ယွဲ့ရှီတောင်ကြား
Vol. 128 Ch. 1786
နောက်နေ့မနက်စောစောတွင် ရှီမာယူယူသည် ပစ္စည်းများထုပ်ပိုးပြီး အပြေးရောက်လာသည်။ သူမကို ထိုပုံစံအတိုင်းမြင်ရသောအခါ မုရုန်ဟွေ့သည် သူမကို မြတ်နိုးစွာကြည့်လေသည်။
“အဆင်သင့်ပဲလား”
“ဘာမှတော့ ပြင်ဆင်စရာမရှိပါဘူး အခုရောက်နေပြီဆိုတော့လေ အဖေ ရော အဆင်သင့်ပဲလား အဖေအဆင်ပြေရင် ထွက်သွားလို့ရပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“ဝုတ် ဝုတ်”
အမည်းလေးသည် သူမကို နှစ်ကြိမ်မျှဟောင်ပြီး သူ့ကို မမေ့ရန် သတိပေး နေသည်။
“ငါသိပါတယ် အင်း အပြင်ရောက်လို့ မင်း စကားနားမထောင်ရင် နောက် ဆိုရင် ငါမင်းကို ခေါ်မသွားတော့ဘူး နားလည်လား” ရှီမာယူယူ ခြိမ်းခြောက် လိုက်သည်။
သူမသည် အမည်းလေးကို ဝိညာဉ်စေတီအတွင်းသို့ ဖိအားပေးပြီး ပို့မရ သည်ကို သိသွားပြီးနောက် မတတ်သာတော့ပေ။ ကံကောင်းစွာပင် သည်ကောင်လေးမှာ သိပ်မပေါ်ပေါက်သဖြင့် မသိသာပေ။ မဟုတ်လျှင် ဂယက်ပေါင်းများစွာထသွားနိုင်သည်။
အမည်းလေး၏ သရုပ်မှန်ကို စဉ်းစားရင်းနှင့် သူမ သက်ပြင်းချမိသည်။ အလွန်စွမ်းအားကြီးသောသူသည် အခုချိန်တွင် ဤကဲ့သို့ပုံစံနှင့်နေနေရသည်။ ပြီးနောက် ထိုကိစ္စသည် အလွန်ပင် ဝမ်းနည်းစရာဖြစ်သည်။ သူ၏ သရုပ်မှန်ကို တခြားသူများ သိလျှင်လည်း ဝမ်းနည်းသည်မှာ သူမ တစ်ယောက်သာဖြစ်နိုင် သည်။
“အဆင်သင့်ပဲ သွားရအောင်” ရှီမာယူယူ ထိုခွေးကို ဘာကြောင့် အလိုလိုက်သည်ကို မုရုန်ဟွေ့ မသိပေ။ သို့သော် သူမအနားမှ ဝိညာဉ်သားရဲများ သည် အထူးစွမ်းရည်များရှိနိုင်သည်။ လူသားလောကမှ သူမ၏ ဝိညာဉ်သားရဲ များအားလုံးသည် အလွန်ပင် အားကောင်းသည်ဟု ကြားဖူးသည်။
အရင်တစ်ခေါက်က လမ်းတစ်ဝက်တွင် နှောင့်ယှက်ခံရသော်လည်း ဤ တစ်ခေါက်ခရီးတွင် လူအများအပြားခေါ်မလာပေ။ ဘဏ္ဍာထိန်းမုရုန်လင်း သည် ကိစ္စများကို ကိုင်တွယ်ရန် နယ်စားအိမ်တော်တွင်နေခဲ့သည်။ ထို့ကြောင့် လိုက်လာသော သူများနှင့် သူမ မရင်းနှီးပေ။
သူတို့သည် လျောင်ချန်မြို့တော်မှထွက်လာပြီး မထင်မရှားသွားလာ သော်လည်း ထိုသတင်းမှာ လူသိသွားကြသည်ပင်။ သူသည် ပြီးခဲ့သည့် တစ်ခေါက်က ဒဏ်ရာရခဲ့သည်။ သို့သော် အခုအချိန်တွင်လည်း အပြင်ထွက် လာသည်။ ဒီသတ္တုကြောသတင်းက အမှန်ပဲလား။
ထို့ကြောင့် လူအများအပြား လိုက်လာကြသည်။
မိုကျိသတင်းရသောအခါ ယွမ်ယွမ်နှင့် လက်ဖက်ရည်ဆိုင်တွင် လက်ဖက် ရည် သောက်နေချိန်ဖြစ်သည်။
“မင်း ဒီလောက်တင်းမာသွားအောင် ဘာသတင်းတွေကလုပ်လိုက်တာလဲ” ယွမ်ယွမ် မေးလိုက်သည်။
“မုရုန်ရှီ သူမက မုရုန်ဟွေ့နောက်လိုက်ပြီး မြို့အပြင်ထွက်သွားတယ်” မိုကျိသည် စားပွဲပေါ်တွင် မှတ်စုတိုကို ချလိုက်သည်။
ယွမ်ယွမ်သည် မှတ်စုတိုတွင်ရေးထားသော စာလုံးများကိုကြည့်လိုက်ရာ ချက်ချင်းပင် ‘မုရုန်ရှီ’ ဟုရေးထားသည့် စာလုံးများကို တွေ့လိုက်ရသည်။
“သူမ မြို့အပြင်ထွက်တာ ဘာများထူးဆန်းလို့လဲ” ယွမ်ယွမ်သည် လက်ဖက်ရည် တစ်ကျိုက်သောက်လိုက်ကာ သဘာဝကျကျပင် ပြုမူလိုက် သည်။
မိုကျိသည် သူ့ကိုကြည့်ပြီး ပြောလေသည် “သူမက ယွဲ့ရှီတောင်ကြားကို သွားတာ”
“ယွဲ့ရီတောင်ကြားဟုတ်လား အဲဒီမှာအန္တရယ်များတယ်လေ” ယွမ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။
“အင်း အန္တရာယ်များတာပေါ့ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ”
“မုရုန်ဟွေ့ ယွဲ့ရှီတောင်ကြားက ပြန်လာတော့ တိုက်ခိုက်ခံရတာ သေချာ နေတာပဲလေ အခု သူတို့က အဲဒီဘက်ကိုသွားနေတာဆိုတော့ နောက်ထပ် ဘာတွေ့နိုင်မလဲမသိဘူး”
“သူတို့က အန္တရာယ်ကိုသိမှတော့ ဘာလို့သွားသေးတာလဲ” ယွမ်ယွမ်၏ မျက်လုံးထဲတွင် စိုးရိမ်မှုရှိနေသည် “သူမအဖေက သူမကို ဘာလို့ခေါ် သွားတာ လဲ သူကိုယ်တိုင်တောင် ဒဏ်ရာရနေတာ သူမကလည်း အားမကောင်းသေးဘူး”
“မင်းက သူမရဲ့လုံခြုံရေးကို စိတ်ပူနေတာပဲ” မိုကျိသည် အခိုင်အမာပင် ပြောလေသည်။
“ဒီလိုမျိုး ကြီးကျယ်လောက်တဲ့ အတွေးကို ဘယ်ကနေရလာတာလဲ ငါက ဒီအတိုင်းသိချင်ရုံပါ” ယွမ်ယွမ် ပြောလိုက်သည် “ယွဲ့ရှီတောင်ကြားကို သွားရ အောင် အဲဒီကိုသွားရင် ရှာတွေ့ရင်တွေ့မှာလေ”
“အဲဒီမှာရှိနေတယ်လို့ ခံစားရလား”
“ရှိချင်လည်းရှိမှာပေါ့” ယွမ်ယွမ် ပြောလိုက်သည် “ငါတို့ မြို့ထဲမှာ ဒီလောက်ကြာအောင် ရှာနေတာ မတွေ့ဘူးလေ မြို့အပြင်မှာရှာကြည့်ရမယ့် အချိန်ရောက်နေပြီ”
“မင်းလည်း သဘောတူလား ဒါဆိုလည်း ယွဲ့ရှီတောင်ကြားကို သွားကြ တာပေါ့ မုရုန်ဟွေ့ အဲဒီနေရာကို ဘာလို့မဖြစ်မနေသွားနေတာလဲဆိုတာ သိရင် လည်းသိရမှာပေါ့”
“မင်းက ယွမ်မျိုးနွယ်ရဲ့ သခင်လေးပဲ ငါက မင်းကိုကူညီဖို့လိုက်လာတာ မင်းသွားမယ်ဆို သွားတာပေါ့”
“ဒါဆိုလည်း သွားမယ်”
ချက်ချင်းပင် သူတို့နှစ်ယောက်သည် ကိုယ်ရံတော်များမပါဘဲ လက်ဖက် ရည်ဆိုင်မှထွက်လာပြီး တိတ်တဆိတ်လိုက်လာသည်။
သုန်းမျိုးနွယ်မှ သုန်းချီလျန်လည်း သတင်းရသည်။
“သူတို့က ယွဲ့ရှီတောင်ကြားကိုသွားတာလား” သူမသည် မြေပေါ်မှ လူများကို ကြည့်ပြီး မေးလိုက်သည်။
“ဟုတ်ပါတယ်”
“ယွဲ့ရှီတောင်ကြား… အဲဒီမှာအန္တရာယ်များတယ် အဲဒီခွေးရှာတွေ့တဲ့ အရင်းအမြစ်လား”
“ဒီလက်အောက်ငယ်သားက အရည်အချင်းမရှိလို့ အဲဒီအချက်အလက်ကို တော့ ရှာမတွေ့ပါဘူး” မြေပေါ်တွင် ဒူးထောက်နေသောလူသည် ခေါင်းငုံ့ထား ပြီး မည်ကဲ့သို့ အပြစ်ရောက်လာမလဲဆိုသည်ကို သိချင်နေသည်။
“မစုံစမ်းနိုင်လည်းထားလိုက်တော့ မင်း အဲဒီကိုသွားရင်တော့ ယွဲ့ရှီ တောင်ကြားမှာ သူမရဲ့အသက်ကို သေချာပေါက်ယူရမယ် သူမ အသက်ကို မယူနိုင်ရင် မင်းအသက်ကို အဲဒီမှာပဲထားခဲ့လိုက်တော့” သုန်းချီလျန်သည် ရက်စက်စွာ ပြောလေသည်။
“ဟုတ်ကဲ့ပါ သခင်မလေး”
“သွားတော့” သုန်းချီလျန် လက်ယမ်းပြလိုက်သည်။
“သခင်မလေး တစ်ခုရှိသေးတယ် ယွမ်မျိုးနွယ်က သခင်လေးလည်း လိုက်သွားတယ်လို့ လက်အောက်ငယ်သားတွေ သိခဲ့ရပါတယ်”
“ဘာပြောလိုက်တယ်” သုန်းချီလျန်သည် သူ့အား အလန့်တကြားကြည့် လေသည် “ယွမ်ယွမ်ကလည်း ယွဲ့ရှီတောင်ကြားကိုသွားတာလား သေချာလား”
“လက်အောက်ငယ်သားတွေ ပြန်လာတော့ သူ အဲဒီဘက်ကိုထွက်သွား တာတွေ့လိုက်တယ် ယွဲ့ရှီတောင်ကြားကို သွားတာလားတော့ မသေချာပါဘူး”
သုန်းချီလျန်သည် နားမလည်နိုင်ဖြစ်သွားသည် “ဒီယွဲ့ရှီတောင်ကြားက အရမ်းအန္တရာယ်များတာ သူက အဲဒီကိုဘာသွားလုပ်တာလဲ”
“ဘာကြောင့်လဲဆိုတာကို ငါသိမယ်ထင်တယ်” သုန်းချီရှောင်းသည် အပြင်မှဝင်လာပြီး ပြောလေသည် “အစ်မ အဖေတို့က ယွဲ့ရှီတောင်ကြားမှာ သတ္တုကြောရှိရမယ်လို့ ပြောတာအခုလေးတင်ကြားခဲ့တာ”
“သတ္တုကြောရှိတာလား နင် ဘယ်လိုလုပ်သိတာလဲ”
“အခုလေးတင် သူတို့ဆွေးနွေးတာကို ကြားလာတာ အခု သူတို့တွေ လည်း အဲဒီကိုသွားကြပြီ” သုန်းချီရှောင်း ပြောလေသည် “အစ်မ ငါတို့လည်း သွားကည့်ကြမလား အဲဒီမှာလူတွေများတယ်လို့ ကြားတယ် သူတို့အကုန်လုံး သွားကြမှတော့ လူစည်နေမှာပဲ”
သုန်းချီလျန်သည် ဘာမှမပြောပေ။ သူမ ဆန္ဒမရှိဟု သုန်းချီရှောင်းထင် လိုက်ကာ တောင်းဆိုလေသည် “အစ်မ အစ်မက ယွမ်ယွမ်ကိုမကြိုက်ဘူးလား သူ ဘာလုပ်ဖို့သွားလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ အဲဒီမှာ တစ်ခုခုရှိနေရင် ဘယ်လိုလုပ်မှာလဲ”
“မင်းအရင်သွားပြီး ငါပြောထားတာတွေ သွားလုပ်လိုက်” သူမသည် လက်ကိုဝေ့ယမ်းလိုက်ရာ မြေပေါ်မှလူသည် ထပြီးထွက်သွားလေသည်။
“အစ်မ ငါတို့သွားမှာလား”
“မင်းလည်း အဲလိုထင်မှတော့ သွားကြည့်တာပေါ့ ဒါပေမဲ့ ကြိုပြောထား မယ် အဲဒီကိုရောက်လို့ မင်း စကားနားမထောင်ရင် ချက်ချင်းပြန်ပို့မယ်” သုန်းချီလျန် ပြောလိုက်သည်။
“အစ်မ လူတွေစကားပြောတာ ရပ်သွားလိမ့်မယ် ကဲ သွားမယ် မဟုတ်ရင် သူတို့ကိုလိုက်မမှီဘဲနေလိမ့်မယ်” သုန်းချီရှောင်းသည် စိုးရိမ်တကြီးပြောလိုက် သည်။
“ငအမလေး ဘာတွေ အဲလောက် စိတ်ပူနေတာလဲ” သုန်းချီလျန်သည် သူမကို ပြောလိုက်သော်လည်း ကိုယ်တိုင်မှာလည်း လှုပ်ရှားမှုမနှေးပေ။ နှစ်ယောက်သား လျင်မြန်စွာပင် အစောင့်များနှင့် ထွက်သွားသည်။
ရှောင်ရော့ပိုင်သည် ရှောင်မျိုးနွယ်သို့ပြန်ကာ သူမ၏ အဆင့်တက်မှု သတင်းကို အဘိုးဖြစ်သူဆီသို့ သွားပြောလေသည်။ ရှီမာယူယူ ယွဲ့ရှီ တောင်ကြားသို့သွားမည်ဟု ကြားသည်နှင့် ရှောင်မျိုးနွယ်သည်လည်း သူမကို လိုက်ကြည့်ရန် လူလွှတ်လေသည်။ သူမသည်လည်း ချက်ချင်းပင် ခေါ်သွားရန် တောင်းဆိုလေသည်။
ရှောင်မျိုးနွယ်၏ မိသားစုခေါင်းဆောင်သည် သူမ၏ တောင်းဆိုချက်ကို မငြင်းဆန်ဘဲ သူမကိုပါ ခေါ်သွားလေသည်။
လျောင်ချန်မြို့၏ လှုပ်ရှားမှုများသည် လျင်မြန်စွာပင် မုရုန်ဟွေ့၏ နားထဲ သို့ ရောက်လာသည်။
ရှီမာယူယူသည် သူ့ကို ဘေးမှကြည့်ပြီး သိချင်စိတ်ဖြင့် မေးလေသည် “အဖေ အဲလူတွေကို ဘာလို့သိချင်တာလဲ”
“လျောင်ချန်မြို့က အင်အားစုကိုတွေလည်း ရှင်းဖို့အချိန်ရောက်ပြီ” မုရုန်ဟွေ့ ပြောလိုက်သည် “သမီးက စိတ်မပူဘူးလား”
“စိတ်မပူပါဘူး အဖေက ဒါကိုလုပ်ရဲတယ်ဆိုရင် သေချာပေါက် ပြင်ဆင် ထားတာရှိလို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “သမီးစဉ်းစားနေတာ သူတို့သာ ဒီကိုရောက်လာရင် သမီးတို့အစီအစဉ်ကို ဖျက်ဆီးပစ်မလား”
“ယွဲ့ရှီတောင်မှာ သတ္တုကြောမရှိဘူး” မုရုန်ဟွေ့ ပြောလိုက်သည် “အဲလူ တွေကို ဖြေရှင်းပြီးရင် သူတို့ကိုသွားရှာမယ်”
ရှီမာယူယူ အံ့ဩသွားသည် “အဖေ ယွဲ့ရှီတောင်ကြားမှာ သတ္တုကြောမရှိ ဘူးဆိုတာ ဘယ်လိုသိတာလဲ”
“အဖေတို့ အဲဒီမှာအကြိမ်ပေါင်းများစွာ ရှာပြီးပြီ ဒါပေမဲ့ ရှာမတွေ့ဘူး အဲဒါကြောင့် အဲဒီမှာမရှိနိုင်ဘူး” မုရုန်ဟွေ့ ပြောလေသည်။
ရှီမာယူယူ၏ ပါးစပ်မှာ ကွေးတွန့်သွားသည်။ သူ၏ အစီအစဉ်သည် ထို ခန့်မှန်းချက်အပေါ် မူတည်နေသည့်ပုံပင်။
“အဖေ ယွဲ့ရှီတောင်ကြားမှာ တကယ်ပဲ သတ္တုကြောရှိပါတယ် သမီး သတ္တုကြောရောင်ဝါကို ခံစားမိတယ်”
မုရုန်ဟွေ့ မှင်တက်သွားသည်။
***