နာကျင်သောနှလုံးသား
Vol. 128 Ch. 1789
ရှောင်မိသားစုခေါင်းဆောင်၏ စကားများကို မုရုန်ဟွေ့ ကြားသောအခါ ထပ်မမေးးတော့ပေ။ အရာအားလုံးမှာ ရှင်းလင်းသွားလေပြီ။
ရှီမာယူယူသည် ထိုကိစ္စများကို လိုက်ခံစားမနေပေ။ ထို့အပြင် သူမသည် ရှောင်ရော့ပိုင်မှလွဲပြီး ထိုလူများနှင့် ရှင်းစရာမရှိပေ။ သူမသည် သူတို့နှင့် ဘာ ပတ်သက်မှုမှမရှိပေ။ ထိုအရာကိုကြည့်ပြီး သူမသည် ဘေးမှပွဲကြည့်ပရိသတ်လို ဖြစ်နေသည်။
သို့သော် အလွန်နာကျင်နေသော ရှောင်ရော့ပိုင်ကိုကြည့်ပြီး သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
“အဖေ ရော့ပိုင်က ဒီအကြောင်းမသိဘူး အဖေ…” သူမသည် ထိုစကား များကို ရင်ထဲတွင်သာထားလိုက်သည်။ သို့သော် ထိုအရာသည် ရှောင်ရော့ပိုင် အတွက် ကောင်းသည့်ကိစ္စလား မကောင်းသည့်ကိစ္စလားဆိုသည်ကို သူမ မသိ တော့ပေ။
ရှောင်မျိုးနွယ်မှ မုရုန်ဟွေ့ကို သစ္စာဖောက်သဖြင့် သူသည် သေချာပေါက် သူတို့ကို ချန်ထားမည်မဟုတ်ပေ။ သူမ၏ မျိုးနွယ်ချေမှုန်းခံရမည်ကို ရှောင်ရော့ပိုင် ရင်ဆိုင်ရချိန်တွင် သူမအတွက် သေခြင်းက ပိုကောင်းနိုင်သည်။
ရှီမာယူယူမှ သူမအတွက် ပြောပေးသည်ကို ရှောင်ရော့ပိုင်ကြား သောအခါ သူမကို ကြည့်လိုက်ပြီး နှုတ်ခမ်းများကို ဟလိုက်သော်လည်း မည်သည့်စကားမှထွက်မလာပေ။
သူတို့၏ သူငယ်ချင်းသံယောဇဉ်မှာ ဤကဲ့သို့ အဆုံးသတ်သွားနိုင်သည်။
သူမသည် လူတစ်ယောက်ကို အသိအမှတ်ပြုခဲသဖြင့် သူငယ်ချင်းဆို သည်မှာလည်း ရှားပါးသည်။ မထင်မှတ်စွာပင် သူမ ချီးကျူးထိုက်သည့် လူ တစ်ယောက်နှင့် တွေ့ဆုံခဲ့ကာ ထိုတွေ့ဆုံမှုမှာလည်း ကြာကြာမခံလိုက်ပေ။
ရှီမာယူယူသည် ကြားဝင်ဖျန်ဖြေကာ သူမအသက်အတွက် ပြောပေး သည်။ သို့သော် သူမ လက်မခံချင်ပေ။
သူမသည် အဘိုးဘက်တိုးကာ သူမ၏ ရာထူးကိုပြသလိုက်သည်။
ယနေ့ရလဒ်မှာ မည်သို့ပင်ဖြစ်စေကာမူ သူမသည် ရှောင်မျိုးနွယ်နှင့် သေသေရှင်ရှင်ရှိသွားမည်။
ရှောင်မိသားစုခေါင်းဆောင်သည် ရှောင်ရော့ပိုင်ကိုကြည့်ပြီး မျက်လုံးထဲ တွင် နောင်တ တစ်စွန်းတစ်စပေါ်လာသည်။
“ကလေးကို ထိခိုက်စေမိသွားပြီ”
“အဘိုး ဘယ်လိုပဲဖြစ်ဖြစ် အဘိုးက သမီးအဘိုးပဲ” ရှောင်ရော့ပိုင်သည် သူ သူမကို အသုံးချသည်ကိုမပျော်ရွှင်သော်လည်း ရှောင်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသေးသည်။
ရှောင်မျိုးနွယ်ခေါင်းဆောင်သည် ရှောင်ရော့ပိုင်၏ ခေါင်းကို ချစ်ခြင်း အပြည့်ဖြင့် ပုတ်လိုက်သည် “မုရုန်ဟွေ့က သူ့သမီးကို အရမ်းချစ်တာ သူမက သမီးအတွက် ပြောပေးနေမှတော့ သွားလိုက်ပါ… ဒါက အဘိုးတို့ရှောင်မျိုးနွယ် လုပ်နိုင်တဲ့ ရွေးချယ်မှုပဲ အဘိုးတို့ တခြားသူကို အပြစ်မတင်ပါဘူး သမီး လိမ်လိမ်မာမာနေရမယ် အသက်ရှင်အောင်နေပါ အာဏာရအောင်လုပ်ပြီး အဘိုးတို့အတွက် လက်စားချေမယ်လို့ မတွေးနဲ့”
ယနေ့ သူမ အသက်ရှင်လျှင်တောင် သူမ နယ်စားကို တွန်းလှန်ချင်လျှင် မဖြစ်နိုင်သော ကိစ္စပင်ဖြစ်မည်။
ရှောင်ရော့ပိုင်၏ မျက်ရည်များမှာ ပိုးပိုးပေါက်ပေါက်ကျလာပြီး ရှောင် မိသားစုခေါင်းဆောင်၏ လက်ကိုဆွဲပြီး ခေါင်းကိုခါယမ်းလေသည် “မရဘူး… မဖြစ်ဘူး… သမီး အဘိုးတို့အကုန်လုံးနဲ့အတူရှိချင်တယ်”
“ငအမလေး…” ရှောင်မိသားစုခေါင်းဆောင် သက်ပြင်းချပြီး ဘာမှ မပြောပေ။
တောင်ကမ်းပါးပေါ်တွင် မုရုန်ဟွေ့သည် လက်ကိုဝေ့ယမ်းလိုက်ရာ ဘေး နှစ်ဖက်မှ အစောင့်များသည်ချက်ချင်းပင် ရှောင်မျိုးနွယ်ဆီသို့ ပြေးဝင်ကြလေ သည်။ ရှောင်မျိုးနွယ်သည် အဆိပ်မိကာ ဝိညာဉ်စွမ်းအင်သုံးမရပေ။ သို့သော် သူတို့သည် ချက်ချင်းပင် အရှုံးမပေးဘဲ လက်နက်ဖြင့် ခုခံသည်။
တစ်ယောက်ပြီးတစ်ယောက် ရှောင်မျိုးနွယ်ဝင်များ ကျသွားလေသည်။ ရှောင်ရော့ပိုင်သည် သူမ၏ မျိုးနွယ်ဝင်များ တစ်ယောက်ချင်းစီ ကျသွားသည် ကိုမြင်သောအခါ မျက်လုံးများနီရဲလာပြီး မျက်ရည်များကျလာသည်။ သူမ၏ သွေးကဲ့သို့ နီရဲလှသော မျက်နှာကို မျက်ရည်ဖြင့် ဆေးနေသလိုပင်။
ရှီမာယူယူသည် နာကျင်စွာဖြင့် ပြိုလဲသွားသော ရှောင်ရော့ပိုင်ကိုကြည့် ရာ အစပိုင်းက သူမကိုယ်သူမ မြင်နေရသလိုပင်။
မုရုန်ဟွေ့ကို သစ္စာဖောက်သူမှာ ရှောင်မျိုးနွယ်ဖြစ်သည်ဟု သူမ သိမထားသလို ရှောင်ရော့ပိုင်ပါ လိုက်လာမည်ဟု ထင်မထားပေ။ ဤကဲ့သို့ မြင်ကွင်းကို မြင်ရလိမ့်မည်ဟု ထင်ထားလျှင် သူမသည် ဤနည်းလမ်းကို ရွေးမည်မဟုတ်ပေ။
သို့သော် ပြီးသွားသည့်ကိစ္စများဖြစ်သဖြင့် သူမ မပြောင်းနိုင်ပေ။
ရှောင်ရော့ပိုင်အနောက်မှ လူတစ်ယေက် ဓားမြှောက်လိုက်ပြီး ခုတ်ချ တော့မည်ကို မြင်သောအခါ သူမသည် မသိစိတ်မှ ထိုလူ၏ ဓားကိုပစ်လိုက် သည်။
“သူမကို မသတ်နဲ့” ရှီမာယူယူသည် ရှောင်ရော့ပိုင်ကိုကြည့်ပြီး အစောင့် ကို အော်လိုက်သည်။
သူမ၏ တိုက်ကွက်ကြောင့် စစ်မြေပြင်မှလူအားလုံး ရုတ်တရက် ငြိမ်ကျ သွားသည်။ ရှောင်မျိုးနွယ်တွင် များများစားစားမကျန်ခဲ့ပေ။ ရှောင်ရော့ပိုင် ရှောင်မိသားစုခေါင်းဆောင်နှင့် အစောင့်တချို့မှာ ရပ်နေတုန်းပင်။
အစောင့်သည် မုရုန်ဟွေ့ကို ကြည့်ပြီး သူဆုံးဖြတ်ချက် ချသည်ကို စောင့် နေသည်။
မုရုန်ဟွေ့သည် ငြိမ်နေပြီး အတန်ကြာစဉ်းစားပြီးနောက် ပြောလိုက်သည် “ရှောင်ရော့ပိုင်ကို လွှတ်လိုက် ကျန်တဲ့လူတွေကိုတော့ တစ်ယောက်မှ အသက် မရှင်စေနဲ့”
“နယ်စား အပင်ခုတ်ရင် အမြစ်ပါနှုတ်ရမယ် နွေဦးလေတိုက်ရင် အသစ် ပြန်ဖြစ်လိမ့်မယ်” လက်ထောက်တစ်ယောက်မှာ လက်မခံဘဲ သတိပေးလေ သည်။ ဤကဲ့သို့အကျပ်အတည်းရောက်နေချိန်တွင် ဖြစ်နိုင်ချေရှိသည့် အန္တရာယ်များကို ရှင်းထုတ်ပစ်ထားရမည်။
ရှီမာယူယူသည်လည်း ထိုအမှန်တရားကို နားလည်ထားသည်။ သို့သော် အပြစ်ကင်းသည် ရှောင်ရော့ပိုင်အတွက် သူမ မညှာမတာမလုပ်ချင်ပေ။
“ဒီနေ့ မင်းငါ့ကို ကယ်ရင်တောင် မင်းရဲ့ကြင်နာမှုကို ငါ မေ့ထားမှာ” ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်သည် “ငါတို့ ဆက်ဆံရေးက ဒီနေ့ဒီမှာတင်ပြီးပြီ အဲဒါကြောင့် မင်း ငါ့အတွက် ကာပြောပေးစရာမလိုဘူး”
“ငါသိပါတယ် မင်း ငါ့ကိုမုန်းတာဖြစ်ဖြစ် လက်စားချေချင်တာဖြစ်ဖြစ် အရင်ဆုံး အသက်ရှင်ရဦးမယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
“ငါက ရှောင်မျိုးနွယ်ကလူပဲ ရှောင်မျိုးနွယ်နဲ့ကြီးပြီး ရှောင်မျိုးနွယ်နဲ့ သေမှာ မင်း ငါ့ကို စိတ်ပူပေးစရာမလိုတော့ဘူး” ရှောင်ရော့ပိုင် ပြောပြီးသည်နှင့် ရှီမာယူယူကိုမကြည့်တော့ဘဲ ခေါင်းငုံ့ကာ မျက်လုံးထဲမှနာကျင်မှုများကို ဖုံးကွယ်လိုက်သည်။
“တိုက်မယ်”
မုရုန်ဟွေ့၏ ညွှန်ကြားမှုအောက်တွင် တပ်သားများသည် ပြန်လည် လှုပ်ရှားလာကာ ရှောင်မျိုးနွယ်သည် မခုခံနိုင်တော့ပေ။ မကြာမီတွင် ရှောင်မိသားစုခေါင်းဆောင်နှင့် ရှောင်ရော့ပိုင်တို့သာ ကျန်တော့လေသည်။
ရှောင်မိသားစုခေါင်းဆောင်သည် သူ၏ဝိညာဉ်စွမ်းအင် တချို့ကို သုံးနိုင် နေသေးသောကြောင့် ရပ်နေနိုင်ခြင်းဖြစ်သည်။ ရှောင်ရော့ပိုင်ကို မည်သူမှ မသတ်ရဲဘဲ ရှောင်ကြသည်။
ထိုအချိန်တွင် အနက်ဝတ်လူတချို့သည် အမြန်ပင်ပျံလာပြီး ရှောင်ရော့ပိုင်ကို တိုက်ခိုက်သူများကို သတ်လိုက်သည်။
လူတစ်ယောက်သည် ရှောင်ရော့ပိုင်ကို ဆွဲပြီး နောက်တစ်ယောက်ဆီသို့ တွန်းပို့ကာ ပြောလိုက်သည် “သူမကို အရင်ခေါ်သွားလိုက်”
အနက်ဝတ်လူများ ရုတ်တရက်ပေါ်လာသည်မှာ အားလုံးကို ထိတ်လန့် စေသည်။ သည်တစ်ကြိမ် သူတို့၏ ပစ်မှတ်မှာရှင်းလင်းသည်…. ရှောင်ရော့ပိုင်ပင်။
ရှောင်ရော့ပိုင်သည် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ သူမသည် ရုန်းမထွက်နိုင်ပေ။ သူမသည် ရှောင်မိသားစုခေါင်းဆောင်၏ ကျောပြင်ကိုသာ ကြည့်နေရသည်။ သို့သော် သူ၏အနောက်မှ သူ့နှလုံးဆီသို့ ထိုးစိုက်လိုက်သည် ကိုသာ သူမ မြင်လိုက်ရသည်။
“အဘိုး” သူမသည် ရုန်းလိုက်ချင်သော်လည်း အချည်းအနှီးပင်။ သူမကို ဖမ်းချုပ်ထားသူသည် အခွင့်အရေးလုံးဝမပေးပေ။ “မင်း ဘယ်သူလဲ ကျွန်မကို လွှတ်ပါ အဘိုးကိုသွားရှာမယ် အဘိုးက အထဲမှာရှိသေးတယ် လွှတ်… အာ”
သူမ သွားတော့မည်ဟု ဟန်ပြင်နေသဖြင့် သူသည် သူမကို သတိမေ့ အောင်လုပ်ပြီး ပခုံးပေါ်ထမ်းကာ ဆက်သွားလေသည်။
“မင်းဘယ်သူလဲ” အနက်ဝတ်လူများသည် အလွန်သန်မာသည်ကို မုရုန်ဟွေ့မြင်သောအခါ ပျံဆင်းလာကာ သူတို့နှင့်ကိုယ်တိုင် တိုက်ခိုက်သည်။
တစ်ဖက်လူသည် စကားမပြောပေ။ သူ၏ လက်များမှာ အဆက်မပြတ် လှုပ်ရှားနေသည်။ အားလုံးသည် ဖောက်ထွက်ရန် ပန်းတိုင်တစ်ခုသာရှိသည်။
ရှီမာယူယူသည် အပေါ်မှကြည့်နေပြီး ရှောင်ရော့ပိုင်ကို သယ်သွားသည့် လူသည် သူမ၏ လုံခြုံရေးကို ကာကွယ်သါားသည်ကို မြင်ရသည်။ လူတစ် ယောက်သည် ရှောင်ရော့ပိုင်ကို တိုက်ခိုက်မည်အပြုတွင် သူသည် ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်လိုက်ရာ သူ ဒဏ်ရာရသွားသည်ကို သူမ မြင်လိုက်ရသည်။
သူမ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ဒီလူတွေက တကယ်ပဲ ရှောင်ရော့ပိုင်ကို လာကယ်တာပဲ။
မုရုန်ဟွေ့သည် လူတစ်ယောက်ဆိုလျှင် ထိန်းနိုင်သော်လည်း ကျွမ်းကျင် သူ အနည်းငယ်ကို မနိုင်သဖြင့် လွတ်သွားလေသည်။
“နယ်စား သူတို့နောက်ကို လိုက်ရမှာလား”
မုရုန်ဟွေ့သည် မြန်ဆန်သောအရှိန်နှုန်းနှင့် ထွက်သွားသော ထိုလူများ ကို ကြည့်ပြီး ပြောလိုက်သည် “မလိုတော့ဘူး”
ရှီမာယူယူသည် ရှောင်ရော့ပိုင်ကို ကယ်ချင်သည်။ သို့သော် ထိုလူများမှာ အားကောင်းသဖြင့် သူတို့နောက်လိုက်သွားလျှင်လည်း အသုံးဝင်နိုင်ပေ။
ရှီမာယူယူသည် လေးလံစွာ သက်ပြင်းချလိုက်သည်။ ရှောင်ရော့ပိုင် ထွက် သွားသည့်ပုံရိပ်ကို ငေးငိုင်စွာ ကြည့်နေမိသည်။
မင်းအသက်ကိုကယ်ဖို့ သူတို့အသက်ကိုပါ ရင်းထားတာဆိုတော့ သူက မင်းကို ကောင်းကောင်းကာကွယ်မှာပါ…
“အဲလူတွေရဲ့ သရုပ်မှန်ကို စစ်ဆေးလိုက်” မုရုန်ဟွေ့ အမိန့်ပေးလိုက် သည်။
သို့သော် ထိုလူများကို စစ်ဆေး၍မရပေ။
ရှီမာယူယူသည် သူ၏ရလဒ်ကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက် သည်။ သူတို့သည် ထိုလူများ၏ သရုပ်မှန်ကို မသိရသောကြောင့် သူမသည် လည်း ရှောင်ရော့ပိုင်၏ တည်နေရာမှာ ခြေရာပျောက်သွားသည်။
“အဲလူတွေက မင်းသား ၇ လူတွေပဲ” မိုကျိသည် ရုတ်တရက် ပြောလေ သည်။
ရှီမာယူယူသည် လှည့်ပြီးသူ့ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် တောင်ကြားကို ဖြတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။
“သေချာလား”
“ငါ သူ့လူတွေနဲ့ တွေ့ဖူးတယ်” မိုကျိသည် များများစားစားမပြောပေ။ သို့သော် ထိုအရာကပင် ထိုလူများ၏သရုပ်မှန်ကို ရှင်းပြပြီးသားဖြစ်လေသည်။
“မင်းသား ၇”
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ မျက်လုံးထဲမှ စိုးရိမ်မှု ကြီးထွားလာသည်။ မင်းသား ၇ သည် ရှောင်မျိုးနွယ်ကို အသုံးချခဲ့သည်။ ယခု ရှောင်မျိုးနွယ်မှာ မရှိတော့ပေ။ ရော့ပိုင်သာ သူ့လက်ထဲရောက်သွားရင် အဆင် ပြေနိုင်ပါ့မလား။
***