← Chapters

အလားအလာကောင်းသည့် ငန်းပေါက်ငယ်လေးများ

Vol. 4 Ch. 47

အလားအလာကောင်းသည့် ငန်းပေါက်ငယ်လေးများ

Vol. 4 Ch. 47

“အမေ၊ သမီးတို့ ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမှာလဲ။” ဥဖောက်ခန်းထဲတွင် ဟဲရှောင်ယာသည် ဥဖောက်လာမည့် လက္ခဏာလုံး၀ မပြသသေးသည့် ဘဲငန်းဥများကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

“ဆန္ဒမစောပါနဲ့။ အချိန်ကျရင် ထွက်လာမှာပေါ့။”

သူတို့နှစ်ယောက်သား ဥဖောက်ခန်းအရှေ့တွင် နောက်ထပ် နာရီဝက်ခန့် ထပ်စောင့်ခဲ့ကြသည်။ ထို့အချိန်တွင် ဘဲငန်းဥများထဲမှာ တစ်လုံးသည် ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“အဲဒါ လှုပ်နေတယ်။ မကြာခင် ဥပေါက်လာတော့မှာလား။”

“ဟုတ်လိမ့်မယ်။”

“ဥခွံတွေက တအားထူလွန်းတယ်။ ငန်းပေါက်လေးတွေက အဲဒါကို မဖောက်နိုင်ရင် ဘယ်လိုလုပ်မလဲ။”ဟု ဟဲရှောင်ယာက စိုးရိမ်ကြီးစွာ မေးခဲ့ကြသည်။

“အဲလို မဖြစ်နိုင်ဘူး။ သူတို့ကိုလျှော့မတွက်နဲ့”

လီယောင်သည် ဘဲငန်းဖောက်ခြင်းကို အမှန်တကယ် မမြင်ဖူးခဲ့ပေ။ သို့သော် သူမသည် သိပ္ပံပညာကို ယုံကြည်ခဲ့သည်။ သဘာ၀တွင် ငှက်မျိုးစိတ်ပေါင်းများစွာသည် သူတို့ကိုယ်တိုင် ဥခွံကိုဖောက်ကာ အကောင်ပေါက်လာခဲ့ကြသည်။

အမှန်တကယ်ပင် မဖွံဖြိုးသည့်အတွက် ဥမဖောက်နိုင်ခဲ့ပါက နောက်ပိုင်းတွင် ၎င်းတို့က အကူအညီပေးနိုင်သည်။ အလွန် နောက်ကျလိမ့်မည် မဟုတ်ပေ။

သိပ်မကြာခင်မှာပင် ပထမဆုံး ဘဲငန်းပေါက်လေးသည် ဥခွံကို အပေါက်သေးလေးတစ်ခု ဖောက်နိုင်ခဲ့သည်။ ထို့နောက် ဘေးပတ်ပတ်လည်အခွံများကို တဖြည်းဖြည်း ထိုးဖဲ့ခဲ့ပြီး ခေါင်းသေးသေးလေး တစ်ခုလုံးအား အပြင်သို့ ထုတ်ခဲ့သည်။

နောက်ထပ် တစ်နာရီအကြာတွင် အရွယ်ရောက်နေ့သည် ဘဲငန်းပေါက်လေး အမြောက်အမြားသည် အောင်မြင်စွာ ပေါက်လာခဲ့သည်။

သူတို့၏ အမွှေးနုလေးတွေ ခြောက်သွေ့သွားသည်နှင့် တပြိုင်နက် ၎င်းတို့သည် နူးညံ့ပွရွကာ အမွေးပွလေးများ ဖြစ်လာခဲ့ကြသည်။ ဤကဲ့သို့ ချစ်စရာကောင်းသည့် ဘဲငန်းအကောင်ပေါက်ငယ်လေးများကို ကြည့်ကာ ဟဲရှောင်ယာသည် သူမ၏ နှလုံးသားများ အရည်ပျော်ကျသွားသလို ခံစားခဲ့ရသည်။

လီယောင်အပေါ် သူမ၏ လေးစားမှုများက ပိုသာလာခဲ့သည်။

မိခင်ဘဲငန်းအမ မရှိပါပဲနှင့် ဆီးမီးခွက်ငယ် အနည်းငယ်ကိုသာလျှင် အားပြုကာ သူမသည် ဘဲငန်းများကို အကောင်ဖောက်နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် မည်သူမှ ဤသို့သော အရည်အချင်းမျိုး ရှိကြလိမ့်မည် မဟုတ်ပေ။

၎င်းတို့ကိုယ်တိုင် အကောင်မဖောက်နိုင်သည့် ဥအနည်းငယ်ကို ဟဲရှောင်ယာသည် အခွံများကို အက်ကွဲလာအောင် ကူညီခဲ့ပြီး ၎င်းတို့သည်လည်း မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ တိုးထွက်လာနိုင်ခဲ့သည်။

သို့သော် ၎င်းတို့သည် သိသိသာသာပင် သေးငယ်နေခဲ့ပြီး သူတို့ ရှင်သန်နိုင်မလားဆိုသည်ကိုပင် မသိနိုင်ပေ။

“ဒါလေးတွေကို အခုတော့ သပ်သပ်စီ မွေးထားလိုက်ဦး။” ဟု လီယောင်က ပြောခဲ့သည်။ “သူတို့ နည်းနည်း ကြီးလာမှ တခြားအကောင်တွေနဲ့ ရောလိုက်တော့။”

“ဟုတ်ကဲ့ပါ” ဟဲရှောင်ယာသည် အကောင်မပေါက်နိုင်သည့် ဥတစ်ချို့ကို ကြည့်ကာ အနည်းငယ် စိတ်မချမ်းမြေ့စွာဖြင့် ခေါင်းငြိမ့်ခဲ့သည်။ “ဒါလေးတွေက အကောင်မပေါက်နိုင်တာ နှမြောစရာကောင်းလိုက်တာ။”

“သန်မာကြံခိုင်တဲ့သူတွေရဲ့ ရှင်သန်နိုင်မှုက ပုံမှန်ပါပဲလေ။”ဟု လီယောင်က ပြောခဲ့သည်။ “အကောင် ဘယ်လောက် ပေါက်လဲ ရေပြီးပြီလား။”

“အကုန် ၁၂၁ ကောင်ပါ”

ဘဲငန်းဥ ၂၀၀တွင် အကောင် ၁၂၁ကောင် ပေါက်ခဲ့သည်။

ဤသို့သော အခြေအနေများတွင် ဥပေါက်နှုန်းသည် အတော်လေး ကောင်းမွန်လှသည်။

ပထမဆုံးအကြိမ် ကြိုးစားမှု အတွေအကြုံနှင့်အတူ နောင်အနာဂါတ်တွင် ဥဖောက်နှုန်းများသည် ပိုမိုတိုးတက်လာပေလိမ့်မည်။

ပူပူနွေးနွေး အကောင်ပေါက်ပြီးကာစ ဘဲငန်းပေါက်လေးများသည် မြက်မစားနိုင်ကြပေ။ နှစ်ရက်ကြာအောင် ကြက်ဥအနှစ်များကို အရင်ဆုံးကျွေးခဲ့ပြီးနောက် ဖွဲနု သို့မဟုတ် ဂျုံဖွဲနုများနှင့် ရောထားသည့် ထမင်းပျော့ပျော့လေးများကို ကျွေးခဲ့သည်။

တပတ်အကြာတွင် ကျိုထားသော ဆန်ကွဲ သို့မဟုတ် ဂျုံတို့ကို ကျွေးနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ဘဲငန်းပေါက်လေးများသည် အစားစားလိုစိတ် ကြီးကြီးမားမား မရှိကြပေ။ မဟုတ်ပါက ဤမျှလောက်သော အကောင်များကို အစားကျွေးခြင်းသည် မိသားစုကို ဆင်းရဲသွားစေလိမ့်မည်။

ဟဲရှောင်ယာ၏ အထူးဂရုတစိုက် ပြုစုစောင့်ရှောက်မှုအောက်တွင် ဘဲငန်းပေါက်လေးများသည် လျင်မြန်စွာ ကြီးပြင်းလာခဲ့ကြပြီး တက်ကြွကာ အားအင်ပြည့်၀နေခဲ့ကြသည်။ အခြောက်ခံနေသည့် ရေတွင်းမှ ပြန်လာသော ဝမ်ရှောင်စစ်ကလည်း သတင်းကောင်းကို ပြန်သယ်လာခဲ့သည်။

“အကြီးအကဲလီက ပြောလိုက်တယ်။ သားတို့ ဒီနေ့ကစပြီး ရေစခပ်လို့ရပြီတဲ့။”

“တစ်ညလုံးဆို ရေဘယ်လောက်များ ထွက်လာမလဲ မသိဘူး။”ဟု သီးနှံပင်များ စိုက်ပျိုးရန် ရေလိုသောကြောင့် တာ့ကျွမ်းသည် ရေတွင်းနှင့် ပတ်သက်၍ အလွန်ပူပန်နေခဲ့သည်။ “မနက်ဖြန်မနက်ကျရင် အရင်ဆုံး ကျွန်တော် သွားကြည့်လိုက်ဦးမယ်။”

“အမေလည်း လိုက်မယ်။”

နောက်တစ်နေ့မနက်တွင် ဝမ်စန်းအာနှင့် အတူ တောင်စောင်း၌ အခြေခံလေ့ကျင်မှုများကို ပြုလုပ်ပြီးနောက် လီယောင်သည် ရေတွင်းဆီသို့ ရောက်လာခဲ့သည်။

တခြားရွာသူရွာသားများကလည်း ပို၍ပင် စောစောစီးစီး ရောက်နေခဲ့ကြပြီး ရေတွင်းကို အထပ်ထပ် ဝန်းရံနေကြသည်။

သူတို့၏ မျက်နှာများပေါ်တွင် မဖုံးကွယ်နိုင်သည် ပျော်ရွှင်မှုများကို မြင်လိုက်ရသည့်အတွက် လီယောင်သည် တွင်းရေပမာဏသည် ကောင်းမွန်စွာ ရှိလိမ့်မည်ဟု သိခဲ့သည်။

“လီယောင်ရေ၊ လာကြည့်ပါဦး။ တညတည်းနဲ့ ရေတွင်းက ရေအပြည့်ပဲ။ တွင်းရေတွေ အများကြီးပဲ။ ငါတို့ရွာက လယ်တွေအားလုံး စိုက်လို့ ရပြီဟ။”

လီယောင် သွားကြည့်လိုက်သည့်အခါ တွင်းရေအမြင့်သည် တခြားရေတွင်းများနှင့် အညီခန့် ရှိကာ မြေပြင်အထက် ၅မီတာခန့်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။

ဤသည်မှာ မြေအောက်ရေ၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ပိုပြီး မမြင့်တက်လာနိုင်တော့ပေ။

သို့သော် အောက်ခြေတွင် ၁၅မီတာကျော် ရှိနေဆဲဖြစ်ပြီး ရေတန်ချိန် ၅၀၀၀ ခန့်ရှိသည်။ ခြောက်သွေ့နေသည့် မြေဆီလွှာကို မြောင်းစနစ်ဖြင့် ရေသွင်းခဲ့ပါက တစ်ကြိမ်တည်းနှင့်ပင် မူ ၅၀ကို ရေသွင်းနိုင်ပါသည်။

“ကဲ၊ ဒါဆို ရေသွယ်ဖို့ ရေစီးသွားဖို့အတွက် ရေမြောင်းတွေကို စတူးကြရအောင်။”ဟု လီယောင်က ပြောခဲ့သည်။ “ပြီးရင် ရေမြောင်းတွေကနေ လယ်ကွင်းတွေကိုဆီ ရေရောက်ဖို့ ရေဘီးတွေကို တပ်ဆင်ရမယ်။ အဲလိုဆို လူတိုင်း စစိုက်လို့ ရသွားပြီ။”

“မလောနဲ့ဦး။ မလောနဲ့ဦး။”

ရွာလူကြီးနှင့် ဖန်မင်ချွမ်းတို့သည် ဟဲဝမ်ရွာရှိ မျိုးရိုးကြီးနှစ်ခုအပြင် ရွာသူရွာသား အများစုကို ကိုယ်စားပြုကာ ရောက်လာခဲ့ကြသည်။

“လီယောင်ရေ၊ ဒီတစ်ခေါက် နင်က အဖြေကောင်းတစ်ခု အဆိုပြုခဲ့ရုံတင်မကဘူး။ ကိုယ်တိုင်လည်း ဒါအတွက် ငွေကြေးထောက်ပံ့ခဲ့သေးတယ်။ နင့်ရဲ့ အလှူငွေက အရမ်းများခဲ့ပါတယ်။ ဒါပေမဲ့ နင်သိတဲ့အတိုင်း အခု လူတိုင်းက အရမ်းဆင်းရဲနေကြတယ်လေ။ နင့်ကျေးဇူးကို အများကြီး မဆပ်နိုင်ကြဘူး။”

“ဒါက အရမ်း အရေးမကြီးပါဘူး။ ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူးရှင်။”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါက အလွန်အရေးကြီးတယ်။”ဟု ဖန်မင်ချွမ်းက လေးလေးနက်နက် ပြောခဲ့သည်။ “နင်က ငါတို့ တစ်ရွာလုံးကို ကယ်ခဲ့တာပါ။ နင့်ရဲ့ ကောင်းမှုက အတော်လေးကို ကြီးကြီးမားမားပါ။”

“ဒါကြောင့်မို့ ငါတို့ ဒီရေတွင်းကို နင့်နာမည်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။”ဟု ရွာလူကြီးက ကျယ်လောင်စွာ ကြေညာခဲ့သည်။ “အခုကစပြီး ဒီရေတွင်းကို ‘ယောင်ရေတွင်း’လို့ ခေါ်သင့်တယ်။ ငါ ဒီစာလုံးတွေကို ထွင်းပြီး ရေတွင်းဘေးနားမှာ ထားဖို့ ကျောက်တုံးကြီး တစ်တုံး သွားရှာလိုက်ဦးမယ်။ လူတွေ ရေလာခပ်တဲ့အချိန်တိုင်း၊ နင့်ရဲ့ ကောင်းမှုကို အမှတ်ရနေကြလိမ့်မယ်။”

လီယောင် - …

အဲ့သလိုမျိုး မလုပ်ကြရအောင်ပါနော်..……

ရေတွင်းအား သူမနာမည် ပေးခြင်းသည် သူမအနေဖြင့် ဘယ်လိုပင်ကြည့်ကြည့် အလွန်ပင် ရှက်စရာကောင်းလှသည်။

“ဘာလို့ ကျွန်မ နာမည်တစ်ခု မရွေးရမှာလဲ။”

“အဲဒါလည်း အဆင်ပြေတယ်။”ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “အခုပဲ တစ်ခု သွားရွေးလိုက်တော့။”

လီယောင်သည် ၎င်းကို တွေးခဲ့သည်။ ရေတွင်းတူးနေချိန်တွင် သူမ၏ ဘဲငန်းပေါက်လေးများ အကောင်ပေါက်လာခဲ့ကြသည်။

“ဒါကို ငန်းပေါက်ရေတွင်းလို့ ခေါ်ကြရအောင်။”

“ကောင်းပြီ။ ငန်းပေါက်ရေတွင်း၊ အဲဒါပဲ။”

ဤသို့ဖြင့် ထိုရေတွင်း၏ အမည်နာမကို ပျော်ပျော်ရွင်ရွင် အပြီးဖြတ်ခဲ့ကာ သတ်မှတ်ခဲ့သည်။

နောက်ရက်အနည်းငယ်အကြာတွင် ရွာသူရွာသားများသည် ဟင်းသီးဟင်းရွက်တူးရန် တောင်ပေါ်သို့ ဆက်မတက်ကြတော့ပဲ တစ်မိသားစုလုံး ရေသွယ်မြောင်းများနှင့် လယ်ကွင်းများတွင် အလုပ်သွားလုပ်ခဲ့ကြသည်။ အချိန်တစ်ခုအကြာအထိ ဟဲဝမ်ရွာတစ်ရွာလုံးသည် ရွာသူရွာသားများ၏ လုပ်အားများဖြင့် ပြည့်နှက်နေခဲ့သည်။

ခြောက်သွေ့ကွဲအက်နေသည့် မြေကြီးသည် လူတိုင်း၏ ကြိုးစားအားထုတ်မှုအောက်တွင် အလျင်အမြန် ပျော့ပျောင်းလာခဲ့သည်။ ရေဘီးကို ရေတွင်း၀ပေါ်တွင် စိုက်ထူထားခဲ့ပြီး အချိန်မရွေး ရေခပ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လီယောင်အား ကျေးဇူးတင်ကြောင်းကို ပြသရန် သူမတို့ မိသားစုအား အရင်ဦးဆုံး ရေသုံးခွင့်ပြုရန် လူတိုင်းက တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

တာ့ကျွမ်းသည် မြေကို ညှိခဲ့ပြီးနောက် ဂျုံစေ့များနှင့် မြေဩဇာများကို ကြဲခဲ့သည်။ ထို့နောက် ရေဘီးပေါ်သို့ စိတ်အားထက်သန်စွာ တက်ခဲ့သည်။

ဝမ်ကျားကွေ့၊ ဝမ်တင်းယွမ်၊ ဝမ်ယွမ်ချိုင်နှင့် ရွာသူကြီး မိသားစု၏ အကြီးဆုံးသားတို့ကလည်း လာရောက် ကူညီခဲ့ကြသည်။ အမျိုးသားလေးဦးသည် ရေဘီးကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်။

ဂလုပ် .. ဂလုပ်…

ရေဘီးလည်နေသည်နှင့်အမျှ ကြည်လင်သော တွင်းရေကို အလျင်အမြန် မြင့်တက်လာခဲ့ပြီး ရေသွယ်မြောင်းများမှာ လယ်ကွင်းများစီသို့ စီးဆင်းသွားခဲ့သည်။

ခြောက်ကပ်နေသော မြေသားသည် စိုစွတ်လာပြီး အဆက်မပြတ် ဗလုံစီသည့် အသံများ ထွက်ပေါ်လာသည်ကို မြင်ရသောအခါ ရွာသူရွာသားများသည် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားခဲ့ကြသည်။

သူတို့သည် ဤရေတွင်းဖြင့် လာမည့်နှစ်တွင် ဂျုံဆန်များကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ မည်သူမှ အငတ်ဘေးမှ ထွက်ပြေးရန် စဉ်းစားဖို့ မလိုအပ်တော့ပေ။

တစ်နေရာတည်းတွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ပါက မည်သူကမှ သူတို့အိမ်များနှင့် ရေတွင်းကို ချန်ထားခဲ့ချင်မှာလဲ။

“လီယောင်၊ နောင်အနာဂါတ်မှာ နင် ဘာအကူအညီပဲလိုလို ပြောပါ။ ငါတို့အားလုံး လာကူပေးပါမယ်။”

“ဘာလို့ အဲ့သလို သိသိသာသာကြီး သွားပြောနေတာတုန်း။” လူတစ်ယောက် ရယ်ခဲ့သည်။ “သူတို့ အိမ်အသစ် တစ်လုံး ဆောက်နေတာ မဟုတ်ဘူးလား။ သူတို့ မြန်မြန်ပြီးသွားအောင်လို့ ငါတို့တွေအားလုံး မိသားစုတစ်စုတိုင်းက လူတစ်ယောက် လွှတ်ပေးလိုက်ကြမယ်လေ။”

“ဟုတ်သားပဲ။ ဒါက အကြံကောင်းပဲ။ မနက်ဖြန် သွားကြစို့။”

အားပါးတရ အပြုံးများနှင့် ရွာသူရွာသားများသည် သူမအပေါ် သဘောထားများ ပြောင်းလဲသွားခဲ့သည်ကို မြင်သောအခါ လီယောင်သည် သူမ မဖော်ပြနိုင်သည့် အကြောင်းပြချက်များကြောင့် အတော်လေး ထူးထူးဆန်းဆန်း ခံစားခဲ့ရသည်။ သူမသည် ကြီးပြင်းလာသည့်တစ်လျှောက် ဤသို့သော ခံစားမှုကို တခါမျှ မတွေ့ကြုံခဲ့ဖူးပေ။

၎င်းကို ကျင့်သားမရနေခဲ့သော်လည်း သူမသည် မနှစ်သက်မှုကို မခံစားခဲ့ရချေ။

“မေမေ” ဟဲရှောင်ယာသည် ကုန်းဘောင်ပေါ်တွင် ရပ်ကာ ယခုလေးတွင် စိုက်ပျိုးထားသည့် မြေကြီးကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများသည် အနာဂါတ်အတွက် မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။ “သမီးတို့ နောက်နှစ်ကျရင် ကောင်းကောင်း ရိတ်သိမ်းနိုင်မှာ သေချာတယ်။ ဟုတ်တယ်မဟုတ်လား။”

လီယောင်က ခေါင်းငြိမ့်ခဲ့သည်။

ဤခေတ်တွင် သီးနှံအထွက်ကောင်းခြင်းသည် လူများ၏ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်နိုင်ပေသည်။

“အိမ်မြန်မြန်ပြန်ကြစို့။ အပြင်မှာက လေတွေ ပြင်းတယ်။”

သူမ၏ ငယ်ဘ၀မှ ခံစားချက်များကို သိမ်းဆည်းကာ လီယောင်သည် အိမ်သို့ လျင်မြန်စွာ ဦးတည်ခဲ့ပါသည်။

…………………………………

“ခရိုင်တရားသူကြီးမင်း”

“ကျွန်တော်မျိုးမှာ သတင်းကောင်းရှိပါတယ်။“

ဝမ်ကျားဖူ၏ အသံကို ကြားသောအခါ စုန့်တရားသူကြီးမင်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤအဖိုးအို ရွာလူကြီးသည် များသောအားဖြင့် အလွန်တည်ငြိမ်သည်။ ဘာကြောင့်များ ယနေ့ စိတ်မြန်လက်မြန်ဖြစ်ကာ အသံက လူထက် အလျင်ရောက်နေခဲ့တာပါလိမ့်။

“ဝင်လာခဲ့ပါ။ ဘာကိစ္စရှိလို့လဲ။”

“ဝမ်းမြောက်ဖွယ် သတင်းကောင်းတွေပါ ခရိုင်တရားသူကြီးမင်းခင်ဗျာ။” ဝမ်ကျားဖူသည် ကျင့်ဝတ်ထုံးတမ်းများကို လျစ်လျူရှုကာ အမောတကော ပြေးလာခဲ့သည်။ “ကျွန်တော်မျိုးတို့ ရွာမှာ သီးနှံတွေ အကုန်စိုက်ပြီးပြီ။”

“ဘာ…”

စုန့်တရားသူကြီးမင်းသည် ခရိုင်တရားသူကြီးတစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် မေ့လျော့ကာ အလျင်အမြန် လှုပ်ရှားလာကာ “မြန်မြန် ပြောစမ်းပါဦး။ ဘာတွေဖြစ်လို့လဲ။”

All Chapters