← Chapters

အခန်း ၁၆၈၄+၁၆၈၅

Vol. 113 Ch. 1684+1685

အခန်း ၁၆၈၄+၁၆၈၅

Vol. 113 Ch. 1684+1685

အပိုင်း (၁၆၈၄ + ၁၆၈၅)

ဘုရင်ချန့်ယွမ်နှင့် ဘုရင်တင်းယွမ်တို့သည် အခြေအနေခြင်း မတူညီကြချေ။ တစ်ယောက်သည် တင်းမာ ခက်ထန်လျက်ရှိပြီး တခြားတစ်ယောက်မှာမူ လွယ်လွယ်ကူကူနှင့် အရှုံးပေးလိုက်၏။

တင်းယွမ်နိုင်ငံ၏ တင်းယွမ် ဘုရင်သည် ကံမကောင်းလှချေ။ တင်းမာခက်ထန်စွာဖြင့် ပြုမူဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် ခေါင်းဖြတ် သတ်ခြင်းကို ခံလိုက်ရသည်။

“သူ့ခေါင်းကို ယူသွားရအောင်”

“ကောင်းပါပြီ” နတ်ဆိုးစစ်သည်နှစ်ယောက်တို့သည် ပျံသန်းရောက်ရှိလာပြီး တင်းယွမ်ဘုရင်၏ခေါင်းကို ဖြတ်ကာ ယူဆောင်လာခဲ့၏။

အဓိကဟောခန်း၏ အပြင်ဘက်တွင် ရှိနေသော ရီရှင်းချန်သည် အသာလှည့်ကာဖြင့် ထိတ်လန့်ကြောက်ရွံလျက် ရှိနေသည့် မင်းအတိုင်ပင်ခံ ပုဂ္ဂိုဟ်ကို ကြည့်ရှုလိုက်သည်။ “ခုခံတဲ့ရလဒ်က ဒါပဲ”

ညအင်ပါယာအနေဖြင့် တခြားသော သူများကို အညံ့ခံရန် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။

.......

အင်ပါယာမြို့

ကျွင်းချောင်ရှောင်းသည် မြို့၏အပြင်ဘက်ဂိတ်တံခါးရှေ့တွင် ထိုင်လျက်ရှိနေပြီး လက်ဖက်ရည်ကို ဇိမ်ပြေနပြေဖြင့် သောက်လျက်ရှိနေ၏။ “ခင်ဗျားအလှည့်ပဲ”

ရှေ့တွင် စစ်တုရင်ရုပ်ကို ကိုင်လျက်ရှိနေသည့် ယုဖေးရသည် ဆွံ့အလျက်ရှိနေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမ သည် မည်ကဲ့သို့သော စိတ်မျိုးနှင့် စစ်တုရင် ကစားရမည်နည်း။

“ဧကရီ”

ကျွင်းချောင်ရှောင်းက အကြံပေးလိုက်သည်။ “ပုံမှန်အတိုင်းပဲကြည့်ပါ။ တကယ့်ကိစ္စရပ်ကြီးလိုမျိုး မကစားနဲ့”

“........”

ယုဖေးရသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။ “ကျွန်မမှာ သမားတော်ကြီးလိုမျိုး သာမန်ထက်ပိုတဲ့ စိတ်နေ စိတ်ထားမျိုး မရှိဘူးလေ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဖြင့် စားပွဲပေါ်သို့ စစ်တုရင်ရုပ်ကို လှမ်းပစ်တင်ကာ ပြောလိုက်သည်။ “အချိန်ရောက်ပြီ။ သူတို့ မကြာခင် ရောက်လာတော့မယ်”

ဆွစ် ဆွစ်

ပြောပြီးပြီးချင်းမှာပဲ စုရှောင်မို၊ ရှောင်ကျီနှင့် တခြားသောသူများ ဦးဆောင်လျက် ရှိနေသည့် နတ်ဆိုးစစ်သည်များ သည် အလျင်အမြန်ဖြင့် ပျံသန်းလာပြီး မြို့၏ အပြင်ဘက်တွင် စီတန်းရပ်လျက် ရှိသည်။ နိုင်ငံအသီးသီးမှ ဘုရင်များ အားလုံးသည် ဒူးထောက်ကာ အကျဉ်းသားများကဲ့သို့ပင် တည်ရှိနေကြ၏။

“ချန့်ယွမ်ဘုရင် ရောက်ပါပြီ”

“တန်ယွမ်ဘုရင်လည်း ရောက်ပါပြီ”

ကောင်းကင်ယံထက်တွင် အော်သံများ ထွက်ပေါ်လာခဲ့ပြီး ယုဖေးရ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့၏။ အင်ပါယာမြို့၏ အပြင်ဘက်လေထုထဲတွင် ရွက်သင်္ဘောဆယ့်တစ်ခုသည် လွင့်မျောလျက် ရှိနေပြီး မြို့၏ အပြင်ဘက်တွင် တော့ များပြားလွန်းလှသော ဘုရင်များသည် ဒူးထောက်ကာ တည်ရှိလျက် ရှိနေ၏။ ဤအရာသည် အနာဂတ်ခန်းဆောင်ထဲတွင် ရှိနေသော ပန်းချီကားများ၏ တိကျခိုင်မာသော ဟောပြောချက်ပင် ဖြစ်နေတော့၏။

“ဒင်... လက်ခံသူသည် ကြက်သွေးရောင်ငရဲလောကကြီးကို စိုးမိုးနိုင်ခဲ့၏”

“ဒင်... အဓိကတာဝန်ပြည့်စုံခဲ့သည်။ တိုးတက်မှု... တစ်ရာခိုင်နှုန်း”

“မယုံနိုင်စရာပဲ” ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်တုန်းက လှိုင်းပြာအင်ပါယာ၏ ဘိုးဘေးအား ကူညီပေးခဲ့သည့် ကျွမ်းကျင်သူ ဆိုသည်မှာ ဖြစ်သူဖြစ်သနည်း။ ဖြစ်ပေါ်လာမည့် အခြေအနေတစ်ခုလုံးကို ကျိန်းသေပေါက် ပန်းချီဆွဲ၍ ထားခဲ့၏။ သူသည် ထိုအရာကို မြင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် အမှန်ပင် အံ့အားသင့်လျက်ရှိသည်။

“ဒီမြင်ကွင်းပဲ” ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်ကို အလျင်အမြန်ဖြင့် အာရုံဖြန့်ကျက်ကာ အင်ပါယာမြို့ တစ်ခုလုံးကို လွှမ်းခြုံလိုက်၏။ ပြိုင်စံရှားဂိုဏ်း၏တပည့်များ အတူတကွ လှုပ်ရှားလိုက်သည့်အချိန်တွင် တခြားသောမြို့အသီးသီးတွင် ရှိနေသော စစ်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ ကြ၏။ ထိုသူတို့အားလုံးသည် မြို့၏အပြင်ဘက်တွင် စုစည်းထားလျက်ရှိနေကြပြီး ပန်းချီကားထဲတွင် ရေးဆွဲထား သည့် ပုံရိပ်အတိုင်းပင် အားလုံးသောသူများသည် အရိုအသေပေးနေကြ၏။

“ဘာကိုရှာနေတာလဲ”

“ဝိညာဉ်ကူးပြောင်းသူလေ”

ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားထား သည်။ ပုံမှန်အတိုင်း ပြောရမည်ဆိုရင် ထိုမြင်ကွင်းကို ရေးဆွဲထားသည်ဆိုမှတော့ တစ်နေရာရာမှ ကြည့်ရှုပြီး ရေးဆွဲထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုသူကို ရှာဖွေနေခြင်းပင်။

“...........”

စနစ်သည် ဆွံ့အသွားမိ၏။ “လက်ခံသူရဲ့ စိတ်ကူးယဉ်မှုက တကယ့်ကို ကြီးမားတာပဲ”

ကျွင်းချောင်ရှောင်းသည် လက်ရှိ အခြေအနေ၌ အလွန်အားကောင်းလှသည့် စွမ်းအင်များကို ပိုင်ဆိုင်သူ တစ်ယောက် မဟုတ်သေးပေ။ သို့ပေမဲ့ အင်ပါယာမြို့တစ်ခုလုံး၏ မိုင်ပေါင်းထောင်ချီကို လွှမ်းခြုံကာ ကြည့်ရှု နိုင်စွမ်း ရှိနေ၏။ အားလုံး၏ လှုပ်ရှားမှုများကို သူသည် သေသေချာချာ လေ့လာလျက် ရှိနေသည်။

ကြက်သွေးရောင်ငရဲလောကကြီး၏ ပူလောင်လွန်းလှသော ပတ်ဝန်းကျင်ကြောင့် အမျိုးသမီးများ၏ အသားအ‌ရေသည် နီစပ်စပ်နှင့် အလွန်တရာ ကြည့်ရှုလို့ကောင်းလှ၏။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်း၏ စိတ်သည် ထိုအလှအပများပေါ်တွင် မရှိချေ။ သူသည် သံသယအပြည့်ဖြင့် လူများအားလုံးကို ကြည့်ရှုနေခြင်းသာ ဖြစ်၏။

“ဟုတ်ပြီ”

ရုတ်တရက် မြို့၏မိုင်တစ်ရာအဝေး တောင်ကုန်းပေါ်၌ မျက်နှာကို ဖုံးကာထားသည့် အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို သူက မြင်လိုက်ရ၏။ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်အရဆိုလျှင် သူသည် ကြက်သွေးရောင်ငရဲလောကကြီးတွင် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် ထိုသူ၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို ကြည့်ရှု၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ပြဿနာကြီးပင် ဖြစ်ပေလိမ့်မည်။ ပေါ်ပေါက် လာသည့် ဤလူသည် အမှန်ပင် သူ ရှာဖွေနေသည့်သူ ဖြစ်ရပေလိမ့်မည်။

“သူပဲလား”

သူသည် ရုတ်တရက်ထကာ ပျံသန်းရန် ပြင်လိုက်သည့်အချိန်မှာပဲ ထိုတောင်၏ထိပ်တစ်ခုလုံးသည် ဘာမှမရှိတော့ဘဲ ပြောင်သလင်းခါနေသည်ကိုသာ မြင်လိုက်ရ၏။ “ဘယ်ရောက်သွားလဲ”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ သူသည် အရပ်လေးမျက်နှာ အသီးသီးဆီသို့ အမဲရောင်ဝတ်စုံနှင့် လူအား လိုက်လံရှာဖွေတော့၏။ သို့ပေမဲ့ ထပ်မံကာ မတွေ့ရှိတော့ပေ။

“ဒင်... လက်ခံသူသည် ကြက်သွေးရောင်ငရဲလောကကြီးကို လွှမ်းမိုးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အဓိက တာဝန်၏ ပြည့်စုံမှုနှုန်းထားထဲတွင် ပါဝင်ပြီး တိုးတက်မှုသည် တစ်ရာခိုင်နှုန်း ဖြစ်၏။ ရုတ်တရက် သူ၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။’

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ အံ့အားသင့်သွား၏။ ကုန်းရှန့်သည် တာဝန်တစ်ခုပေါ်လာသောကြောင့် ယုဖေးရအား ကူညီခဲ့ခြင်းဖြစ်မည်ဟု အားလုံးက ထင်မှတ်မိပေလိမ့်မည်။ သို့ပေမဲ့ မည်သည့်တာဝန်မှ မရှိချေ။ သူ့အနေနှင့် အားနည်းလှသော မိန်းကလေးတစ်ယောက်အား အာဏာ ပြန်လည်ရရှိရန် ကူညီပေးခဲ့ခြင်းသာ ဖြစ်၏။ အဖိုးအခအနေနှင့် ထိုက်တန်လှသည့် မီးကျောက်အရေအတွက်ကို ပြန်လည်ရယူရန် စဉ်းစားထား၏။

သို့ပေမဲ့ ယနေ့မှာတော့ များပြားလွန်းလှသော သစ္စာဖောက်ဘုရင်များကို ဖမ်းချုပ်ပြီးသည့်နောက် သူသည် ကြက်သွေးရောင်ငရဲလောကကြီးကို လွှမ်းမိုးနိုင်ခဲ့သည်။ ဤအရာသည် ရုတ်တရက်ဆန်လွန်းလှ၏။ သူသည် ပင်လျှင် အလစ်အငိုက်မိခဲ့သည်။

ကြက်သွေးရောင်ငရဲလောကကြီးတစ်ခုလုံးကို အနိုင်ယူခြင်းသည် အဓိကတာဝန်၏ အကြောင်းအရာထဲတွင် ပါဝင်နေခဲ့သည်။ ဆိုလိုသည်မှာ တခြားသောဂြိုဟ်များကို ထိုကဲ့သို့ သွားရောက်ကာ အနိုင်ယူရမည်လား။ ထိုသို့ဆိုလျှင် တခြားသောဂြိုဟ် ကိုးဆယ့်ကိုးခုသည် သူ့အား ဤကဲ့သို့ ပြုလုပ်ရန် စောင့်မျှော်နေလေသည်လား။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ပျက်လက်ပျက် ဖြစ်မိနေ၏။ သူ ခန့်မှန်းခဲ့သလို တကယ်သာဖြစ်မည်ဆိုပါက သူသည် ဂြိုဟ်များ၊ ဂြိုဟ်များ အသီးသီးဆီသို့ သွားရောက်ကာ ထိုကဲ့သို့ ပြုလုပ်နေရပေလိမ့်မည်။ ထို့အပြင် ရာခိုင်နှုန်းသည် တစ်ရာ ရာခိုင်နှုန်းနှင့် အဆုံးသတ်သည်လား။ တစ်ထောင်လား၊ တစ်သောင်းလား ဆိုသည်ကို သေသေချာချာ မသိနိုင်ချေ။

“ငါသိပြီ” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ အော်ဟစ်လျက်ရှိနေတော့သည်။ အဓိကတာဝန်သည် မိတ်ဆက်ထား သကဲ့သို့ ကျိန်းသေပေါက် ရိုးရှင်းလှသည့်တာဝန်တစ်ခု မဟုတ်နိုင်ခဲ့တော့ချေ။

“လက်ခံသူပျော်သင့်တယ်လေ”

စနစ်က ပြောလိုက်သည်။ “အနည်းဆုံးတော့ အဓိကတာဝန်ကို ပြည့်စုံအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတာပဲ”

“ချီးတဲ့မှ.. မင်းဘွားအေကို သွားပျော်ပါလား။ ဂြိုဟ်တစ်ခု ထိန်းချုပ်နိုင်တာကို တစ်ရာခိုင်နှုန်း အောင်မြင်မှုပဲ ပေးတာလေ။ ဒီတော့ ငါ့အနေနဲ့ ဒီလိုမျိုးလုပ်ဖို့အတွက် ဂြိုဟ်ဘယ်နှစ်ခုလောက်ကို သွားပြီးတော့ သိမ်းပိုက်ရမှာလဲ”

အချက်အလက်အားဖြင့် စနစ်ပြောသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အနည်းဆုံး အဓိကတာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း နားလည်စေခဲ့၏။ သို့ပေမဲ့ ကုန်းရှန့်အား စိတ်ဓာတ်ကျစေခဲ့သည်မှာ သူ့အနေနှင့် တာဝန်ပြည့်စုံရန်အတွက် မည်မျှ များပြားလှသော ဂြိုဟ်များကို သွားရောက်ကာ ထိန်းချုပ်သိမ်းပိုက် ရမည်နည်း။

“အမှန်ပဲ”

စနစ်က ပြောလိုက်သည်။ “ငါမင်းကို စာနာသနားပါတယ်”

ကြက်သွေးရောင်ငရဲလောကကြီးသည် ဥပမာတစ်ခုအဖြစ် ပေးအပ်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ရေတွက်လို့မရအောင် များပြားသော ဂြိုဟ်အသီးသီးတို့ တည်ရှိနေသေး၏။ အဓိကတာဝန်၏ အကျယ်အဝန်းသည် မည်မျှရှိသည်ကို မည်သူမှ မသိနိုင်ချေ။ သူကိုယ်တိုင်ပင်လျှင် မသိချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးကို မော့ကြည့်ကာဖြင့် သက်ပြင်းချလိုက်မိ၏။ ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရသည့် အဓိကတာဝန်ပျောက်ကွယ်သွားအောင် ပြုလုပ်ရခြင်းကပင်လျှင် မလွယ်ကူ လှပေ။

ယခု များပြားလွန်းလှသော ဂြိုဟ်အသီးသီးကို သိမ်းပိုက်ရယူရန် တာဝန်ကို ပေးအပ်လို့ လာခဲ့သည်။ သူ့၌ ရွေးချယ်ခွင့်သာ ရှိမည်ဆိုပါက ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။ သတ်မှတ်ထာသည့် တည်နေရာနှင့် သတ်မှတ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်အောင် ပြုလုပ်နိုင်သည်နှင့် သူသည် အေးအေးသက်သာစွာဖြင့် နေထိုင်နိုင်စွမ်းရှိ၏။

“ဒါ ပုံမှန်ပဲလို့ ငါထင်တယ်”

စနစ်က ပြောလိုက်သည်။ “ပထမဆုံး အဓိကတာဝန်ကြီးနှစ်ခုက ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက် အောင်ပြုလုပ်ဖို့ပဲလေ။ လက်ခံသူက ဒါတွေအကုန်လုံးကို လုပ်ပြီးတဲ့ အချိန်မှာ တပည့်တွေအကုန်လုံးကို ခေါ်ပြီးတော့ စကြဝဠာကြီးကို သိမ်းပိုက်ဖို့ဆိုတာ ရှောင်လွှဲလို့ မရတဲ့အရာပဲ မဟုတ်လား”

“……….”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

“လူကြီးမင်းကျွင်း”

ထိုအချိန်မှာပဲ ယုဖေးရသည် တီးတိုးမေးလိုက်မိ၏။ “ဘာတွေစဉ်းစားနေတာလဲ”

ကျွင်းချောင်ရှောင်းသည် သတိပြန်ဝင်လာခဲ့၏။ “ဒီပုန်ကန်သူတွေ အကုန်လုံးကို ဖမ်းဆီးပြီးသွားပြီ။ ဧကရီအနေနဲ့ သူတို့ကို အပြစ်ပေးမလား၊ သတ်မလားဆိုတာကို ဆုံးဖြတ်ပါ။ ပြီးတော့ ဒီနိမ့်ကျတဲ့ စစ်သူကြီးကျုပ်က နိုင်ငံအသီးသီးကို ပေါင်းစည်းဖို့အတွက် ပြုလုပ်ပေးမယ်။ ဒါဆိုရင် သူတို့အားလုံးက လှိုင်းပြာအင်ပါယာရဲ့အောက်မှာ အညံ့ခံရလိမ့်မယ်”

ကုန်းရှန့်သည် အရာကိစ္စများကို ကိုင်တွယ်သည့်နေရာတွင် အလွန်ပင် လျင်မြန်လွန်းလှ၏။ တစ်ရက်တည်းမှာပဲ သူသည် ခေါင်းဆောင်ကင်းမဲ့လျက် ရှိနေသည့် နိုင်ငံအသီးသီးဆီသို့ သွားရောက်ကာဖြင့် ထိုသူတို့ အနေဖြင့် လှိုင်းပြာအင်ပါယာ၏ အမိန့်ကို နာခံရန် တစ်ခါတည်း ကြေညာခဲ့တော့သည်။ ပုန်ကန်သူများအားလုံးကို အညှာအတာ ကင်းမဲ့စွာ တစ်ခါတည်း သတ်ဖြတ်ခဲ့သည်။

ကျွင်းချောင်ရှောင်း၏ အေးစက်ပြီး ရက်စက်သည့် တစ်ဖက်ခြမ်းသည် ပေါ်ပေါက်လာခဲ့သည်။ ကျွင်းချောင်ရှောင်း၏ ထိုကဲ့သို့ သတ်ဖြတ်တတ်သည့် အမူအကျင့်ကို စာဖတ်သူများက သိရှိပြီး ဖြစ်လိမ့်မည်။

“စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ လူသေအလောင်းတွေကို နင်းဖြတ်ပြီး ဖြစ်တည်လာခဲ့တာပဲ”

အင်ပါယာမြို့၏ အထက်တည်နေရာမှာတော့ ကုန်းရှန့်သည့် ကောင်းကင်ယံကြီးကို မော့ကြည့်ကာဖြင့် ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ “ဒီနေ့ ငါ့ရဲ့လုပ်ရပ်က အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ လေ့လာစရာတစ်ခု ဖြစ်လာလိမ့်မယ်”

………….

နည်းလမ်းမျိုးစုံဖြင့် ကြိုးစားပြီးသည့်နောက် ယုဖေးရသည် အခွင့်အာဏာကို ပြန်လည်ရရှိပြီး နိုင်ငံအသီးသီးမှ စစ်သည်များ၏ အားအင်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။ သူမသည် သမားတော်၏ စကားကို သေသေချာချာ နားထောင်ပြီးသည့်နောက် အသုံးမဝင်သည့် လုပ်ရိုးလုပ်စဉ်များကို ဖယ်ရှားလိုက်၏။ ပြီးသည့်နောက် တစ်ခုတစ်စည်းတည်း ဖြစ်တည်စေရန်အတွက် သေချာ အစီအစဉ် ချမှတ်ခဲ့သည်။

ဤအရာနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် အဘယ်ကြောင့် ဤမျှ ကျွမ်းကျင်နေရသနည်း။ ဟုတ်ပေသည်။ သူသည် ဝိညာဉ်ကူးပြောင်း မရောက်ရှိလာစဉ်က သမိုင်းဘာသာရပ်ကိုလည်း လေ့လာသင်ယူဖူးသည် မဟုတ်ပါလား။ ထို့ကြောင့်ပင်လျှင် လှိုင်းပြာအင်ပါယာကြီး ပြန်လည်ထူထောင်သည့်နေရာတွင် အကောင်းမွန်ဆုံးသော အကြံဉာဏ်များကို ပေးအပ်နိုင်ခြင်းပင်။

“ဆရာကြီး”

ယုဖေးရသည် ဂါရဝပြုကာဖြင့် ပြောလိုက်၏။ “ကူညီတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မတို့ လှိုင်းပြာအင်ပါယာက ဆက်ပြီးတော့ ရေရှည်တည်တံ့သွားနိုင်ပါပြီ”

“ကျုပ်ကို ကျေးဇူးတင်စရာ မလိုဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအနေနဲ့ ကျေးဇူးတင်ချင်တယ် ဆိုလို့ရှိရင် ခင်ဗျားရဲ့ ဘိုးဘေးကြီးကို ကူညီခဲ့တဲ့ ကျွမ်းကျင်သူကိုပဲ ကျေးဇူးတင်သင့်တယ်”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကုန်းရှန့် အနေနှင့် ယုဖေးရ အား ကူညီကယ်တင်ရခြင်းသည် ထိုအနာဂတ်ပန်းချီများကြောင့်သာ ဖြစ်၏။ သူသည် ထိုအရာကို အမှန်ပင် စိတ်ဝင်စားခဲ့၏။ ထို့ကြောင့်ပင်လျှင် ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

“များပြားလှတဲ့ နိုင်ငံအသီးသီးကနေပြီးတော့ ဝင်ငွေအရင်းအမြစ်တွေ ကျွန်မ ရခဲ့တယ်လေ။ ဒီတော့ ဆရာကြီးအနေနဲ့ ပထမအဆင့် မီးကျောက် ဘယ်လောက်လောက် လိုချင်လဲ”

“အင်း၊ ခင်ဗျား သင့်တင့်သလောက် ပေးလိုက်လေ”

…………

ရက်အနည်းငယ် ကြာပြီးသည့်နောက် ကြက်သွေးရောင်ငရဲလောကဆီမှ သက်ရှိများ အားလုံးတို့သည် ကောင်းကင်ယံကို မော့ကြည့်ကာဖြင့် ဂါရဝပြုလျက်ရှိနေ၏။

ဝှစ် ဝှစ် ဝှစ်

ရွက်သင်္ဘောကြီး ဆယ့်တစ်စင်းတို့သည် တည်နေရာအတွင်းပိုင်းဆီသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့ သည်။

ကြက်သွေးရောင်ငရဲလောကကြီးသည် ရိုးရှင်းလှသည့် တည်နေရာကြီးတစ်ခုသာဖြစ်၏။ အရာအားလုံး ပြုလုပ်ပြီးသည့်နောက်မှာ ပြိုင်စံရှားဂိုဏ်းသည် ပြန်လည်ကာ ထွက်ခွာသွားရမည်မှာ သဘာဝပင်ဖြစ်၏။

ယုဖေးရ အနေနှင့်တော့ ကျွင်းချောင်ရှောင်း၏ ဘဝတွင် သာမာန် ဖြတ်သွားဖြတ်လာ မိန်းကလေး တစ်ယောက်မျှသာဖြစ်သည်။ စာဖတ်သူများသည် ကုန်းရှန့်နှင့် ပေးစားရန် စိတ်ကူးရှိနေသည်ဖြစ်ကြောင်းကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ မပေးစားနိုင်ချေ။

……….

“သူတို့ ထွက်သွားတော့မှာလား”

ရွက်သင်္ဘောဆယ့်တစ်စင်း ကောင်းကင်ယံထက်တွင် ပျောက်ကွယ်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ အမဲရောင်ဝတ်စုံနှင့်လူသည် ထပ်မံကာ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “ငါ့ကို သူတွေ့သွားတော့မလို့ပဲ”

“မဟုတ်ဘူး”

ရုတ်တရက် အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “တွေ့သွားပြီလေ”

အမဲရောင်ဝတ်စုံနှင့်လူသည် အလောတကြီးဖြင့် အနောက်သို့လှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူ၏အနောက်တွင် ခပ်ပြုံးပြုံးနှင့် ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။

All Chapters