အခန်း ၁၆၅၉
Vol. 112 Ch. 1659
အပိုင်း (၁၆၅၉)
ပြိုင်စံရှားဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် နောက်တစ်ရက်မှာတော့ အထက်နယ်မြေတစ်ခုလုံးသို့ ပြန့်နှံ့သွားတော့သည်။ ထိုသတင်းကိုကြားသောသူတိုင်းသည် ဆွံ့အလျက်ရှိကြ၏။
“ဗာမေလီယန်ငှက်ဘုရင်”
မျက်လုံးထဲတွင် မီးတောက်တွေနှင့်ကြီးမားလွန်းသော ငှက်ကြီးကို မြင်ယောင်ကြည့်ပြီး အားလုံးတို့သည် အံ့ချီးနပမ်း ဖြစ်လို့နေကြ၏။
ထို့အပြင် တစ်ချို့သော တိုက်ပွဲမြင်ကွင်းများသည် တည်နေရာအနှံ့ရှိ မြို့ အသီးသီး၏ အဓိက နေရာများတွင် ဓာတ်ပုံဖြင့် ကပ်ထားသေးသည်။ ထိုမျှမကသေး။ ပုံရိပ်ယောင် အစီအရင်များနှင့် ပြသလျှက်ရှိနေသေးသည်။
ထိုအရာကို မည်သူပြုလုပ်သနည်း။
ပြောနေစရာပင်မလိုချေ။ လီထျန်းထျန်းသာပင်။
ကုန်းရှန့်သည် အင်မော်တယ်ဂိုဏ်းချုပ်တစ်ယောက်အား သတ်ဖြတ်နေသည့် လှပသော သူ၏ မြင်ကွင်းဓာတ်ပုံကို ကိုင်ရင်း သေချာကြည့်ရှုလိုက်သည်။ အလွန်ပင် ကြည့်ကောင်းလှ၏။
“မဆိုးဘူးပဲ”
သူသည် လီထျန်းထျန်း၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည် “ကျင်းဟီ … ဒီကလေးမ ဟန်ဆောင်နေတာ။ ကျွဲရိုင်းစက်ရုပ်နံပါတ် ၆၆ ကို ပြန်ပြင်ပြီးရင် မင်းအဲတာကို တာဝန်ယူလိုက်”
လီထျန်းထျန်းသည် ပျော်ရွှင်သွား၏ “ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
သူသည် ယခင်ကတည်းက စက်ရုပ်လိုချင်နေခြင်းဖြစ်သည်။ ယခုတော့ ဆန္ဒများပြည့်ဝသွားသည်ဟု ဆိုရမည်။
သို့ပေမဲ့ ဤသတင်းကျင်းဟီဆီသို့ ရောက်ချိန်မှာတော့ ကျင်းဟီသည် ငိုချင်ရက်လက်တို့ဖြစ်ခဲ့ရသည်။ တရှုံ့ရှုံ့နှင့် ငိုလျက်ရှိနေသည်။
……..
တိုက်ပွဲမြင်ကွင်းများကို ပြသထားသောကြောင့် အားလုံးသော ကျင့်ကြံသူတို့သည် အုတ်အော်သောင်းနင်း ဖြစ်လို့နေကြ၏။
အထက်နယ်မြေ၏ အခွင့်အာဏာကို ပိုင်စိုးသူများ ပီသစွာပဲ အင်မော်တယ်အဆင့်ဂိုဏ်းများသည် လက်ရွေးစင် တပည့် တစ်သောင်းကျော်အား ခေါ်ဆောင်လာခဲသည်။ သို့ပေမဲ့ အားလုံးတို့သည် ပြန်လမ်းမရှိခဲ့ကြချေ။
“ဂိုဏ်းချုပ် ခုနှစ်ယောက်သေတယ်ဆိုတာက လက်လွန်တယ်”
“မနေ့ကလို ကိစ္စမျိုးဖြစ်လာမယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး”
“ဆိုးတာက ကိုယ့်မျက်လုံးနဲ့ သေချာမမြင်လိုက်ရတာပဲ။ ဒါက ဘဝမှာ အကြီးမားဆုံးသော နောင်တဖြစ်ပြီ”
“ပြိုင်စံရှာဂိုဏ်းကတော့ ထိပ်ဆုံးအဆင့်ကို ရောက်ပြီပဲ“
အင်မော်တယ်အဆင့် ဂိုဏ်းဆိုသည်မှာ ဘာနည်း။
အထက်နယ်မြေ၏ အုပ်စိုးသူများဖြစ်ပြီး အားလုံးသောသူတို့ထက် ကြီးကျယ်မြင့်မြတ်သူများ ဖြစ်ပေသည်။ ထိုသူတို့ကိုပင် အနိုင်ယူလိုက်သည်ဆိုတော့ အထက်နယ်မြေတွင် မည်သူ အားအကောင်းဆုံးလဲ ဆိုသော မေးခွန်းကို မေးမြန်းကြလျှင် ပြိုင်စံရှားဂိုဏ်းဟုသာ အားလုံးက ပြောဆိုကြပေလိမ့်မည်။ မည်သူမှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
…….
“ဒင် … လက်ခံသူသည် ကျူးကျော်လာသော အင်မော်တယ်ဂိုဏ်းဆယ်ဂိုဏ်းအား ဖြေရှင်းပြီး အထက်နယ်မြေတစ်ခုလုံး၌ ဂိုဏ်းအား ထင်ရှားစေခဲ့သည်။ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀၀၀ ကို ရရှိသည်”
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် မျက်ပြူးဆန်ပြာဖြင့် ထအော်လိုက်၏ “ငါ အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ရှင်းခဲ့ရတာလေ။ ဘယ်လိုဖြစ်ပြီး ဂုဏ်သိက္ခာမှတ်က ၁၀၀၀၀ ပဲ ရတာလဲ”
ဂိမ်းထဲမှာဆိုလျှင် အင်မော်တယ်အဆင့် ဂိုဏ်းဆိုသည်မှာ နောက်ဆုံးဆရာကြီးသာလျှင်ဖြစ်သည်။ သူသည် ဂိုဏ်းချုပ် ခုနှစ်ယောက်ကို သတ်ဖြတ်ပြီး လက်ရွေးစင်ဂိုဏ်းသား တစ်သိန်းကျော်ကို သတ်ခဲ့သေးသည်။ အမှတ် နည်းနည်းလေး ပေးသည် ဆိုခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။
“ဘယ်လောက်လိုချင်တာလဲ”
“သန်းတစ်ရာလောက်ပေါ့”
“သွားအိပ်နေစမ်း။ အိမ်မက်ထဲမှာပဲ ရမယ်။”
“……”
ကျွင်းချောင်ရှောင်း စိတ်ဓတ်ကျနေတုန်းမှာပဲ သူသည် အစစ်အမှန်တရားကို နားလည် လက်ခံအောင် ကြိုးစားလိုက်ရသည်။ သူသည် အဓိက ဟောခန်းဆီသို့ သွားပြီးနောက် အထက်ပိုင်း အကြီးအကဲများအားလုံးကို ဆင့်ခေါ်ကာ ပြောလိုက်သည် “အားလုံး အဆင်သင့်ပဲလား”
“အဆင်သင့်ပါပဲ”
ဖြူမဲညီနောင် နှင့် တခြားသော အကြီးအကဲများသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းကို တစ်ချက်ရိုက်ကာ ပြောလိုက်သည် “သုံးရက်ကြာပြီးရင် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီ သွားရအောင်”
ဆိုရိုးရှိ၏။ ရန်ကြွေးဆိုသည်မှာ ကြာမြင့်လျှင်မကောင်းပေ။ ပြိုင်စံရှားဂိုဏ်းကို လာရောက်ကျူးကျော်ပြီးပြီ ဆိုမှတော့ ကျိန်းသေပေါက် သူတို့ဘက်ကလည်း သွားရောက် လည်ပတ်ရပေလိမ့်မည်။
“သွားလည်မှာဟုတ်လို့လား”
စနစ်က အငေါ်တူးလိုက်၏ “စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားတောင်းမှာ မဟုတ်ဘူးလား”
………
ထူးဆန်းလှချေသည်။
အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် လက်ရှိတွင် ရှုံးနိမ့်သွားခဲ့ကြပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း လိုက်ပါမသွားဘဲ အဘယ့်ကြောင့် သုံးရက်ကြာမှ သွားရန် ဆုံးဖြတ်လိုက်ရသနည်း။
သူ့၌အကြောင်းရင်း နှစ်ခုရှိသည်။
ပထမဆုံး …. အထက်နယ်မြေရှိတခြားသော ကျင့်ကြံသူများ စိတ်လေးလက်အေးပွဲကြည့်နိုင်ရန် အချိန်ပေးခြင်းပင်။ ထိုမှသာလျှင် သူ၏ ဂိုဏ်းသည် အင်မော်တယ်အဆင့် အားအင်ကို ပိုင်ဆိုင်ကြောင်း အားလုံးက လက်ခံပြီး သူ၏ အထူးတာဝန် ပြည့်စုံပေလိမ့်မည်။
ဒုတိယအကြောင်းအရင်း သည်ပိုမို၍ လေးနက်သည်။
အင်မော်တယ်အဆင့်ဂိုဏ်းများနှင့် တိုက်ပွဲတွင် မည်သည့်တပည့်မှ သေဆုံးခြင်းမရှိခဲ့သော်လည်း နတ်ဆိုးစစ်သည် တစ်ထောင်ကျော် သေဆုံးခဲ့သည်။ လူစုံတက်စုံ နှင့် ကြီးမားလှသေ အသုဘပွဲကြီးကို ပြုလုပ်ပေးမှသာလျှင် နတ်ဆိုးစစ်သည်များ၏ ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်လိမ့်မည်။
……….
နောက်တစ်ရက် ….
တောနက်တစ်ခုထဲမှာတော့ ….
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျွင်းချောင်ရှောင်းသည် တည်နေရာလွတ်တစ်ခုတွင် မတ်တပ်ရပ်နေသည်။ သူ၏ ရှေ့တွင်တော့ တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြသော နတ်ဆိုးစစ်သည်များ၏ အုပ်ဂူများက စီစီရီရီဖြင့် တည်ရှိနေ၏။
ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲ နှင့် တပည့်များသည် ညီညာစွာ ရပ်လျက်ရှိပြီး ၎င်းတို့၏ မျက်နှာများသည်လည်း လေးနက်လျက်ရှိသည်။
“အလေးပြုပါတယ်”
ဆွစ် …
ပြိုင်စံရှားဂိုဏ်းမှ လူပေါင်းများစွာတို့သည် အလေးပြုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် အုတ်ဂူတစ်ခုပေါ်တွင် လက်တင်ပြီး လေးနက်တည်ကြည်စွာ ပြောလိုက်၏ “ခင်ဗျားတို့က နာမည်မရှိဘူး။ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းကြောင့် သေဆုံးခဲ့ကြတယ်။ ဒါကို ကျုပ်က မှတ်ထားပေးမယ်။ အင်မော်တယ်ဂိုဏ်းကလူတွေရဲ့ သွေးနဲ့ ခြေပြန်ဆေးမယ်။”
ယနေ့မှာတော့ သတ်ဖြတ်လိုခြင်းများသည် ပိုမိုကာ ထွန်းလင်းတောက်ပလာခဲ့သည်။
နတ်ဆိုးစစ်သည်များသည် ဂိုဏ်းသားများမဟုတ်ကြချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့အား မိသားစု အဖြစ် သတ်မှတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏ မိသားစုအတွက် တာဝန်ယူရမည့်သူများသည် ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရပေလိမ့်မည်။
မိုးများသည်းထန်စွာ ရွာသွန်းနေပြီး ညသန်းခေါင်ရောက်မှပင် မိုးဆဲ၏။ ဂိုဏ်းတစ်ခုလုံး၌လည်း ဝမ်းနည်းခြင်း အရိပ်အယောင်များနှင့် ပြည့်နှက်နေလေတော့သည်။
………
“ယောကျ်ား … အင်မော်တယ်ဂိုဏ်းတွေကို တကယ်ပဲ ပြဿနာသွားရှာမှာလား” စာကြည့်ခန်းထဲမှာတော့ နှင်းဆီဧကရီသည် လက်ဘက်ရည်ငှဲ့ပေးရင်းကနေ လှမ်းမေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ပြီးနောက် အေးစက်စက် ကြည့်လိုက်သည် “ဒီဂိုဏ်းတွေကို ကျိန်းသေပေါက် ဖျက်ဆီးပစ်မယ်”
“ကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ ရောက်လာတုန်းက အင်မော်တယ်ဂိုဏ်းတွေရဲ့ ဘိုးဘေး အကြီးအကဲတွေကို ထွက်လာကြတယ်။ အဲလူတွေက ရှင့်အဖေ ထက် ဘယ်လိုမှ အားမနည်းနိုင်ဘူး။ တကယ်လို့ သွားမယ်ဆိုရင် သူတို့ ထွက်လာမယ် ထင်တယ်” နှင်းဆီဧကရီက သတိပေးလိုက်၏။
လက်ရွေးစင်ဂိုဏ်းသားတွေနှင့် ဂိုဏ်းချုပ် ရှစ်ယောက်တို့ မရှိဘူး ဆိုလျှင်တောင်မှ အင်မော်တယ်ဂိုဏ်းများထဲတွင် တံခါးပိတ်ကျင့်ကြံနေသော အဘိုးအိုများ တည်ရှိနေသေးသည်။
“ကျုပ်သိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဒါကြောင့် အရင်ဆုံးတိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာပေါ့။ သူတို့ လာတိုက်မှာကို စောင့်နေစရာမလိုဘူး”
“ကျွန်မ နားလည်ပြီ”
နှင်းဆီဧကရီသည် အမှန်ကို နားလည်သွားသည် “ယောကျ်ားက တိုက်ပွဲ တည်နေရာကို သူတို့ဂိုဏ်းဆီမှာ ဖြစ်စေချင်တာကိုး”
“အမှန်ပဲ”
တိုက်ခိုက်ခံရခြင်း နှင့် သွားရောက် တိုက်ခိုက်ခြင်း ဆိုသည်မှာ အလုံးစုံ ကွာခြား၏။
“ဒါနဲ့ ဘာလို့ ဆံပင်တုကြီးစွပ်ထားရတာလဲ။ ခေါင်းတုံးအတိုင်း ကြည့်ကောင်းပါတယ်ဆိုမှ … လင်မယားကြားမှာ ရှက်စရာမလိုပါဘူး”
“….”
“မဟုတ်သေးပါဘူး”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သတိဝင်သွားသည် “ညသန်းခေါင်ကြီး ခင်ဗျား ဘာလို့ ကျုပ်နားမှာ ရှိနေရတာလဲ”