အခန်း ၁၆၅၇
Vol. 112 Ch. 1657
အပိုင်း (၁၆၅၇)
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် အခွင့်အရေးကို အရယူပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းအား သုတ်သင်ရှင်းလင်းပစ်ရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်၏။ ၎င်းတို့သည် ဆန်းကြယ်ကောင်းကင်တာအိုဂိုဏ်း၏ အကူအညီဖြင့် မိမိတို့ ပြုလုပ်ချင်သည်များကို နောက်ဆုံးတွင် ပြုလုပ်နိုင်ခဲ့ကြသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် သူ၏အားအင်အဆင့်ကို ထုတ်ဖော်ပြသခဲ့သည်သာမက သူ၏အတောင်ပံများ သည် ဖြတ်ထုတ်ခြင်းကို ခံထားရသည် မဟုတ်ဘဲ ပိုမိုအားကောင်းသည့် အခြေအနေတစ်ခုတွင် ရပ်တည်နိုင်သူ တစ်ယောက်ဖြစ်ကြောင်း အားလုံးကို အလစ်အငိုက်ဖမ်းကာ ပြသခဲ့၏။
လက်ရှိအခြေအနေတွင် သူတို့ဘာလုပ်ရမည်နည်း။ အင်မော်တယ့်အဆင့် ဂိုဏ်းချုပ်နှစ်ယောက်သည် သေဆုံးသွား ခဲ့၏။ သူတို့သည် နောက်သို့ဆုတ်မှ ဖြစ်ပေလိမ့်မည်။ ဤအတိုင်းဆက်လက်၍ တိုက်ခိုက်နေလျှင် အားလုံး သေဆုံးသွားနိုင်၏။ သူတို့သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ဂိုဏ်း၏ အပြင်ဘက်တွင် ပျံသန်းလျက် ရှိနေသည့် ဗာမေလီယန်ငှက်ဘုရင်အား ကြောက်ရွံ့လျက်ရှိ၏။ ထို့အပြင် ဤသားရဲ၏ အော်ရာများသည် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်၏ အထက်တွင် ရှိနေကြောင်း သိသာထင်ရှားလှသည်။
နောက်ဆုတ်မည်လား။ ၎င်းတို့ ဤသို့နောက်ဆုတ်ချင်သည်ဆိုပါက ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတို့ သဘောတူလား။ သဘောမတူဘူးလား ဆိုသည်ကို စောင့်ကြည့်ရပေမည်။ သန်းနှင့်ချီသော နတ်ဆိုးစစ်သားများနှင့် များပြားလွန်းလှသော ကျွဲရိုင်းစက်ရုပ်များ၊ ထို့အပြင် အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် လက်နက်ပြည့် တပ်ဆင်ကာဖြင့် ဝိုင်းပတ်ကာ တားဆီးထားခဲ့ကြ၏။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းဆိုသည်မှာ ဆောင်ကြာမြိုင် တစ်ခုမဟုတ်ကြောင်း အားလုံးကို ထင်ထင်ရှားရှား သိရှိအောင် ပြသနေခြင်းပင်ဖြစ်၏။
“တပည့်တို့... ငါ့အမိန့်ကို နားထောင်ကြ။ ဒီကျူးကျော်လာတဲ့ အမှိုက်တွေ အားလုံးကို ရှင်းလင်းလိုက်ကြတော့”
ကျွင်းချောင်ရှောင်း၏ အသံသည် အင်မော်တယ်တောင်၏ အပြင်ဘက်သို့ ပျံ့နှံ့သွားခဲ့၏။ တုန့်ပြန်မှုအနေဖြင့် တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်ကာ ရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။
ဝေါင်း ဝေါင်း
များပြားလွန်းလှသော စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ အဖွဲ့ဝင်များသည် ပျံသန်းရောက်ရှိလာခဲ့ကြပြီး ၎င်းတို့သည် ဝတ်ဆင်ထားခဲ့ကြသည့် ဂိုဏ်းဝတ်စုံများကို ဆွဲဖြဲလိုက်ကြသည်။ ကြီးမားပြီး တောင့်တင်းလွန်းလှသော မွန်းစတားသားရဲများ ၏ ခန္ဓာကိုယ်များသည် ထင်ပေါ်လာခဲ့ကြ၏။
“ချီးတဲ့မှ”
ခရမ်းရောင်ဘုရင်က ထအော်လိုက်သည်။ “ငါတောင် ဘာမှမလုပ်ရသေးဘူး။ မင်းတို့က ဘာလို့ အဝတ်အစားတွေ ဆွဲဖြဲပစ်ရတာလဲ”
ပြောပြီးသည့်နောက် သူသည် နာကျင်နေသည့်အမူအရာဖြင့် ယွမ်သခင်လေး ကို လှမ်းကာကြည့်ရှုလိုက်၏။
ယွမ်သခင်လေးသည် စာအုပ်ငယ်လေးကို ထုတ်ယူကာဖြင့် မှတ်သားလျက် ရှိနေသည်။
“စိတ်ဝိညာဉ်သားရဲ ဟောခန်း - ဂိုဏ်းယူနီဖောင်းအားလုံးကို ဖျက်ဆီးခဲ့၏။ တိတိကျကျ ပြန်လည် တွက်ချက်ရန်- မှတ်သား”
“............”
ကျိသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်မိသည်။ သို့ပေမဲ့ သူသည် အဆုံးမဲ့ တိုက်ခိုက်လိုခြင်း ဆန္ဒများဖြင့် အနောက်ဘက်ဆီသို့ ပြန်လည်ကာ လှည့်လိုက်ရ၏။ သူသည် သူ၏ဂိုဏ်းဝတ်စုံကို သေသေချာချာ ချွတ်၍ ခေါက်လိုက်၏။ ဝတ်စုံကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အတွင်းခံလေးတစ်ထည်သာ ကျန်တော့၏။
ပြိုင်စံရှားဂိုဏ်းသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို တောက်လျှောက်အသုံးပြုခဲ့၏။ ယခု ဂိုဏ်းချုပ် သည် အားလုံးသောသူများကို သတ်ဖြတ်ပစ်ရန် အမိန့်ပေးခဲ့သည်ဆိုသောကြောင့် သူတို့သည် ဖိနှိပ်မနေတော့ချေ။ သူတို့၏ အားအင်အဆင့်ကို အလုံးစုံထုတ်ဖော်ပြသလိုက်ကြသည်။
အင်မော်တယ်အဆင့်ဂိုဏ်းများမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်သောင်းကျော်တို့သည် အလုံးစုံ ဖိနှိပ်ခြင်းကို ခံထားရ၏။
“သူတို့... သူတို့အားလုံးက အမြူတေပြောင်းလဲခြင်းအဆင့်တွေလား”
ကြီးမားလွန်းလှသော အော်ရာများကို ခံစားပြီးသည့်နောက် လွတ်လပ်သော ကျင့်ကြံသူများသည် မျက်လုံးများ ပြူးထွက်သွားခဲ့ကြ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိလာခဲ့ သည်မှာ ကြောက်မက်ဖွယ်ရာကောင်းလှ၏။ သို့ပေမဲ့ သူတို့ကို ဤအရာသည် အံ့အားသင့်စရာ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် လက်ရွေးစင်တပည့်များ ဖြစ်ကြောင်းကို သူတို့ သိရှိသောကြောင့် ပင်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ပေါ်ပေါက်လာပြီးသည့်နောက် အားလုံးသောသူများသည် အမြူတေ ပြောင်းလဲခြင်းအဆင့်တွင် တည်ရှိနေသူများ ဖြစ်လို့နေခဲ့၏။ ဤအရာသည် အိမ်မက် မက်နေသကဲ့သို့ပင်။
လင်းဟောင်ရန်နှင့် တခြားသော သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြသည်။ ဂိုဏ်းတစ်ခုလုံးသည် အမြူတေ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အစစ်အမှန်ဂိုဏ်းတစ်ခုကို မဆိုနှင့် သူတို့၏ အင်မော်တယ်ဂိုဏ်းများပင်လျှင် ဤကဲ့သို့ ပြုလုပ်ရန် ခက်ခဲလွန်းလှပေလိမ့်မည်။
“ဆရာ”
ကျွင်းချောင်ရှောင်းက လှမ်းအော်လိုက်၏။ “အံ့အားသင့်နေပြီလား”
“...........”
ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် ကြီးမြတ်သူတုံးကုက ပြန်ပြောလိုက်သည်။ “ငါ အရမ်း အံ့အား သင့်နေပြီ”
သူ၏တပည့်သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းအားဖြင့် သူ့ကို အံ့အားသင့်စေခဲ့ပြီဖြစ်၏။ ထို့အပြင် ဗာမေလီယန်ငှက်ဘုရင်သည် သူ့တပည့်၏ ပဋိညာဉ်သားရဲဖြစ်လို့နေ၏။
လက်ရှိအချိန်မှာတော့ စေလွှတ်ခဲ့သော ဂိုဏ်း၏တပည့်များ အားလုံးတို့သည် အမြူတေပြောင်းလဲခြင်းအဆင့်တွင် တည်ရှိနေခဲ့၏။ ထို့အပြင် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်နှင့် အထက်ပိုင်းအဆင့် ကျင့်ကြံသူများလည်း အများအပြား တည်ရှိလို့နေခဲ့၏။ ဤအရာသည် စိတ်ကူးထားသည်ထက် အလွန်အကျွံ ဖြစ်လို့နေခဲ့၏။ သူ၏ တပည့်သည် သူတို့အား တိုက်ပွဲ၌ မပါဝင်ခိုင်းခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူတို့ကို လိုကို မလိုအပ်ခြင်းပင်ဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ပြိုင်တူဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ အသံသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကိုပင် လှုပ်ခါစေခဲ့၏။ အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်မှာ ကိုးနှစ်ကြာပြီးသည့်နောက် လောကကြီးတစ်ခုလုံးအား သူတို့ မည်မျှအားကောင်းသည်ဖြစ်ကြောင်းကို ပြသရပေတော့မည်။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်ကြတော့” လင်းဟောင်ရန်သည် အသားကုန်အော်ဟစ်လိုက်၏။ သူသည် တိုက်ခိုက်ချင်စိတ် ကုန်ဆုံးနေခဲ့ပြီဖြစ်သည်။ ထို့အပြင် ခွေးရူးများကဲ့သို့ပင် သူ့ဆီသို့ ဝင်ရောက်ကာ တိုက်ခိုက်လျက် ရှိနေသည့် ပြိုင်စံရှားဂိုဏ်းတပည့်များကို မြင်ရသည့်အချိန်မှာတော့ ကြီးမားသည့်ကပ်ဘေးကြီးကို အလျင်အမြန် ရှောင်ရှားမှဖြစ်မည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။
ဂိုဏ်းတစ်ခု၏ အခြေခံ - ဂိုဏ်းတစ်ခု၏ အခြေခံဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ မတတ်နိုင်တော့ချေ။ လက်ရှိ အခြေအနေမှာတော့ သူတို့သည် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြန်လည်ကာ ပေးဆပ်ရပေတော့မည်။
“ကျုပ်က ကိုယ့်ကိစ္စ ကိုယ်လုပ်ပြီးတော့ ဘယ်သူကိုမှ စည်းမျဉ်းစည်းကမ်းအရ သွားပြီးချိုးဖောက်ခဲ့တာမျိုး မရှိဘူး။ အားလုံးက သဘောတူညီထားတဲ့ ကျင့်ကြံခြင်းစည်းမျဉ်းတွေ အားလုံးကို အစဉ်အမြဲ လိုက်နာခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့က ကျုပ်တို့ဂိုဏ်းကို လာပြီးတော့ အနိုင်ကျင့်ဗိုလ်ကျချင် တယ်ဆိုမှတော့ ပြိုင်စံရှားဂိုဏ်းက လက်တုန့်ပြန်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”
ကျွင်းချောင်ရှောင်းသည် ကြောက်ရွံ့ရမည့်နေရာတွင် အမှန်ပင် ကြောက်ရွံ့တတ်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ မာကျောပြီး ရမ်းကားရမည့်နေရာတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရမ်းကားတတ်သူတစ်ယောက် ဖြစ်၏။ ယနေ့မှာတော့ သူသည် ကျူးကျော်လာသူများကို သတ်ဖြတ်ပစ်ရုံသာမက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ ဌာနေဆီသို့ပါ လိုက်ပါသွားမည့် အကြံအစည် တည်ရှိနေခဲ့၏။
အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုအခွင့်အရေးကို စောင့်မျှော်နေခြင်းသာ ဖြစ်၏။ ယနေ့အချိန်မှာတော့ ဥပဒေသများကို ချမှတ်ခဲ့သည့် လူများအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည့် အကြောင်းပြချက် ရရှိသွားခဲ့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ကောင်းကင်ယံထက်တွင် ကျွဲရိုင်းစက်ရုပ်များသည် တလက်လက်နှင့် တောက်ပလျက်ရှိ၏။ ၎င်းတို့သည် ရန်သူများ အားလုံးကို ချက်ချင်းပင် သုတ်သင်ရှင်းလင်းလျက်ရှိ၏။
ဆွစ် ဆွစ်
တခြားတစ်ဖက်မှာတော့ ကျုံးရီ ဦးဆောင်သည့် ကျွဲရိုင်းစက်ရုပ်များသည် အစီအရင်များကို ဖြန့်ကျက်ကာဖြင့် တိုက်ခိုက်လျက် ရှိနေသည်။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် နောက်သို့ဆုတ်ခွာရန် အမိန့်ကို ကြားသိပြီးသည့်နောက်မှာတော့ ဆက်လက်တိုက်ခိုက်ချင်စိတ် လုံးဝမရှိခဲ့ကြချေ။ တစ်ယောက်ပြီး တစ်ယောက် အနောက်သို့သာ ဆုတ်ခွာခဲ့ကြ၏။ သို့ပေမဲ့ သူတို့သည် နတ်ဆိုးစစ်သည်များနှင့် တခြားသော သူများ၏ တားဆီးခြင်းကို ခံခဲ့ရပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံနေရ၏။
ဤလူများ အားလုံး၏ အလုံးစုံသော အားအင်အဆင့်သည် မဆိုးရွားလှချေ။ လက်ရွေးစင်ဂိုဏ်းသားများ ဖြစ်သောကြောင့်ပင်။ သို့ပေမဲ့ အမြူတေပြောင်းလဲခြင်းပထမအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ နတ်ဆိုးစစ်သည်များသည် ကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံးဖြင့် ဖန်တီးပြုလုပ်ထားသည့် တိုက်ပွဲဝင် ချပ်ဝတ် များကို ဝတ်ဆင်ထားခဲ့၏။ ထို့ကြောင့် တစ်ဖက်လူများ၏ တိုက်ခိုက်မှုသည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း လာသည်ဆိုလျှင်တောင်မှ နာကျင်မှု တစ်ချက်ကလေးမှ မရှိကြချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးသည့်နောက် တစ်ဖက်လူများသည် လုံလုံခြုံခြုံနှင့် သက်တောင့်သက်သာ ဖြစ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ အင်မော်တယ်အဆင့်ဂိုဏ်းမှ တပည့်များ အားလုံး သည် ဆွံ့အသွားခဲ့ကြ၏။
ဆွစ် ........။
ထိုအချိန်မှာပဲ ကျင်းဟီသည် စက်ရုပ်ကြီးကို ထိန်းချုပ်ကာဖြင့် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာ၏။ စက်ရုပ်၏ လက်ထဲတွင် ရှိနေသော ထက်ရှလှသည့်ဓားမော့ကြီးသည် လေထုကို ပိုင်းဖြတ်ပြီးသည့်နောက်မှာတော့ အရှေ့တွင် ရှိနေသည့် လက်ရွေးစင်ဂိုဏ်းသားများ အားလုံးကို သတ်ဖြတ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဓားမော့၏ အလင်းတန်း ကျဆင်းသွားသည့်အချိန်မှာတော့ နေရာအနှံ့သို့ အလောင်းများ လွင့်စင်သွားခဲ့၏။
“အားကောင်းလိုက်တာ”
စက်ရုပ်အသစ်၏ တိုက်ခိုက်နိုင်မှု စွမ်းအင်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတွင် တည်ရှိနေသည်ကို ခံစားမိပြီးသည့်နောက် ကျင်းဟီ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။
“သေစမ်း”
ဝှစ် ဝှစ် ဝှစ်
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ များပြားလွန်းလှသော အစစ်အမှန်ရှာဖွေခြင်းအထက်အဆင့် ကျင့်ကြံသူများသည် ပျံသန်းထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် လက်ဝါး၌ စွမ်းအင်များကို စုစည်းကာဖြင့် စက်ရုပ်များကို ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ကြသည်။ ကျန်းချီများသည် စက်ရုပ်၏အတွင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် အတွင်းရှိ အစီအရင်ကဲ့သို့သောအရာများကို ဖျက်စီးလျက်ရှိ၏။
ဒွီ ဒွီ ဒွီ ...။
သတိပေးသံကြီး ထွက်ပေါ်လာခဲ့သည်။
“အင်း...”
ကျင်းဟီသည် သူမ၏ ဦးခေါင်းစွပ်ကို အသာချွတ်ကာဖြင့် ဝမ်းနည်းသည့်လေသံဖြင့် ပြောလိုက်၏။ “နောက်ထပ် နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီပဲ”
ပြောပြီးသည့်နောက် သူမသည် ဖျက်ဆီးမည့်ခလုတ်ကို နှိပ်လိုက်တော့သည်။
ဝုန်း
အလင်းတန်းများ ဖြစ်တည်သွားပြီးသည့်နောက် မှိုပွင့်ပုံသဏ္ဍာန်တိမ်များသည် လေဟာနယ်ထဲတွင် ပေါ်ပေါက် လာခဲ့သည်။ များပြားလွန်းလှသော အင်မော်တယ်အဆင့်ဂိုဏ်းများမှ ကျင့်ကြံသူများသည် လွင့်စင်သွားခဲ့ကြ၏။ ၎င်းတို့၏ ဆံပင်များအားလုံးသည် ထိုးထိုးထောင်ထောင်ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မဲတူးလျက် ရှိ၏။
ဘုန်း ဘုန်း ဘုန်း
တခြားသောတည်နေရာများမှာတော့ ဖြူမဲညီနောင်တို့သည် အင်မော်တယ်အဆင့်ဂိုဏ်းများမှ လူများအားလုံးကို ဖိနှိပ်ကာ တိုက်ခိုက်လျက် ရှိနေကြ၏။ ၎င်းတို့၏ အားအင်အဆင့်အပြင် လက်နက်များကလည်း ကောင်းမွန်လွန်း သောကြောင့် အထက်စည်းမှ တိုက်ခိုက်နိုင်စွမ်းရှိသည်။
ဟုတ်ပေသည်။ နောက်ဆုတ်ရန် ပြင်ဆင်လျက်ရှိနေသည့် ရန်သူပေါင်း တစ်သိန်းကျော်လုံးအား တားဆီးထားရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့အားလုံးသည် ဗာမေလီယန်ငှက်ဘုရင်ကိုသာ အားကိုးလိုက်ကြရ၏။
ဝှစ်
ဗာမေလီယန်ငှက်ဘုရင်သည် တောင်ပံကြီးကို ဝှေ့ယမ်းကာဖြင့် လူအုပ်ကြားထဲတွင် ပတ်ကာ ပျံသန်းနေသည်။
ဆွစ် ဆွစ် ဆွစ် ....။
မီးဘောလုံးများသည် အလွန်အားကောင်းသည့် အခြေအနေမျိုးအဖြစ် မိုးကဲ့သို့ ကျဆင်းလာခဲ့သည်။ အင်မော်တယ် အဆင့်ဂိုဏ်းများမှ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များ မည်သူပင်မဆို ထိုမီးလုံးများနှင့် ထိခိုက်မိသည်နှင့် ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွား၏။
“.............”
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေသည်။ အချက်အလက် အားဖြင့် ဗာမေလီယန်ငှက်ဘုရင် ပေါ်ပေါက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏စွမ်းအင်ကို ဆက်လက်ကာ အသုံးပြုလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။ သို့ပေမဲ့ ဗာမေလီယန်ငှက်ဘုရင်ကသာလျှင် ကြီးကြီးကျယ်ကျယ်နှင့် အစွမ်းပြလျက် ရှိနေသည်။
အလုံးစုံသော စွမ်းအင်များ၏အောက်တွင် အသက်ဆိုသည်မှာ မြက်ပင်လောက်ပင်ဖြစ်၏။ အလွန်ပူပြင်းလှသည့် မီးတောက်များ၏ အောက်တွင် တပည့်များ သေဆုံးနေသည်ကို မြင်ရသည့်အချိန်မှာတော့ လင်းဟောင်ရန်နှင့် တခြားသောသူများသည် ဒေါသထွက်လျက် ရှိနေသည်ဆိုသော်လည်း ထိုဒေါသတရားများကို ဖိနှိပ်ထားရုံသာ တတ်နိုင်၏။ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရပေလိမ့်မည်။
ဆွစ်
ဓားချီသည် ပျံသန်းရောက်ရှိလာ၏။ ထိုဓားချီတွင် အလွန်အားကောင်းလှသော စွမ်းအင်များ ပါဝင်နေ၏။ လင်းဟောင်ရန်နှင့် တခြားသောသူများသည် လျင်လျင်မြန်မြန်ဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ကြ၏။
၎င်းတို့သည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် ဓားကို ခန္ဓာကိုယ်အနောက်တွင် ကွယ်ကာ ကိုင်ရင်းလှမ်းလျှောက်လျက်ရှိသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည်။ “ကျုပ် ခင်ဗျားတို့ကို လိုက်ပို့ပေးမယ်လေ”
ဇွိ
ရုတ်တရက်ဆိုသလိုပဲ သွေးများပန်းထွက်လာသည့်အသံကို ကြားလိုက်ရ၏။ ဂိုဏ်းချုပ်များသည် အနောက်သို့ လှည့်ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ရွှေရောင်ငှက်မွှေးဂိုဏ်းချုပ်၏ လည်ပင်းပေါ်တွင် ဓားရာတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရ၏။ ၎င်း၏ မျက်လုံးသည် အံ့အားသင့်ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ပြီးနောက် တဖြည်းဖြည်းချင်း ၎င်း၏အသက်ဓာတ်များသည် ပျောက်ကွယ်သွား၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ဂိုဏ်းချုပ်သုံးယောက်တို့သည် သေဆုံးသွားခဲ့ကြသည်။