အခန်း ၁၆၉၂
Vol. 114 Ch. 1692
အပိုင်း (၁၆၉၂)
ကောင်းကင်၏ အောက်တွင် ရှိသော ကုန်းမြေများ အားလုံးသည် ဤဘုရင်၏ ပိုင်ဆိုင်မှုဖြစ်ပြီး လူပေါင်းများစွာတို့သည် လည်း ဤဘုရင်၏ ပိုင်ဆိုင်မှုပင် ဖြစ်သည်။
ဤစကားစုသည် ဧကရီလင်းယောင်၏ သေတမ်းစာထဲတွင် ရေးသားထားသည့် စကားလုံးများ ဖြစ်ပြီး ယခု ပြိုလဲလုမတက် ဖြစ်နေသည့် ကျောက်နံရံကြီးပေါ်တွင် ထင်ပေါ်လျက် ရှိနေ၏။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်သွားခဲ့၏။
ဟုတ်ပေသည်။ လက်ရေးလက်သားကို ကြည့်ရလျှင် ဤစာတမ်းသည် ဧကရီလင်းယောင် ရေးသားခဲ့သည့်အရာ ဖြစ်ပုံမပေါ်ချေ။ သို့ပေမဲ့ ရီရှင်းချန်သည် ဤစာလုံးများကို မြင်ရသည့်အခါမှတော့ ချက်ချင်းပဲ ကြောင်အသွားရုံသာမက မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပိုမိုကာ ထင်ပေါ်လာခဲ့သည်။
သေတမ်းစာထဲတွင် ပါဝင်နေသည့် စာတမ်းသည် ကျောက်နံရံကြီးထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် သူမနှင့်ပတ်သက်နေသည်လား။
"ဆရာဖေး"
ကျဲ့လင်းရောင်သည် အားပျော့စွာ မေးလိုက်၏။ "အဆင်ပြေရဲ့လား"
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ကျန်းချီစွမ်းအင်များသည် ပေါက်ကွဲထွက်လာခဲ့၏။ ပြီးနောက် ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် သူမ၏ လည်ပင်းကို လာရောက်ကာ ဆုပ်ကိုင်သည်။
ရီရှင်းချန်သည် အေးစက်စွာ ပြောလိုက်၏။ "နာမည်က တိုက်ဆိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အထဲမှာပါတဲ့ စာလုံးတွေကတော့ မဖြစ်နိုင်ဘူး။ ပြောစမ်း။ ခင်ဗျားဘာလို့ ကျုပ်ကို ဒီခေါ်လာတာလဲ"
"..."
ကျဲ့လင်းရောင်သည် ကျန်းချီများနှင့် ဖန်တီးထားသော လက်ကြီး၏ ဖမ်းဆုပ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် အသက်ရှုရန်ပင် ခက်ခဲလာခဲ့ချေသည်။
"ဘာ … ဘာ … ဘာကိုပြောရမှာလဲ"
သူမသည် ရတနာကို ရှာဖွေရန်အတွက် ညအင်ပါယာကို ခေါ်ဆောင်လာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် အလွန် အားကောင်းသောကြောင့်ပင်။ တခြားသော ရည်မှန်းချက်မျိုး သူမတွင် မရှိချေ။
"ခင်ဗျားက ဧကရီလင်းရောင်လား။ ဒါက ခင်ဗျားရဲ့ အစီအစဉ်တွေထဲက တစ်ခုလား"
ရီရှင်းချန်သည် ခံစားချက်များကို မထိန်းချုပ်နိုင်သည့် ပုံပေါ်၏။ သူသည် အားကိုပိုမိုကာ စိုက်ထုတ်လိုက်၏။
ကျဲ့လင်းရောင်သည် မဟုတ်ကြောင်း ပြောလိုက်ချင်သည်။ သို့ပေမဲ့ မပြောနိုင်တော့ချေ။ အလွန် နာကျင်လွန်းသောကြောင့် မျက်လုံး၏ ထောင့်မှ မျက်ရည်များပင် ကျဆင်းလာခဲ့သည်။
ဟမ်
ရုတ်တရက်ဆိုသလိုပဲ ကျောက်နံရံကြီးပေါ်တွင် အရေးကြောင်းများသည် အသက်ဝင်လာပြီး တောက်ပသော အလင်းတန်းများအဖြစ် ဖြစ်တည်လာကာ သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားခဲ့၏။ ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။
ဆွစ် ဆွစ်
လေအေးများ တိုက်ခိုက်သွားပြီးနောက် တည်နေရာကြီးသည် ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်သွားခဲ့သည်။
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ "စီနီယာအစ်ကိုရီရဲ့ အော်ရာတွေ မရှိတော့ဘူး"
................
ဘောက် ဘောက်
ရေကျသည်အသံသည် တစ်ဘောက်ဘောက်နှင့် ထွက်ပေါ်နေသည်။
ဝှစ် …..။
ရုတ်တရက် အလင်းတန်းတစ်ခု ပေါ်ပေါက်လာပြီးနောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ရီရှင်းချန်၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်လျက်ရှိ၏။ သူသည် ကျောက်နံရံကြီး၏ အနားတွင် မတ်တပ်ရပ်လျက် ရှိနေခဲ့သည်။ သို့ပေမဲ့ ယခု တခြားနေရာသို့ ရောက်ရှိလို့နေလေ၏။
အဟွတ် အဟွတ်
တစ်ဖက်တွင် ရပ်လျက်ရှိနေသည့် ကျဲ့လင်းရောင်၏ မျက်နှာသည် နီမြန်းလျက် ရှိနေ၏။ သူမ၏ လည်ပင်းပေါ်တွင် လက်ရာကြီးများပင် အထင်းသား ပေါ်လျက်ရှိနေ၏။ သူမသည် အသက်ရှုမဝဘဲ သေဆုံးလုမတတ်ပင် ဖြစ်နေသည်။
ရီရှင်းချန်မှာတော့ တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် အနား ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို လေ့လာနေ၏။ ပြီးသည့်နောက် သူ၏စိတ်ဝိညာဉ်အာရုံများသည် ဖြန့်ကျက်ရန် ခက်ခဲနေကြောင်းကို သိရှိလိုက်မိ၏။ တစ်စုံတစ်ခု၏ စွမ်းအင်နှင့် တားဆီးခံထားရသလိုပင်။
"ဒါက ဘယ်လိုနေရာလဲ"
ကျဲ့လင်းရောင်သည် လှည့်ကြည့်ပြီးသည့်နောက် ရီရှင်းချန်၏လေသံနှင့် မျက်နှာပေးသည် ပိုမို၍ တင်းမာခဲ့ခဲ့သည်။ ဤနေရာသို့ ရောက်ရှိလာမှုသည် ဤအမျိုးသမီးနှင့် သက်ဆိုင်နေကြောင်းကို သူက ခန့်မှန်းလိုက်မိ၏။ အရာအားလုံးသည် ထောင်ချောက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရီရှင်းချန်အား ဤမျှစစ်စစ်ပေါက်ပေါက် တွေးတောနေခြင်းအတွက် အပြစ်တင်၍လည်း မရချေ။ သူသည် အလွန် ချစ်မြတ်နိုးရသော ဧကရီလင်းရောင်၏ နောက်ကျောမှ ဓားနှင့်ထိုးခြင်းကို ခံခဲ့ရဖူးသူ မဟုတ်ပါလား။ ထို့ကြောင့် သူသည် အရာအားလုံးကို အပြစ်တင်စိတ်နှင့် လိုက်ကာ ကြည့်ရှုမိ၏။
ကျဲ့လင်းရောင်သည် ပြန်လည်ကာ အသက်ရှုဝလာသည့်အချိန်မှာတော့ သိုးအရေခွံကို ထုတ်ယူကာ ကြည့်လိုက်သည်။ အပေါ်တွင်ဆွဲထားသည့် မြေပုံသည် မတူညီသည့် အရာနောက်တစ်ခုသို့ ပြောင်းလဲသွားကြောင်းကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
နှိုင်းယှဉ်ကြည့်လိုက်သည့် အခါမှာတော့ ယခုရောက်ရှိနေသည့် တည်နေရာကြီးပင် ဖြစ်လို့နေ၏။ "ဒါ ရတနာသိုက်ပဲ ဖြစ်လိမ့်မယ်"
"ငါ့ကိုပေးစမ်း"
ရီရှင်းချန်သည် သိုးအရေခွံကို လှမ်းကာ လုလိုက်၏။ တစ်စုံတစ်ခု ထူးဆန်းသောအရာများ ဖြစ်တည်လာခဲ့၏။ ထိုအရာသည် သူ၏လက်ပေါ်သို့ ကျဆင်းလာသည့်အခါမှာတော့ မြေပုံပေါ်ရှိ အရေးအကြောင်းများသည် တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီး ဘာတစ်ခုကိုမှ မမြင်နိုင်တော့ချေ။
ကျဲ့လင်းရောင်က ပြောလိုက်၏။ "ဒီအရာက တခြားသူတွေရဲ့ လက်ထဲမှာဆိုရင် စာရွက်ဖြူကြီး တစ်ခုပဲ။ ကျွန်မလက်ထဲမှာပဲ အသုံးပြုလို့ရတာ"
"……..."
ရီရှင်းချန်သည် သဘောမတွေ့သလို ဖြစ်သွား၏။ သို့ပေမဲ့ သူသည် သိုးအရေခွံကို လှမ်းကာ ပစ်ပေးလိုက်၏။ ထင်မှတ်ထားသည့် အတိုင်းပင် ကျဲ့လင်းရောင်၏ လက်ထဲသို့ ရောက်ရှိသည့်အခါမှာတော့ ဝေဝါးလျက် ရှိနေသည့် ပုံရိပ်များသည် ပြန်လည်ကာ ရှင်းလင်းလာခဲ့သည်။
"လမ်းပြ"
ရီရှင်းချန်သည် ခပ်တည်တည်အမူအရာဖြင့် ပြောလိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် ရတနာသိုက်တစ်ခုလုံးကိုသာ အာရုံစိုက်ထားမိ၏။ ထိုအမျိုးသမီးနှင့် ဧကရီလင်းရောင်အတွက်တော့ သူသည် ရတနာများကို ရရှိပြီးမှ စဉ်းစားပေတော့မည်။
...............
သိုးအရေခွံပေါ်ရှိ ပုံရိပ်များ ပြောင်းလဲပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင် တည်နေရာကြီးတွင် တူညီသည့် အရာများ ထင်ပေါ်လာခဲ့၏။ ကျဲ့လင်းရောင်သည် လိုဏ်ဂူထဲတွင် ရှိနေသော လမ်းများအတိုင်း သေသေချာချာ လျှောက်လှမ်းပြီးသည့်နောက် အလွန်ကြီးမားသည့် ကျောက်အခေါင်းကြီးရှေ့သို့ ရောက်ရှိလာခဲ့၏။ ဤတည်နေရာသည် အလွတ်ကြီးဖြစ်ပြီး အထဲတွင် ဘာမှမရှိချေ။
"ရတနာသိုက်က ဘယ်မှာလဲ"
ရီရှင်းချန်သည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ "ငါ့ကို လှည့်စားချင်နေတာလား"
"မြေပုံကို ကြည့်လေ"
ကျဲ့လင်းရောင်သည် ပြောလိုက်သည်။ "ဒီမှာ အဆုံးမဟုတ်သေးဘူး"
ပြီးနောက် သူမသည် ကျောက်အခေါင်း၏ အဆုံးသတ်ဆီသို့ လျှောက်သွားလိုက်၏။ အရွယ်အစားတူညီသည့် ကျောက်တံခါးများသည် ပေါ်ပေါက်လာခဲ့၏။ မြေပုံပေါ်တွင် ရှိနေသော အရာများနှင့် တစ်ထပ်တည်း တူညီနေ၏။
"အလယ်တံခါးကို သွားကြစို့"
ကျဲ့လင်းရောင်သည် သိုးအရေခွံကို သေသေချာချာ လေ့လာပြီးသည့်နောက် အလယ်ဟု ရေးသားထာခဲ့သော ကျောက်တံခါးထဲသို့ လျှောက်ကာ ဝင်သွားလိုက်သည်။
ရီရှင်းချန်သည် အနောက်မှ လိုက်ပါလာခဲ့၏။ သူသည် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ ဤအမျိုးသမီးသည် ရုတ်တရက် အနောက်သို့လှည့်ကာဖြင့် ထွက်ပြေးလာမည်ကို သူကစိုးရိမ်နေမိ၏။ ကျဲ့လင်းရောင်သည်လည်း ထိုအရာကို ရိပ်မိပုံပေါ်၏။ "ဒီမှာ ထောင်ချောက်တွေ ရှိနိုင်တယ်လေ။ ကျွန်မထွက်ပြေးသွားမှာကို ရှင်စိတ်ပူစရာမလိုဘူး။ ကျွန်မဒုက္ခရောက်ရင်သာ ရှင်ကူညီပြီး ဖြေရှင်းပေးဖို့ လိုအပ်လိမ့်မယ်"
ရီရှင်းချန်သည် စိတ်သက်သောင့်သက်သာ ဖြစ်သွားမိ၏။ အမှန်ပင် ဖြစ်တော့၏။ ဤနေရာတွင် အန္တရာယ်များ ကျရောက်လာပါက ဤအမျိုးသမီး၏ အားအင်အဆင့်နှင့် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာသည်။
အရိုးသားဆုံး ပြောရလျှင် ရီရှင်းချန်သည် ရတနာကို ရှာဖွေရန် ကျဲ့လင်းရောင်၏ လမ်းညွှန်မှုကို လိုအပ်၏။ ထို့အတူ ကျဲ့လင်းရောင်သည်လည်း အန္တရာယ်များမှ ကာကွယ်ပေးနိုင်ရန် ရီရှင်းချန်ကို လိုအပ်၏။ ၎င်းတို့နှစ်ယောက်သည် ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပင် ဖြစ်၏။
"ပြီးတော့ ကျွန်မက ဧကရီလင်းရောင်လည်း မဟုတ်ဘူး။ ရှင်နဲ့သူ့ကြားမှာ ဘယ်လိုရန်ငြိုးတွေရှိခဲ့လဲဆိုတာ မသိဘူးဆိုပေမဲ့ နာမည်တူတယ်ဆိုပြီး ကျွန်မကို လာ အပြစ်ပုံမချပါနဲ့ "
ဟမ့်
ရီရှင်းချန်သည် နှာခေါင်းရှုံ့လိုက်မိသည်။ ၎င်းတို့နှစ်ယောက်သည် အလယ်တံခါးထဲရှိ လမ်းတလျှောက်လုံး လျှောက်လာကြ၏။ ဤနေရာကို အန္တရာယ်အလွန်များပြားသည်။ အဝင်ပေါက်ကို တွေ့ရှိသည် ဆိုလျှင်တောင်မှ မည်ကဲ့သို့ ဆက်သွားရမည်ကို ဇဝေဇဝါ ဖြစ်မိနေကြပေလိမ့်မည်။ ခြေလှမ်းတစ်လှမ်း မှားသွားသည်နှင့် ဘာတွေဖြစ်သွားနိုင်သည်ကို မည်သူက သိရှိမည်နည်း။ သို့ပေမဲ့ သွားရမည့်လမ်းကို သိုးအရေခွံပေါ်တွင် တိကျစွာ ပြသထားသည်။
ထို့ကြောင့် မကြာခင်မှာပဲ ကျဲ့လင်းရောင်သည် ရီရှင်းချန်နှင့်အတူ ကျောက်အခန်းကြီး တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ ဤတည်နေရာသည် အရင်နေရာများနှင့် ခြားနားလျက် ရှိနေ၏။ ကြမ်းခင်းတစ်ခုလုံးသည် ထူးခြားလှသည့် ကျောက်ချပ်များနှင့် ဖန်တီးပြုလုပ်ထားပြီး မှန်ကဲ့သို့ပင် ကြည်လင်ချောမွေ့နေ၏။
ဘုတ်
ရီရှင်းချန်သည် ထိုကျောက်ခင်းများအပေါ် လှမ်းကာတက်လိုက်သည့်အချိန်မှာတော့ ခြေထောက်အောက်တွင် လှိုင်းများ ဖြစ်တည်လာခဲ့သည်။
"မဟုတ်ဘူး"
တစ်စုံတစ်ခု မှားယွင်းသွားပြီ ဖြစ်ကြောင်းကို သူကနားလည်လိုက်မိ၏။ ထို့ကြောင့် သူသည် ခြေလှမ်းကိုရုတ်ရန် ပြင်လိုက်သည်။ သို့ပေမဲ့ ထူးခြားလှသည့် စွမ်းအင်တစ်ခုသည် သူ၏ သိစိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူသည် ကြောင်အစွာဖြင့် ဤတည်နေရာပင်လျှင် မတ်မတ်ရပ်မိနေ၏။
ဆွစ်
သပ်ရပ်လှသော အိပ်ခန်းတစ်ခု အတွင်းမှာတော့ ရီရှင်းချန်သည် ရုတ်တရက် အိပ်ရာမှ ထလာမိ၏။ ဒဏ်ရာဆီမှ ဖြစ်တည်လာသည့် နာကျင်မှုသည် သူ့အား အလန့်တကြား ဖြစ်စေခဲ့သည်။
"ရှင်အခု ပြန်မကောင်းသေဘူး။ မလှုပ်နဲ့အုံး" ကြင်နာလှသည့် အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။
အသံကို ကြားသည့်အချိန်မှာတော့ ရီရှင်းချန်၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ ခေါင်းကိုအသာလှည့်ကာ ကြည့်ရှုလိုက်တော့ ကျက်သရေရှိလှပြီး လှပလွန်းသော အမျိုးသမီးသည် သူ၏ဘေးတစ်ဖက် အိပ်ရာပေါ်တွင် ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။
မည်သူဖြစ်သနည်း။ ဧကရီလင်းရောင်ပင် ဖြစ်တော့၏။
သူ့ကို ငါသတ်လိုက်ပြီ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ အသက်ရှင်နေသေးရတာလဲ။ မဟုတ်သေးဘူး။
ရီရှင်းချန်သည် သူ၏စိတ်ကို တည်ငြိမ်ေအာင် ကြိုးစားလိုက်၏။ ယခင်တုန်းက သူနေထိုင်ခဲ့သည့် တူညီသည့် အခန်းထဲတွင် ဖြစ်နေကြောင်းကို နားလည်လိုက်မိ၏။ သူ၏ရင်ဘတ်ပေါ်တွင် ရှိနေသော ဒဏ်ရာ။ ဤဒဏ်ရာသည် အခြားသောအင်ပါယာများနှင့် တိုက်ခိုက်သောကြောင့် ဖြစ်တည်ခဲ့သော ဒဏ်ရာပင် မဟုတ်ပါလား။
"ကျုပ်"
ညအင်ပါယာသည် တုန်လှုပ်သွားမိ၏။ "အတိတ်ကို ပြန်ရောက်သွားတာလား"
ဧကရီလင်းရောင်သည် ဆေးတစ်ခွက်ကို ယူဆောင်လာပြီး မနှစ်သက်သလို ပြောလိုက်သည်။ "သိုင်းပညာက ရှင့်ရဲ့နှလုံးသားထဲမှာ ရှိနေတဲ့ ကျွန်မထက် ပိုပြီးအရေးကြီးနေတာလား"
ဘုတ်
ရီရှင်းချန်သည် ဆေးခွက်ကို ဆောင့်ချကာဖြင့် အေးစက်စက် ပြောလိုက်၏။ "ကျုပ် ထိုက်ရွှမ်ကျမ်းစာကို ရှာဖွေတွေ့ရှိခဲ့တယ်။ တုယင်ကျင်းနဲ့ အခြားသောသူတွေကို အနိုင်တိုက်နိုင်ပြီ"
ချီးပဲ …. ငါ ဒီအမျိုးသမီးကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံခဲ့တယ်။ အခု အရင်တုန်းကအတိုင်း ဘာဖြစ်လို့ ထပ်ပြီးပြောမိနေတာလဲ။ ရီရှင်းချန်သည် ဇဝေဇဝါ ဖြစ်မိနေသည်။
"ကျွန်မနားလည်ပြီ"
ဧကရီလင်းရောင်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဝမ်းနည်းစွာ ပြောလိုက်၏။
"ရှင့်ရဲ့ နှလုံးသားထဲမှာ သိုင်းပညာက ကျွန်မထက်ပိုပြီး အရေးကြီးနေတာကို ။ တကယ်လို့ နောက်ဘဝသာဆိုရင် ရှင့်အနေနဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့ မျှော်လင့်မိတယ်။ သိုင်းပညာက လောကမှာ အရေးကြီးဆုံး အရာမဟုတ်ဘူး။ ရှင့်အနေနဲ့ ပိုပြီးကာကွယ်ဖို့လိုအပ်တဲ့ အရာတွေ လောကမှာ အများကြီးရှိသေးတယ်"
ပြောပြီးသည့်နောက် ဧကရီလင်းရောင်သည် ထက်မြက်လှသော ဓားမြောင်တစ်ချောင်းကို ထုတ်ယူကာဖြင့် ရီရှင်းချန်၏ ရင်အုံထဲသို့ ထိုးသွင်းလိုက်၏။ အဖြစ်အပျက်သည် မမြန်လွန်းချေ။ သို့ပေမဲ့ ညအင်ပါယာ၏ ခန္ဓာကိုယ်သည် ချုပ်နှောင်ခြင်းကို ခံထားရသလိုဖြစ်ပြီး မရှောင်တိမ်းနိုင်ခဲ့တော့ချေ။ သူသည် အလွန်တရာ နာကျင်လှသည့် ခံစားချက်နှင့်အတူ ဓားမြောင်ကို ဆုပ်ကိုင်လိုက်၏။
"ခင်ဗျား …. ခင်ဗျား။”
“ဆရာဖေး"
ကျဲ့လင်းရောင်၏ အသံသည် ရီရှင်းချန်၏ အနောက်ဖက်ဆီသို့ ရောက်ရှိလာ၏။ ဤအရာသည် အိမ်မက်ဖြစ်သလို အတိတ်က အိမ်မက်ဆိုးတစ်ခုလည်း ဖြစ်နေ၏။
"ရှင်ကျွန်မကို နာအောင်လုပ်နေတယ်"
သူဆုပ်ကိုင်ထားသည်မှာ ဓားမြောင်မဟုတ်ဘဲ ကျဲ့လင်းရောင်၏ လက်ဖြစ်ကြောင်းကို သိရှိလိုက်၏။ ထို့ကြောင့် ခပ်မြန်မြန်ပဲ ခါထုတ်လိုက်မိသည်။ "ရတနာတွေက ဘယ်မှာလဲ"