အခန်း ၁၆၆၄
Vol. 112 Ch. 1664
အပိုင်း (၁၆၆၄)
ဂိုဏ်းချုပ်သည် သတ်ဖြတ်ခံလိုက်ရပြီး ဂိုဏ်းတစ်ခုလုံးသည်လည်း ဖျက်ဆီးခံလိုက်ရ၏။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကတည်းက တည်ရှိပြီး အထက်နယ်မြေကို အုပ်စိုးလျက် ရှိနေသည့် ဂိုဏ်းများထဲမှ အထင်ကရဂိုဏ်း တစ်ခုဖြစ်သော လင်းထျန်အင်မော်တယ်ဂိုဏ်းသည် နောက်ဆုံးတွင်တော့ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။
တပည့် ငါးသောင်းနီးပါးတို့သည် အသက်ရှင်လျက် ရှိနေကြသေး၏။ ၎င်းတို့သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် ခေါင်းပေါ်လက်တင်ကာ ထိုင်လျက်ရှိနေသည်။ မျက်လုံးထဲတွင်တော့ နာကျည်းမှုနှင့် ဒေါသတရားများ တည်ရှိလျက် ရှိနေသည်။ သို့ပေမဲ့ အားလုံးသည် ငြိမ်ငြိမ်သက်သက်နှင့် လိမ်လိမ်မာမာ နေထိုင်နေရ၏။
တင်းရှင်းဝမ်သည် အနာဂတ်တွင် ပြဿနာမဖြစ်လာစေရန်အတွက် ထိုသူတို့အားလုံးကို သတ်ဖြတ်ပစ်ရန် အကြံပေးခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အသက်ရှင်သန်ခွင့်ပေးရန် ဆုံးဖြတ်ပေးခဲ့တော့သည်။ သက်ရှိ သတ္တဝါများကို ကောင်းကင်ကြီးသည် ဂရုစိုက်ပေးရမည် မဟုတ်ပါလား။
အချက်အလက်အားဖြင့် လင်းထျန် အင်မော်တယ်ဂိုဏ်းမှ လက်ရွေးစင်တပည့်များနှင့် အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် သတ်ဖြတ်ခံရပြီး ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော သိုင်းကျင့်ကြံသူများသည် အနာဂတ်တွင် အန္တရာယ် မဖြစ်နိုင်ပေ။ ၎င်းတို့ကို အသက်ရှင်သန်ခွင့် ပေးခြင်းသည် ကောင်းမွန်လှသည့် ဂုဏ်သိက္ခာတရားကို ပြန်လည်ပိုင်ဆိုင်နိုင်မှာဖြစ်သည်။ တွေ့တွေ့သမျှလူအားလုံးကို သတ်ဖြတ်ခြင်းဖြင့် ဂုဏ်သိက္ခာ တိုးလာလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လမ်းမှန်ဂိုဏ်းသားတစ်ယောက်ပဲ”
“ဒီနေရာမှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသာဆိုရင် ညှာတာပေးနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ တပည့်များသည် စိတ်ဓာတ်တကျဖြင့် တောင်အောက်သို့ ဆင်းသက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ လာရောက်ကြည့်ရှုကြသည့် သိုင်းကျင့်ကြံသူများ၏ နှလုံးသားထဲတွင် လေးစားမှုများနှင့် ပြည့်နှက်လာခဲ့၏။
သို့ပေမဲ့ သူတော်ကောင်းကြီး ကျွင်းချောင်ရှောင်းတစ်ယောက် လက်ရှိအချိန်တွင် ဂိုဏ်း၏ မြေအောက်ရတနာခန်းသို့ ရောက်ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်လိမ့်မည် မဟုတ်ချေ။
၎င်းသည် မြေပေါ်တွင် ဆောင့်ကြောင့် ထိုင်လျက်ရှိပြီး မျက်နှာကို လက်တစ်ဖက်ဖြင့် ဖုံးကာကာ ဗီလိန်တစ်ယောက်ကဲ့သို့ ရယ်မောလျက် ရှိနေသည်။
“ကောင်းကင်ဘုံ”
စုရှောင်မိုသည် အထဲသို့ လျှောက်ဝင်လိုက်၏။ ရွှေနှင့် ငွေများသည် တောင်လိုတည်ရှိနေပြီး များပြားလွန်းလှသည့် သိုင်းပညာ အရင်းအမြစ်များ တည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ မျက်နှာ သွင်ပြင်တစ်ခုလုံးသည် တုန်ယင်လျက်ရှိနေ၏။ ရတနာများ၏ အလင်းရောင်ကြောင့် မူးနောက်နောက် ခံစားနေမိ၏။
လင်းထျန်အင်မော်တယ်ဂိုဏ်း - အထက်နယ်မြေ၏ အုပ်စိုးသူများထဲမှ တစ်ခု၊ ၎င်းတို့၏ အခြေခံသည် မည်မျှ နက်ရှိုင်းလှသည်ဆိုသည်ကို ရတနာခန်းထဲသို့ လာရောက်ကြည့်ရှုခြင်းဖြင့် သိမြင်နိုင်သည်။
“အားလုံးကို ယူလိုက်ကြ”
“ကောင်းပါပြီ” တပည့်များသည် စတင်ကာ အလုပ်များတော့သည်။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ၎င်းတို့၏ သိုလှောင် လက်စွပ်ထဲသို့ ရွှေ၊ ငွေ၊ ရတနာနှင့် သိုင်းပညာအရင်းအမြစ်များကို ထည့်သွင်း သိမ်းဆည်းတော့၏။ ထို့အပြင် ထိုအရာအားလုံးကို ယွမ်သခင်လေးက ရေတွက်လျက် ရှိနေ၏။
“ကျောက်ရိုင်း၊ ဆေးပင်နဲ့ တခြား ရွှမ်းအဆင်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်၊ တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနဲ့ အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းတို့လည်း ပါဝင်တယ်”
“တစ်သန်းထဲလား”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများကို မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ သူသည် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကောက်ယူကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးထက် ဆယ်ဆပိုမိုကာ သန့်စင်ကြောင်းကို မြင်လိုက်ရ၏။
ဖြူမဲညီနောင်က ပြောလိုက်သည်။ “အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆိုတာ အထက်နယ်မြေရဲ့ သိုင်းကျင့်ကြံခြင်း အရင်းအမြစ်တွေထဲမှ အမြင့်ဆုံးပဲလေ။ ရှေးတုန်းကတည်းက ဒီအရာတွေက ဈေးကွက်ထဲမှာ ငွေကြေးအဖြစ် လှည့်လည်သုံးစွဲတဲ့အရာတွေ ဘယ်တော့ကမှ မဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီအရာတွေက အရမ်းကို ရှားပါးတယ်လေ။ မှတ်တမ်းမှတ်ရာတွေအရဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းတုန်းကမှ အင်မော်တယ် အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ပေါ်ပေါက်ခဲ့ဖူးတာပဲ။ အဲနောက်ပိုင်းမှာ မပေါ်တော့ဘူး”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ထိုက်ရွှမ်အကြီးအကဲကို လှမ်းကာ ကြည့်ရှုလိုက်၏။ အထက်နယ်မြေဆီသို့ ပထမဆုံး ရောက်ရှိလာသည့်အချိန်၌ တစ်ဖက်လူသည် သူ့အား ရတနာငါးပါးကို ငှားရမ်းခဲ့၏။ အဆုံးသတ်မှာတော့ သူသည် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ပေးအပ် မည်ဆိုသော အကြွေးစာချုပ်ကို ရေးထိုးခဲ့ရသည်။
“ချီးတဲ့မှ”
ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပြီးသည့်နောက်မှာတော့ တစ်သန်းပဲ ရရှိခဲ့၏။ ထိုက်ရွှမ်အဘိုးအိုသည် သူ့အား ဆယ်သန်းအထိ တောင်းဆိုခဲ့၏။
“အင်း”
စနစ်က ပြောလိုက်သည်။ “ပြန်ပေးဖို့ ဘယ်တုန်းက စဉ်းစားဖူးလို့လဲ”
“နောက်ဆယ်နှစ်အတွင်း မပေးဘူးဆိုရင် မိုးကြိုးပစ်ခံရပါစေလို့ ငါကျိန်ဆိုခဲ့သေးတယ်လေ”
“ကြည့်စမ်းပါအုံး။ စကြဝဠာထဲမှာ လက်ခံသူရဲ့ အရေပြားလောက် ထူထဲတဲ့အရာ ရှိသေးလို့လား။ မိုးကြိုးငါးခု မပြောနဲ့ မိုးကြိုးအခုငါးရာလောက် ပစ်ရင်တောင်မှ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီလိုမျိုး ကျမ်းသစ္စာ ကျိန်ဆိုမှုဆိုတာ ချီးပေါက်သလိုပဲ။ ဘာတစ်ခုမှ အကျုံးမဝင်ဘူး”
ဤလောကထဲမှာ ကျွင်းချောင်ရှောင်းကို နားလည်မှု အရှိဆုံးလူသည် နှင်းဆီဧကရီ မဟုတ်သလို ပြိုင်စံရှားဂိုဏ်း ၏ လက်ရွေးစင်တပည့်များလည်း မဟုတ်ချေ။ နေ့စဉ်နေ့တိုင်း သူနှင့်အတူ တည်ရှိနေသည့် စနစ်သာလျှင် ဖြစ်လေသည်။
..........
“ဖြည်းဖြည်း... ဖြည်းဖြည်း၊ မဖျက်လိုက်နဲ့” လင်းထျန်အင်မော်တယ်ဂိုဏ်း၏ တောင်ထွတ်ပေါ်မှာတော့ လီချင်းယန် သည် သူ၏ ရောင်းရင်းဂိုဏ်းသားများအားလုံးကို ညွှန်ကြားကာဖြင့် အဆောက်အဦများ၏ ပုံစံကို သေသေချာချာ ဆွဲယူလျက် ရှိနေသည်။ ဤအရာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက တည်ရှိခဲ့သည့် ရှေးဂိုဏ်းကြီး ဖြစ်သည်။ အဆောက်အဦ တော်တော်များများသည် အလွန်တရာ တန်ဖိုးကြီးမားလှ၏။ ထို့ကြောင့် တချို့ တန်ဖိုး ကြီးမားလှသော အဆောက်အဦများကို ဖြုတ်ယူကာဖြင့် ဂိုဏ်းဆီသို့ ယူဆောင်သွားရန် စီစဉ်နေခြင်းပင်ဖြစ်သည်။
ဟုတ်ပေသည်။ ကျွမ်းကျင်လှသည့် အဆောက်အဦပညာရှင်တစ်ယောက် ဖြစ်သည်မို့ လီချင်းယန်သည် အဆောက်အဦများ ဖြုတ်ခြင်းကိုလည်း ကျွမ်းကျင်လျက်ရှိနေ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “အားလုံးပြီးသွားပါပြီ”
“ဒါဆို သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာဖြင့် ပြောလိုက်၏။ “နောက်တစ်ခုဆီ သွားကြ ရအောင်”
ဆွစ် ဆွစ် ဆွစ်
ပြိုင်စံရှားဂိုဏ်းသည် ပျံသန်းသွားပြီးသည့်နောက် တောင်ခွံကြီးတစ်ခုသာလျှင် ကျန်ရှိခဲ့တော့သည်။ သို့ပေမဲ့ သူတို့ ထွက်သွားသွားချင်းမှာပဲ အလင်း၏ အတားအဆီးအစီအရင်ကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့ပြီး တောင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကျွင်းချောင်ရှောင်း၏ အသံကို အားလုံးက ကြားလိုက်ရ၏။ “လင်းထျန် အင်မော်တယ်ဂိုဏ်းကို အခုကစပြီး စည်းခတ်လိုက်ပြီ။ အခွင့်မရှိရင် ဘယ်သူမှ ဝင်လို့မရဘူး”
ဤတည်နေရာသည် များပြားလှသော ကလန်အသီးသီးတို့၏ ဘိုးဘွားနယ်မြေများနှင့် နှိုင်းယှဉ်လို့ရသည့် နေရာ တစ်ခုဖြစ်သည်။ ထို့ကြောင့် အားလုံးကို မဖျက်ဆီးပစ်ပဲ စည်းခတ်ခြင်းကိုသာ ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းတုန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် နတ်ဆိုးနယ်မြေ တည်နေရာကြီးကို ဤကဲ့သို့ပင် စည်းခတ်ခဲ့ဖူးသည်။ နှစ်တစ်သိန်း ကြာမြင့်ပြီးသည့် နောက်မှာတော့ သူတို့သည် ပြန်လည်ကာ စည်းခတ်ခြင်းကို ခံခဲ့ရသည်။ ဝဋ်ဆိုသည်မှာ အချိန်တန်လျှင် ပြန်လည် လည်ပတ်စမြဲပင်။
........
“အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ လင်းထျန်အင်မော်တယ်ဂိုဏ်းက ပြိုင်စံရှားဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ။ အဲဂိုဏ်းရဲ့ တည်နေရာကြီးတစ်ခုလုံးကိုလည်း စည်းခတ်ခံလိုက်ရတယ်”
ထိုတစ်နေ့ မှာပဲ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ၏ အလုပ်ကြိုးစားမှုနှင့်အတူ သတင်းသည် အထက်နယ်မြေတစ်ခုလုံး၏ အဓိကမြို့ကြီးအသီးသီးဆီသို့ ပျံ့နှံ့သွားခဲ့၏။
“အချပ်ပိုတွေ... အချပ်ပိုတွေ”
“အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်တဲ့ ပုန်းကွယ်အင်မော်တယ်ဂိုဏ်းက ပြိုင်စံရှား ဂိုဏ်းရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။ သူတို့ဂိုဏ်းရဲ့ တည်နေရာတစ်ခုလုံးကို စည်းခတ်ခံလိုက်ရပြီ”
ရက်အနည်းငယ်ကြာပြီးသည့်နောက် နောက်ထပ်သတင်းကြီးတစ်ခုက ထပ်မံဖြစ်တည်လာခဲ့သည်။
“လောကကြီးက ပြောင်းလဲတော့မယ်။ လောကကြီးက တကယ့်ကို ပြောင်းလဲတော့မယ်”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက အထက် နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့သူများဖြစ်၏။ ယခု ထိုဂိုဏ်းများထဲမှ နှစ်ခုသည် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းအနေနှင့် သူတို့၏နေရာတွင် အစားထိုး ဝင်ရောက်နိုင်သည့်အစွမ်း တည်ရှိနေသည် သာမက အင်မော်တယ်အဆင့် ဂိုဏ်းများထက်ပင် ပိုမိုကာ အားကောင်းသည်ဟု ဆိုလိုခြင်းပင်။
ဘုတ်...။
မြို့နယ်လေးတစ်မြို့ထဲမှာတော့ ပုံပြောသူသည် သူ၏တူလေးကို အသာချကာဖြင့် နောက်ဆုံးစကားကို ပြောဆို လိုက်၏။ အောက်တွင် မည်သူမှ မရှိတော့သည်ကို ကြည့်ရှုပြီးသည့်နောက် သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက် သည်။ “ငါ ပြောတာကို နားထောင်မယ့်လူတွေ ဘာလို့မရှိတော့တာလဲ”
“ကျုပ်ရှိတယ်လေ” အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။ ပုံပြောသူသည် အသာလှည့်ကာ ကြည့်ရှု လိုက်သည့် အချိန်မှာတော့ သစ်ပင်အောက်တွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ခင်ဗျား.. လာသေးတာကိုး”
“ငါ နားမလည်ဘူး”
သစ်ပင်အောက်တွင် ရှိနေသည့် လူက ပြောလိုက်သည်။ “မင်းရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ သီးသန့် ရွာလေးတစ်ခုမှာ ဘာလို့ တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်နေရတာလဲ”
“အကြောင်းရင်းကို မင်းသိချင်လို့လား”
“သိချင်တာပေါ့”
“လာ... ထိုင်၊ ငါပြောတာနားထောင်”
“........”
သစ်ပင်အောက်ရှိလူသည် မျက်မှောင်ကုတ်သွားမိသည်။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ် အဓိပ္ပာယ်မရှိတဲ့ အရာတွေ နားမထောင်ချင်ဘူး”
ဟား ဟား ဟား ဟား
ပုံပြောသူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပြီးသည့်နောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက် သည်။ “ကျုပ်က ဒီမှာ သီးသန့်လာပြီး နေထိုင်တယ်ဆိုတာက စကြဝဠာကြီးရဲ့ အမိန့်ကို ပြောင်းလဲပေးနိုင်တဲ့ တစ်စုံတစ်ယောက် မကြာခင် ပေါ်ပေါက်လာမယ်ဆိုတာကို ခန့်မှန်းမိလို့ပဲလေ”
“ဘယ်သူလဲ” သစ်ပင်အောက်ရှိ လူက မေးလိုက်၏။
ပုံပြောသူသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်သည်။ “ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ကို ကျုပ် ပြောပြလို့မရဘူး။ ဘယ်သူမှ မသေချင်ဘူးလေ”
“..............”
သစ်ပင်အောက်တွင် ရှိနေသည့်လူသည် နောက်ဆုံး၌ နားလည်သွားခဲ့၏။ ထို့ကြောင့် ဆက်လက်ကာ မမေးတော့ချေ။ သူသည် စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ “ခင်ဗျား.. ဒီမှာ ဘယ်လောက်ကြာကြာနေဖို့ မှန်းထားလဲ”
“အခုသွားတော့မယ်”
ပုံပြောသူသည် မတ်တပ်ထရပ်ပြီးသည့်နောက် သူ၏တူ၊ စက္ကူ၊ စားပွဲနှင့် ယပ်တောင်တို့ကို သိမ်းဆည်းလိုက်သည်။
“ဘယ်ကိုသွားမှာလဲ”
“တစ်လောကလုံးအနှံ့ပေါ့”
ထိုနေ့မှာပဲ အလင်းတန်းတစ်ခုသည် အထက်နယ်မြေ၏ တည်နေရာ အတားအဆီးကို ဖြတ်သန်းသွားပြီးသည့် နောက် ကျယ်ပြောလှသည့် စကြဝဠာထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့၏။ ပုံပြောသူသည် မထွက်ခွာခင်၌ ထူးခြားအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို လှမ်းကာ ကြည့်ရှုလိုက်သည်။ သူက တွေးလိုက်သည်။ “ဒီကောင်လေးက စကြဝဠာကြီးရဲ့ အမိန့်ကို ပြောင်းလဲနိုင်တဲ့ လူတစ်ယောက် ဖြစ်နေမလား”
........
ထူးခြားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အင်မော်တယ်တောင်တွင် သေဆုံးနှင့်ပြီးဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်မရှိသည့် ဂိုဏ်းတစ်ခုလည်း ဖြစ်လို့နေခဲ့သည်။ အထက်ပိုင်း အကြီးအကဲများသည် ပြိုင်စံရှားဂိုဏ်း အား လက်စားချေရန် မဆုံးဖြတ်ကြချေ။ ထိုအစား ၎င်းတို့သည် ဂိုဏ်းဂဏအသီးသီး ခွဲကာဖြင့် ဂိုဏ်းချုပ်နေရာကို ရရှိရန် တိုက်ခိုက်နေကြသည်။
ထိုအချင်းအရာကို သိရှိသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိနေသည်။ ရှေးယခင်ကတည်းက ရှိခဲ့သည့် ရှေးဂိုဏ်းတစ်ခုသည် အမှန်ပင် အတွင်း၌ လောက်များ တွယ်နေခြင်းပင်။
ယနေ့မှာတော့ သူသည် ထိုအရာ အားလုံးကို ဖျက်ဆီးပြီးသည့်နောက် အထက်နယ်မြေ၏ အရာအားလုံးကို ပြန်လည်ကာ စီရင်ရပေ လိမ့်မည်။ လူငယ်မျိုးဆက်သစ်များ အနေဖြင့် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးကို ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ရမည်မှာ သဘာဝပင် မဟုတ်ပါလား။
စနစ်က ပြောလိုက်၏။ “မင်း တခြားသူတွေရဲ့ အရင်းအမြစ်တွေကို လိုချင်တာ မဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြီး ပြောမနေစမ်းနဲ့”
“တော်စမ်း”
................
တခြားသောအင်မော်တယ်အဆင့် ဂိုဏ်းကြီးကိုးဂိုဏ်းတွင် ဘိုးဘေးအကြီးအကဲများ ရှိကြ၏။ သို့ပေမဲ့ ဂိုဏ်းသည် သေရေးရှင်ရေးနှင့် ကြုံကြိုက်သည်ဆိုပါက ၎င်းတို့သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပြီး တိုက်ခိုက်ရ ပေလိမ့်မည်။ သို့ပေမဲ့ အလွန်အားကောင်းလှသော ဗာမေလီယန်ငှက်ဘုရင်နှင့် ကြုံရသည့်အချိန်မှာတော့ ရလဒ် သည် ရှုံးနိမ့်ခြင်းသာလျှင်ဖြစ်၏။ ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ခြင်းကိုလည်း ခံလိုက်ရသည်။
အကျဉ်းသားများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျိုးဒူဒူသည် အမှန်ပင် မောက်မာလာခဲ့သည်။ သူ၏ အားအင်အဆင့်သည် ဂိုဏ်းထဲတွင် ထူးချွန်လှသည် မဟုတ်သော်လည်း အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် အနည်းဆုံး တည်ရှိနေသည့်လူများသည် အကျဉ်းသားများအဖြစ် သူ့ဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ အမှန်ပင် ဝံ့ကြွားနေမိ၏။
အားလုံးသောသူများသည် ရည်မှန်းချက် ရှိသည်။ ဥပမာအားဖြင့် ရီရှင်းချန်ပင်ဖြစ်သည်။
ကျိုးဒူဒူ၏ ရည်မှန်းချက် မှာတော့ အလွန်ပင် ရိုးရှင်းလွန်းလှသည်။ သူသည် သာမန်ဆန်လှသည့် ဂုဏ်ပုဒ်နှင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ သူ၏လက်ဝါးထဲတွင် အလွန်တရာ အစွမ်းထက်လှပါသည်ဆိုသော ဆရာကြီးများအား လှိမ့်ပိန့်အောင် ရိုက်နှက်ရခြင်းပင်။
..........
ဘုန်း
လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် နောက်ဆုံးအင်မော်တယ်အဆင့် ဂိုဏ်းတစ်ခုသည် ပြိုလဲသွားခဲ့တော့သည်။ သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များသည် သိမ်းဆည်းခြင်းကို ခံရပြီးသည့်နောက် ဂိုဏ်းကြီးတစ်ခုလုံးသည်လည်း စည်းခတ်ခြင်းကို ခံရပြန်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက အထက်နယ်မြေအား အုပ်စိုးခဲ့သည့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် အထက်နယ်မြေဆီမှ တရားဝင်ဖယ်ရှားခြင်းကို ခံခဲ့ရသည်။
ကျွင်းချောင်ရှောင်းတို့အနေဖြင့် မည်မျှသော ချမ်းသာကြွယ်ဝခြင်းတို့ကို ရရှိခဲ့သနည်း။ ဖော်ညွှန်း၍ပင် မရနိုင်ချေ။ ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ဖော်၍ မရနိုင်သည့် အပြုံးတစ်ခုကို ပြုံးကာဖြင့် ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ ဤအရာသည် နောက်ဆုံးဖြစ်နေသည်လား။ မဟုတ်ပေ။ ရင်ဆိုင်ဖြေရှင်းရန် နယ်မြေဟောခန်း ကျန်ရှိနေသေးသည်။ ထိုအဖွဲ့အစည်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ထောက်ပံ့မှုကို ခံရသောကြောင့် အဆုံးထိ အသက်ရှည်နေခဲ့ခြင်းပင်ဖြစ်လေ၏။