အခန်း ၁၆၇၆
Vol. 113 Ch. 1676
အပိုင်း (၁၆၇၆)
အထက်နယ်မြေနှင့် တောင်ပင်လယ်နယ်မြေတို့သည် တူညီသည့်စကြဝဠာပတ်လမ်းထဲတွင် တည်ရှိနေကြသည်ဆိုသော်လည်း အကွာအဝေးအားဖြင့် အလွန်ကွာဝေးသည်။ ထူးခြားသည့် ယာဉ်တစ်စင်းစင်း မရှိပါက နတ်ဘုရားလျှို့ဝှက်နယ်မြေကို ခြေလှမ်းဝက်လှမ်းပြီးဖြစ်သော ကျင့်ကြံသူပင်လျှင် ဆယ်စုနှစ်တစ်ခုစာလောက် ခရီးသွားလာရပေမည်။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်း၌ အဆင့်မြင့် ရွက်သင်္ဘောများ ပိုင်ဆိုင်နေသည်။ ထို့ကြောင့် ခရီးစဉ်ကို ရောက်ရှိရန် နှစ်လလောက်သာ ကြာမြင့်ပေလိမ့်မည်။
ဟုတ်ပေသည်။
မြန်မြန်သွားလေ စွမ်းအင်ကုန်ခမ်းမှုများလေဖြစ်သည်။
နှစ်ရက် ၊ သုံးရက်လောက်သာ ခရီးထွက်လာကြသည် ဆိုသော်လည်း ရွက်သင်္ဘောကြီး ဆယ်စင်းအတွက် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှင့်ချီ ကုန်ခမ်းခဲ့ပြီဖြစ်၏။
အဓိက ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “တောင်ပင်လယ်နယ်မြေက ငါတို့နဲ့ စွမ်းအင်အရင်းအမြစ် တူညီတဲ့ လောက တစ်ခု ဖြစ်စေဖို့ မျှော်လင့်မိတယ်။ မဟုတ်ရင် ဒီသင်္ဘောတွေ ပျံသန်းမရမှာစိုးရတယ်”
“ထင်ထားတဲ့အတိုင်းပဲကိုး”
စနစ်က ပြောလိုက်သည် “မင်း ဓားပြလုပ်နေတော့မှာမလား”
“ချီးကို ဓားပြပါလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ငါ သူတို့နဲ့ ကုန်သွယ်မှာပေါ့”
ကုန်းရှန့်သည် အရှက်မဲ့လှသည် ဆိုသော်လည်း လုယက်ခြင်း၊ ဓားပြတိုက်ခြင်း စသော ကိစ္စများကို ဘယ်တော့မှ ပြုလုပ်မည်မဟုတ်ချေ။ တူညီသော စွမ်းအင်အရင်းအမြစ် တည်ရှိသည်ဆိုလျှင် တစ်စုံတစ်ခု နှင့် ကုန်သွယ်ရန် သူ စဉ်းစားထားသည်။
စနစ် က ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ် မင်း အမြတ်ကြီးစားမှာပဲ မဟုတ်လား”
ရွက်သင်္ဘောကြီး၏ စွမ်းအင်အရင်းအမြစ် အဖြစ် အသုံးပြုသော အရာများသည် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်နေသည်။ ထိုကဲ့သို့သော အရာသည် မည်သည့်ဂြိုဟ်မှာပဲ ဖြစ်ဖြစ် ရှားပါးလွန်းသည့်အရာများ ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် လဲလှယ်နိုင်ရန် တန်ဖိုးရှိ အရာတစ်ခုခုကို စဉ်းစားထားရမည်။
…..
ရွက်သင်္ဘောကြီး ဆယ့်တစ်စင်းသည် ကျယ်ပြောလှသော စကြာဝဠာထဲတွင် ခရီးနှင်လျက်ရှိနေသည်။
တပည့်များသည် ထုံးစံအတိုင်းပင် ကျင့်ကြံခြင်းကို ပြုလုပ်နေကြသည်။ ခရီးထွက်နေသည်ဆိုပြီး အမဲ့တမှတ်ဖြင့် မနေကြချေ။ ယူဆောင်လာကြသော သိုင်းပညာအရင်းအမြစ် ခန်းမများထဲ ဝင်ပြီး လေ့ကျင့်ကြ၏။
“ဒုတိယ စီနီယာအစ်ကို”
“သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲကို သွားမှာလား”
“သွားကြစို့”
လီချင်းယန် နှင့် စုရှောင်မိုတို့သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်ကြသည်။ ရွက်သင်္ဘောကြီးများသည် ကြီးမားလွန်းလှပြီး ကျင့်ကြံရန် အခန်းများ၊ စားသောက်ခန်းများအပြင် သီချင်းသီဆိုနိုင်သော အခန်းများပင် ပါဝင်နေကြသေးသည်။
“ဟယ်လို”
ကျွင်းချောင်ရှောင်းသည် ကာရာအိုကေအခန်းထဲဝင်ပြီး မိုက်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်သီဆိုနေ၏။
ယုစီနန်၊ ကုန်းစွန်းဟုန့် နှင့် ပိုင်လီချင်းချောင်တို့သည် မြေပေါ်သို့ လဲကျကုန်သည်။ ပါးစပ်ထဲမှပင် အမြုပ်များထွက်လျက်ရှိသည်။
ပထမတုန်းက ဂိုဏ်းချုပ်ခေါ်သည် ဆိုသောကြောင့် အလျင်အမြန်ဖြင့် ပြေးလာကြခြင်းဖြစ်သည်။ သို့ပေမဲ့ လမ်းတွင် အဘယ့်ကြောင့် တပည့်တစ်ယောက်မှကို မတွေ့ရသနည်း ဆိုသည်ကို အံ့အားသင့်မိနေခဲ့ကြသည်။ လက်ရှိမှာတော့ အကြောင်းရင်းကို သူတို့ကောင်းကောင်း နားလည်လိုက်ကြပြီ ဖြစ်၏။ ဂိုဏ်းချုပ်၏ သီဆိုမှုသည် သေစေလောက်၏။
……
ငှက်ဆိုးထိုးသံ ထက် ဆယ်ဆ ပိုမိုကာ အားကောင်းလွန်းသော သီချင်းသံကို နားဆင်ပြီးသည့်နောက် နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်တို့သည် အရေးပေါ်ခန်းသို့ပင် ရောက်ရှိခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ တာဝန်ပြည့်စုံသည့်အတွက် ရရှိခဲ့သော ထူးခြားသည့် ပစ္စည်းဆိုသည်ကို ထုတ်ယူကာ ကြည့်ရှုလိုက်၏။
“မင်း ဒါကို သတိရသေးတာပဲ” စနစ်က အငေါ်တူးလိုက်သည်။
ဒွီ .....။
ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်ပြီးနောက် ထူးခြားပစ္စည်းဆိုသော သေတ္တာပေါ်သို့ လက်တင် လိုက်၏။ ရွှေရောင်အလင်းတန်းများ ထွန်းတောက်လာပြီးနောက် သတိပေးသံတစ်ခုသည် သူ၏ နားထဲသို့ ဝင်ရောက်လာ၏။
“ဒင် ….. လက်ခံသူသည် အဓိက တာဝန်ကို အသက်သွင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်”
“လက်ခံသူသည် ဝိညာဉ်ချိန်ကိုက်ဗုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်”
ကုန်းရှန့်၏ အမူအရာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။
ဟားဟားဟား ...။
စနစ်သည် အူလှိုက်သည်းလှိုက် ရယ်မောလျက်ရှိသည်။
ဤအတောအတွင်း အဓိက တာဝန်နှင့် ပတ်သက်၍ သူသည် တစ်ခွန်းမှမပြောခဲ့ချေ။ ထို့ကြောင့် လက်ခံသူသည် အလွန်ဝမ်းမြောက်စွာဖြင့် ဆောင့်ကြွားဆောင့်ကြွား လုပ်လျက်ရှိနေသည်။ အဓိက တာဝန် ပေါ်လာစေရန် သူ စိတ်ထဲမှာ ကြိတ်၍ ဆုတောင်းခဲ့ရသည့် ရက်မှာမနည်းတော့ချေ။ ထုတ်ပြောလိုက်လျှင် ပြောင်းပြန်ဖြစ်ပြီး အဓိက တာဝန် ပေါ်မလာမည် ဆိုသောကြောင့် ပြောချင်လျက်နှင့် ဝဇီပိတ် ကျင့်နေခဲ့ခြင်းဖြစ်၏။
“ဒီလိုမလုပ်နဲ့လေ”
ကုန်းရှန့်သည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ရင်း အမှန်ပင် စိတ်ဓာတ်ကျနေမိသည်။
“ဟင်း....”
စနစ်သည် ဘေးတစ်ဖက်ဆီမှ နှစ်သိမ့်လိုက်၏ “ဒါက လက်ခံသူရဲ့ ကံတရားပဲဖြစ်ရမယ်”
……
အဓိက တာဝန်သည် အထက်စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးရန်။
“ဒါပဲလား”
စာလုံးလေး အနည်းငယ်သာ ရေးသားထားသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။
ယခင် အဓိကတာဝန်များတွင် အချိန်ကာလ သတ်မှတ်ချက်ရှိခဲ့၏။ မပြည့်စုံလျှင် ဝိညာဉ်ချိန်ကိုက်ဗုံးသည် ကွဲထွက်သွားပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတစ်ကြိမ်တွင်တော့ အချိန်ကန့်သတ်ချက်မပါခဲ့ချေ။
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်မိနေသည် “အချိန်ကန့်သတ်ချက်မပါရင် ငါ့ကို ဝိညာဉ်ချိန်ကိုက်ဗုံး နဲ့ ဘယ်လို ချုပ်နှောင်မှာလဲ”
ပြောပြီးသည့်နောက် အုတ်ခဲနှင့် ဆင်တူသော ဝိညာဉ်ချိန်ကိုက်ဗုံးကို သူ ထုတ်ယူလိုက်သည်။ အထက်နယ်မြေဗားရှင်းဟု ရေးသားထားသော စာတမ်းကို မြင်ရချိန်မှာတော့ ထိုအရာသည် သူ တာဝန်ပြည့်စုံသောကြောင့် ဖယ်ရှားပြီးဖြစ်သော ဗုံးဖြစ်မှန်း နားလည်လိုက်မိ၏။
“…..”
စနစ်သည် မရယ်နိုင်တော့ချေ။
“ဟားဟားဟား”
ဤတစ်ကြိမ်မှာတော့ အားရပါးရ ရယ်မောသူသည် ကျွင်းချောင်ရှောင်းသာ ဖြစ်လေသည်။
အဓိက တာဝန်သည် သူ့အား ဝိညာဉ်ချိန်ကိုက်ဗုံး ပေးအပ်ခဲ့သည်။ သို့ပေမဲ့ အချိန်ကန့်သတ်ချက်မပါသောကြောင့် သူသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကအား သွားရောက် ဖောက်ခွဲနိုင်ပြီ ဖြစ်၏။
“ငါ နားလည်ပြီ”
စနစ်က ပြောလိုက်သည် “မင်း တောင်ပင်လယ် နယ်မြေကို သွားပြီး ကုကျောင်းရှစ်ကို သွားရှာတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ အသေခံ ဗုံးခွဲဖို့ လူလိုနေတာကိုး”
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် တည်တန့်သွား၏ “ဘယ်တော့မှ ငါ့ ညီငယ်ကို တူညီတဲ့ ကိစ္စရပ်မျိုး မလုပ်ခိုင်းတော့ဘူး”
ယခင်တုန်းက ကုကျောင်းရှစ်သည် သူပြင်ဆင်ပေးခဲ့သော ဗုံးကို ယူပြီး ရွက်သင်္ဘောကိုးစင်းအား အသေခံ ဗုံးခွဲခဲသည်။ ထို့ကြောင့် ဤကဲ့သို့ စတေးမှုမျိုးကို သူ မည်သူ့ကိုမှ ပြုလုပ်ခိုင်းတော့မည်မဟုတ်ချေ။
“ဒီလိုပဲမျှော်လင့်ပါတယ်”
“အထက်စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးဖို့ ….”
ကျွင်းချောင်ရှောင်းသည် တာဝန်၏ စာလုံးများကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေမိသည်။ “စကြဝဠာကြီးတစ်ခုလုံး ကို လွှမ်းမိုးစေချင်တာလား”
“ခက်ခဲတယ်”
စနစ်က ပြောလိုက်၏ “အခွင့်အလမ်းကို မရှိဘူး”
ကျွင်းချောင်ရှောင်းသည် သဘောတူညီမိသည်။
ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် သူ့ကဲ့သို့ နတ်ဘုရားလျှို့ဝှက်နယ်မြေထဲ ခြေလှမ်းဝက် လှမ်းနိုင်သူများသည် လမ်းဘေးခွေးလို ပေါများပေလိမ့်မည်။
“ကံကောင်းတာက အချိန်အကန့်အသတ်မရှိတာပဲ။ ဒီတော့ ဖြည်းဖြည်းချင်း တိုးတက်သွားအောင် ပြုလုပ်လို့ရတယ်”
“ဂိုဏ်းချုပ်”
ရုတ်တရက် သူ၏ နားထဲသို့ အသံတစ်ခု ဝင်လာသည် “ကြယ်တာရာ မြေပုံမှာ ဂြိုဟ်တစ်ခု ပေါ်လာတယ်”
“ဝင်ပြီးသွားကြည့်ရအောင်”
“ကောင်းပါပြီ”
ဝှစ် … ဝှစ် ....။
ရွက်သင်္ဘောကြီးဆယ့်တစ်စင်းသည် သူတို့ ပထမဆုံး ရှာတွေ့သည် ဂြိုဟ်ရှိရာသို့ ဦးတည်လိုက်သည်။ သို့ပေမဲ့ စကြဝဠာထဲ၌ တည်ရှိနေသော ဤလောကဂြိုဟ်ကြီးသည် တုန်ခါနေသလိုပင်။