အခန်း ၁၆၆၉
Vol. 112 Ch. 1669
အပိုင်း (၁၆၆၉)
ကြီးမြတ်သူ ကုဟုန်၏ တပည့်သည် ရှစ်ကျန်းရွမ် ဖြစ်နေလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက မထင်ခဲ့ချေ။ မဟုတ် ပါက သူ့အနေနှင့် ဤမျှ ပြင်းပြင်းထန်ထန် ရိုက်နှက်မိလိမ့်မည် မဟုတ်ပေ။
တစ်ဖက်လူသည် မသိအောင် ဖုံးကွယ် ထားခဲ့၏။ ထို့ကြောင့် သူ့ကို အပြစ်တင်ရန်လည်း မဖြစ်နိုင်ချေ။ သို့ပေမဲ့ သူမမှန်း သိရှိပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပဲ သတိလစ်မေ့မျောသွားခဲ့ပြီဖြစ်သော သူမကို ကြမ်းကြမ်းတမ်းတမ်း ယမ်းခါကာဖြင့် တောင့်ခံထားရန် အော်ဟစ်နေမိ၏။ သူသည် သူမကို သတ်ဖြတ်မိသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေမိ၏။
ဝေါ့
ရှစ်ကျန်းရွမ်သည် သွေးတစ်လုတ်အန်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာသည် ပိုမိုကာဖြင့် ဖြူလျော်သွားခဲ့သည်။ သို့ပေမဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခုက တည်ရှိနေသေးသည်။
ဂိုဏ်းချုပ်ကျွင်း သည် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို စတင်လေ့လာပြီး အထက်နယ်မြေဆီသို့ တက်ရောက် သွားခဲ့၏။ အချိန်ကို ရေတွက်ရမည်ဆိုလျှင် သူတို့နှစ်ယောက် မတွေ့ခဲ့ရသည်မှာ နှစ်နှစ်ဆယ်နီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ လက်ရှိ တစ်ယောက်နှင့်တစ်ယောက် ထူးဆန်းသည့် နည်းလမ်းများနှင့် ပြန်လည်တွေ့ဆုံခဲ့ရသည် ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်ကျွင်းသည် သူမ၏ နာမည်ကို မှတ်မိနေသေး၏။ ထို့ကြောင့် အမှန်ပင် စိတ်ကျေနပ်မိ၏။
“ဘာတွေဖြစ်ကုန်တာလဲ” သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။ ကြီးမြတ်သူကုဟုန်၏ တပည့်သည် မိန်းကလေးတစ်ယောက် ဖြစ်သွားသည့်အတွက် သူတို့သည် အံ့အားမသင့်ချေ။ ထိုအစား ကျွင်းချောင်ရှောင်း တစ်ယောက် သူမကို ရိုက်နှက်ပြီးသည့်နောက် အလွန်တရာ မျက်ပြူးဆန်ပြာဖြစ်နေသည့်အတွက်ကြောင့် အံ့အား သင့်မိနေသည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အဆင့်နိမ့်နယ်မြေ၌ ဂိုဏ်းကိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နေသည့် အချိန်၌ ရှစ်ကျန်းရွမ်နှင့် သူမ၏ မြောင်ဟွာခန်းမသည် သူ၏ မဟာမိတ် ဖြစ်ခဲ့၏။ ယခု သူမကို ပြင်းပြင်း ထန်ထန်နှင့် ရိုက်နှက်မိချိ်နမှာတော့ သူ၏စိတ်သည် မည်သို့မှ နေလို့မကောင်းသလို ဖြစ်နေ၏။
“ရောင်းရင်းကြီး”
မာဆာတိုကီတာနိုက အသံပို့လွှတ်လိုက်သည်။ “ခင်ဗျားတပည့်က ဒီကောင်မလေးကို ဘယ်လိုသိတာလဲ”
ကြီးမြတ်သူတုံးကုသည် ခေါင်းကို ခါယမ်းမိ၏။ သူ မသိကြောင်း အရိပ်အယောင်ပြသလိုက်ခြင်းပင်။ သို့ပေမဲ့ သူသည် ဆိုးရွား သည့် ခံစားချက်တစ်ခုကို ရုတ်တရက် ရရှိလိုက်မိ၏။ ထင်မှတ်ထားသည့်အတိုင်းပင် သူ၏ဆိုးရွားသည့် ခံစားချက် သည် အစစ်အမှန် ဖြစ်တည်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် သတိလစ်မေ့မျောမတတ် ဖြစ်နေသော ရှစ်ကျန်းရွမ်ကို ထမ်းပိုးကာဖြင့် ပြောလိုက်သည်။ “ဆရာ... ကျုပ် အရှုံးပေးပါတယ်”
ဝေါ့
ကြီးမြတ်သူတုံးကုသည် သွေးများအန်ထွက်လာခဲ့၏။ ဤကောင်လေးသည် သူ့အားထပ်မံကာ လှည့်စားခဲ့ပြန်၏။
“ဂိုဏ်းချုပ်ကျွင်းက အရှုံးပေးလိုက်တယ် ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ စကားကို ကြားရသည့်အချိန်မှာတော့ အားလုံးသော သိုင်းကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ကြီးမြတ်သူကုဟုန်၏ တပည့်သည် ကျိန်းသေပေါက် ရှုံးနိမ့်ခဲ့၏။ သို့ပေမဲ့ သူမ၏ သူများထက်ပိုကာ ထူးခြားလွန်း လှသည့် အလှအပတရားကို ထုတ်ဖော်ပြသလိုက်သည့်အချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ချက်ချင်းပဲ အရှုံးပေးခဲ့၏။ ဤနှစ်ယောက်ကြားတွင် လျှို့ဝှက်ချက်တစ်ခုခု တည်ရှိနေခဲ့သည်လား။
“ငါ နားလည်ပြီ”
တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်မိ၏။ “ဒီကောင်မလေးက ဂိုဏ်းချုပ်ကျွင်းရဲ့ ရည်းစားပဲ ဖြစ်ရမယ်”
လူပေါင်းများစွာတို့၏ စိတ်ကူးများသည် ရိုင်းစိုင်းသွားခဲ့ကြ၏။ သူတို့သည် အချိန်အတိုင်းအတာတို အတွင်း များပြားလှသောအရာများကို တွေးတောထားပြီးဖြစ်သည်။ တော်တော်များများသည် ဤနှစ်ယောက်နှင့် ပတ်သက်၍ ထူးခြားသည့်အရာ ရှိလိမ့်မည်ဟု သုံးသပ်မိကြသည်။
“ဝိုး..... ဘယ်လောက်ထိ နူးညံ့လိုက်လဲ” အမျိုးသမီးကျင့်ကြံသူများသည် မနာလိုဖြစ်မိနေ၏။
လက်ရှိအချိန်မှာတော့ ဇဝေဇဝါ အဖြစ်ရဆုံးလူသည် ကြီးမြတ်သူကုဟုန်ပင်ဖြစ်သည်။ တစ်ဖက်လူသည် အရှုံးပေးလိုက်ပြီဆိုတော့ သူ အနိုင်ရရှိသွားခဲ့လေသည်လား။
“ဟား ဟား ဟား ဟား” ကြီးမြတ်သူကုဟုန်သည် ခါးထောက်ကာဖြင့် ရယ်မောလိုက်၏။
ကျွင်းချောင်ရှောင်း သည် ရည်ရွယ်ချက်ရှိရှိဖြင့် အရှုံးပေးခဲ့သည်ဆိုသော်လည်း တိုက်ပွဲသည် တိုက်ပွဲသာလျှင ်ဖြစ်၏။ လက်ရှိအခြေအနေတွင် တိုက်ပွဲကို ကြည့်ရှုနေခဲ့သည့် သိုင်းကျင့်ကြံသူများလည်း ရှိလို့နေခဲ့၏။ ထို့ကြောင့် အနိုင်ရရှိခြင်းသည် အနိုင်ရရှိခြင်း ဖြစ်၏။ သံသယရှိစရာပင်မလိုပေ။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ဖျက်ဆီးခဲ့၏။ ထို့ကြောင့် ကြီးမြတ်သူကုဟုန်သည် အမှန်ပင် စိတ်ဓာတ်ကျမိ၏။ သူ၏တပည့် အနေဖြင့် အနိုင်ရရှိမည်ဟု မထင်ထားချေ။ ပေါ့ပေါ့ပါးပါးဖြင့် ရှုံးနိမ့်သွားခြင်း ကိုသာ အလိုရှိမိသည်။
အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ကြီးမြတ်သူတုံးကုမှာတော့ ကျိန်းသေပေါက် အနိုင်ရမည်ဟု တွေးတော ထားခဲ့၏။ ထို့ကြောင့် အထက်စည်းမှနေ၍ တခြားသူ၏တပည့်ကို အရှုံးပေးရန်ပင် ပြောဆိုခဲ့သေး၏။
ပထမတုန်းက ကုန်းရှန့်တစ်ယောက် လေးလေးနက်နက်နှင့် တိုက်ခိုက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကြီးမြတ်သူ တုံးကုသည် ပျော်ရွှင်သွားမိ၏။ အဆုံးသတ်မှာတော့ သူသည် အရူးတစ်ယောက်လိုပင် ဖြစ်ခဲ့ရသည်။ တစ်ဖက်လူသည် သူ့အား လှည့်စားကာဖြင့် အရှုံးပေးခဲ့ပြန်သည်။
မာဆာတိုကီတာနို သည် ခေါင်းကို ခါယမ်းကာဖြင့် ကြေညာလိုက်၏။ “ဒီတိုက်ပွဲရဲ့ အနိုင်ရရှိသူက ကြီးမြတ်သူ ကုဟုန်ရဲ့ တပည့်ပဲ”
ဝေါ့
ကြီးမြတ်သူတုံးကုသည် သွေးများပင် အန်ထွက်လာခဲ့သည်။ သူသည် စိတ်ဆိုးလွန်းသောကြောင့် မြေပေါ်သို့ လဲကျကာ သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်နေသည်။
“ဂိုဏ်းချုပ်”
ဆေးသေတ္တာကို ပခုံးပေါ်ထမ်းကာဖြင့် အပြေးအလွှား ရောက်ရှိလာသော စွန်းပုကုံးက ပြောလိုက်၏။ “စီနီယာတုံးကု ... မေ့သွားပြီ”
“အင်း... ဆရာက ကိစ္စမရှိဘူး။ ဟောခန်းသခင်ရှစ်ကို အရင်ကယ်လိုက်”
“ကောင်းပါပြီ”
ထိုအသံကို ကြားရသည့်အချိန်မှာတော့ ကြီးမြတ်သူတုံးကုသည် အမှန်ပင် သတိလစ်သွားခဲ့တော့သည်။
ရှစ်ကျန်းရွမ်းသည် သူမ မည်သူဖြစ်ကြောင်းကို ထုတ်ဖော်ပြသပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အရှုံးပေးခဲ့၏။ ထိပ်တန်းကြီးမြတ်သူနှစ်ယောက်တို့၏ကြား ပြိုင်ဆိုင်မှုကလည်း အဆုံးသတ်သွားခဲ့သည်။ တိုက်ခိုက်ပွဲသည် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ချေ။ အနောက်ဘက်တွင် ဇာတ်လမ်းပေါင်းများစွာ ဖြစ်တည်စေ ခဲ့၏။
ဤသတင်း အထက်နယ်မြေသို့ ပျံ့နှံ့သွားသည့်အချိန်တွင် မည်ကဲ့သို့ ပြောဆိုကြမည်ကို ခန့်မှန်း၍ပင် မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤဇာတ်လမ်းတွင် ကုန်းရှန့်၏ အချစ်ရေး၊ အချစ်ရာများလည်း ပါဝင်လျက် ရှိနေသည် မဟုတ်ပါလား။
............
“ပြဿနာကြီး မဟုတ်ပါဘူး”
ညသင်္ချိုင်းတောင်၏ တောင်ခြေတွင်တော့ သွေးကြောများကို ခဏတာစမ်းသပ်ပြီး နောက် စွန်းပုကုံးက ပြောလိုက်သည်။ “ခဏလောက် အနားယူပြီးရင် ပြန်ပြီး ကောင်းသွားပါလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
“စီနီယာအစ်ကို”
စွန်းမူချန်သည် ရုတ်တရက် ရောက်ရှိလာကာ မေးလိုက်သည်။ “ဒါ ဘယ်သူလဲ”
“အောက်နယ်မြေမှာတုန်းက ဂိုဏ်းချုပ်ရဲ့ ရည်းစားဟောင်းလေ”
ဘန်း
အား....
စုရှောင်မိုသည် အနောက်သို့ ရုတ်တရက် လွင့်စင်သွားခဲ့တော့သည်။ သူသည် လှပစွာဖြင့် ပေတစ်ရာအကွာအဝေး ဆီသို့ ဘုတ်ကနဲ ပြုတ်ကျသည်။ မျက်လုံးများသည် ချာချာလည်လျက်ရှိနေပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်လျက်ရှိ၏။
“..........”
စွန်းမူချန်သည် အနောက်ခပ်လှမ်းလှမ်းဆီသို့ ပြေးသွားခဲ့သည်။
စွန်းပုကုံး တိုက်ကျွေးသော ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သောက်ပြီးသည့်နောက် ရှစ်ကျန်းရွမ်၏ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်သွားခဲ့၏။ မျက်နှာတစ်ခုလုံးသည်လည်း နှင်းဆီရောင် သမ်းလာခဲ့သည်။ သူမသည် ခက်ခက်ခဲခဲဖြင့် ပြုံးလိုက်၏။ “တစ်နေ့မှာ ဒီလိုနည်းလမ်းနဲ့ ပြန်လည်ဆုံတွေ့လိမ့်မယ်လို့ ကျွန်မ မထင်မိဘူး”
“ကျုပ်လည်း တူတူပါပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆရာပြောတဲ့ လောကရဲ့ ကလေးငယ်ဆိုတာက ဟောခန်းသခင်ရှစ် ဖြစ်နေတာကိုး”
ရှစ်ကျန်းရွမ်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “အင်း... မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အပေါင်းအသင်း မရှိတဲ့ လောကရဲ့ကလေးငယ်တစ်ယောက်ပေါ့”
ကျွင်းချောင်ရှောင်းသည် များများစားစား မမေးမြန်းခဲ့ချေ။ သူမသည် ဒဏ်ရာရရှိလျက်သား ရှိနေသေး၏။ သူမသည် လောက၏ ကလေးငယ်ဟု သတ်မှတ်ခံထားရသည်ဖြစ်ကြောင်း အကြမ်းဖျင်း သတ်မှတ်ထားလိုက်မိ၏။ ဤအရာသည် သူမ၏ ခန္ဓာကိုယ်တွင် ရှိနေသော ထူးခြားသည့် ဓာတ်သဘာဝနှင့် သက်ဆိုင်နေပေလိမ့်မည်။
“တကယ်တော့ ဆရာနဲ့ စီနီယာတုံးကုတို့က ဆယ်နှစ်တာ ကတိစကား ပြုလုပ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ပြိုင်ဘက် က ရှင်ဖြစ်မှန်း အစောကြီးကတည်းက သိခဲ့တယ်လေ။ ဒါကြောင့် ဆယ်နှစ်တိတိကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး ကြိုးစားခဲ့တယ်။ ရှင့်ရဲ့ရှေ့မှာ ရပ်တန့်ပြီး ဆိုးဆိုးရွားရွား မရှုံးနိမ့်နိုင်ဘူးလို့ ကျွန်မ ယုံခဲ့မိတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့”
ရှစ်ကျန်းရွမ်သည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်မိသည်။ “ကျွန်မတို့ကြားက ကွာခြားမှုက အောက်နယ်မြေမှာတုန်းကလို ကြီးမားသေးတာပဲ”
“ဟောခန်းသခင်ရှစ်... ခင်ဗျား အကောင်းဆုံး လုပ်ခဲ့တာပဲလေ” သူ့အနေနှင့် ကျိန်းသေပေါက် နှစ်သိမ့်ပေးနေခြင်း မဟုတ်ပေ။ စိတ်လိုလက်ရ ပြောဆိုနေခြင်းသာဖြစ်၏။ အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်း အားအင်အဆင့်မျိုးနှင့် သူ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိရုံသာ ဖြစ်ခဲ့သည်ဆိုခြင်းမှာ သူမ၏ အခုအခံ အကာအကွယ် သည် အလွန်အားကောင်းလှသည်ဟု ဖော်ညွှန်းပြနေခြင်း မဟုတ်ပါလား။
“ဂိုဏ်းချုပ်... စီနီယာတုံးကုကို ကယ်ရအုံးမှာလား”
“ဟာ... ကယ်ရမှာပေါ့။ သွား ... သွား”
“ကောင်းပါပြီ” စွန်းပုကုံးသည် အလျင်အမြန်နှင့် ပြေးသွားခဲ့၏။ ကြီးမြတ်သူတုံးကုကို တကူးတက သွားရောက် ကယ်တင်ရန် မလိုအပ်ခဲ့ချေ။ ဤကဲ့သို့သော ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများသည် သွေးတစ်လုတ်လောက် အန်ထုတ်လိုက်ရုံနှင့် ဘာမှဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ဤနှစ်ယောက်၏ကြားတွင် ကြောင်တောင်တောင် နှင့်ရပ်နေရခြင်းသည် သူ့အား နေမထိ ထိုင်မသာ ဖြစ်စေ၏။ ထို့ကြောင့် ကြီးမြတ်သူတုံးကုဆီသို့ အလျင်အမြန် ပြေးသွားခြင်းသာဖြစ်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူတို့သည်လည်း အမှန်ပင် အလိုက်သိလွန်းလှ၏။ အစအဆုံး ခပ်ဝေးဝေး တည်နေရာ၌သာ နေခဲ့ပြီး ထိုနှစ်ယောက်၏ စကားပြောဆိုမှုများကို မသိသလို ဟန်ဆောင်ထားခဲ့ကြ၏။
ဤတစ်ကြိမ် ဂိုဏ်းချုပ်၏မိန်းမ လိုက်ပါမလာခြင်းသည် ဤကဲ့သို့အကြောင်းအရာများ တည်ရှိနေသည်လားဟုပင် သူတို့က သံသယဝင်မိနေသည်။
“မဖြစ်နိုင်ဘူး”
စုရှောင်မိုသည် နာကျင်သွားသော သူ၏ဖင်ကို ပွတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်က ဒီလိုလူမျိုး မဟုတ်ဘူး။ အကြီးအကဲဝေရဲ့ နာမည်ကို သက်သေထားပြီး ကောင်းကင်မှာ ကျိန်ဆိုရဲတယ်”
ကျွင်းချောင်ရှောင်း မည်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို သိရှိသောသူသည် စုကုန်းရှန့်ပင်ဖြစ်၏။ ခန်းမသခင်ရှစ်အပေါ် ဤကဲ့သို့ ခံစားမှုများ တည်ရှိနေသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။
အမှန်ပင် ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ လက်ရှိ စိတ်အခြေအနေသည် မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ဆုံရခြင်း ထက် ဘာမှ မပိုချေ။
“ဂိုဏ်းချုပ်ကျွင်း”
“ခင်ဗျားရဲ့ ဒဏ်ရာတွေက မပေါ့ဘူးလေ။ အရင်ဆုံး စကားမပြောနဲ့အုံး”
“အင်း”
သူတို့နှစ်ယောက်သည် ရှားရှားပါးပါး ပြန်လည်တွေ့ဆုံခဲ့ရသည်ဆိုသော်လည်း အခြေအနေသည် အနည်းငယ် ကြောင်တောင်တောင်ဖြစ်လို့ နေခဲ့၏။
...........
ကြီးမြတ်သူတုံးကုသည် စွန်းပုကုံး ပြန်လည်ကုသပေးပြီးသည့်နောက် နိုးထလာခဲ့တော့၏။ သူ၏ တပည့်သည် ထပ်မံကာ လှည့်စားသွားသည်ကို သိရှိပြီးသည့်နောက်မှာတော့ ထပ်မံကာ သတိလစ်မေ့မျောလုမတတ် ဖြစ်နေ တော့သည်။
“တုံးကုကြီး”
ကြီးမြတ်သူ ချင်းဝေက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျွန်မတို့ကြား တိုက်ပွဲကိုလည်း မမေ့နဲ့အုံး”
“စီနီယာ... ကျေးဇူးပြုပြီး စိတ်ချပါ”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီဂျူနီယာက အစောကြီးကတည်းက ပြင်ဆင်ပြီးသားပါ”
ကြီးမြတ်သူတုံးကုသည် ထိုအကြောင်းအရာကို ကြားသည့်နောက်မှာတော့ ရုတ်တရက် ထကာ ဆဲဆိုလုမတတ် ဖြစ်နေ၏။ “တပည့်ဆိုး... မင်း ဆရာကြီး ထလုပ်ပြန်ပြီလား”
“ဆရာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စီနီယာချင်းဝေနဲ့ တိုက်ခိုက်ပွဲအတွက် ပြိုင်စံရှားဂိုဏ်းက လက်ရွေးစင်တပည့်တစ်ယောက် စေလွှတ်ပေးပါ့မယ်။ ရီရှင်းချန်”
အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီဖြစ်သော ရီရှင်းချန်သည် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် ညသင်္ချိုင်းတောင်ပေါ်သို့ ရောက်ရှိလာသည်။ သူ၏ အေးစက်စက် အကြည့်များသည် တိမ်များ၊ မြူများ ဖုံးလွှမ်းလျက် ရှိသော ဧကရီလင်းရောင်အပေါ်သို့ ရောက်ရှိသွား၏။ သူက အော်ဟစ်လိုက်သည်။ “ဆင်းခဲ့စမ်း၊ သေဖို့ပြင်တော့”
ဝှစ် ဝှစ်
ကြမ်းတမ်းလွန်းလှသော စွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။
သိုင်းကျင့်ကြံသူများအားလုံးသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဘယ်လောက် အားကောင်းလှတဲ့ သတ်ဖြတ်လိုခြင်းဆန္ဒတွေလဲ”