← Chapters

အခန်း ၁၆၉၀

Vol. 114 Ch. 1690

အခန်း ၁၆၉၀

Vol. 114 Ch. 1690

အပိုင်း (၁၆၉၀)

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ နာမည်သည် ကျန့်လင်းရောင် ဖြစ်ကြောင်း သိရှိရချိန်မှာတော့ ရီရှင်းချန်၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမိုကာ ကြီးထွားလာခဲ့၏။

ချလွမ်

သူသည်ဓားကို ဓားအိမ်ထဲမှ ထုတ်ပြီးသည့်နောက် တစ်ဖက်လူ၏ လည်ပင်းပေါ်သို့ တင်လိုက်၏။ ထိုအချိန်မှာပဲ သူ၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အလွန်တရာ ကြီးမားပြင်းထန်လွန်းသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

သူသည် အမြဲတမ်း သံသယရှိလို့ နေခဲ့၏။ ဧကရီလင်းရောင်၏ သေဆုံးခြင်းသည် ရိုးရှင်းလွန်းလျက်ရှိ၏။ ထို့ကြောင့် သာမန်မျက်စိနှင့် မြင်ရသည်ထက် ပိုမိုရှုပ်ထွေးလှသည့် အကြောင်းအရာများ ရှိနေမည်ကိုလည်း ခန့်မှန်းမိ၏။

ယခု သူကယ်တင်ခဲ့သည့် အမျိုးသမီး၏နာမည်သည် လင်းရောင်နှင့် တူညီသည့်နာမည်မျိုး တည်ရှိနေ၏။ ဖြစ်နိုင်သည်မှာ….

“ရှင် ဘာကိုဆိုလိုတာလဲ” ကျန့်လင်းရောင်က မျက်မှောင်ကုတ်မိသွား၏။ သူမသည် ကြမ်းတမ်းလွန်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများကို ခံစားမိ၏။ သို့ပေမဲ့ တည်ငြိမ်လျက်ပင် ရှိသေးသည်။ ချီးကျူးဖွယ်ရာပင်။

ဤအရာသည် ရီရှင်းချန်အား ပိုမိုကာ သံသယဝင်စေခဲ့၏။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျုပ်ကို ချဉ်းကပ်တာလဲ”

“...........”

ကျန့်လင်းရောင်သည် အမှန်ပဲ ဆွံ့အသွားခဲ့၏။ သူမကို ကယ်တင်ရန် ရောက်ရှိလာခဲ့သည့်သူမှာ သူပင်ဖြစ်သည်။ အဘယ်ကြောင့် ရည်ရွယ်ချက်ရှိရှိနှင့် သူမက သွားကာချဉ်းကပ်ရမည်နည်း။

“ခင်ဗျား မပြောဘူးဆိုရင်လည်း ကိစ္စမရှိဘူး”

ရီရှင်းချန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သေတော့မှာ မလို့ပဲ”

ရီရှင်းချန်သည် ရုတ်တရက် စကားအလွန်ပြောသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး မေးခွန်းများကို တရပ်စက် မေးမြန်းနေကြောင်း အားလုံးက သတိပြုမိပေလိမ့်မည်။ အကြောင်းအရင်းမှာ သူ့အနေနှင့် ဧကရီလင်းရောင်တစ်ယောက် သေဆုံးလား၊ မသေဆုံးလားဆိုသည်ကို သိချင်နေသောကြောင့်ပင်။ ထိုအရာသည် သူ၏ စိတ်တစ်ခုလုံးကို ရှုပ်ထွေးသွားစေခဲ့၏။

“ရှင်ဘာလို့ ကျွန်မကို သတ်ချင်ရတာလဲ” ကျန့်လင်းရောင်က မေးမြန်းလိုက်သည်။

“ဘာလို့လဲဆိုတော့” ရီရှင်းချန်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူမကို သတ်ဖြတ်လိုသည့် အကြောင်းရင်းသည် လင်းရောင်ဆိုသည့် နာမည်ကြောင့်ပင်ဖြစ်၏။ ဤအကြောင်းကို ထုတ်ဖော်ပြောကြား ရမည်ဆိုသည်မှာ အနည်းငယ် ကြောင်တောင်တောင်နိုင်လွန်းနေ၏။

ကျင့်ကြံခြင်းလောက သို့မဟုတ် စကြဝဠာတစ်ခုလုံးတွင် နာမည်တူသော လူပေါင်းများစွာတို့ တည်ရှိနေနိုင်၏။ ထို့ကြောင့် လင်းရောင်ဆိုသည့်နာမည်ရှိသူများကို လိုက်လံသတ်ဖြတ်နေရမည်ဆိုပါက သတ်မကုန်နိုင် လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။

နောက်ဆုံးမှာတော့ ရီရှင်းချန်သည် စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးသည့်နောက် သူ၏ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ညအင်ပါယာ - သူသည် အမှန်ပင် စဉ်းစားတွေးခေါ်တတ်သည့် လူတစ်ယောက် ဖြစ်လာခဲ့၏။

ကျန့်လင်းရောင်သည် တီးတိုးရေရွတ်လိုက်သည်။ “ဘာလို့ အရမ်းအားကောင်းတဲ့လူတွေက ထူးဆန်းနေကြတာလဲ”

သူမအနေနှင့် ရီရှင်းချန်ကို မသိပေ။ သို့ပေမဲ့ မနေ့က တိုက်ခိုက်သည်ကို မြင်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူသည် ကျိန်းသေပေါက် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်း သူမ သေချာသိ၏။ ထို့ကြောင့် သိုးရေခွံပေါ်တွင် ရှိနေသော ရတနာများကို သူမအား ကူညီရှာဖွေစေရန် စဉ်းစားမျှော်လင့်မိခဲ့၏။

“ရှင့်ရဲ့နာမည်က ဘာလဲ”

“မင်း မေးပြီးပြီ မဟုတ်လား”

“ဒါပေမဲ့ ရှင်မဖြေဘူးလေ”

“ဖေးအားညို”

“...........”

ကျန့်လင်းရောင်၏ အမူအရာသည် ပြောင်းလဲသွား၏။ ဤမျှအားကောင်းလှသော လူတစ်ယောက်သည် ရိုးရှင်းလှသည့်နာမည်ကို ပိုင်ဆိုင်နေလေသည်လား။

“ဆရာဖေးက ကျွန်မတို့ ကောင်းကင်စက္ကူစလောကကြီးရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ မဟုတ်လား”

“အများကြီး ပြောမနေနဲ့တော့။ ပြောချင်တဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ကြရအောင် ဟုတ်ပြီလား”

ရီရှင်းချန်၏ မျက်နှာပေါ်တွင် ဒေါသတရားများနှင့် ပြည့်နှက်လျက် ရှိနေတုန်းပင်။ သူသည် ဤအမျိုးသမီးနှင့်ပတ်သက်၍ သူ၏လေကို မဖြုန်းတီးချင်ကြောင်း သေချာရှင်းလင်းလှသည်။

ကျန့်လင်းရောင်သည် ရုတ်တရက် ရပ်တန့်ကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျွန်မဆီမှာ ရတနာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ရှိတယ်။ ဂြိုဟ်တစ်ခုလုံးက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိတယ်လေ။ ဒီတော့ ဒီအရာကို ကျွန်မသွားပြီး ရှာဖွေတဲ့အချိန်မှာ ဒုက္ခတွေခံရတယ်ဆိုတာကို ဘယ်လိုမှ ပြေးမလွတ်ဘူး ဖြစ်နေတယ်”

“ဒီတော့”

ရွီး

ရုတ်တရက် သူ၏ ညာဘက်လက်သီးတွင် စွမ်းအင်များကို စုစည်းကာဖြင့် ထိုးလွှတ်လိုက်သည်။ ကျန့်လင်းရောင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမသည် သူ၏လှုပ်ရှားမှုကို သေသေချာချာမြင်လိုက်၏။ သို့ပေမဲ့ သူမ၏ ကျင့်ကြံခြင်းအဆင့်အရ ရှောင်တိမ်းရန်အတွက် မလုံလောက်ခဲ့ချေ။

ဘုန်း

ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲမှု စွမ်းအင်များ ဖြစ်တည်လျက် ရှိနေသော ရီရှင်းချန်၏ ညာဘက်လက်သီးသည် ကျန့်လင်းရောင်၏ မျက်နှာဘေးမှ ဖြတ်သန်းကာဖြင့် လေဟာနယ်ထဲသို့ ရောက်ရှိသွား၏။

ရုတ်တရက် တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လေဟာနယ်ထဲတွင် ပုန်းအောင်းနေသည့် ကျင့်ကြံသူသည် ချက်ချင်းပဲ အဝေးတစ်နေရာသို့ လွင့်စင်သွားခဲ့၏။ ၎င်း၏ပါးစပ်ထဲမှ သွေးများ ပွက်ပွက်အန်လျက် ရှိနေပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ ၎င်း၏လက်ထဲတွင် ရှိနေသော လျှို့ဝှက် လက်နက်ပုန်းများသည် မြေပေါ်တွင် ပြန့်ကျဲနေသည်။

“ချောင်းပြီးတိုက်တာလား” ရီရှင်းချန်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။

ကျန့်လင်းရောင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ပြီးနောက် အနောက်ဘက်သို့ လွင့်စင်သွားသည့် သိုင်းကျင့်ကြံသူကို လှမ်းကြည့်လိုက်၏။ သူမသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဝူတန်ကလူတွေတောင် ပါဝင်ပတ်သက်နေပြီလား”

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ လေခွင်းသံများသည် အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာ၏။ လက်နက်ပုန်းများသည် များပြားစွာ ထွက်ပေါ်လာပြီး တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ရီရှင်းချန်သည် ကျန့်လင်းရောင်ကို ပခုံးမှ အသာဆွဲကိုင်ကာဖြင့် သူ၏အနောက်ဘက်ဆီသို့ ပို့ဆောင်လိုက်၏။ ပြီးနောက် ရုတ်တရက် ရောက်ရှိလာသည့် လက်နက်ပုန်းများအားလုံးကို ကြည့်ကောင်းလှစွာဖြင့် ရှောင်ရှားလိုက်၏။

ဒင် ဒင် ဒင် ဒင် .......။

လက်နက်ပုန်းများအားလုံးသည် သူ့ကို မထိမှန်ဘဲ နောက်ဘက်တွင် ရှိနေသော ကျောက်တုံးနှင့်သစ်ပင်များကို သွားရောက်ကာ စိုက်ဝင်နေ၏။ ထိုလက်နက်ပုန်းများ၏ မျက်နှာပြင်ပေါ်တွင် အမဲရောင်များ တည်ရှိနေသည်ဖြစ်သောကြောင့် ကျိန်းသေပေါက် အဆိပ်များ ပြည့်နေပေလိမ့်မည်။

ရွှီး ရွှီး

ရီရှင်းချန်သည် ကြည့်ကောင်းလှစွာဖြင့် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်၏။ သို့ပေမဲ့ ကျန့်လင်းရောင်မှာတော့ ထိုကဲ့သို့သော ရှောင်တိမ်းမှုကို ပြုလုပ်ပြီး မူးနောက်နောက်ပင် ဖြစ်လို့နေခဲ့သည်။

ရွှီး ရွှီး

ထိုအချိန်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူတစ်စုသည် အဝေးတစ်နေရာဆီမှ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် လူတစ်ရာနီးပါးခန့်ပင်ဖြစ်သည်။ လက်ထဲတွင်လည်း အဆိပ်ပြင်းလှသော လက်နက်ပုန်းများကို ကိုင်ဆောင်ထားခဲ့ပြီး မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။

“နတ်ဆိုးမ”

ဦးဆောင်လာသည့်လူသည် လေးလေးနက်နက် ပြောလိုက်၏။ “မင်းရထားတဲ့ ရတနာမြေပုံကို ကမ်းပေး၊ ဒါဆိုရင် အသက်ချမ်းသာပေးမယ်”

ကျန့်လင်းရောင်က ပြောလိုက်သည်။ “ဒါကို ကျွန်မ ရှာတွေ့ခဲ့တာ၊ ဘာလို့ ရှင်တို့ကို ပေးရမှာလဲ”

သူမသည် လေသံသည် အလွန်ပင် ဒေါသထွက်လျက်ရှိနေသည်။ သူမသည် ရတနာမြေပုံကို မပေးချင်သောကြောင့် မဟုတ်ပေ။ သို့ပေမဲ့ သူမသည် မကောင်းသည့်ကိစ္စရပ်များကို ဘာတစ်ခုမှ မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့် သူမ မွေးဖွားလာစဉ်ကတည်းက နတ်ဆိုးမဟု ကင်ပွန်းတပ်ခံခဲ့ရသနည်း။

“တကယ်လို့ မပေးဘူးဆိုရင် သေရ ......”

ထိုခေါင်းဆောင်သည် စကားပြော၍ မပြီးခင်မှာပဲ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရီရှင်းချန်သည် သုံးပေခန့်ရှိသော ဓားကို ကိုင်ဆောင်ကာဖြင့် သူ၏လည်ကုပ်ပေါ်သို့ လာရောက်ကာ တင်ထားသောကြောင့်ပင်။

“ရတနာမြေပုံက ငါ့ဟာပဲ။ ဘယ်သူမှ ထိလို့မရဘူး”

ဇွိ

ခေါင်းတစ်ခုသည် အနောက်သို့ လွင့်စင်ပြီး သွေးများသည် ပြန့်ကျဲသွားခဲ့သည်။

“ခေါင်းဆောင်”

သူတို့၏ ခေါင်းဆောင် ခန္ဓာကိုယ်နှင့်ခေါင်း ကွဲသွားသည်ကို မြင်ရပြီးသည့်နောက် နောက်လိုက်များသည် ကြောက်လန့်သွားခဲ့၏။

ဆွစ် ဆွစ် ဆွစ်

ချလွမ်

ရီရှင်းချန်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။

ဘုတ် ဘုတ် ဘုတ်

သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။ ၎င်းတို့၏ ခေါင်းများသည် တဖြည်းဖြည်း နှင့် အောက်ကိုပြုတ်ကျကာ လိမ့်ဆင်းသွားခဲ့ကြသည်။

ဘုတ် ဘုတ်

အဓိကရွက်သင်္ဘောပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်တစ်ယောက် လူပေါင်းများစွာကို သတ်ဖြတ်နေသည်ကို ကြည့်ရှုလျက်ရှိ၏။ သူက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ “ငါ့တပည့်က တကယ့်ကို လုပ်ရဲကိုင်ရဲတာပဲ”

စုရှောင်မိုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဂျူနီယာညီလေးရီတစ်ယောက် မိန်းမလှလေးကို ကယ်တင်တယ်ဆိုတာ တကယ့်ကို စဉ်းစားရ ခက်နေတယ်”

“ဒါကတော့ အမှန်ပဲ”

လီချင်းယန်သည် ပြုံးကာပြောလိုက်သည်။ “ဒါပေမဲ့ ဂျူနီယာညီလေးရီက ကြင်နာတတ်တယ်လေ”

အားလုံးသော သူတို့၏ စကားများကို ကြားရပြီးသည့်နောက် စနစ်သည် မည်သို့မှ မနေနိုင်ဘဲ ထကာ အော်ဟစ်လိုက်၏။ “ဒါက ရီရှင်းချန်အတွက် ဇာတ်လမ်းကွ၊ မင်းတို့ ဝင်မပါနဲ့”

..........

ကောင်းကင်စက္ကူစလောကကြီး

ရီရှင်းချန်သည် ဝူတန်နင်ဂျာများနှင့် ရင်ဆိုင်ပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ သိုလှောင်လက်စွပ်များကို ကျွမ်းကျင်စွာဖြင့် ထုတ်ယူလိုက်သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “သွားကြရအောင်”

“အင်း”

ကျန့်လင်းရောင်သည် အလျင်အမြန်ဖြင့် နောက်မှ လိုက်ပါလာသည်။ သူမသည် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့မှုကိုလည်း ခံစားလို့နေသည်။ ဝူတန်နင်ဂျာအဖွဲ့သည် အားနည်းလှသည် မဟုတ်ချေ။ သို့ပေမဲ့ မျက်စိတစ်မှိတ်အတွင်း အားလုံးသတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ သူမည်မျှ အားကောင်းလိုက်သနည်း။

သိုးရေခွံပေါ်တွင် ရှိနေသော အမှတ်အသားများအရ ရတနာသည် မြောက်ဘက်အစွန်းပိုင်းတွင် ရှိနေသော တောကြီးအတွင်း၌ တည်ရှိနေ၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် စကားပြောဆိုခြင်း မရှိဘဲ လမ်းတလျှောက် မြန်မြန်ဆန်ဆန်နှင့် သွားလာလျက်ရှိ၏။

အချိန်တိုအတွင်းမှာပဲ များပြားလှသည့် အဖွဲ့များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာပြီး ထိုရတနာမြေပုံကို လုယူရန် ကြိုးစားကြ၏။ ရီရှင်းချန်သာ မပါဘူးဆိုပါက ကျန့်လင်းရောင်သည် သူမ၏ အားအင်အဆင့်နှင့် ထိုသူများကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရောက်ရှိလာသည့် လူပေါင်းများစွာတို့သည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။ ဖြစ်စဉ်တစ်ခုလုံးသည် တိုက်ခိုက်လိုက်သည်ဟုသာ ပြောဆိုရန် သင့်သေး၏။ အန္တရာယ်ဟူ၍ တစ်ချက်ကလေးမှ မတွေ့ခဲ့ချေ။

“မိစ္ဆာတွေ”

“ရောင်း ... ရောင်းရင်း ကျုပ်ကို ချမ်းသာပေးပါ”

ဘုတ် ...။

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် စကားပြောဆို၍ မပြီးသေးခင်မှာပဲ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ရီရှင်းချန်သည် ထိုသူကို လက်သီးဖြင့်ထိုးကာ သတ်ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ ကြမ်းတမ်းပြီး ရက်စက်လွန်းလှချေသည်။

ပွင့်ပွင့်လင်းလင်းနှင့် လာရောက်ကာ တိုက်ခိုက်မည်ဆိုလျှင် အသက်ချမ်းသာကောင်း ချမ်းသာပေလိမ့်မည်။ သို့ပေမဲ့ အမှောင်ထဲမှာ ပုန်းအောင်းပြီး နောက်ကျောကို ဓားနှင့်ထိုးသည့် လုပ်ရပ်မျိုးကို ပြုလုပ်သည်ဆိုမှတော့ ညအင်ပါယာသည် ကျိန်းသေပေါက် ထိုသူများအားလုံးကို ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။

နောက်မှ လိုက်ပါလာခဲ့သော ကျန့်လင်းရောင်သည် တစ်ချိန်လုံး ချီးကျူးလိုသည့် ဟန်ပန်အမူအရာမျိုးနှင့် ကြည့်ရှုလျက် ရှိနေသည်။ ဤအမျိုးသားသည် သူမ၏ မြင်ကွင်းရှေ့သို့ ရောက်ရှိလာခဲ့သည်မှာ မကြာသေးချေ။ သို့ပေမဲ့ ကြမ်းတမ်းလွန်းလှသော စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် သူမကို လွှမ်းမိုးနိုင်ခဲ့ပြီဖြစ်၏။

“ရောက်ကြပြီလား”

“အင်း”

ကျန့်လင်းရောင်သည် သတိပြန်ဝင်လာ၏။ အလောတကြီးဖြင့် သိုးရေခွံကို ထုတ်ယူလိုက်သည်။ မြေပုံပေါ်တွင် ရှိနေသော တည်နေရာကို ကြည့်ရှု၍ သူမက ပြောလိုက်၏။ “မြောက်ဘက်ကို သွားရမယ်။ မိုင်တစ်ထောင်လောက် အကွာအဝေးကို ထပ်ပြီးလျှောက်မှ ရောက်လိမ့်မယ်ထင်တယ်”

“အချိန်မဖြုန်းနေနဲ့တော့”

ရီရှင်းချန်က ပြောလိုက်သည်။ “မြန်မြန် သွားကြရအောင်”

၎င်းတို့နှစ်ယောက်သည် မြောက်ဘက်ပိုင်းဆီသို့ ဆက်လျှောက်သွားသည်။ ထူးဆန်းစွာဖြင့် မည်သည့် ချောင်းမြောင်း တိုက်ခိုက်မှုကိုမှ မခံရချေ။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ တည်ငြိမ်လာခဲ့၏။

“လူကြီးမင်းဖေးက အရမ်းကို အားကောင်းတယ်ဆိုတာ သူတို့က သိသွားလို့နေမယ်။ ဒါကြောင့် မသေချင်တာကြောင့် မလာတာနေမယ်” ကျန့်လင်းရောင်းသည် သူမကိုသူမ ပြောဆိုလိုက်မိသည်။

နောက်တစ်ရက်မှာတော့ ၎င်းတို့နှစ်ယောက်သည် တောနက်အတွင်းပိုင်းသို့ လျှောက်ဝင်လိုက်ကြ၏။ သို့ပေမဲ့ မဝင်နိုင်ခဲ့ချေ။ အဝင်ဝတွင် သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့ စုစည်းရောက်ရှိနေသောကြောင့်ပင်။

ကျန့်လင်းရောင်၏ ခန့်မှန်းမှုမှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အဖော်များ ဆုံးရှုံးပြီးနောက် ၎င်းတို့သည် ရီရှင်းချန်၏ အားအင်အဆင့်ကို အသိအမှတ်ပြုလိုက်ကြသည်။ ထို့ကြောင့် လူအင်အားနည်းနည်းနှင့် တိုက်ခိုက်ခြင်းကို မပြုလုပ်ကြတော့ချေ။ လူများအားလုံးကို စုစည်းကာဖြင့် လမ်းတွင် လာရောက်စောင့်ဆိုင်း နေခြင်းပင်။

တစ်ရာ သို့မဟုတ် တစ်ထောင်လောက်ကို ရင်ဆိုင်နိုင်သည် ဆိုလျှင်တောင်မှ တစ်သောင်း သို့မဟုတ် တစ်သိန်းလောက်ကို ရင်ဆိုင်နိုင်မည်လား။ သူတို့တွင် လူအရေအတွက် များပြားလှ၏။ ထို့ကြောင့် လုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိသည်။

“ဒါက ပြဿနာပဲ” လူပေါင်းများစွာတို့ တည်ရှိနေသည့်ကို မြင်ရသည့်အချိန်မှာတော့ ကျန့်လင်းရောင်သည် မျက်မှောင်ကုတ်လိုက်မိ၏။

ခလွပ် ခလွပ် ခလွပ်

ရုတ်တရက် ထူးဆန်းလှသည့်အသံကြီး ထွက်ပေါ်လာသည်။ သူမသည် အမှတ်တမဲ့ဖြင့် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အလင်းတန်းများနှင့် တောက်ပလျက်ရှိသည့် ရီရှင်းချန်ကို မြင်လိုက်ရသည်။ သူသည် တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့ပြီး ဆန်းကြယ်လွန်းလှသော ပုဆိန်ကြီးတစ်လက်ကို လက်ထဲတွင် ကိုင်ဆောင်ထား၏။ ၎င်းကို ကြည့်ရှုရသည်မှာ စစ်ပွဲထဲသို့ ရောက်ရှိနေသည့် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။

ရီရှင်းချန်၏မျက်လုံးများသည် အေးစက်လျက် ရှိနေ၏။ “ကျုပ် လူသတ်ပွဲကြီးကို ကျင်းပတော့မယ်။ လမ်းဖယ်”

All Chapters