အခန်း ၁၆၉၆
Vol. 114 Ch. 1696
အပိုင်း (၁၆၉၆)
သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီး ကျွင်းချောင်ရှောင်းသည် ရီရှင်းချန် ပျောက်ကွယ်သွားရာနေရာ ဆီသို့ ရောက်ရှိလာသည်။ ဤနေရာ၌ ရတနာတစ်ခုခု ရှိနိုင်ကြောင်း သူ ခန့်မှန်းနေမိသည်။
သို့ပေမဲ့ မည်ကဲ့သို့ ရှာဖွေရမည်နည်း။
ကျွင်းချောင်ရှောင်းသည် အပျက်အဆီးတည်နေရာကို လိုက်လံ ရှာဖွေပြီးနောက် စာတန်းများ ရေးထိုးထားသော ကျောက်နံရံတစ်ခုကို မြင်လိုက်ရသည်။ သူသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်၏ “သေတမ်းစာမှာ ရေးထားတာနဲ့ တူတူပါပဲလား”
သူသည် ဧကရီလင်းရောင် ချန်ခဲ့သော သေတမ်းစာကို ဖတ်ရှုခဲ့ဖူးသည်။ ထို့ကြောင့် ကောင်းကင်ကြီး၏ အောက် … ဘာညာ ဆိုသော စာသားနှင့် ပတ်သက်ပြီး သေချာ မှတ််မိနေသည်။
“လက်ရေးက တော့ မတူဘူး”
“အမှန်ပဲ”
ပါဝင်သည့် စာသားသည် တူညီသော်လည်း စာလုံးအထားအသို နှင့် ရေးသားပုံသည် ခြားနားနေသည်။ ယခု လက်ရေးသည် ယောက်ျားတစ်ယောက်၏ လက်ရေးနှင့် ဆင်တူ၏။
“ကျွီ …”
“ကျွီ .. ကျွီ …..”
ထိုအချိန်မှာပဲ ကျောက်နံရံပေါ်တွင် အက်ကွဲကြောင်းများ စတသ်ဖြစ်ပေါ်လာပြီး ပေါက်ကွဲပွင့်ထွက်သွားသည်။ မြေအောက်ဝင်လမ်းကြီးတစ်ခု ပေါ်လာသည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။ သူသည် နှောင့်နှေးခြင်း တစ်ချက်မရှိ ခုန်ဆင်းလိုက်၏။
ရတနာတို့ …. ငါလာပြီ။
……..
မဲမှောင်လျက်ရှိနေသော လှိုဏ်ဂူထဲမှာတော့ ….
ရေကျသံသည် တဘောက်ဘောက်နှင့် ထွက်ပေါ်နေသည်။
ရီရှင်းချန် ဝင်သွားစဉ်က လမ်းအတိုင်းပင် ကျွင်းချောင်ရှောင်းက ရောက်ရှိလာခဲ့သည်။
ကွာခြားချက်မှာ ကျဲ့လင်းရောင်၌ လမ်းညွှန် သိုးသားရေ တည်ရှိနေပြီး ကုန်းရှန့်တွင် မရှိခြင်းပင်။
ကျွင်းချောင်ရှောင်းအတွက်တော့ ပြဿနာမရှိချေ။ ထို့အပြင် သူ့၌ ရတနာရှာဖူးသည့် အတွေ့အကြုံ ပေါများလွန်းသည် မဟုတ်ပါလား။ သူသည် လက်ကို မြှောက်၍ မီးဓာတ် စိတ်ဝိညာဉ်၏ စွမ်းအင်များကို ထုတ်ဖော်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။
“ခြေရာတွေပါလား”
လမ်းပေါ်တွင် ရှိနေသော ရီရှင်းချန် နှင့် ကျဲ့လင်းရောင်တို့၏ ခြေရာများကို သူက မြန်မြန်ပဲ ရှာတွေ့သွားသည်။ သူသည် မျက်မှောင်ကုတ်ကာ တွေးလိုက်မိ၏။ ဒီကို တစ်ယောက်ယောက်အရင် ဝင်သွားဖူးတာလား။
စနစ်က ပြောလိုက်သည် “ဒီမှာ ရီရှင်းချန်ရဲ့ အော်ရာတွေ ရှိတယ်။ သူ ရောက်နေတာဖြစ်မယ်”
“အဲလိုလား”
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
သူ၏ တပည့်ဝင်သွားပြီဆိုတော့ အထဲရှိ ပစ္စည်းကောင်းများကို သူ ရပြီဖြစ်သည်။
ကုန်းရှန့်သည် ခြေရာအတိုင်းလိုက်သွားပြီး ပထမဆုံး ကျောက်အခန်းရှေ့သို့ ရောက်ရှိသွားသည်။ အခန်းထဲတွင် ကျောက်တံခါး အများအပြားရှိနေပြီး ဘယ်သွားရမှန်းပင် မသိဖြစ်စေခဲ့၏။
“ငါ ဘယ်လမ်းကို သွားရမလဲ”
ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့ လာရောက်စဉ်က သိုးသားရေ ၏ ညွှန်ပြမှုအတိုင်း အလယ်တံခါးပေါက် ထဲ ဝင်ရောက်ခဲ့သည်။
“နောက်တံခါးကနေ ဝင်မယ်ကွာ”
လမ်းညွှန်မြေပုံမပါသောကြောင့် ကုန်းရှန့်သည် မှန်ကန်သည့် ရွေးချယ်မှုကို မပြုလုပ်နိုင်ပေ။
တံခါးနောက်တွင်တော့ ရှည်လျားလှသော ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ရှိနေပြီး အထဲဝင်သွားပြီးနောက် မည်သည့် အန္တရာယ်ကိုမှ မကြုံရပေ။ လမ်းမှန်ကို ရွေးချယ်ခဲ့မိပြီ ဖြစ်ကြောင်း စဉ်းစားမိတော့ ကုန်းရှန့်သည် အမှန်ပဲ ပျော်ရွှင်သွားမိသည်။
လှိုဏ်ခေါင်း၏ အဆုံးသည် ကျောက်အုတ်ဂူကြီးတစ်ခု နှင့် ချိတ်ဆက်နေ၏။ များပြားလှသော ပန်းပုံရုပ်များသည် ပုံပန်းသွင်ပြင်အမျိုးမျိုး နှင့်တည်ရှိနေသည်။ တစ်ချို့ဆိုလျှင် အလွန်အားကောင်းသည့် နတ်ဆိုးသားရဲများကဲ့သို့ပင်။
ဝူး … ဝူး …။
လေအေးများ တိုက်ခတ်ပြီးနောက် တည်နေရာတစ်ခုလုံးသည် အေးစက်သွားသည်။
တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ကြက်သီးထသည်အထိ ကြောက်လန့်သွားစေလောက်သည့် အခြေအနေပင် ဖြစ်သည်။ သို့ပေမဲ့ အတွေ့အကြုံများနေပြီဖြစ်သော ကျွင်းချောင်ရှောင်းမှာတော့ တစ်ချက်ကလေးမှ မကြောက်လန့်ချေ။ ထိုရုပ်ထုများကို သိမ်းယူသွားရန်ပင် စဉ်းစားနေသေး၏။
“လက်ဗလာနဲ့ ပြန်သွားလို့တော့မဖြစ်ဘူး”
ကုန်းရှန့်သည် မြန်မြန်ပဲ ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် သိုလှောင်လက်စွပ်ထဲ သို့ သိမ်းဆည်းရန် ကျောက်ရုပ်ထု တစ်ခု ရှေ့ဆီ လျှောက်သွားလိုက်သည်။ သို့ပေမဲ့ ကျောက်ရုပ်ထုသည် ချက်ချင်းပဲ နတ်ဆိုးသားရဲကြီး တစ်ကောင်အဖြစ်သို့ အသက်ဝင်သွားခဲ့သည်။
ဝေါင်း …။
အော်သံနှင့်အတူ ငြီစို့စို့အသံများသည် ကျောက်အခန်းထဲ၌ လှိုင်ထသွားသည်။ ရုပ်ထုပေါင်း ရာချီတို့သည် အသက်ဝင်သွားလေသည်။ အားလုံးတို့သည် အံကိုကိတ်ကာဖြင့် စူးစိုက်ကြည့်ရှုနေကြ၏။
“…….”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။
“ဝေါင်း ….”
“ဝေါင်း …..”
ထိုအချိန်မှာတော့ အသက်ဝင်လာခဲ့ပြီဖြစ်သော နတ်ဆိုးသားရဲများသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြပြီ ဖြစ်၏။
“ဟင်း ….”
ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်တပ်ရပ်၍ ခေါင်းကို ခါယမ်းလိုက်မိသည် “တံခါးပေါက် မှားလာခဲ့တာပဲ”
ပြီးနောက် သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ယူ၍ ရှေ့ဆီသို့ လှမ်းတက်လိုက်၏။
ဘုန်း … ဘုန်း …။
စွမ်းအင်များပေါက်ကွဲထွက်ပြီးနောက် အလင်းများသည် နေရာအနှံ့သို့ ပြန့်နှံ့သွားသည်။
ခဏလောက်ကြာတော့ ကွမ်ယု ကဲ့သို့ ဖြစ်တည်နေသော ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက်ရှိပြီး တည်နေရာအနှံ့တွင်လည်း သားရဲများ၏ ခြေပျက်၊ လက်ပျက်များနှင့် ပြန့်ကျဲနေလေ၏။ သွေးများသည် တသွင်သွင် စီးဆင်းနေ၏။
တခြားသူတွေအတွက် တံခါးပေါက်မှားခြင်းသည် သေမင်းဆီ ရောက်ရှိခြင်းပင်။
သို့ပေမဲ့ ကုန်းရှန့်လမ်းမှားခြင်းမှာတော့ နတ်ဆိုးသားရဲတို့ ငရဲပြည်ရောက်ခြင်း ဖြစ်လို့နေသည်။
သလင်းအမြူတေများကို သိမ်းဆည်းပြီးနောက် ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းလျှောက်လိုက်သည်။ မကြာမီမှာပဲ နောက်ထပ် ဝင်ပေါက်တစ်ခုကို ထပ်ရှာတွေ့လိုက်သည်။ သူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေဆီသို့ လှမ်းဝင်ပြီးသည့်နောက် အရာအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းနေနိုင်၏။
သူသည် ကောင်းကင်စက္ကူစလောကကဲ့သို့ အဆင့်နိမ့်ဂြိုဟ်ထဲတွင် နတ်ဘုရားတစ်ပါးလိုပင်။
ဟုတ်ပေသည်။
အစစ်အမှန်ရှာဖွေခြင်းအထက်အဆင့်တွင် ရှိနေသော ရီရှင်းချန်သည်လည်း ဤနေရာတွင် အားမနည်းလှချေ။
သို့ပေမဲ့ သူ၏ လက်ရှိအခြေအနေသည် ဆိုးရွားလွန်းလှသည်။ ထိုက်ရှစ် မူလဆေးရည်ကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပူလာပြီး မိစ္ဆာအတွေးများ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ စိတ်ပင် လွတ်သွားလေ၏။
……..
တစ်နာရီကြာပြီးနောက် …..
ဝှစ် … ဝှစ် …။
ရီရှင်းချန်သည် တည်နေရာမှာပင် မတ်မတ်ရပ်ပြီး သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ မောပန်းလျက်ရှိသည်။ သူ၏ မျက်နှာ နှင့် ခန္ဓာကိုယ် နီရဲနေမှုသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားသည်။ သူ၏ သိစိတ်ထဲတွင် ရှိနေသော မိစ္ဆာအတွေးများသည် စတင်ကာ လွင့်ပါးသွားခဲ့သည်။
မိစ္ဆာအတွေးများ၏ ထိန်းချုပ်မှုလွတ်ကင်းပြီးနောက် သူ၏ သိစိတ်သည် ပြန်လည် ကြည်လင်လာ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
ရီရှင်းချန်သည် ဖြစ်ပျက်သမျှကို ကြိုးစား၍ ပြန်လည် စဉ်းစားလိုက်သည်။ သို့ပေမဲ့ ထိုက်ရှစ်မူလ ဆေးရည်ကို သောက်သုံးလိုက်သည်ကိုသာ မှတ်မိ၏။
နေဦး .. သူ၏ ဒန်ထျန်ထဲ၌ တခြားသော စွမ်းအင်တမျိုး တည်ရှိနေသည်။
ရီရှင်းချန်သည် ခန္ဓာကိုယ်ထဲကို သေချာလေ့လာကြည့်လိုက်တော့ ရွံ့လုံးတစ်ခုကဲ့သို့သော စွမ်းအင်လုံး တစ်ခုကို ရှာတွေ့လိုက်၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ထိုအရာကို ဆက်သွယ်ကြည့်လိုက်သည်။ သို့ပေမဲ့ ထိုအရာသည် သူ့အား လျစ်လျူရှုထား၏။
“ဒါက …..”
ရီရှင်းချန်က ခန့်မှန်းလိုက်သည် “ထိုက်ရှစ်မူလ စွမ်းအင် ဆိုတာလား”
နေဦး …။
ငါ့အဝတ်တွေ ဘယ်ရောက်သွားလဲ။
ညအင်ပါယာသည် လက်ရှိအချိန်၌ ကိုယ်လုံးတီးဖြစ်နေကြောင်း သတိပြုလိုက်မိသည်။ သူ၏ အမူအရာသည် အေးခဲလျက်ရှိသည်။
အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ကို သူ နားလည်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ အဆင့်တက်သည် နှင့် သူ ကိုယ်လုံးတီး ဖြစ်ခြင်းနှင့် ဘာဆိုင်သနည်း။
မဟုတ်သေးဘူး။
သူသည် စဉ်းစားနေတုန်း ဘေးတစ်ဖက်သို့ လှမ်းကြည့်လိုက်ချိန်မှာတော့ ပွစာကျဲလျက်ရှိနေသည့် ဆံပင်များနှင့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသလို တည်နေရာမှာပင် ကြက်သေ သေမိနေသည်။
……..
သူမသည် လျော့တိလျော့ရဲဖြစ်နေသည့် အဝတ်များနှင့် ဖြစ်နေပြီး မျက်နှာတစ်ခုလုံး၌လည်း မျက်ရည်များနှင့် ပြည့်နှက်နေ၏။
ထိုအခြေအနေသည် တကူးတကရှင်းပြစရာမလိုပေ။ ကြည့်လိုက်ရုံဖြင့် ပန်းအိုးကွဲသည့် အကွက်မှန်း လူတိုင်း သိရှိကြသည်။
ရီရှင်းချန်သည် သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူသည် ဘာပြောရမှန်းပင် မသိတော့ချေ။
ထိုအချိန်ကုန်းရှန့်သာ ရှိသည်ဆိုပါက သူ့တပည့်၏ စိတ်နှလုံးသားထဲရှိ တင်းကျပ်မှုများကို ဖြေလျော့နိုင်စေရန် စီးကရက် တစ်လိပ်လောက် ကမ်းပေးမိမှာ သေချာသည်။
“ဘာကြောင့်လဲ”
ကျဲ့လင်းရောင်သည် ငိုရင်းလှမ်းမေး၏ “ဘာကြောင့်လဲ”
“……”
ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူလည် ထိုမေးခွန်းကို မေးချင်မိသည်။ ဘာကြောင့်လဲ။
ရတနာကို ရှာတွေ့ပြီးနောက် အဆင့်တက်ခဲ့သည်။ ထိုက်ရှစ်မူလ စွမ်းအင်ကို ရရှိခဲ့သည်။ ထိုအရာသည် ပျော်ရွှင်စရာပင်။ သို့ပေမဲ့ လက်ရှိအခြေအနေသည် ပျော်စရာမကောင်းခဲ့ပေ။
သူမကိုပင် သတ်ချင်နေမိသည်။ ညအင်ပါယာသည် လူယုတ်မာတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဤသို့သော ကိစ္စရပ်မျိုးကို ပြုလု်ပမည်မဟုတ်ပေ။ သူ စဉ်းစားနေမိခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ကယ်တင်ရန်ပင် ဖြစ်လေ၏။
ချလွမ် ….။
သုံးပေရှိသော ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။
ထိုဓားသည် ကျဲ့လင်းရောင်၏ လည်မျိုနှင့် ၀.၀၃ စင်တီမီတာ အဝေးသို့ ရောက်ချိန်မှာတော့ ဆက်လက်၍ မရွေ့နိုင်တော့ချေ။
ဂုဏ်သိက္ခာကို ကယ်တင်သည့် အနေဖြင့် နှုတ်ပိတ်မည်ဟုတ်လား။ အပြစ်လုပ်ခဲ့သူသည် သူပင်ဖြစ်သည်။ အဘယ့်ကြောင့် တခြားသူကို ဆက်လက်ကာ နာကျင်စေရမည်နည်း။
ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်သွားသည်။
ဘုန်း ….။
ထိုအချိန်မှာပဲ ဘယ်ဘက်ခြမ်းရှိ ကျောက်နံရံကြီး ပေါက်ကွဲသွားပြီး လူတစ်ယောက်သည် လျှောက်ဝင်လာလေ၏။
ရီရှင်းချန်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးထွက်သွားသည် “ဂိုဏ်းချုပ်လား”
မှန်ပေသည်။ ဝင်ရောက်လာသူမှာ ကျွင်းချောင်ရှောင်းသာ ဖြစ်လေတော့၏။
သူသည် ထပ်တလဲလဲ လမ်းမှားခဲ့၏။ ထို့ကြောင့် လမ်းအတိုင်းမသွားတော့ချေ။ တွေ့သမျှ နံရံကို ဖြိုချရင်း လာခဲ့ခြင်းပင်။
သောက်ကျိုးနည်း နည်းစနစ်နှင့် ကုန်းရှန့်ပါတကား။
“ထင်ထားတဲ့အတိုင်းပဲကိုး ….”
ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးပေါ်ရှိ ဖုန်များအား အသာပုတ်ကာ ပြုံးလိုက်သည် “မင်း ဒီကို ရောက်နေတာကိုး”
ပြောပြီးပြီးချင်းမှာပဲ ကိုယ်လုံးတီး နှင့် ရီရှင်းချန် အပြင် ဘေးတစ်ဖက်၌ မိန်းကလေးတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူ၏ အပြုံးများသည် အေးခဲသွား၏။
ကုန်းရှန့်သည် အချစ်ကိစ္စနှင့် ပတ်သက်လျှင် အလွန်ရိုးရှင်းလှသူ ဖြစ်သော်လည်း အခြေအနေကို ကြည့်လိုက်သည်နှင့် ဘာဖြစ်သည်ကို တစ်ခါတည်း နားလည်လိုက်သည်။ အခန်းတစ်ခုထဲတွင် အဝတ်မရှိသော ယောက်ျားနှင့် မိန်းမ … ။
“ရှင်းချန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “မင်းကို ဒီလို လူစားမျိုးဖြစ်မယ်လို့ မထင်ထားဘူး”
“ဂိုဏ်းချုပ် .. ကျုပ် …ကျုပ် …”
“မင်းလက်ထဲက ဓားကိုချ”
ရီရှင်းချန်သည် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။
ကျွင်းချောင်ရှောင်းပေါ်ပေါက်လာသည်ဖြစ်သောကြောင့် ညအင်ပါယာသည် သူ၏ ဂုဏ်သိက္ခာများကို မထိန်းသိမ်းနိုင်တော့ချေ။