← Chapters

အခန်း ၁၆၇၃

Vol. 113 Ch. 1673

အခန်း ၁၆၇၃

Vol. 113 Ch. 1673

အပိုင်း (၁၆၇၃)

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သက်တန့်ရောင်စဉ်ကျမ်းခုနှစ်ခုကို ထုတ်ယူပြီးသည့်နောက် သေတမ်းစာတွင် ရေးသားထားသည့် လက်ရေးနှင့် တိုက်ဆိုင်ကာ စစ်ဆေးလိုက်၏။ တူညီသည့်လူတစ်ယောက်မှ ရေးသားထားခဲ့သည်မဟုတ်သော်လည်း ရေးသားသည့်ပုံပန်းသွင်ပြင်နှင့် တူညီလှသည်ဟု ခံစားမိ၏။ စာလုံးတစ်ခုချင်းစီတိုင်းသည် ကျင့်ကြံခြင်း စနစ်နှင့် သက်ဆိုင်သည့်အော်ရာမျိုး ပါဝင်လျက်ရှိနေပြီး စကားစုနှင့် အထားအသိုပုံစံမျိုးကတော့ ခြားနားလျက်ရှိ၏။

“စနစ် … ဒါကို ဘယ်လိုထင်လဲ”

“သက်တန့်ရောင်စဉ်ကျမ်းထဲမှာ ရေးထားတဲ့ လက်ရေးပုံစံနဲ့ သေတမ်းစာထဲမှာ ရေးထားတဲ့ လက်ရေးပုံစံ တွေက အနည်းငယ် ဆင်တူနေတယ်။ ဆိုလိုတာက တူညီတဲ့လောကတစ်ခုမှာ နေထိုင်ကြတဲ့ လူတွေပဲဖြစ်မယ်။ တူညီတဲ့ ကျင့်ကြံခြင်းနိယာမရဲ့ လွှမ်းမိုးမှုအောက်မှာလည်း တည်ရှိနေနိုင်တယ်”

“ငါလည်း ဒီလိုထင်တယ်”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက် လာခဲ့၏။ ဤသိုင်းကျမ်းသည် သိုင်းပညာနှင့်ပတ်သက်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဟု သတ်မှတ်ထားသော သက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့သည့် အရာဖြစ်သည်။

ဧကရီလင်းရောင်သည် ထိုသူနှင့် တူညီသည့်ဂြိုဟ်တစ်ခုဆီမှ ရောက်ရှိလာသည့်လူတစ်ယောက် ဖြစ်မည်ဆိုလျှင် ရိုးရှင်းလှသည့် လူတစ်ယောက် မဟုတ်တော့ချေ။ သို့ပေမဲ့ ဤအရာမှာ အဓိကအချက် မဟုတ်သေးပေ။ အဓိကအချက်မှာ ရီရှင်းချန်သာလျှင် ဖြစ်၏။ သေတမ်းစာထဲတွင် ပါဝင်သည့်အကြောင်းအရာများကို ကြည့်ရှုရမည်ဆိုလျှင် ရီရှင်းချန်သည် တုန်လှုပ်ဖွယ်ရာကောင်းသော တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ယခု ထိုအမျိုးသမီး၏ လက်ရေးသည် သက်တန့်ရောင်သူတော်စင်၏ လက်ရေးနှင့် ဆင်နေသည်ဆိုလေတော့ အလွန်အဆင့်မြင့်မားလှသည့် လူတစ်ယောက်ယောက်နှင့် အဆက်အသွယ်ရှိနေသည်ဟု ဆိုလိုနေသည်လား မသိချေ။

“ဖြစ်နိုင်တာက”

စနစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ရီရှင်းချန်က သက်တန့်ရောင်သူတော်စင် ပြန်လည်မွေးဖွားလာတဲ့ လူတစ်ယောက်လည်း ဖြစ်နိုင်တယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားသည်။ “မင်းက တော်တော်စကားများတယ်။ ပြီးတော့ ပြောသမျှ အရာအားလုံးက ပြီးရင်တလွဲတွေကြီးပဲ”

“………”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ထိုင်ကာအော်မိ၏။ “ဒီတလောမှာ ငါ ဘာတွေမှားတာများ လုပ်မိလို့လဲ”

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ထိုအရာနှင့်ပတ်သက်၍ ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ထိုက်ရွှမ်ကျမ်းစာ၏ နောက်ဆုံးစာမျက်နှာတွင် ရေးသားထားသည့် လက်ရေးသည် သေတမ်းစာနှင့် အနည်းငယ်တော့ ခြားနားလျက် ရှိ၏။ ထို့အပြင် အထဲရှိ မန္တာန်ကို မည်သူက ပြောင်းလဲခဲ့သနည်း။

“ငါ့အထင်အရ”

စနစ်က ပြောလိုက်သည်။ “တကယ်လို့ ဒီမန္တာန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းခဲ့တဲ့လူကို ရှာနိုင်မယ်ဆိုရင် ရီရှင်းချန်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုကို ရှာဖွေနိုင်မယ်လို့ ထင်တယ်”

…………..

သေတမ်းစာနှင့် သိုင်းကျမ်းများ၏ လက်ရေးကို နှိုင်းယှဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နောက်ဆုံးတွင် အနှစ်ချုပ်လိုက်၏။ ဧကရီလင်းရောင်နှင့် သက်တန့်ရောင်သူတော်စင်တို့သည် တူညီသည့် နယ်မြေတစ်ခုဆီမှ ဆင်းသက်လာသူများဖြစ်ပြီး လက်ရေးလက်သားကလည်း တူညီလှ၏။ သို့ပေမဲ့ ရီရှင်းချန်သည် စွမ်းအားမြင့်လူတစ်ယောက်၏ ပြန်လည်မွေးဖွားနိုင်သည့် လူတစ်ယောက် ဖြစ်သည်ဟု အတည်ပြုနိုင်ရန်မှာတော့ ခက်ခဲလွန်းလှချေသည်။ အနည်းဆုံးတော့ ဤအမျိုးသမီးမှာ ရိုးရှင်းလှသူမဟုတ် ဟုသာ သုံးသပ်နိုင်၏။

“စီနီယာကုရဲ့ အားအင်က အရမ်းကို ကြောက်ဖို့ကောင်းတယ်။ သက်တန့်ရောင်သူတော်စင် အကြောင်းကို ပြောတဲ့အချိန်မှာ သူ့ရဲ့မျက်နှာတစ်ခုလုံးက ချီးကျူးမှုတွေနဲ့ ပြည့်နေတယ်လေ။ ပြီးတော့ သိုင်းပညာနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးလို့တောင် ပြောခဲ့သေးတယ်”

“တကယ်လို့ ဧကရီလင်းရောင်ကသာ သူနဲ့ တူညီတဲ့ ဂြိုဟ်တစ်ခုမှာ နေထိုင်တဲ့လူတစ်ယောက်ဖြစ်မယ်ဆိုရင် သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တော်တော်ကြီးကို မြင့်မားရမယ် မဟုတ်လား။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူမက ရီရှင်းချန်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် ဒီနေရာနဲ့ပတ်သက်ပြီးတော့ အနည်းငယ် မရှင်းတဲ့ကိစ္စရပ်တွေ ရှိသေးတယ်။

“ပြောရမယ်ဆိုရင် ရီရှင်းချန်ရဲ့ တုန်လှုပ်လောက်စရာ တည်ရှိမှုကြီးက အထက်စကြဝဠာတစ်ခုလုံးကို သက်ရောက်စေပြီး စကြဝဠာတစ်ခုလုံးရဲ့အမိန့်ကို ပြောင်းလဲနိုင်စွမ်း ရှိနေမှာလား”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီထိုင်လိုက်ပြီး ကုပ်ပိုးကို ပွတ်သပ်လိုက်၏။ “ရုတ်တရက် ဖိအားတွေတောင် ခံစားလာရတယ်”

အတိတ်တုန်းကဆိုလျှင် ရီရှင်းချန်သည် ညအင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာသည်ထက် ဘာမှ မပိုချေ။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ ပိုမိုနက်ရှိုင်းသည့် အကြောင်းအရာများ တည်ရှိနိုင်သည်။ မထင်မှတ်ထားလောက်အောင် ကြီးမားသည့် ပြဿနာကြီးပေါ်ပေါက်လာတာမျိုးဆိုလျှင် သူ၏ ဂိုဏ်းသည် ခံနိုင်ရည် ရှိပါမည်လားဟုပင် သံသယဝင်လာမိသည်။

“အဆင်ပြေတယ်”

စနစ်က ပြောလိုက်၏။ “မင်း အဆင်မပြေနိုင်ဘူး ထင်ရင် ဂိမ်းဆာဗာခိုးတာသာ လုပ်လိုက်လေ။ အရင်ကလည်း မလုပ်ဖူးတာမှ မဟုတ်တာ”

………..

ညရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေ၏။ သူသည် အထက်နယ်မြေ၏ သိုင်းကျင့်ကြံခြင်းထိပ်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဆိုသော်လည်း ကြီးမားလှသည့် စကြဝဠာထဲမှာတော့ ဘာမှ မဟုတ်ချေ။

နှင်းဆီဧကရီသည် အသာလှမ်းလျှောက်လာပြီသည့်နောက် သူ၏ဘေးနားတွင် ထိုင်ချလိုက်၏။ နဖူးစပ်တွင်ရှိသော ဆံပင်များကို အသာသပ်တင်ကာဖြင့် ပြောလိုက်၏။ “တခြားသူတွေအတွက် ငါ့ယောက်ျားက မထင်မရှား ကြယ်လေးတစ်ခုဆိုပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာ ရှိနေတဲ့ လူတွေအားလုံးအတွက်တော့ အလင်းပြနေတဲ့ လမင်းကြီးလိုပဲလေ”

ကျွင်းချောင်ရှောင်းက နာနာကျင်ကျင် ပြောလိုက်သည်။ “အဲလိုဖြစ်လေ၊ ဖိအားတွေက ပိုပြီးတော့ များလာလေပဲ”

သူတစ်ယောက်တည်းသာ ဆိုပါက ဤသေခြင်းရှင်ခြင်းများကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏အနောက်တွင် ဂိုဏ်းတစ်ခုလုံးရှိနေပြီး တပည့်ပေါင်းများစွာ ကလည်း တည်ရှိနေသေး၏။ အလွန်အားကောင်းလှသည့် လူတစ်ယောက် အဖြစ် လျှောက်ရသည့်လမ်းသည် ရေခဲပြင်ပါးပါးလေးပေါ် ဖြတ်လျှောက်ရသည်နှင့် ဆင်တူလှ၏။ ထို့အပြင် တပည့်တစ်သိန်းကျော်တို့ကို ပခုံးပေါ်တွင် ထမ်းတင်ကာ လှမ်းလျှောက်နေရသေး၏။

“ကျွန်မ ရှင့်ဘေးနားမှာ အမြဲတမ်း ရှိနေမယ် ယောက်ျား” နှင်းဆီဧကရီသည် ခေါင်းကိုငဲ့စောင်းကာ အသာမှေးမှီလိုက်ချင်၏။ သို့ပေမဲ့ တွန်းထုတ်ခံရမည်ကို စိုးရိမ်သောကြောင့် အသာငြိမ်ငြိမ်သက်သက် ထိုင်နေရသည်။

သူတို့နှစ်ယောက်သည် ဆက်လက်ကာ မပြောကြတော့ချေ။ တစ်ညလုံးလုံး ကြယ်များကိုသာ မော့၍ ကြည့်ရှုနေကြ၏။

………………

အခန်းထဲမှာတော့ ရီရှင်းချန်သည် ခြေချိတ်ကာ ထိုင်လျက် ရှိနေပြီး မသက်မသာ ခံစားနေရ၏။ တစ်စုံတစ်ယောက်သည် သူ၏နားထဲသို့ တီးတိုးပြောဆိုနေသကဲ့သို့ပင်။ “ကောင်းကင်အောက်မှာရှိတဲ့ အရာအားလုံးက ဒီဘုရင် ပိုင်ဆိုင်တာပဲ။ ကောင်းကင်မှာရှိတဲ့ လူတွေအားလုံးကလည်း ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုပဲ”

အား အား

သူသည် ခေါင်းကိုဆုပ်ကိုင်ကာဖြင့် အော်ဟစ်လိုက်၏။ “ငါ ဒါမျိုး မပြောခဲ့ဘူး။ ငါ ဒါမျိုး မပြောခဲ့ဘူး”

နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် မျက်ကွင်းများ ညိုမဲကာဖြင့် အခန်းထဲမှ လျှောက်ထွက်လာခဲ့၏။ ပုံမှန်အားဖြင့် သူသည် ကလဲ့စားချေပြီးသည့်နောက် ကောင်းမွန်သည့် စိတ်မျိုး ရှိရမှာဖြစ်သည်။ သို့ပေမဲ့ ဘာမှန်းမသိသည့် သေတမ်းစာကို ဖတ်ရှုပြီးသည့်နောက် ဇဝေဇဝါ ဖြစ်မိနေသည်။ ရက်အနည်းငယ်အတွင်း သိုင်းကျင့်ကြံခြင်းကိုပင် ကောင်းကောင်းမပြုလုပ်နိုင်ချေ။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို သိရှိပြီးသည့်နောက် အလွန်တရာ ဒေါသထွက်သွားသည်။ “ဒီအမျိုးသမီးက ရီရှင်းချန်ကို ဒုက္ခရောက်အောင် တမင်သက်သက် လှည့်စားခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်”

“သိုင်းကျင့်ကြံခြင်းတစ်ခုလုံးကို စွန့်လွှတ်သွားစေဖို့လား”

သို့ပေမဲ့ သူမသည် ရီရှင်းချန်၏ စိတ်အဟုန်ကို အထင်သေးခဲ့ပုံပေါ်၏။ နောက်တစ်ရက်မှာပဲ ရီရှင်းချန်သည် သူ၏စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးသည့်နောက် ယခင်ကထက် ပိုမိုကာ ဇွဲကောင်းကောင်းနှင့် သိုင်းပညာကို လေ့ကျင့်တော့သည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ပြန်လည်ကြားသိချိန်မှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက် မိ၏။

သူသည် ရွက်သင်္ဘောတည်ဆောက်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်လျက် ရှိနေပြီး အဓိကတာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း တွေးတောလျက် ရှိနေသည်။

အတားအဆီးများကို ချိုးဖြတ်ပြီးနောက် စကြဝဠာတစ်ခုလုံးကို လှည့်လည်ကာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို စတင်ခြင်း ....။

“တာဝန်ရဲ့ လိုအပ်ချက်က အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခုအဖြစ် ရောက်ရှိဖို့လေ။ လောကကြီးတစ်ခုလုံးရဲ့ အသိအမှတ်ပြုမှုကို မရရှိဘူးဆိုရင် ပြည့်စုံဖို့ ခက်ခဲလိမ့်မယ်” စနစ်က ပြောလိုက်သည်။

“မင်း ငါ့ကို ရင်နာအောင် ပြောနေတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

“ဂိုဏ်းရဲ့အဆင့်ကို တိုးတက်အောင် ပြုလုပ်ဖို့ နည်းလမ်းကိုရှာဖို့ အချိန်ရောက်ပြီ”

ဤတည်နေရာတွင် အသိအမှတ်ပြု အဖွဲ့အစည်းများလည်း မရှိချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတစ်ခုအနေနှင့် ရွှမ်အဆင့်ဂိုဏ်းတစ်ခုမျှသာ တည်ရှိနေသေးသည်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးများကိုပင် ဖျက်ဆီးပစ်နိုင်သည့် သာမန်ထက်ပိုသော ဂိုဏ်းတစ်ခုဟု အားလုံးက လက်ခံနေကြသည်။

“ချင်းယန်”

သူသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဂိုဏ်းရဲ့ဂိတ်တံခါးကြီးမှာရှိတဲ့ ဆိုင်းဘုတ်ကို အင်မော်တယ်ဂိုဏ်းလို့ပြောင်းပြီးတော့ အဓိက မြို့အသီးသီးကို သတင်းဖြန့်လိုက်တော့”

“ကောင်းပါပြီ”

လီချင်းယန်သည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးနောက် မတူညီသည့် ဆိုင်းဘုတ် အသီးသီးကို ရွေးချယ်လိုက်သည်။

သူဘာကို ရွေးချယ်နေသနည်း။ ချိတ်ဆွဲရမည့် ဆိုင်းဘုတ်ပင်ဖြစ်သည်။ အထဲ၌ ဆိုင်းဘုတ်များ တည်ရှိနေ၏။ ထိုအရာသည် ပြိုင်စံရှား ရွှမ်အဆင့်ဂိုဏ်း၊ ပြိုင်စံရှား တာအိုအဆင့်ဂိုဏ်း။ ထိုအရာများအားလုံးကို သူသည် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးပြီဖြစ်၏။

ခဏလောက် ကြာပြီးသည့်နောက် ကြီးမားလွန်းလှသော ဆိုင်းဘုတ်ကြီးသည် ဂိတ်တံခါး၏ရှေ့တွင် တည်ရှိနေ၏။ စာလုံးသည် ပြိုင်စံရှား အင်မော်တယ်ဂိုဏ်းဟု ရေးသားထားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဂိုဏ်း နာမည်ပြောင်းလဲခြင်းအား အဓိကမြို့အသီးသီးတွင် တရားဝင်ကြေညာခဲ့သည်။

ပါဝင်သည့် အကြောင်းအရာသည် ယနေ့မှစ၍ ပြိုင်စံရှားဂိုဏ်းသည် အင်မော်တယ်အဆင့်ဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ခဲ့၏။ သဘောမတူသည့်လူများ ရှိပါက အင်မော်တယ်တောင်ဆီသို့ ရောက်ရှိလာပြီး လာရောက်ပြောဆိုရန်ပင်ဖြစ်၏။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။ သူတို့က သူတို့ကိုသူတို့ အင်မော်တယ်ဂိုဏ်းလို့ သတ်မှတ်နေပြီပဲ”

သိုင်းကျင့်ကြံသူ အသီးသီးသည် ဤကြေညာချက်ကို ကြားရသည့်အချိန်မှာတော့ အံ့အားမသင့်ကြချေ။ ထို့အပြင် အင်မော်တယ်အဆင့်ဂိုဏ်းကြီးများကို ဖျက်ဆီးနိုင်ခဲ့သည်ဆိုသောကြောင့် ပြိုင်စံရှားဂိုဏ်းသည် အင်မော်တယ်အဆင့်နှင့် ထိုက်တန်လွန်းလှ၏။ ထို့ကြောင့် အင်မော်တယ်ဆိုသည့် နာမည်ကို တပ်ခြင်းသည် ကျိုးကြောင်းဆီလျော်လှသည့် ကိစ္စပင်ဖြစ်သည်။

“အင်း”

အင်မော်တယ်အဆင့်ထက် တခြားအဆင့်မြင့်သည်အရာ ရှိသည်ဆိုလျှင်တောင်မှ ကုန်းရှန့်သည် ထိုအရာကို အသုံးပြုနိုင်စွမ်းရှိ၏။ အထက်နယ်မြေ၏ ပြက္ခဒိန် နှစ်မည်မျှ ကုန်ဆုံးသွားခဲ့သည်ဖြစ်ကြောင်းကို မည်သူမှ မသိရှိချေ။ သို့ပေမဲ့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် သမိုင်းထဲ၌သာ ကျန်ရှိခဲ့တော့၏။ ရှေးပြိုင်စံရှား အင်မော်တယ်ဂိုဏ်း မှာတော့ အားအကောင်းဆုံး ဖြစ်တည်လာခဲ့၏။

“ဒင်... အဓိကတာဝန် ပြည့်စုံ။ တွက်ချက်နေသည်”

ရွက်သင်္ဘောကြီး၏ တည်ဆောက်မှုကို တာဝန်ယူကြီးကြပ်နေသည့် ကျွင်းချောင်ရှောင်းသည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက်ဆွံ့အသွား၏။ သူသည် ရှေးပြိုင်စံရှား အင်မော်တယ်ဂိုဏ်း ဟူသည့် ဆိုင်းဘုတ်ကြီးကိုတပ်ရန် တပည့်များအား အမိန့်ပေးခဲ့၏။ ထို့ကြောင့် အဓိကတာဝန်သည် ပြည့်စုံသွားပြီး တွက်ချက်လျက် ရှိနေသည်။ ရိုးရှင်းလွန်းလှပေသည်။

“ဒီလိုမှန်းသိရင် အစောကြီးကတည်းက ပြောင်းလိုက်မှာပေါ့”

ဟား ဟား ဟား ဟား

ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာဖြင့် အားရပါးရ ရယ်မောနေ၏။ ရွက်သင်္ဘောများကို လေ့လာလျက် ရှိနေသည့် ကျန်းတယ်ကျွင်းနှင့် တခြားသော သူများသည် တစ်ချက်လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေကြသည်။ ထို့အပြင် ၎င်းတို့သည် ဂိုဏ်းချုပ်၏ ရူးကြောင်ကြောင် အပြုအမူ များကို အသားကျနေပြီဖြစ်၏။

“ဒင်.... လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ သိုင်းပညာနှင့် ပတ်သက်သည့် အလွန်ရက်ရောလွန်းသော ပမာဏရှိသည့် အတွေ့အကြုံများကို ရရှိသည်”

“ဒင်... လက်ခံသူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေလှမ်းဝက်အဆင့်ချိုးဖြတ်ခဲ့၏”

ဝှစ် ဝှစ်

ထိုနေ့မှာပဲ ပြိုင်စံရှားဂိုဏ်း၏ အထက်ကောင်းကင်ယံတစ်ခုလုံးသည် ဆန်းကြယ်လှသည့် ဓာတ်သဘာဝများ ဖုံးလွှမ်းသွားခဲ့၏။ ပြီးသည့်နောက် ဂြိုဟ်၏တစ်ဝက်လောက်ကိုပင် ဖုံးလွှမ်းသွားခဲ့တော့သည်။ အနာဂတ်၏ သမိုင်းမှတ်တမ်းများထဲတွင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် နတ်ဘုရားလျှို့ဝှက်နယ်မြေကို ခြေလှမ်းနိုင် ခဲ့သည့် တကယ့် အထင်ကရပုဂ္ဂိုလ်အဖြစ် ဖြစ်တည်ခဲ့ပြီဖြစ်သည်။

All Chapters