွားယူတော့။”

”ဟုတ်ကဲ့ပါခင်ဗျာ။ အခုချက်ချင်း လုပ်လိုက်ပါမယ်ခင်ဗျာ။”

မကြာမီ စားပွဲနှင့်ကုလားထိုင်များကို ခင်းကျင်းခဲ့ပြီ ဖြစ်သည်။ စုန့်တရားသူကြီးမင်းသည် ဂွမ်းဖွသည့် အသံများနားထောင်ရင်း လက်ဖက်ရည်သောက်ကာ အစိုးရအရေးကိစ္စများကို ကိုင်တွယ်ခဲ့သည်။

သူက သက်တောင့်သက်ကာ ရှိနေခဲ့သော်လည်း ဂွမ်းဖွနေသည့် ဝမ်ကျားကွေ့၏ နဖူးမှာတော့ ချွေးများထွက်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

ဤသည်မှာ ခရိုင်တရားသူကြီးမင်း ဖြစ်သည်။

သူ့ဘ၀တွင် ခရိုင်တရားသူကြီးမင်းကို သူ တွေ့ဆုံနိုင်လိမ့်မည်ဟု တခါမှ မတွေးဖူးခဲ့ချေ။ သို့သော် ယခုအခါ ခရိုင်တရားသူကြီးမင်း၏ ရှေ့တွင် သူ ဂွမ်းဖွနေခဲ့သည်။

ဤထူးခြားသော ဖြစ်ရပ်သည် သူ့အား တစ်သက်တာ ကြွားလုံးထုတ်ရန် လုံလောက်ပေသည်။

ဝမ်ကျားကွေ့သည့် တစ်နေ့လည်လုံး စိုးရိမ်နေခဲ့သည်။

သူလုပ်လိုက်သည့် အသံများသည် ခရိုင်တရားသူကြီးမင်း၏ နှစ်သက်မှုနှင့် မကိုက်ညီပဲ သူ့စိတ်ခံစားချက်များကို ထိခိုက်သွားမည်ကို သူ ကြောက်ရွံနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရလာဒ်သည် မဆိုးပေ။

သူသည် ထိုနေ့ နေ့လည်ခင်းတွင် မွေ့ယာ၄လုံး လုပ်ခဲ့သည်။ ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်သည် ၎င်းတို့ကို စစ်ဆေးပြီးနောက် အလွန်ကျေနပ်သွားခဲ့ပြီး သူ့အား ဝမ်၂၀၀ကို ချက်ချင်း ပေးချေခဲ့သည်။

ထိုနေ့နေ့လည်က သူသည် ချည်မျှင်များ၏ ကုန်ကျစရိတ်ကို နုတ်ယူပြီးနောက် ဝမ် ၁၈၀ကို ရှာနိုင်ခဲ့သည်။

ဝမ်ကျားကွေ့သည့် ငွေလက်ခံရရှိသည့်အချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး မူးမေ့လဲလုနီးပါး ဖြစ်ခဲ့သည်။

”ကျေးဇူးတင်ပါတယ် သခင်မကြီး။ ကျေးဇူးတင်ပါတယ် တရားသူကြီးမင်း။”

”ရောင်းရင်းဟောင်းကြီး၊ ဒီကိုလာပါဦး။”

သူသည် ပစ္စည်းများကို ထုတ်ပိုးပြီး အိမ်ပြန်တော့မည့်အခိုက် မမျှော်လင့်စွာဖြင့် ခရိုင်တရားသူကြီးမင်းက သူ့အား ခေါ်ခဲ့သည်။ ဝမ်ကျားကွေ့သည် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ပြုပြင်ခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ရန်အလို့ငှာ စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်သွားခဲ့သည်။

”ဒူးထောက်ဖို့ မလိုပါဘူး။ ကျုပ်တို့က တရားရုံးမှာ မဟုတ်ဘူးလေ။” စုန့်တရားသူကြီးမင်း မေးခဲ့သည်။ ”ကျုပ် မေးပါရစေဦး။ ဒီဂွမ်းဖွတဲ့နည်းက မောင်မင်း ကိုယ့်ဖာသာ လုပ်ခဲ့တာလား။”

”ဒါက…” ဝမ်ကျားကွေ့သည် လန့်ဖြန့်သွားခဲ့ပြီး အလျှင်အမြန် ဖြေကြားခဲ့သည်။ ”သခင်ကြီးကို ပြန်ဖြေပါရစေခင်ဗျာ။ တီထွင်ခဲ့တာ ကျွန်တော်မျိုး မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်မျိုးရဲ့ အကြီးဆုံးချွေးမပါခင်ဗျာ”

”မောင်မင်းရဲ့ ချွေးမက..”

”မှန်ပါတယ်ခင်ဗျာ။” ဝမ်ကျားကွေ့က ပြောခဲ့သည်။ ”ကျွန်တော်မျိုးက ဟဲဝမ်ရွာကပါခင်ဗျာ။ ကျွန်တော်မျိုးရဲ့ အကြီးဆုံးချွေးမက လီယောင်လို့ ခေါ်ပါတယ်ခင်ဗျာ။ အရင်တခေါက်တုန်းက သူက ကျွန်တော်မျိုးရဲ့ မြေးလေးကို တခြားရွာတွေမှာ ရေတွင်းသွားတူးခိုင်းခဲ့ပါတယ်။”

စုန့်တရားသူကြီးမင်းသည် အနည်းငယ် အံအားသင့်သွားခဲ့သည်။ နောက်တစ်ခါ ထပ်ပြီး သူမပဲလား။

အသားစွပ်ပြုတ်၊ ငန်းနှပ်၊ ရေတွင်းတူးခြင်း၊ ဆေးဖက်ဝင်လိမ်းဆေးနှင့် ယခုတစ်ခါ ဂွမ်းဖွခြင်း။

အခုတစ်လော ဖွံဖြိုးတိုးတက်မှု အသစ်တိုင်း၏ နောက်ကွယ်တွင် သူမ ရှိနေခဲ့ပုံပေါ်သည်။

ဆန်းသစ်တီထွင်မှုတစ်ခုသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပေသည်။

သို့သော် ကိစ္စတော်တော်များများသည် လူတစ်ယောက်တည်းနှင့် ဆက်စပ်ဖြစ်ပျက်နေပါက ၎င်းသည် သေချာပေါက် တိုက်ဆိုင်မှု မဟုတ်တော့ပေ။

ဒီအမျိုးသမီးသည် အမှန်တကယ် မည်သို့သော လက္ခဏာ ရှိသနည်း။

ကောလဟာလများပြောသည့်အတိုင်း သူမသည် အမှန်တကယ်ပင် အရိုင်းအစိုင်း အောကျော့လန် တစ်ယောက်ပဲလား။

”သခင်ကြီး” ခရိုင်တရားသူကြီးမင်းသည် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ရင်း တိတ်ဆိတ်နေသောအခါ သူ့ဇနီးသည်က သူ့အား ညင်သာစွာ သတိပေးခဲ့သည်။ ”နောက်ကျနေပြီလေ။ ဒီဦးလေးကြီးကို မြန်မြန်လေး အိမ်ပြန်ခွင့်ပြုလိုက်ပါဦး။”

”မလောပါနဲ့ဦး။” စုန့်တရားသူကြီးမင်းသည် အသစ်စက်စက်ဟု ထင်ရသည့် ဂွမ်းမွေ့ယာကို ပွတ်သပ်ကာ သူ့ဇနီးသည်ကို မေးခဲ့သည်။ ”ရှင်မ၊ ဒီမွေ့ယာကို ဘယ်လိုထင်တုန်း။ ဒါကို သဘာ၀က လုယူထားတဲ့ လက်ရာမြောက်တဲ့ လက်မှုအတတ်ပညာလို့ ပြောရမလား။”

”သခင်ကြီးကတော့ ရယ်စရာပြောနေပြန်ပါပြီ။” သူ့ဇနီးသည်က ရယ်ခဲ့သည်။ ”ဒါပေမဲ့ လက်ရာကတော့ အတော်လေး ကောင်းပါတယ်။”

”ဒါဆို ဒီနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် မြှင့်တင်ဖို့ ထိုက်တန်တယ်လို့ ထင်လား ရှင်မရေ။”

”ဒါပေါ့။ ထိုက်တန်ပါတယ်။”ဟု သူ့ဇနီးသည်က ပြန်ပြောခဲ့သည်။ ”မနက်ဖြန် တခြားသခင်မတွေနဲ့ ကျွန်မ လက်ဖက်ရည်သောက်တဲ့အခါကျရင် သူတို့ အရမ်းစိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။”

စုန့်တရားသူကြီးမင်းသည် သူ့ဇနီးသည်အား နက်နဲသိမ်မွေ့သည့် အကြည့်တစ်ခုဖြင့် ခေါင်းညိမ့်ခဲ့သည်။

တစ်စုံတစ်ယောက်သာ သူ့အတွေးများကို နားလည်နိုင်ပါက ကမ္ဘာပေါ်တွင် လူတစ်ဦးတည်းသာ ရှိပါလိမ့်မည်။

သို့သော်လည်း ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်သည် သူမစိတ်နှလုံးထဲတွင် တိုးတိုးဖွဖွလေး သက်ပြင်းချခဲ့သည်။ သူမ့ခင်ပွန်းသည်သည် အရာရာတိုင်းတွင် ကောင်းမွန်ပြည့်စုံနေသော်လည်း တစ်နေ့လုံး ပြည်သူများ၏ အရေးကိစ္စကိုသာ တွေးတောနေခဲ့ပြီး မြို့တော်သို့ ပြန်မည့်အကြောင်းကို လုံး၀ပင် စိတ်ဝင်စားမှု မရှိပေ။

ဤသို့ ဆင်းရဲမွဲတေကာ ခေတ်နောက်ကျနေသည့် နေရာတွင် သူမတို့ နောက်ထပ်နှစ်ပေါင်း မည်မျှကုန်ဆုံးရမည်ကို မည်သူ သိလိမ့်မည်နည်း။

”ရောင်းရင်းဟောင်းကြီးရေ” စုန့်တရားသူကြီးမင်းက ဝမ်ကျားကွေ့ကို ပြောခဲ့သည်။ ”မနက်ဖြန် စျေးကို ထပ်လာခဲ့ပါဦး။ လူတော်တော်များများက ဂွမ်းမွေ့ယာလုပ်ဖို့ မောင်မင်းကို လာရှာကြမှာ သေချာတယ်။ မောင်မင်း သူတို့အတွက် အလုပ်ကောင်းကောင်း လုပ်ပေးရမယ်။”

ဝမ်ကျားကွေ့သည် အတွင်းထဲတွင် တုန်လှုပ်နေခဲ့ပြီး သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည့်အတွက် စကားပင် မပြောနိုင်လုနီးပါး ဖြစ်ခဲ့ပြီး အတော်မသတ် ကျေးဇူးတင်ကြောင်းကိုသာ ဖော်ပြနိုင်ခဲ့တော့သည်။

အိမ်အပြန်လမ်းတလျှောက်တွင် သူသည် ဆက်လက် တွေးတောနေခဲ့သည်။-ငါတို့ ဝမ်မိသားစုရဲ့ ကံကြမ္မာသည် နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့ပြီလား။

All Chapters