အခန်း ၁၆၉၄
Vol. 114 Ch. 1694
အပိုင်း (၁၆၉၄)
ရီရှင်းချန် သိုးသားရေကို လှမ်းယူလိုက်ချိန်မှာတော့ ထူးခြားသည့် ကန့်သတ်ချက်များ ပျောက်ကွယ်သွားပုံပေါ်သည်။ ကျောက်ခန်းမကြီးတစ်ခုလုံးသည် ဟောခန်းကြီးတစ်ခုအသွင် ဖြစ်တည်သွားပြီး ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။
ပလ္လင်ပေါ်တွင်ထိုင်နေသာ ယောက်ျားနှင့် ဘေးရှိ မိန်းမတို့သည် မည်သို့ပင်ကြည့်ကြည့် ရီရှင်းချန်၊ ကျဲ့လင်းရောင် တို့ပင်ဖြစ်နေသည်။
ဤအရာသည် ထူးဆန်းပြီး မှော်ဆန်လွန်းလှ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
ပုံရိပ်ယောင်ထဲ၌ ရှိနေသော ရီရှင်းချန်သည် ရုတ်တရက် ဝေခွဲမရလိုဖြစ်နေသည်။
သူ … သူ ဘာကြောင့်ဤနေရာသို့ရောက်နေရသနည်း။
ယခင်တုန်းက ရောက်ခဲ့သည်လား။ မဟုတ်ပေ။ အိမ်မက်မက်နေသည်လား။
မဖြစ်နိုင်ဘူး ….။ ရီရှင်းချန်သည် စိတ်ထဲ၌ပေါ်လာသောအတွေးကို ချက်ချင်းပဲ ပယ်ချလိုက်မိသည်။
တခြားအကြောင်းအရာမဟုတ်ပေ။ ဤခန္ဓာကိုယ်သည် နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ဖြစ်သည်။ အတိတ်၌ ဖြစ်ခဲ့စရာ အကြောင်းမရှိပေ။
အတိတ်က ဖြစ်ခဲ့သည့် ကိစ္စများဆိုလျှင်တောင်မှ အဘယ့်ကြောင့် လူများသည် သူ့အား ဒူးထောက်၍ ခစားနေရသနည်း။
မဖြစ်နိုင်ပေ။
အတိတ်မဖြစ်နိုင်ဘူးဆိုလျှင် ……
အနာဂတ်ဆိုလျှင်ရော …..
တွေးကြည့်ပြီးနောက် ရီရှင်းချန်၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာသည်။
အနာဂတ်တွင် သူ့အား လူပေါင်းများစွာတို့ ခစားသည့်အကြောင်းအရင်းကို သူ လက်ခံနိုင်သည်။ သို့ပေမဲ့ ကျဲ့လင်းရောင်သည် အဘယ့်ကြောင့် သူ၏ ဘေး၌ လာထိုင်နေရသနည်း။ ဝတ်စားဆင်ယင်ပုံများကို ကြည့်ရှုရမည် ဆိုလျှင် …..
“ဂါဝရပြုပါတယ် ညဘုရင်”
“ဂါဝရပြုပါတယ် ညကြင်ယာတော်”
ဒူးထောက်နေကြသူများသည် အော်ဟစ်ပြီး ရီရှင်းချန်၏ ခန့်မှန်းချက်ကို မှန်ကန်ကြောင်း သက်သေပြလိုက်ကြသည်။
“အမ်”
ကျဲ့လင်းရောင်သည် ထိတ်လန့်စွာဖြင့် ပါးစပ်လေးကိုပင် အုပ်ကာ လိုက်မိ၏။
ဆရာဖေးသည် ညဘုရင်ဖြစ်ပြီး သူမသည် ညကြင်ယာတော်ဖြစ်နေသည်။ ဆိုလိုသည်မှာ သူတို့ လက်ထပ် လိုက်ကြသည်လား။
သူမသည် ရတနာလာရှာခြင်းဖြစ်သည်။ ယခုကဲ့သို့သောမြင်ကွင်းကို မြင်ရချိန်မှာတော့ တကယ်ပင် နေရခက်ကာ အသားမကျသလို ခံစားနေမိသည်။
ဝှစ် …။
ထိုအချိန်မှာပဲ ပုံရိပ်ယောင်သည် ရုတ်တရက် ပြောင်းလဲသွား၏။
ဒူးထောက်နေသည့်လူများ ပျောက်ကွယ်သွားပြီးနောက် ဟောခန်းကြီး၏ နေရာတွင် နောက်ဖေးဦးယျာဉ်တစ်ခု၏ မြင်ကွင်း ဖြစ်တည်လာသည်။
ညဘုရင်သည် ရေကမ်းစပ်လေးတစ်ခုနားတွင် ထိုင်လက်ရှိပြီး သူ၏ ရင်ခွင်ထဲမှာတော့ ညကြင်ယာတော်က တည်ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် အသက်တမျှချစ်မြတ်နိုးရသော လင်မယားများကဲ့သို့ပင်။
“ရှင်းချန်”
ခဏလောက်ကြာတော့ ညကြင်ယာတော်သည် ရှက်ရွံ့သလို တီးတိုးပြောလိုက်သည် “ကျွန်မ ကိုယ်ဝန်လွယ်ထားရပြီ”
“ယောက်ျားလေးလား၊ မိန်းကလေးလား” ညဘုရင်သည် ရုတ်တရက် ထမေးလိုက်၏။
ညကြင်ယာတော်သည် သူမ၏ လက်သီးဆုပ်လေးဖြင့် ညဘုရင်၏ ရင်ဘတ်ကို အသာထုလိုက်သည် “ခုမှ နှစ်လပဲ ရှိသေးတယ်။ ဘယ်လိုသိမှာလဲ”
“ဟုတ်တယ်။ ဟုတ်တာပဲ”
ညဘုရင်၏ တုံ့ပြန်မှုသည် မြန်ဆန်လွန်းသည်။ သူမကို ရင်ခွဲထဲ ဆွဲထည့်ပြီး ပြောလိုက်၏ “ကိုယ် အဖေ ဖြစ်တော့မှာပေါ့”
“……..”
ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရှုနေသည့် ရီရှင်းချန်သည် ထိုအရာကို မြင်တော့ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
ငါ ဒီမိန်းမကို တကယ်ပဲ လက်ထပ်ခဲ့တာလား။ ကလေးတောင် ရသေးတာလား။ ဒါက အနာဂတ်မှာ ဖြစ်လာမှာတွေလား။
ဆွစ် …။
ထိုအချိန်မှာပဲ မြင်ကွင်းက ပြောင်းလဲသွားပြန်၏။
ဤတစ်ကြိမ်မှာတော့ အဓိကဟောခန်းထဲတွင် ထိုင်နေသည့်ပုံဖြစ်ပြီး မြင်ကွင်းကို နောက်ကျေပေးထားသော ညဘုရင်တစ်ယောက်တည်း ရှိသည်။
“ဂျူနီယာညီလေးရီ …. ဂုဏ်ပြုပါတယ်”
အသံထွက်ပေါ်လာရာဆီ မြင်ကွင်းက ပြသချိန်မှာတော့ ရီရှင်းချန်သည် မျက်နှာတစ်ခုလုံး စွပ်စွပ်ဖြူသွားတော့၏။ ပေါ်လာသူသည် ရှောင်ကျီ ဖြစ်လို့နေ၏။
စီနီယာအစ်ကိုရှောင်၏ အသွင်အပြင်သည် ပိုမိုရင့်ကျက်သွားပုံပေါ်ပြီး ကြွက်သားများနှင့် တောင့်တင်းသည့် ခန္ဓာကိုယ်က ထင်ရှားနေသည်။
“ဂိုဏ်းချုပ် … သူ”
ညဘုရင်သည် ခဏလောက်ရပ်တန့်ပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်၏ “သူ ကျုပ်ကို ခွင့်လွှတ်လိုက်ပြီလား”
ရှောင်ကျီက ပြောလိုက်သည် “ဂျူနီယာညီလေး ထွက်ခွာသွားတာ ဂိုဏ်းချုပ်ကို တကယ်ပဲ စိတ်မကောင်းဖြစ်စေခဲ့တယ်။ စိတ်အခြေအနေပြန်ကောင်းဖို့တောင် နှစ်တစ်ရာလောက် အချိန်ယူရတယ်။ အခု မင်းနဲ့ ခယ်မလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးတွေ ရယူနိုင်ပါစေဆိုပြီး ငါ့ကို တောင်းဆုလာပြုခိုင်းလိုက်တာ”
“မိန်းမအတွက် ဂိုဏ်းကနေ ထွက်သွားတာကိုတောင်မှ ဂိုဏ်းချုပ်က ခွင့်လွှတ်ပေးသေးတယ်။ စိတ်ထဲမှာ နာကျင်ရတယ်” ညဘုရင်သည် ဝမ်းနည်းစွာပြောလိုက်၏။
“ဂျူနီယာညီလေး … ဝမ်းနည်းမနေနဲ့”
ရှောင်ကျီ က နှစ်သိမ့်လိုက်သည် “လူတိုင်းက မတူညီတဲ့လမ်းကို လျှောက်ကြရတာပဲလို့ ဂိုဏ်းချုပ်က ပြောတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ပါဝင်တာမို့ သူ စိတ်မဆိုးပါဘူးတဲ့”
“ဟင်း”
ညဘုရင်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ရှက်ရွံ့ အပြစ်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။
“ဂျူနီယာညီလေးရီ”
ရှောင်ကျီက ပြောလိုက်သည် “ဆယ့်နှစ်ကြိမ်မြောက် စကြဝဠာနတ်စစ်ပွဲကြီးစတင်တော့မယ်။ မင်းရဲ့ စီနီယာအစ်ကိုတွေနဲ့အတူ လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားတဲ့အထိ တိုက်ခိုက်ဖို့ စိတ်ဆန္ဒရှိလား”
“စကြဝဠာနတ်စစ်ပွဲကြီးလား”
ညဘုရင်၏ မျက်လုံးထဲ၌ အတိတ်မှဖြစ်ရပ်များ ပြန်လည်ထင်ပေါ်လာသည် “တကယ့်ပွဲပဲ”
“ဂျူနီယာညီလေး ပါမှာလား”
“ပါမယ်”
“ကောင်းပြီ။ ဂိုဏ်းချုပ်သိရင်ပျော်မှာပဲ”
ရီရှင်းချန်သည် ထိုစကားကိုကြားတော့ နဝေတိမ်တောင်ဖြစ်လာမိ၏။ သူသည် အနာဂတ်တွင် မိန်းမတစ်ယောက်ကြောင့် ဂိုဏ်းမှ ထွက်ခဲ့သည်လား။ အဓိပ္ပာယ်မရှိပေ။
“ဒါက ….”
ကျဲ့လင်းရောင်သည် တီးတိုးဝင်ပြောလိုက်သည် “ရှင့်ရဲ့ မျိုးရိုးနာမည်က ဖေး မဟုတ်ဘူးလား။ ဘာလို့ သူက ဂျူနီယာညီလေးရီ လို့ ခေါ်နေတာလဲ”
“အဲတာ ခင်ဗျားကိစ္စမဟုတ်ဘူး”
ရီရှင်းချန်၏ စိတ်များသည် ပိုမိုကာရှုပ်ထွေးလာပြီး ဒေါသလည်းထွက်လာပုံပေါ်၏။
ရွှီး …။
ထိုအချိန်မှာပဲ ပုံရိပ်ယောင်မြင်ကွင်းသည် ထပ်မံပြောင်းလဲသွားသည်။ ညအင်ပါယာသည် နန်းတော်၏ အခန်းတစ်ခုရှေ့၌ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေသည်။ အတွင်းဆီမှ ဗိုက်ကြီးသည်၏ အောဟစ်သံ ထွက်ပေါ်နေသည်။
“အူငဲ ….. အူငဲ”
မကြာခင်မှာပဲ ကလေးအော်သံတစ်ခုသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“မွေးလာပြီ”
ညဘုရင်သည် စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည် “ငါ အဖေဖြစ်ပြီကွ”
……….
ညအင်ပါယာသည် အဖေဖြစ်လာခဲ့သည်။ သို့ပေမဲ့ ကလေးမျက်နှာပင် မမြင်လိုက်ရချေ။ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့သည်။
ဒွီ …
ခဏလောက်ကြာတော့ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားပြီး ပုံရိပ်ယောင်မြင်ကွင်းသည် ပုံမှန်အတိုင်း ဖြစ်တည်သွား၏။
“ဒါပဲလား”
ကျဲ့လင်းရောင်သည် ကြောင်အအဖြင့် မေးမြန်းလိုက်မိသည်။ သူမသည် ရှက်ရွံ့လွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
ဖြစ်စဉ်တစ်ခုလုံးသည် ဘာမှမကြာလိုက်ချေ။ သို့ပေမဲ့ သတင်းအချက်အလက် တော်တော်များများကို သိရှိခဲ့ရသည်။ အထူးသဖြင့် သူမ နှင့် ဆရာဖေး တို့သည် လက်ထပ်လိုက်ကြသည်သာမက ကလေးပင် ရလိုက်သေး၏။
အမျိုးသမီးဖြစ်တည်မို့ သူမသည် ရှက်ရွံ့နေမိသည်။
ရီရှင်းချန် မှာတော့ အမှန်ပဲ တိတ်ဆိတ် ငြိမ်သက်နေမိ၏။
ဤအရာသည် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုဖြစ်ပြီး အနာဂတ်တွင် ဖြစ်လာမည့်အကြောင်းအရာ များကို ပြသနေသည် ဆိုသော်လည်း ဖြစ်နိုင်ချေဆိုသည်မှာ ရှိသေးသည်။ ရာခိုင်နှုန်းနည်းပါးတာမျိုးလည်း ဖြစ်နိုင်သည်။
“မိန်းမတစ်ယောက်ကို ယူပြီး ဂိုဏ်းကနေ ထွက်ခဲ့တာ”
ရီရှင်းချန်သည် လက်သီးကို ဆုပ်က ပြောလိုက်၏ “လုံးဝမဖြစ်နိုင်ဘူး။ ဒါ တစ်စုံတစ်ခု လုပ်ကြံထားတာပဲ ဖြစ်ရမယ်”
သူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးကတည်းက ပြိုင်စံရှားဂိုဏ်းအပေါ် သစ္စာခံခဲ့ပြီးဖြစ်သည်။ အနာဂတ်၌ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကို စွန့်ခွာလိမ့်မည်မဟုတ်ချေ။
ညအင်ပါယာ … သူသည် ကြွေးကြော်လိုက်ပြီ ဖြစ်သည်။
ပုံရိပ်ယောင်မြင်ကွင်း ပျောက်ကွယ်သွားချိန်မှာတော့ ကျောက်အခန်းကြီး၏ ကြမ်းခင်းအလယ်ဗဟို၌ ထူးခြားသော မျဉ်းကြောင်းများ ထင်ပေါ်လာသည်။ ပြီးနောက် အစီအရင်ငယ်လေးတစ်ခု ဖြစ်တည်လာသည်။ ပြီးနောက် ကြီးမားသည့် သေတ္တာတစ်ခု တင်ထားသော ကျောက်စားပွဲတစ်ခု ပေါ်လာ၏။