← Chapters

ဖြေရှင်းခြင်း

Vol. 128 Ch. 1787

ဖြေရှင်းခြင်း

Vol. 128 Ch. 1787

“ယွဲ့ရှီတောင်ကြားမှာ သတ္တုကြောရှိတာ သေချာရဲ့လား” မုရုန်ဟွေ့ မေး လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်သည် “အင်း သမီးအာရုံခံမိတယ် အဲဒီမှာပဲရှိမှာ”

တကယ်တော့ သူမ အာရုံခံမိခြင်းမဟုတ်ဘဲ မီအာ အာရုံခံမိခြင်းဖြစ် သည်။ သို့သော် အခုချိန်တွင် သူ၏ တည်ရှိမှုကို မဖော်ထုတ်နိုင်သေးသဖြင့် သူမ ကိုယ်တိုင်အာရုံခံနိုင်သည်ဟုသာ ပြောနိုင်သည်။

“သမီးပြောတာသာ မှန်ရင် အဖေတို့အရင်အစီအစဉ်ကို ပြောင်းရမယ်” မုရုန်ဟွေ့သည် သူမကို သံသယမရှိပေ “အရင်ဆုံး နားလိုက်ပါဦး အဖေ သူတို့နဲ့ ဆွေးနွေးလိုက်ဦးမယ်”

ရှီမာယူယူသည် သူ့ကိုမတားပေ။ အကြောင်းမှာ သူတို့၏ အရင်အစီအစဉ် ပျက်သွားလျှင် သတ္တုကြောကို တခြားသူများမှ အရင်ယူသွားနိုင်သည်။ ထို့ကြောင့် မုရုန်ဟွေ့သည် ဆွေးနွေးရန်လိုအပ်နေသည်။

သူ၏ ယုံကြည်ပေးမှုကြောင့် သူမ ပျော်ရွှင်မိသည်။ သူမဘေးတွင် ရှိမနေ ပါက သတ္တုကြောကို မည်သူမှရှာမတွေ့နိုင်ဟု သူမ မုရုန်ဟွေ့ကို ပြောချင် သည်။ သို့သော် သူသည် ထွက်သွားပြီဖြစ်သည်။ သို့သော် ထိုအကြောင်းပြော လိုက်လျှင် မီအာပေါ်သွားမည်စိုးသဖြင့် နောက်ဆုံးတွင် သူမ သူ့ကိုမတားလိုက် ပေ။

နောက်ရက်အနည်းငယ်ကြာပြီးနောက် ယွဲ့ရှီတောင်ကြားသို့ ရောက်ချိန် တွင် ထိုနေရာသည် ချောင်းမြောင်းတိုက်ခိုက်ရန် နေရာကောင်းတစ်ခုဖြစ်သည် ကို ရှီမာယူယူတွေ့ရလေသည်။

ယွဲ့ရှီတောင်ကြားသည် ကီလိုမီတာဒါဇင်မျှရှည်ကာ ဘေးနှစ်ဖက်မှ တောင်ကမ်းပါးများသည် တိမ်များဆီသို့ထိုးတက်နေကာ နှစ်ဖက်လုံးတွင် တောင်ထွတ်များရှိသည်။ ဤနေရာတွင် ချောင်းမြောင်းအတိုက်ခိုက်ခံရန် လွယ်ကူသည်။

သူမသည် ကျောက်ဆောင်များကို မြင်သောအခါ နည်းလမ်းများစွာကို တွေးမိသည်။

သူမသည် မုရုန်ဟွေ့ကို အမြန်ပင်သွားရှာကာ သူမ၏ အတွေးကို ပြောပြ သည်။ မုရုန်ဟွေ့နှင့် သူ့ဘေးနှစ်ဖက်ရှိသော လူနှစ်ယောက်သည် သူမအား တအံ့တဩကြည့် လေသည်။

“ဘာလို့လဲ ဒီနည်းလမ်းက မဖြစ်နိုင်ဘူးလို့ထင်တာလား” ရှီမာယူယူသည် သူတို့သုံးယောက်ကို ကြည့်ပြီး မေးလိုက်သည်။

သူမသည် ဤနည်းလမ်းကို အရင်ကလုပ်ခဲ့ကာ အခုပြန်လုပ်ရတော့မည်။ သူမသာ တစ္ဆေလောကသို့ ရောက်မလာခဲ့လျှင် သုံးရမည်မဟုတ်ပေ။

“သခင်မလေး ပြောသွားတဲ့နည်းလမ်းက အဆိပ်နဲ့ တည်ဆောက်မှုနဲ့ တွဲ တာပဲ သခင်မလေးနည်းလမ်းက တကယ်ကောင်းပါတယ် ဒါပေမဲ့ အခု ကျုပ်တို့ မှာ အဲဒါတွေမရှိဘူးလေ” လက်ထောက်မှပြောလေသည် “ကျုပ်တို့မှာ တည်ဆောက်မှုကျောက်တုံးတွေ အများကြီးမရှိသလို သခင်မလေးပြောတဲ့ အဆိပ်အမျိုးအစားတွေလည်းမရှိဘူး”

“ကံကောင်းစွာနဲ့ပဲ ကျွန်မမှာ နှစ်မျိုးလုံးရှိတယ်” ရှီမာယူယူ ပြုံးလိုက် သည်။ ဒီနည်းလမ်းသာ အဆင်ပြေလျှင် ထိုပစ္စည်းများကို သူမ ပြင်ဆင်နိုင် သည်။ သူမသည် တစ္ဆေလောကသို့ ရောက်ကတည်းကပင် များစွာပြင်ဆင်ခဲ့ သည်။

အားလုံးမှာ “….”

သခင်မလေးမှာ လူတွေကို အလွယ်တကူ ထောင်ချောက်ဆင်ဖို့ နည်းလမ်းတွေ ဘာလို့ရှိနေတာလဲ။ ဒါက မုရုန်ရှီဆိုတာကို လက်ခံဖို့ခက်သွားပြီ လေ။

“သမီးမှာရှိတယ်ဆိုတော့ လုပ်ကြတာပေါ့” မုရုန်ဟွေ့ ပြောလိုက်သည် “သူတို့ လိုက်မှီဖို့ဆို နေ့တစ်ဝက်အချိန်ရတယ် အဲမတိုင်ခင်ကို လုပ်နိုင်လား”

“ပြဿနာမရှိဘူး” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။

ထင်ယောင်ထင်မှား တည်ဆောက်မှုတစ်ခု စီမံရုံဖြစ်ရာ အရင်ကကဲ့သို့ ဝိညာဉ်စုတည်ဆောက်မှု စီမံသကဲ့သို့ မခက်ပေ။ သူမ ကိုင်တွယ်နိုင်သည်။

“ဒါဆိုလည်း သခင်မလေးကိုပဲ ဒုက္ခပေးရတော့မယ်”

“အဖေ သမီး သားရဲပျံလိုတယ်”

ကြီးမားသော ထင်ယောင်ထင်မှားတည်ဆောက်မှုတစ်ခု ဆောက်လုပ်ရန် လေထဲမှ မြေအနေအထားကို စစ်ကြည့်ရန်လိုသည်။ လက်ရှိသူမသည် လေထဲ တွင် မပျံနိုင်သဖြင့် အမှန်တကယ်ပင် အခက်တွေ့လှသည်။

မုရုန်ဟွေ့သည် သူ၏ သားရဲပျံကိုခေါ်ထုတ်လိုက်ကာ ရှီမာယူယူကို လေထဲသို့ ခေါ်သွားလေသည်…

ညနေခင်းတွင် လူတစ်စုရောက်လာသည်။ ရှီမာယူယူသည် ရောက်လာ သောလူများကို ကြည့်ပြီးအံ့ဩနေမိသည်။

“ဘယ်လိုလုပ် သူတို့ဖြစ်နေတာလဲ” သူမ ရေရွတ်လိုက်သည်။

“ယွန်းမျိုးနွယ်ရဲ့ သခင်လေးယွမ်ယွမ်… နောက်တစ်ယောက်က ဘယ်သူ လဲ သူတို့ကိုသိလား” တောင်ကမ်းပါးတွင်ရပ်နေရင်း မုရုန်ဟွေ့သည် သူမကို မေးလိုက်သည်။

“သူက ဘယ်သူလဲဆိုတာတော့ မသိဘူး ဒါပေမဲ့ အရင်ကတော့ မြင်ဖူး တယ်” ရှီမာယူယူ ပြောလိုက်သည် “သမီးက မုရုန်ရှီမဟုတ်ဘူးဆိုတာ သူ မှတ်မိ တယ်”

“ဘာ သမီးက ဘယ်သူလဲဆိုတာ သူသိလား”

“အဲဒါတော့ သမီးမသိဘူး” ရှီမာယူယူ မသေချာပေ “ဒါပေမဲ့ အဲလူက မလွယ်ဘူးလို့ ခံစားမိတယ်”

“အင်း သူတို့နှစ်ယောက်ပုံစံကိုကြည့်ရတာတော့ သူက ယွမ်ယွမ့်ကို ဦးဆောင်လာတဲ့ပုံပဲ အဲဒါက သူ့သရုပ်မှန်က ယွမ်ယွမ်ထက် မြင့်တယ်ဆိုတာကို ပြနေတာပဲ” မုရုန်ဟွေ့သည် သူတို့နှစ်ယောက် ထင်ယောင်ထင်မှား တည်ဆောက်မှုထဲဝင်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည် “ယွမ်မျိုးနွယ် က အဖေတို့တိုင်းပြည်ရဲ့ ထပ်တန်းအဆင့်ရှိတဲ့ မင်းမျိုးမင်းနွယ်ပဲ ပြီးတော့ မင်းသားကိုလည်း မှီခိုနေတာ သူတို့နှစ်ယောက်တည်းဆိုတော့ အဖေတို့ စောင့် နေတဲ့လူတွေမဖြစ်နိုင်ဘူး သူတို့ကို ခေါ်ထုတ်လိုက်မလား”

“မလိုတော့ဘူး သူတို့ မကြာခင်ရောက်လာတော့မယ်” ရှီမာယူယူသည် တောင်ကြားထဲမှ သူတို့နှစ်ယောက်ကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။

ဒီမိုကျိရဲ့ ဇာစ်မြစ်ကဘာလဲ။

ယွမ်ယွမ်နှင့် မိုကျိတို့ တည်ဆောက်မှုအတွင်းဝင်သည်နှင့် ထောင်ချောက် ထဲသို့ ကျသွားသည်ကို သိလိုက်သည်။

“ဒီတည်ဆောက်မှုက အရမ်းအားကောင်းတယ် ငါတို့ တည်ဆောက်မှုထဲ ဝင်မိသွားတာတောင် မသိလိုက်ဘူး” မိုကျိသည် ထိုတည်ဆောက်မှုကို စိတ်ဝင် တစားကြည့်လိုက်သည်။

“မိုကျိ မင်းက တည်ဆောက်မှုတွေနဲ့ပတ်သက်ရင် ဒီတိုင်းပြည်မှာ ထိပ်တန်းထဲမှာပါတယ်… အဲဒါတောင် ဒါကိုကြိုပြီးမသိဘူးဆိုတော့ ဒီတည်ဆောက်မှုကို လုပ်တဲ့လူက တကယ်ကိုတော်တာပဲ” ယွမ်ယွမ် သက်ပြင်း ချသည် “ဘယ်သူကများ ဒါကိုစီမံတာလဲ တိုင်းပြည်ထဲက လူပါလို့တော့ မပြော နဲ့နော်”

“မဟုတ်ဘူး ငါထက်တော်တဲ့လူတွေရဲ့ တည်ဆောက်မှုတွေနဲ့ ငါရင်းနှီး တယ် သူတို့က ဒီတည်ဆောက်မှုကို မစီမံဘူး” မိုကျိ ပြောလေသည် “ဘယ်သူ လဲဆိုတာတော့ ငါတို့အပြင်ထွက်ရင် သိရမှာပဲ”

တည်ဆောက်မှုကို စီမံသည့်လူသည် ဤနေရာတွင်ရှိနိုင်သည်။ တည်ဆောက်မှုကို ချိုးဖျက်လိုက်လျှင် ထိုလူကို တွေ့နိုင်သည်။

ထို့နောက် သူသည် ယွမ်ယွမ်ကိုဦးဆောင်ကာ တည်ဆောက်မှုထဲတွင် စတင်ဖြတ်တော့သည်။ သူသည် မိနစ်အနည်းငယ်အတွင်းတွင် ပြန်ထွက်လာ နိုင်သည်။ ကမ်းပါးပေါ်တွင် ရပ်နေသော ရှီမာယူယူကိုကြည့်ပြီး နှစ်ယောက်လုံး အနည်းငယ် အံ့ဩသွားသည်။

တောက်ပသော မျက်လုံးတစ်စုံ၊ ဖြူလျသော သွားများ၊ လှပသောပုံရိပ်၊ သူမ၏ ရှည်လျားသော ဆံပင်များနှင့် လေအဝှေ့တွင် တလက်လက်ထနသော ဝတ်စုံကိုကြည့်ရသည်မှာ သံလိုက်သဖွယ်ဆွဲငင်နိုင်လွန်းကာ မည်သူမှ အကြည့် မလွှဲနိုင်ကြပေ။

“ကျွန်မ တည်ဆောက်မှုကို ဒီအတိုင်းမဖျက်ဆီးလိုက်လို့ ကျေးဇူးတင်ပါ တယ်” ရှီမာယူယူ အရင်ပြောလိုက်သည်။

မိုကျိ၏ ခြေလှမ်းများအရ သူသည် သူမ၏ တည်ဆောက်မှုကို ဖျက်ဆီး နိုင်သည်ကို သိသည်။ သူ တည်ဆောက်မှုကို ရိုးရှင်းစွာပင် ဖျက်ဆီးပစ်လိမ့်မည် ဟု ရှီမာယူယူ အစကစိုးရိမ်ခဲ့သေးသည်။ ယွမ်ယွမ်နှင့် ထိုအတိုင်း လမ်းလျှောက် ပြီးသာ ထွက်လာလိမ့်မည်ဟု ထင်မထားပေ။

“မင်းလည်း ဘာတိုက်ခိုက်မှုမှမလုပ်တာ” မိုကျိ ပြောလေသည် “မင်းက ယဉ်ကျေးမှုကိုပြထားမှတော့ ကောင်းလားဆိုးလား ငါ မသိဘဲနေပါ့မလား ဒီ တည်ဆောက်မှုကို မင်းစီမံထားတာကို မထင်ထားရုံပါပဲ တကယ်ကို ငါ့ကို အံ့ဩစေပါတယ် မုရုန်ရှီ”

သူသည် ‘မုရုန်ရှီ’ ဆိုသည့် အမည်ကို အသံဖိပြီးပြောလိုက်ရာ သူ၏ ဆိုလိုရင်းကို ရှီမာယူယူ နားလည်သည်။

မုရုန်ရှီက ယောက်ျားတွေကလွဲပြီး ကျန်တာမကြိုက်ခဲ့ဘူးလေ။ ဒီလို တည်ဆောက်မှုမျိုးကို ဘယ်လိုလုပ်စီမံနိုင်မှာလဲ။ အဲဒီတော့ သူမက လုံးဝကို မုရုန်ရှီမဟုတ်ဘူး။

သို့သော် အခုချိန်တွင် သူမကို သူ ဖော်ထုတ်ရန် ရည်ရွယ်ချက်မရှိပေ။

ရှီမာယူယူ ပြုံးလိုက်သည် “ရှင်တို့ထွက်လာမှတော့ ထွက်သွားလိုက်ကြပါ တော့”

“ငါတို့ဒီရောက်နေမှတော့ ပွဲကြီးပွဲကောင်းလေးကြည့်ရမယ်ထင်တယ်” မိုကျိသည် ယွမ်ယွမ်ကိုခေါ်ပြီး ဘေးတစ်ဖက်ရှိ တောင်ကမ်းပါးသို့ပျံတက်လိုက် သည်။ သူတို့ ရပ်နေသောနေရာမှာ တည်ဆောက်မှုနှင့် ကွယ်နေသဖြင့် အပြင်မှ လူများသည် သူတို့ကိုမမြင်နိုင်ပေ။

ခဏကြာပြီးနောက်တွင် လူများရောက်လာသည်။ ဤတစ်ကြိမ်ရောက် လာသောလူများမှာ မုရုန်ဟွေ့ကို မအံ့ဩစေတော့ပေ။

ရောက်လာသူများမှာ သုန်းမျိုးနွယ်မဟုတ်သလို တခြားမိသားစုမှလည်း မဟုတ်ပေ။ ရှောင်မျိုးနွယ်သာဖြစ်သည်။

တည်ဆောက်မှုထဲတွင် ရှောင်ရော့ပိုင်သည် မြေကြီးပေါ်တွင် ဒူးထောက် နေသော အဘိုးဖြစ်သူနှင့် ရှောင်မျိုးနွယ်ဝင်များကို ကြည့်ပြီး တအံ့တဩ မေးလေသည် “အဘိုး ဘာလုပ်တာလဲ ဒီလူက ဘယ်သူလဲ”

“ရော့ပိုင် ဒါက မင်းသား ၇ ပဲ မြန်မြန်ဒူးထောက်လိုက်” ရှောင်မိသားစု ခေါင်းဆောင်သည် ခေါင်းလှည့်လာပြီး အော်လေသည်။

“ရှောင်မျိုးနွယ်က ဒီလိုကိစ္စအသေးလေးတောင် မကိုင်တွယ်နိုင်ဘူး မဟုတ်ရင် ငါကိုယ်တိုင်တောင် လုပ်စရာမလိုဘူး”

“ကိုင်တွယ်တယ်ဟုတ်လား” ရှောင်ရော့ပိုင် နားမလည်နိုင်ဖြစ်နေသည်။ ရုတ်တရက် သူမသည် မုရုန်ဟွေ့ ဤနေရာတွင် ဒဏ်ရာအပြင်းအထန်ရသည် ကို တွေးမိပြီး အော်လိုက်သည် “အဘိုး နယ်စားကို ချောင်းတိုက်တာ အဘိုးတို့ လား”

***

All Chapters