အခန်း ၁၆၉၃
Vol. 114 Ch. 1693
အပိုင်း (၁၆၉၃)
ရီရှင်းချန်သည် ကိုယ်တိုင်ထပ်မံကြုံတွေ့နေရသလို အလွန်စစ်မှန်သည့် အိမ်မက်တစ်ခုကို မက်ခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ ….
သူမက်ခဲ့သည့် အိမ်မက်သည် အဘယ့်ကြောင့် ဧကရီလင်းရောင်အကြောင်း ဖြစ်နေရသနည်း။
မှန်ကဲ့သို့သော ကျောက်အခေါင်းကြီးရှေ့၌ရပ်တန့်ရင်း ရီရှင်းချန်သည် သူကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ စကားလုံးတစ်လုံးချင်းစီတိုင်းကို ပြန်လည် မှတ်မိနေပြီးနောက် သူ၏ စိတ်တစ်ခုလုံးသည်လည်း ရှုပ်ထွေးလျက်ရှိနေသည်။
သူငြင်းပယ်၍မရသောအရာတစ်ခု တည်ရှိသည်။ အတိတ်ဘဝတုန်းက သူသည် သိုင်းပညာကိုသာ အလေးအမြတ်ထားခဲ့ခြင်းပင်။
ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် သူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်ဖြစ်လာခဲ့ပြီး လောကကြီးတွင် တခြားသော အရေးကြီးသည့်၊ ကာကွယ်ပေးရမည့်၊ လိုက်နာပြုမူသင့်သည့် အရာများ ရှိသေးကြောင်း နားလည်ခဲ့ရသည်။
ရီရှင်းချန်၏ မျက်နှာသွင်ပြင်သည် ပိုမိုကာ တင်းမာ ခက်ထန်လာ၏။
အိမ်မက်ထဲမှ ဧကရီလင်းရောင်၏ စကားလုံးများကို သဘောတူညီမိလေ မိမိကိုယ်ကိုယ် ဒေါသထွက်လေ ဖြစ်သည်။ သူမသည် သူ၏ ယခင်ဘဝ က အပြုအမူ ၊ အနေအထိုင်နှင့် စိတ်ဓာတ်များ ပြောင်းလဲသွားစေရန် သတ်ဖြတ်ပေးခဲ့သည်ဟု ဆိုလိုနေသည်လား။
“ဂျွတ်”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ရီရှင်းချန်သည် ဧကရီလင်းရောင်ကို အသွေးအသားထဲကနေ မုန်းတီးသည်။ ထို့ကြောင့် လက်ရှိ အတွေးများကို မည်သို့မှ လက်မခံနိုင်ချေ။
“ဆရာဖေး …. ဘာဖြစ်လို့လဲ”
ကျဲ့လင်းရောင် သည် အလွန်နာကျင်သည့် ဟန်ပန်အမူအရာမျိုးနှင့် ဖြစ်တည်နေသော တစ်ဖက်လူကို ကြည့်ရင်း စိတ်ပင်ပူလာမိသည်။
ဖူး …။
ရီရှင်းချန်သည် လေပူများ မှုတ်ထုတ်ပြီးနောက် လက်သီးဆုပ်ထားရာမှ ပြန်ဖြေလိုက်၏။
“ခင်ဗျားရော ခုနက အိမ်မက်ထဲ မရောက်သွားဘူးလား”
“အိမ်မက်ဟုတ်လား”
ကျဲ့လင်းရောင်သည် ဇဝေဇဝါဖြစ်သွားမိသည်။
ရီရှင်းချန်သည် ဘာတစ်ခုမှ မပြောချေ။ သူလည်း အံ့အားသင့်မိနေ၏။
စောနတုန်းက ကျောက်ချပ်ပေါ်ခြေချလိုက်ချိန်တွင် ကန့်သတ်ချက်တစ်ခုဆီ ရောက်ရှိသွားပြီး အိမ်မက်ထဲ ဝင်သွားရပုံပင်။ သို့ပေမဲ့ အဘယ့်ကြောင့် အမျိုးသမီးကို မသက်ရောက်ရသနည်း။ အဆင့်နိမ့် ကျင့်ကြံသူများပေါ်တွင် အလုပ်မဖြစ်လေသည်လား။
“သွားစို့”
ရီရှင်းချန်သည် စိတ်အခြေအနေကို ထိန်းညှိပြီးနောက် ကျဲ့လင်းရောင်ကို ခေါ်ကာ ရှေ့သို့ ဆက်တက်လိုက်သည်။
ကျောက်အခေါင်းကြီး၏ ဘေးတစ်ဖက်တွင်တော့ နောက်ထပ် လှိုဏ်ခေါင်းရှည်တစ်ခု တည်ရှိနေပြီး အထဲ၌လည်း ထောင်ချောက်ပေါင်းများစွာ တည်ရှိနေပုံပင်။
ဥပမာအားဖြင့် အဆိပ်မြှား ၊ အဆိပ်မီး၊ ကျောက်တုံးများ ကျဆင်းလာခြင်း စသည်ကိုသည်သာမက တခြားသော နာမည်တပ်၍မရနိုင်သည့် ထောင်ချောက်မျိုးပင်တည်ရှိနေသေးသည်။ သို့ပေမဲ့ ထောင်ချောက်များ၏ အလုပ်ဖြစ်မှုသည် နိမ့်ပါးလွန်း၏။
ဒင် .. ဒင် …. ဒင် …
ဓားမြှောင်များသည် ပျံသန်းရောက်ရှိလာသည်။ သို့ပေမဲ့ ရီရှင်းချန်သည် အထင်အမြင်သေးစွာဖြင့် ထိုအရာများအားလုံးကို လျစ်လျူရှုထားသည်။
ဤကဲ့သို့ထောင်ချောက် ယန္တယားမျိုးသည် အဆင့်နိမ့်ကျင့်ကြံသူများကိုသာ သက်ရောက်နေစေနိုင်ပြီး သူ့ကဲ့သို့ အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ အယားပင် မပြေချေ။
“အံ့အားသင့်စရာပဲ”
နောက်မှ လိုက်ပါလာခဲ့သော ကျဲ့လင်းရောင်သည် အားကိုးတကြီးဖြင့် ကြည့်နေမိသည်။ သူမသည် ရီရှင်းချန်၏ ပရိသတ်လုံးလုံး ဖြစ်၍သွားခဲ့၏။
များပြားလှသော သိုင်းကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူမသည် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။ သို့ပေမဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပေါ်လာပြီ သူမအား အန္တရာယ်ကြားမှ ကယ်တင်ခဲ့သည်။ ထို့အပြင် ကူညီ၍ ရတနာများပင် ရှာဖွေပေးခဲ့သေး၏။ ဤကဲ့သို့ အားကိုးစရာလူတစ်ယောက်နှင့် အတူတူ သွားလာရင်း စိတ်မလှုပ်ရှားသည့် မိန်းကလေးဟူ၍ ရှိလိမ့်မည်ပင်မထင်ချေ။
……….
ယန္တယားထောင်ချောက်များနှင့် ပြည့်နှက်လျက်ရှိသော အခန်းထဲမှ လျှောက်ထွက်သွားပြီးနောက် နောက်ထပ် ကျောက်အခန်းတစ်ခုဆီ ရောက်ရှိသွားသည်။ ငှက်နှင့်သားရဲများပုံကို ထွင်းထုထားသော ကြီးမားသည့် ထောက်တိုင်ကြီး ရှစ်ခု တည်ရှိနေပြီး နန်းတော်ကြီးတစ်ခုကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းသည်။
“ဒါနောက်ဆုံးထင်တယ်” ကျဲ့လင်းရောင်က ပြောလိုက်၏။
ရီရှင်းချန်သည် သူ၏ စိတ်ဝိညာဉ်အာရုံများဖြင့် ဖြန့်ကျက်ကြည့်ရှု၍မရနိုင်ချေ။ ထို့ကြောင့် သူ၏ မျက်လုံးကိုသာ အားကိုးပြီး ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ သို့ပေမဲ့ မည်သည့်ရတနာမျိုးမှ မရှိချေ။ ထို့ကြောင့် မျက်မှောင်ကုတ်ကာ မေးလိုက်သည် “ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား”
လမ်းတစ်လျောက်မှာတော့ ဂိုဏ်းအတွက် ရတနာများကို ရယူလိုစိတ်ဖြင့် ဤအမျိုးသမီးအား ကာကွယ်ပေးခဲ့ရသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တည်နေရာတွင် ဘာမှမရှိချေ။
“အဲလိုမဟုတ်လောက်ဘူး”
ကျဲ့လင်းရောင်သည် သိုးသားရေကို သေချာကြည့်ရှုလိုက်တော့ ဤနေရာသည် အဆုံးမှတ်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
“ကျုပ်က အလိမ်ခံရတာကို မုန်းတယ်။ အထူးသဖြင့် မိန်းကလေးတွေဆီက ….”
ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်သည် “လက်ဗလာနဲ့သာ ပြန်ရမယ်ဆိုရင် ခင်ဗျားအလောင်းဖြစ်သွားမယ်”
ကျဲ့လင်းရောင်က ပြောလိုက်၏ “ဒီမှာ လျှို့ဝှက်ခန်းတစ်ခုခု ရှိနေနိုင်တယ်။ သေချာရှာကြည့်ရအောင်”
ပြီးနောက် သူမသည် ကျောက်အခန်းထဲသို့ အရင်ဆုံး လျှောက်ဝင်လိုက်သည်။
ကျီ …။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် သူမနင်းလိုက်သည့် ကျောက်အလင်းသည် ချိုင့်ဝင်သွားပြီး အပေါ် မျက်နှာကျက်ဆီမှ ကြီးမားလေးလံသည့် အားအင်တစ်ခု သက်ဆင်းလာ၏။ ကျောက်ချပ်ကြီးတစ်ခုပင်။
ကျဲ့လင်းရောင်သည် အထိတ်တလန့်ဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
“ဘုန်း ….”
ရီရှင်းချန်သည် သူမ၏ ရှေ့တွင်ပေါ်လာပြီး လက်တစ်ဖက်ကို မြှောက်ကာ ကာကွယ်ပေးလိုက်၏။
“ကျေးဇူးပါပဲ”
“လမ်းဖယ်”
“………”
ကျဲ့လင်းရောင်သည် မြန်မြန်ပဲ ဘေးတစ်ဖက်ဆီသို့ ရွေ့လိုက်သည်။ သူမ အောက်ရှိကျောက်အလင်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဖိအားများလည်း ပျောက်ကွယ်သွားသည်။
ရီရှင်းချန်သည် ထိုကျောက်ချပ်ကြီးအား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ဤကျောက်သည် ထူးခြားလှသော ကျောက်အမျိုးအစားဖြစ်သည်မို့ ဆရာဖန်းဆီသို့ ပြန်ယူသွားရမည်။
“ဆရာဖေး”
ကျဲ့လင်းရောင်သည် ပြုံးကာ ပြောလိုက်သည် “ဒီကျောက်ကို ယူပြီးပြီဆိုတော့ လက်ဗလာနဲ့ ပြန်တယ် ဘယ်ဟုတ်တော့မလဲ”
“ကျုပ် ရတနာ လာရှာတာ။ ကျောက်လာကောက်တာမဟုတ်ဘူး” ရီရှင်းချန်သည် အော်ဟစ်လိုက်၏။
ကုန်းရှန့်တပည့် ပီသလှပေသည်။ ပြန်မပြောနိုင်တော့လျှင် အော်ဟစ်တော့သည်။
“ခစ်ခစ်”
ကျဲ့လင်းရောင်သည် ပါးစပ်ကို အုပ်ကာဖြင့် ရယ်မောလိုက်၏။
ဤလူသည် စတွေ့စဉ်ကတည်းက အေးစက်သည့် မျက်နှာသွင်ပြင်နှင့် ဖြစ်သည်။ မသိလျှင် သူ့ဆီက ပိုက်ဆံချေးထားဖူးသလိုပင်။ ယခုအချိန်မှာတော့ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ ချစ်စရာလေးပင်။
ညအင်ပါယာတစ်ယောက်မူးပြီး မွေးမြူရေးခြံထဲ သွားအိပ်ခြင်း၊ ဟောခန်းသခင်ကျိကို သွားသွား ပြဿနာရှာခြင်း ကိုသာသိလျှင် ပို၍ ချစ်ဖို့ကောင်းသည်ဟု ပြောဆိုမည်လားမသိနိုင်ပေ။
ရီရှင်းချန်သည် အသာပြန်လှည့်ပြီး အေးစက်စက် ပြောလိုက်သည် “ကျုပ်နောက်လိုက်ခဲ့”
“အွန်း”
ကျဲ့လင်းရောင်သည် အလောတကြီးနှင့် လှမ်းလာပြီးနောက် မေးမြန်းလိုက်သည် “ဆရာဖေး … ဧကရီလင်းရောင် က ရှင့်ရဲ့ ရန်သူလား”
“အဲတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ”
“သူ့အကြောင်းပြောရင် ရှင့်မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေထင်းနေတာကို မြင်နေရလို့ပါ”
“အဲတာ ခင်ဗျားနဲ့ ဘာဆိုင်လဲလို့”
“……”
ကျဲ့လင်းရောင်းသည် နားလည်မှု ရှိရှိဖြင့် ပါးစပ်ကို ပိတ်ပြီး ကျောက်အခန်းကိုသာ သေချာ အာရုံစိုက် ကြည့်ရှုလိုက်သည်။
အထဲ၌ကြီးမားလွန်းသော ကျောက်တိုင်ကြီးများသာ တည်ရှိပြီး အခန်းတစ်ပတ် ပတ်ပြီးသည့်နောက် ဘာတစ်ခုကိုမှ ထူးခြားစွာ မတွေ့ရပေ။
“မဟုတ်နိုင်ဘူး”
ကျဲ့လင်းရောင်သည် သိုးသားရေကို သေချာကြည့်ရှုပြီး ပြောလိုက်၏ “ဒီမှာ ရတနာ ရှိသင့်တယ်”
“ရေစွပ်တာဖြစ်ဖြစ်၊ မီးရှို့တာဖြစ်ဖြစ် လုပ်ကြည့်ရင်ရော”
“အပေါ်ကဟာတွေ ပျက်ကုန်ရင် ဘယ်လိုလုပ်မလဲ”
ဤကဲ့သို့သော ကိစ္စမျိုးသည် ဖြစ်ဖူးသည်။ ကျွင်းချောင်ရှောင်းတစ်ယောက် တီဗွီ ဇာတ်လမ်းများထဲက အတိုင်း ပြုလုပ်ခဲ့သောကြောင့် ရတနာသားရေမြေပုံ တစ်ခု ပျက်ဆီးခဲ့ဖူးသည်။
“ကျုပ်ကိုပေး”
ရီရှင်းချန်က ပြောလိုက်၏ “ကျုပ် မီးရှို့လိုက်မယ်”
ကျဲ့လင်းရောင်သည် ခဏလောက်တွန့်ဆုတ်ပြီးနောက် သိုးသားရေကို ကမ်းပေးလိုက်သည်။
ပြီးနောက် ထူးဆန်းသည့်အကြောင်းအရာ ဖြစ်တည်လာ၏။
ဒွီ …. ဒွီ ….
သူ၏ ခြေထောက်အောက်ရှိ ကျောက်ပြားပေါ်၌ မျဉ်းကြောင်းများ ပေါ်လာပြီး ကျောက်အခန်းတစ်ခုလုံးကို ပြန့်နှံ့သွားသည်။ ရှေးတုန်းကတည်းက ရှိနေသော အစီအရင်တစ်ခုလိုပင်။
“ကောင်းကင်အောက်ရှိ အရာအားလုံးက ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သက်ရှိများအားလုံးသည် ဒီဘုရင်ကို ခံစားရသည်” ရှင်းလင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ မူလအားဖြင့် ပြောင်ရှင်းနေသည့် ကျောက်အခန်းကြီးသည် မျဉ်းကြောင်းများနှင့် ဖြစ်တည်လာပြီး ဆန်းကြယ်၍ ခန့်ညားလှသော ဟောခန်းကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
“………”
ရီရှင်းချန်သည် မျက်မှောင်ကုတ်လိုက်မိသည်။ သူ၏ အကြည့်သည် သူ၏ ရှေ့ရှိ ပလ္လင်တစ်ခုပေါ်သို့ ရောက်ရှိနေသည်။ ထိုပေါ်တွင် လူတစ်ယောက် က ထိုင်နေသည်။ ထိုသူသည် ခေါင်း၌ သရဖူတစ်ခု ရှိနေပြီး ရွှေရောင် ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသည်။ အသွင်အပြင် အမူအရာသည်ခန့်ညား ထည်ဝါလွန်းလှ၏။
အောက်မှာတော့ ….
လူတစ်ရာလောက်သည် ဒူးထောက်ကာ ထိုင်နေကြသည်။
၎င်းတို့၏ ပါးစပ်ဆီမှ ကောင်းချီးပေးသံသည် အခန်းတစ်ခုလုံးကို ပြန့်နှံ့သွား၏။
“ဆရာဖေး”
ကျဲ့လင်းရောင် က ထအော်လိုက်သည် “ရှင်ပဲ”
မှန်ပေ၏။ ပလ္လင်ပေါ်ရှိလူ၏ မျက်နှာ၊ အသွင်အပြင် ၊ ကိုယ်နေဟန်ထား သည် ရီရှင်းချန် နှင့် တစ်ပုံစံတည်း ဖြစ်နေ၏။
မှန်ပေသည်။ ထိုသူ၏ ဘေးတစ်ဖက်တွင်လည်း ကျက်သရေရှိကာ လှပလွန်းသော အမျိုးသမီးတစ်ယောက်က တည်ရှိနေသည်။
သူမကို မြင်ရချိန်မှာတော့ ကျဲ့လင်းရောင်သည် မည်သို့မှမနေနိုင်တော့ဘဲ ထအော်လိုက်မိသည်”ငါလား”