အခန်း ၁၆၈၆
Vol. 113 Ch. 1686
အပိုင်း (၁၆၈၆)
ရွက်သင်္ဘောဆယ့်တစ်စင်း ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လိုက်ပါမသွားခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် အမဲရောင်ဝတ်စုံနှင့် ဆန်းကြယ်လှသော လူတစ်ယောက်ကို ဖမ်းဆီးရန် စဉ်းစားထား သောကြောင့်ပင်။
သူသည် ကြက်သွေးရောင်ငရဲလောကကြီးတစ်ခုလုံးကို စိတ်ဝိညာဉ်အာရုံများ ဖြန့်ကျက်ကာ ကြည့်ရှုနေ၏။ ပထမတုန်းက မျှော်လင့်ချက် သိပ်မရှိလှသော်လည်း ထွက်ခွာသွားသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိခဲ့၏။ ထို့ကြောင့် ချက်ချင်းပဲ သူသည် တစ်ဖက်လူကို ဖမ်းယူရန် ပြင်ဆင်ခဲ့၏။
“ဟင်း”
အမဲရောင်ဝတ်စုံနှင့် သူသည် သက်ပြင်းကို အသာချပြီးသည့်နောက် ခေါင်းလှည့်ကြည့်လိုက်၏။ ကျွင်းချောင်ရှောင်းနှင့် မျက်နှာချင်းဆိုင်ခဲ့သည်ဆိုသော်လည်း သူသည် ဦးခေါင်းကို ငုံ့ထားခဲ့၏။ သူ၏မျက်နှာကို မြင်ရရန် ခက်ခဲလှသည်။
“ခင်ဗျား ဘယ်သူလဲ”
“ကျုပ်က ကျင့်ကြံခြင်းလောက ကပေါ့”
“............”
ဤအဖြေသည် ယေဘူယျဆန်လွန်းလှ၏။ ကပ်သတ်၍ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်လည်း ကျင့်ကြံခြင်းလောကမှဖြစ်သည်။ သိုင်းပညာကို နားလည်ကြသောလူများသည် ကျင့်ကြံခြင်းလောကမှလူဟူ၍ သတ်မှတ်ရပေမည်။
“ဂိုဏ်းချုပ်ကျွင်း”
အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။ “ကျုပ်တို့ ကြက်သွေးရောင်ငရဲလောကမှာ လာတွေ့တယ်ဆိုတာက ကံကြမ္မာရေစက်ပဲလေ”
“အင်း ကြည့်ရတာ ခင်ဗျား ကျုပ်ကို သိသလိုပဲ”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း ယုဖေးရ ကို တစ်ခါမှ မပြောခဲ့ဖူးချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား ဂိုဏ်းချုပ်ကျွင်းဟု ခေါ်ဆိုလျက် ရှိနေသည်။ ထို့ကြောင့် အရာအားလုံးသည် သူထင်သလို မရိုးရှင်းလှချေ။
အမဲရောင်ဝတ်စုံနှင့်လူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က အနာဂတ်က ခင်ဗျားကို သိတယ်လေ။ ဒါပေမဲ့ အခုခင်ဗျားကိုတော့ ကျုပ်မသိဘူး”
“အနာဂတ်ခင်ဗျား ဟုတ်လား။ အခုခင်ဗျား ဟုတ်လား”
ကျွင်းချောင်ရှောင်း အနေဖြင့် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ ထို့ကြောင့် ပြောလိုက်သည်။ “ခင်ဗျားက အနာဂတ်က လာတာလား”
ဟား ဟား ဟား ဟား
အမဲရောင်ဝတ်စုံနှင့်လူက ရယ်မောကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ပီသပါပေတယ်။ တစ်ခါတည်း ကောင်းကောင်းခန့်မှန်းနိုင်တာကိုး”
ဝှစ်
ပြောပြီးသည့်နောက် အလွန်အားကောင်းလှသည့် စွမ်းအင်များ ပါဝင်သော ကြီးမားသည့် လက်ကြီးသည် အောက်သို့ ကျဆင်းလာသည်။
ကျွင်းချောင်ရှောင်း ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု အမဲရောင်ဝတ်စုံနှင့်လူက မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် အလစ်အငိုက်မိပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံးသည် မြေပြင်နှင့် ရိုက်မိသွား၏။
“ဆန်းကြယ်ချင်ယောင်ဆောင်မနေနဲ့တော့”
ကုန်းရှန့်သည် ချက်ချင်း ထိုသူအား လက်တစ်ဖက်ဖြင့် လှမ်းဆွဲကာ အမဲရောင်ဝတ်စုံအား ဖယ်လိုက်၏။ သာမန်ဆန်ပြီး မရင်းနှီးလှသည့် ယောက်ျားတစ်ယောက်၏ မျက်နှာသည် ထင်ပေါ်လာခဲ့သည်။ သူသည် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူမသိပေ။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သုံးသပ်လိုက်မိသည်။ ဤမျှလောက်နှင့် အလျော့ပေးရန် သူ မစဉ်းစားထားပေ။ မျက်နှာဖုံးများ တပ်ထားလား ဆိုသည်ကို သေချာစေရန် ချက်ချင်းပဲ ထိုသူ၏ မျက်နှာကို ကုတ်ခြစ်လိုက်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားက ရိုင်းစိုင်းလွန်းနေပြီ” မြေပေါ်သို့ ဖိနှိပ်ကာဖြင့် မျက်နှာပေါ်တွင် အနီရောင်အစင်းများပေါ်သည်အထိ ကုတ်ခြစ်ခံထားရသော အမဲရောင် ဝတ်စုံနှင့်လူသည် ဒေါသထွက်သွားခဲ့၏။
တစ်ဖက်လူသည် လူသားအရေပြား မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့သည် မဟုတ်ကြောင်း သတိပြုမိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုသူအား အသာဆွဲမကာဖြင့် ပြောလိုက်သည်။
“ပေါက်ကရတွေ ကျုပ်နားမထောင်ချင်ဘူး။ အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်း ပြောတာကိုပဲ ကျုပ်လိုချင်တယ်”
“ဘာကိုဝန်ခံရမှာလဲ”
“ခင်ဗျားက ဘယ်သူလဲ”
“ထန်ဆန်းလေ”
ဘုန်း …..။
ကျွင်းချောင်ရှောင်းသည် ထိုသူအား မြေပေါ်သို့ ထပ်မံဖိနှိပ်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘာလို့ ပါကျဲလို့ မခေါ်တာလဲ”
“ဘာလို့ ခေါ်ရမှာလဲ။ ပါကျဲက ကျုပ်သူငယ်ချင်းလေ”
............
တစ်ဖက်လူသည် သူနှင့် ပူးပေါင်းခြင်းကို မပြုလုပ်ဘဲ သူ့အားပြန်လည်၍ လှည့်စားလျက်ပင် ရှိကြောင်းကို ကုန်းရှန့်က နားလည်လိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ ရှစ်ကျန်းရွမ်ကို ပြုလုပ်သည့်နည်းလမ်းအတိုင်း ဘယ်ညာကိုင်ကာ ရိုက်တော့၏။
ဘုန်း ဘုန်း ဘုန်း
ခဏလောက်ကြာပြီးသည့်နောက် သွေးထွက်လျက်ရှိနေသည့် နှာခေါင်းအစုံ၊ ဖူးယောင်လျက်ရှိသည့် မျက်နှာပြင်နှင့်အတူ အမဲရောင်ဝတ်စုံနှင့်လူသည် တွင်းထဲတွင် လဲလျောင်းလျက်ရှိသည်။
“ကျုပ် ခင်ဗျားကို အနိုင်မတိုက်နိုင်ဘူးလို့ မထင်နဲ့။ ခင်ဗျားနိုင်အောင်လို့ ကျုပ်က လက်လွှတ်ပေးထားတာပဲ ရှိတယ်”
“ချီးတဲ့မှ”
ဘုန်း ဘုန်း ဘုန်း ဘုန်း
နောက်ဆုံးမှာတော့ အမဲရောင်ဝတ်စုံနှင့်လူသည် မခုခံနိုင်တော့ချေ။ ချက်ချင်းပဲ သတိလစ် မေ့မျောသွားတော့၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ထိုသူအား ကောက်ချီကာဖြင့် အင်ပါယာမြို့ထဲတွင်ရှိသော ယုဖေးရ အား လှမ်းကာ နှုတ်ဆက်လိုက်သည်။ ပြီးနောက် လေဟာနယ်ကို ချိုးဖြတ်ကာဖြင့် ကြက်သွေးရောင်ငရဲလောကကြီးဆီမှ ပျံသန်းထွက်ခွာသွားတော့သည်။
“သမားတော်ကြီးက ထွက်ခွာသွားပြီ ဆိုပေမဲ့ သမားတော်ကြီးရဲ့ ကြင်နာမှုကို ကျွန်မက ကျိန်းသေပေါက် မှတ်ထားပါ့မယ်”
“လာခဲ့ကြစမ်း။ အဓိကမြို့ကြီးတွေမှာ သမားတော်ကြီးရုပ်ကို ပန်းပုထုပြီးတော့ နောက်မျိုးဆက်တွေ ကိုးကွယ်လို့ ရအောင် ပြုလုပ်ထားရမယ်”
“ကောင်းပါပြီ”
လှိုင်းပြန်ပြက္ခဒိန် နှစ်သစ်
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောများကို ဦးဆောင်ကာဖြင့် ကြက်သွေးရောင်ငရဲ လောကကြီးဆီမှ ထွက်ခွာသွားခဲ့သည် ဆိုသော်လည်း သူ၏ ပုံတူရုပ်ထုကြီးများသည် အဓိကမြို့အသီးသီးတွင် ထောင်လျက် ရှိနေတော့၏။ သူသည် သမိုင်းတွင် မှတ်တမ်းတင်ရမည့် လူတစ်ယောက် ဖြစ်ခဲ့တော့သည်။
............
ဝှစ် ဝှစ်
ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည် အလွန်မြန်ဆန်သောနှုန်းဖြင့် စကြဝဠာထဲတွင် ခရီးသွားလာနေသည်။ မောင်းနှင်ရန် တာဝန်ချထားသည့် တပည့်များသည် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများနေရာတွင် ပထမတန်းစား စိတ်ဝိညာဉ်မီးကျောက်များကို ထည့်သွင်းကာ အသုံးပြုနေ၏။
တော်ဝင်မျိုးနွယ်တစ်ခုလုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးခဲ့သည့်အတွက် ယုဖေးရ သည် ကျွင်းချောင်ရှောင်းအား မီးကျောက် သန်းနှစ်ရာကို ပေးအပ်ခဲ့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် အခွင့်အရေး မယူခဲ့ချေ။ သူ့အနေနှင့် အင်ပါယာမြို့၏ အပြင်ဘက်တွင် ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်ထောင်ကျော်ကို ထားရစ်ခဲ့သည်။ ထိုစက်ရုပ်များသည် ယုဖေးရတစ်ယောက် အချိန်မရွေး အသုံးပြု၍ရသည့် အရာများအဖြစ် ကျန်ရစ်ခဲ့တော့၏။
ပထမတန်းစားမီးကျောက် သန်းနှစ်ရာကို အသုံးပြုပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ် တစ်ထောင်ကျော်ကို ရရှိခဲ့သည်။ ထိုအရာသည် ထိုက်တန်လှသည့်အရာ ဖြစ်လေသည်။
………..
“လာခဲ့ကြ”
ရွက်သင်္ဘောကြီးပေါ်တွင်ရှိနေသော ကြီးမားလှသည့် စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာ စွမ်းအင်ပမာဏ အများကြီးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
နန်းလုပွဲတွင် ပါဝင်ခဲ့ကြသော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဝိုင်ခွက်များကို မြှောက်လိုက်ကြ၏။ အခြေအနေတစ်ခုလုံးသည် နွေးထွေးသည့် အခြေအနေဆီသို့ ပြောင်းလဲသွားခဲ့သည်။
“ဂျူနီယာညီလေးရီ”
စုရှောင်မိုက ပြောလိုက်၏။ “လာ .... သောက်ကြရအောင်”
………..
ရီရှင်းချန်သည် မျက်နှာပျက်သွားမိ၏။ နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်ခင်ကဆိုလျှင် သူသည် ကျိန်းသေပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှတော့…
“ကြောက်နေတာလား”
“ကြောက်စရာလား။ လာပြီ”
ရီရှင်းချန်သည် ချက်ချင်းပဲ ခွက်ကိုမြှောက်ကာဖြင့် တစ်ခါတည်း မော့သောက်လိုက်သည်။ ပြီးနောက် ချက်ချင်းပဲ မြေပေါ်သို့ လဲကျကာ သတိလစ်မေ့မျောသွား၏။
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ခေါင်းကို ခါယမ်းလိုက်၏။ “ခန္ဓာကိုယ်ပြောင်းလဲပြီးတဲ့နောက်မှာ သူက အရက်ဒဏ်ကို လုံးဝမခံနိုင်တော့ဘူးပဲ”
သူသည် အရက်ကို အရမ်းမသောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိကိုယ်ကို ထန်းဆန်းဟုခေါ်သော လူနှင့် ဆွေးနွေးညှိနှိုင်းစရာ ကျန်ရှိနေသေး၏။
“ဂိုဏ်းချုပ်.. အဲလူ ထောင်ထဲကနေ လွတ်သွားပြီ”
….
အကျဉ်းသားများအား ခဏတာ ထိန်းသိမ်းထားသည့် အခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ရှိနေသော ကြိုးအပုံအစကြီးကို ကြည့်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်သည်။ “ရွက်သင်္ဘောပေါ်မှာ ရှိတဲ့ အစီအရင် စနစ်မျိုးစုံပဲလေ။ ဘယ်လိုဖြစ်ပြီး လွတ်သွားတာလဲ”
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်၏။ “နံရံပေါ်မှာ စာရှိတယ်”
ကျွင်းချောင်ရှောင်းသည် နံရံဘက်ကို အသာလှည့်ကာဖြင့် ရေးသားထားသည့် စာကို မြင်လိုက်ရသည်။ အကြောင်းအရာသည် -
“အထက်နယ်မြေက တကယ့်ကို ကြီးမားစွာ ပြောင်းလဲတဲ့ ခေတ်ကို ရောက်နေပြီ။ ဂိုဏ်းချုပ်ကျွင်းလိုလူတွေက ဒီပြောင်းလဲမှုကြီးကို ဦးဆောင်ဖို့ လိုအပ်နေတယ်လေ။ ကံကြမ္မာသာ ပါမယ်ဆိုရင် ငရဲပြည်မှာ ကျုပ်တို့ထပ်ပြီးတော့ တွေ့ကြတာပေါ့”
“ချီးတဲ့မှ”
ကုန်းရှန့်သည် ဆဲဆိုလိုက်၏။ “ဘာလို့ ငရဲပြည်မှာ တွေ့ရမှာလဲ။ တော်စမ်း”
တစ်ဖက်လူကို ဖမ်းဆီးရန်အတွက် သူသည် အားအတော်စိုက်ခဲ့ရ၏။ သူ ဘာမှပင် မလုပ်ရသေးချေ။ လွတ်မြောက် သွားခဲ့ပြန်သည်။ ထို့ကြောင့် မပျော်မရွှင်ဖြစ်လို့နေခဲ့သည်။
“လက်ခံသူ ... သတိမပြုမိဘူးလား”
“ဘာကိုသတိပြုမိရမှာလဲ”
“နံရံပေါ်မှာ ရေးသားထားတဲ့စာတွေက ကံကြမ္မာပန်းချီပေါ်မှာ ရေးသားထားတဲ့စာတွေနဲ့ လက်ရေးတူတူပဲလေ”
ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ ပြီးသည့်နောက် အနာဂတ်ခန်းမဆောင်ထဲတွင် ရှိနေသည့် ပန်းချီများကို ရိုက်ယူလာသည့် ဓာတ်ပုံများကို ထုတ်ယူကာ ကြည့်ရှုလိုက်သည်။ နှိုင်းယှဉ်ပြီးသည့်နောက် ထိုအရာ သည် တူညီသည့်အပြင် တစ်ပုံစံတည်းဖြစ်ကြောင်း သိရှိလိုက်ရသည်။ ဆိုလိုသည်မှာ တူညီသည့်လူတစ်ယောက်က ရေးသားထားခဲ့ခြင်းပင်။
“သူက လှိုင်းပြာအင်ပါယာကြီး ဖြစ်အောင်လို့ ဘိုးဘေးကို ကူညီခဲ့တဲ့ ကျွမ်းကျင်သူဆိုတာပဲ ဖြစ်ရမယ်”
……..
အမဲရောင်ဝတ်စုံနှင့် လူသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် အသုံးဝင်သည့် အချက်အလက်များကို မရရှိခဲ့ချေ။ သို့ပေမဲ့ ရေးခဲ့သည့်စာနှင့် အနာဂတ်ပန်းချီတွင် ရေးသား ထားသည့် စာများကို သုံးသပ်ရမည်ဆိုလျှင် တစ်ဖက်လူသည် တူညီသည့်လူဖြစ်ကြောင်းကို နားလည်လိုက်မိ၏။
ဘာကိုဆိုလိုသနည်း။ ထိုသူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည့် လူတစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။
“အထက်စကြဝဠာကြီးတစ်ခုလုံးက ကြီးကြီးမားမား ပြောင်းလဲနေပြီ”
ကျွင်းချောင်ရှောင်းသည် နံရံပေါ်ရှိ စာများကို ထပ်မံကာ ဖတ်ရှုလိုက်၏။ သူသည် မျက်လုံးများ ချာချာလည်လျက်ရှိသည်။ “ငါနဲ့ ဘာဆိုင်လို့လဲ။ ဒီပြောင်းလဲမှုကြီးကို ငါက ဘာလို့ဦးဆောင်ရမှာလဲ”
စကြဝဠာကြီး ပြောင်းလဲမှုသည် အဘယ်ကြောင့် သူနှင့်သက်ဆိုင်နေရသနည်း။ လက်ရှိအခြေအနေမှာတော့ သူ၏ အဓိက ဉီးတည်ရာသည် သူ၏ သေဖော်ရှင်ဖက် ညီနောင်နှင့် သွားရောက်ကာ တွေ့ဆုံရန်ဖြစ်ပြီး နောက်ထပ် ထပ်သွား ရမည့်ခရီးစဉ်သည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ပင်။
တစ်လခန့်ကြာပြီးသည့်နောက် ကြယ်မြေပုံထဲတွင်တော့ တစ်ခါမှ မမြင်ဖူးသည့် ဂြိုဟ်တစ်ခုက ပေါ်ပေါက်လာခဲ့သည်။ အလင်းစက်များကို ကြည့်ရမည်ဆိုလျှင် ကြက်သွေးရောင်ငရဲလောကထက် ပိုမိုကာ ကြီးမား၏။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က မေးလိုက်သည်။ “အထဲကို ဝင်ချင်လား”
“ဝင်ကြတာပေါ့”
ကြက်သွေးရောင်ငရဲလောကကြီးသည့် ပထမဦးဆုံး စတင်တွေ့ရှိသည့် ဂြိုဟ်တစ်ခုဖြစ်သောကြောင့် သူတို့သည် ဝင်ရောက်ခဲ့ခြင်းသာဖြစ်၏။ ဤတစ်ကြိမ်မှာတော့ အဓိကတာဝန်၏ ဥပဒေသကို နားလည်ပြီးသည့်နောက် သူသည် အခြေအနေကို ဝင်ရောက်ကာ ကြည့်ရှုချင်မိသည်။ အမှတ်တမဲ့ဖြင့် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခြင်းလည်း ဖြစ်လာနိုင်၏။
“ဟုတ်ပြီ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒီတစ်ကြိမ်မှာ အဓိကတာဝန်ကို အောင်မြင်အောင် ပြုလုပ်ဖို့ ကျိန်းသေပေါက် လိုအပ်တယ်”
ဝှစ် ဝှစ်
ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည် ဂြိုဟ်အသစ်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် တပည့် အနည်းငယ်ကို ခေါ်ကာဖြင့် အထဲသို့ ဝင်ရောက်လိုက်၏။ “အားလုံးက ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး”
အဆုံးမဲ့ စကြဝဠာကြီးထဲမှာတော့ စောနက ပျောက်ကွယ်သွားသည့် အမဲရောင်ဝတ်စုံနှင့်လူ၏ သာမန်ကျလှသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ပြီးနောက် ထိုသူသည် ကြီးမားလှသော လေဟာနယ် တွင်းကြီးထဲသို့ ဝင်ကာဖြင့် ပျောက်ကွယ်သွားခဲ့သည်။