အခန်း ၁၇၀၀
Vol. 114 Ch. 1700
အပိုင်း (၁၇၀၀)
ဒါဇင်နှင့်ချီသော လူများ အပြင်သို့ ပျံသန်းထွက်ခွာသွားသည်ကို မြင်ပြီးနောက် သူသည် ထိုသူတို့နှင့် ယှဉ်ပြိုင်၍ မရကြောင်း နားလည်သွားမိ၏။ ပဋိပက္ခဖြစ်ပွားခြင်းကို ရှောင်ရှားရန် အလို့ငှာ ကျွင်းချောင်ရှောင်းသည် သူ၏အဖွဲ့သားများကို ခေါ်ဆောင်ကာဖြင့် အသာလှည့်ထွက်ခဲ့၏။
သူသည် သူ့ကိုယ်သူ ရှင်းပြလိုက်မိသည်။ "ဒါက ကြောက်လန့်တာမဟုတ်ဘူး။ မှန်ကန်စွာ ဆုံးဖြတ်တတ်တာပဲ"
စနစ်က ပြောလိုက်၏။ "လက်ခံသူသာ မှန်ကန်စွာ ဆုံးဖြတ်တတ်တယ်ဆိုတာကို သိတယ်ဆိုရင် လောကကြီးမှာ ကပြတ်ကချော်လုပ်တဲ့ လူမျိုးဆိုတာ ရှိမှာမဟုတ်ဘူး"
"........"
ကျွင်းချောင်ရှောင်းသည် စနစ်အား လစ်လျူရှုထားမိ၏။ သူသည် ဂြိုလ်၏ ခပ်ဝေးဝေး တစ်နေရာကို သွားပြီးနောက် ရွက်သင်္ဘောဆယ့်တစ်စင်းကို ရပ်တန့်ရန် အမိန့်ပေးလိုက်၏။ ဤကဲ့သို့ ထွက်ခွာလာခဲ့ခြင်းသည် အစစ်အမှန် ထွက်ခွာလာခဲ့ခြင်း မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်း၏ အဘိဓာန်ထဲတွင် သရဲဘောကြောင်စွာ ထွက်ပြေးခြင်းဆိုသည်မှာ မရှိချေ။ ထွက်ခွာလာခဲ့ခြင်းမှာ ခနတာ ထွက်ခွာလာခဲ့ခြင်းသာ ဖြစ်သည်။
"မင်းတို့အားလုံး ဒီမှာစောင့်နေကြ။ ငါတစ်ယောက်တည်း သွားပြီးတော့ ကြည့်မယ်"
ဤဂြိုလ်ကြီးသည် အထက်နယ်မြေထက် အစပေါင်းများစွာ ကြီးမားလှ၏။ ထို့ပြင် ထွက်ပေါ်လာသည့် သိုင်းကျင့်ကြံသူများသည်လည်း အလွန်ပင် အားကောင်းလှချေ၏။ ကျိန်းသေပေါက် ထိုနေရာသို့ ဝင်ရောက်ရန် နည်းလမ်းတစ်ခုခုကို စဉ်းစားမှ ဖြစ်ပေလိမ့်မည်။ ဟုတ်ပေ၏။ အဆင့်မြင့်လောကကြီး ဖြစ်သည်မို့ အထဲတွင် အဆင့်မြင့် အရင်းအမြစ်များ တည်ရှိနေနိုင်၏။
"ကျွန်မ ရှင်နဲ့တူတူ လိုက်ခဲ့မယ်" နှင်းဆီဧကရီ က ပြောလိုက်သည်။ ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် သွားလာပြီးသည့်နောက် သူမ သည် ရွက်သင်္ဘောပေါ်တွင်သာ အမြဲကျန်နေခဲ့ရ၏။ ထို့ကြောင့် သူမအတွက် ပျင်းစရာ ကောင်းလွန်းနေသည်။
"ခင်ဗျားသာ သွားရင် အတွင်းရေးကိစ္စတွေကို ဘယ်သူက ဆောင်ရွက်မှာလဲ" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
"ဂိုဏ်းချုပ်"
ယွမ်သခင်လေးက ဝင်ပြောလိုက်သည်။ "ကျုပ် ဂရုစိုက်လိုက်ပါမယ်"
အမည်ခံ ဒုဂိုဏ်းချုပ်သည် ယခုအချိန်မှာတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဟုတ်ပေသည်။ သူ့အား မေ့လျော့မနေသင့်ပေ။ သူသည် ဆေးလုံးလုပ်ငန်းကို ဦးဆောင်တာဝန်ယူထားရ၏။ ထို့ကြောင့် ဂိုဏ်းဆီသို့ တစ်လ တစ်ခါမျှသာ ပြန်လာခဲ့ရသူ ဖြစ်၏။ ယခု အပြင်ဖက်သို့ ထွက်ခွာမည် ဆိုမှသာလျှင် လိုက်ပါလာရ၏။
နှင်းဆီဧကရီ ပြိုင်စံရှားဂိုဏ်းသို့ မဝင်ရောက်ခင်က ယွမ်သခင်လေးသည် အတွင်းရေးကိစ္စများကို တာဝန်ယူထားရသူ ဖြစ်၏။ ထို့ပြင် ရလာဒ်မှာလည်း ကောင်းမွန်လွန်းလှ၏။ ဥပမာကို ပြောရလျှင် အချိန်တိုင်း အင်္ကျီကို ဆွဲဖြဲတတ်သည့် ဟောခန်းသခင်ကျိသည် သူ၏အင်္ကျီကို ချွတ်သည့်အချိန်တိုင်း ရိုရိုသေသေနှင့် ချွတ်တတ်သည့် အကျင့်ကိုပါ ရရှိခဲ့သည်။
စိတ်ဝိညာဉ်သားရဲခန်းမတွင်ရှိသော သားရဲများသည် လူသားအသွင်ကို ပြောင်းလဲနိုင်သော မွန်းစတားများသာ ဖြစ်၏။ ၎င်းတို့သည် ယခုအချိန်တွင်တော့ အဝတ်ကို မည်ကဲ့သို့ ခေါက်ရမည်နှင့် မည်ကဲ့သို့ လျှော်ရမည်ကိုပင် သင်ယူနိုင်ခဲ့၏။ အကြီးအကဲညိုသည်ပင် ဂိုဏ်း၏ဝတ်စုံ အရောင်လွင့်နေသည် ဆိုလျှင်တောင်မှ သေသေချာချာ ဝတ်ဆင်နေသေး၏။ ဤအရာသည် အစစ်အမှန်တိုးတက်မှုပင် ဖြစ်တော့၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “လိုက်လာမယ်ဆိုရင် ဘာပြဿနာမှ မရှာနဲ့ "
နှင်းဆီဧကရီက ဆွံ့အသွားမိ၏။ "ယောကျာ်း ပြဿနာရှာမှာကိုပဲ စိုးရိမ်ရတာ"
ဤအသစ်ရှာတွေ့ထားသော ဂြိုလ်ကြီးသည် အထက်နယ်မြေထက် ပိုကြီးမားလှ၏။ ထို့ကြောင့် အလုံးစုံသော သိုင်းကျင့်ကြံသူတို့၏ အားအင်အဆင့်သည်လည်း ပိုမိုကာ အားကောင်းပေလိမ့်မည်။ ကုန်းရှန့်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် ကျိန်းသေပေါက် ပြဿနာတက်ပေလိမ့်မည်။ ထို့ကြောင့် သူမသည် လိုက်ပါစောင့်ရှောက်မည့် ရည်ရွယ်ချက်ဖြင့် လိုက်ပါလာခဲ့ခြင်းပင်။ ဤအမျိုးသမီးသည် ကုန်းရှန့်ကို ပိုမို၍ နားလည်လာသည်ဟု ဆိုရပေမည်။
ကျွီ
ထာဝရရွက်သင်္ဘောကြီး၏ ကုန်းပတ်တံခါးသည် ပွင့်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါရမ်းကာ ပြောလိုက်၏။ "ဒီဂြိုလ်ရဲ့ အဆင့်အတန်းက မနိမ့်ပါးဘူး။ ဒီတော့ တည်နေရာအတားအဆီးကနေ ဖြတ်သွားမယ်ဆိုရင် ပြင်းထန်နိုင်တယ်။ ဒီတော့ ခင်ဗျားအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုပြီးတော့ ပြင်ဆင်ထားသင့်တယ်"
"ကောင်းပါပြီ" နှင်းဆီဧကရီက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အချိန်ဖြုန်းမနေတော့ချေ။ သူသည် သူမ၏လက်အား တိုက်ရိုက်ဆိုသလို လှမ်းဆွဲကာ ကျန်းချီများကို စုစည်း၍ အလင်းတန်းတစ်ခုကဲ့သို့ပင် ပျံသန်းသွားတော့၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် နှင်းဆီဧကရီအား အသားယူနေခြင်းမျိုး မဟုတ်ပေ။ သူသည် စကြာဝဠာ၏ ဖိအားကို ကာကွယ်နိုင်ရန် အလို့ငှာ သူ၏နတ်ဘုရားခြေလှမ်းဝက် ကျင့်ကြံခြင်းအဆင့်ဖြင့် ကာကွယ်ထားခြင်းသာ ဖြစ်၏။
ဝူး ……။
လမ်းတစ်လျှောက်မှာတော့ အလွန်ကြမ်းတမ်းလှသော စွမ်းအင်များသည် ဖြစ်တည်လျက် ရှိနေ၏။ လေထဲတွင် ရှိနေသော အလွန်တောင့်တင်းခိုင်မာလှသည့် သဘာဝ၏ တည်နေရာအတားအဆီး နံရံကြီးကို ဖျက်စီးရန် ဆိုသည်မှာ အလွန်ခက်ခဲလှ၏။ ထို့ကြောင့် တဝှီးဝှီးနှင့် အသံကြီးပင် ထွက်ပေါ်နေသည်။
နှင်းဆီဧကရီသည် သူမ၏မျက်နှာကို ကျွင်းချောင်ရှောင်း၏ ရင်ဘတ်ပေါ်တွင် အပ်ကာဖြင့် ပျော်ရွှင်လျက် ရှိနေ၏။ ဟုတ်ပေသည်။ ဤကဲ့သို့ တည်နေရာအတားအဆီး ချိုးဖျက်ခြင်းမှ ထွက်ပေါ်လာသော အသံကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ သူမသည် တစ်စက်ကလေးမှ မကြောက်လန့်ခဲ့ချေ။ ကျွင်းချောင်ရှောင်းသာ သူမအနားတွင် ရှိနေလျှင် ငရဲပြည်ဆိုလျှင်တောင် ကျိန်းသေပေါက် လိုက်ပါမိမှာပင်။
"သေချာကိုင်ထား"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ် အမြန်နှုန်းကို မြင့်တော့မယ်"
လက်ရှိအချိန်မှာတော့ သူသည် ရွက်သင်္ဘောကြီးနှင့် တခြားသောသူများ စတင်တွေ့ဆုံရာ နေရာသို့ ရောက်ရှိလာခဲ့၏။ ကျင့်ကြံခြင်း ဖုံးကွယ်ခြင်း နည်းစနစ်ကို အစွန်းစုံအထိ အသုံးပြုပြီးသည့်နောက် သူသည် အလင်းတန်းတစ်ခုကဲ့သို့ပင် အားလုံးသောသူများ မမြင်တွေ့အောင် တည်နေရာအတားအဆီးထဲသို့ ဝင်ရောက်လိုက်၏။ နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ လည်ဂုတ်ကို သိုင်းဖက်ထားသည်။
ဆွစ် …။
ကျန်းချီစွမ်းအင်များ၏ ထိန်းချုပ်မှုအောက်မှာတော့ ၎င်းတို့နှစ်ယောက်သည် ဥက္ကာခဲ တစ်ခုကဲ့သို့ပင် အောက်ဆီသို့ ကျဆင်းလာခဲ့၏။
ဒွီ …….။
ကျွင်းချောင်ရှောင်းတစ်ယောက် ဂြိုလ်၏ အတားအဆီးနှင့် ထိတွေ့လိုက်သည့် အချိန်တွင် လှိုင်းများ ဖြစ်တည်သွားခဲ့ပြီး စကြာဝဠာ၏ အပြင်ဖက်ဆီသို့ ပြန့်နှံ့သွားကြောင်း သေသေချာချာ မြင်နိုင်သည်။
ဖျောက် ဖျောက် ဖျောက်
လေ၏အဟုန်ကြောင့် ကျွင်းချောင်ရှောင်၏ ဆံပင်များသည် ရှုပ်ပွခြင်း မရှိသော်လည်း ဂြိုလ်၏ အတားအဆီးကို ချိုးဖျက်ရသည့်အချိန်မှာတော့ သူသည် အမှန်ပဲ သူ၏စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်အသုံးပြုနေရ၏။ သူတစ်ယောက်တည်းဆိုလျှင် မည်သည့် စိုးရိမ်ပူပန်မှုမှ ရှိလိမ့်မည် မဟုတ်သော်လည်း နှင်းဆီဧကရီ ပါဝင်နေသောကြောင့် သူမအား ခပ်တင်းတင်းဖက်ကာ ကာကွယ်ပေးရန် ဆုံးဖြတ်ထား၏။
ဝှစ် ဝှစ်
ကျန်းချီများသည် ရူးရူးမူးမူးနှင့်ပင် ဖြစ်တည်နေခဲ့၏။ ထိုအရာသည် ထွင်းဖောက်သည့် ထွင်းစက်ကြီးကဲ့သို့ပင် တည်နေရာအတားအဆီးကို ထိုးဖောက်ခဲ့သည်။
ဘန်း ……။
မကြာခင်မှာပဲ ပေါက်ကွဲမှုကြီး တစ်ခုသည် ဖြစ်တည်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို အသာချီကာဖြင့် မာကြောလှသော အကာအကွယ် အတားအဆီးအောက်မှတဆင့် ကောင်းကင်ယံဆီသို့ ရောက်ရှိသွားတော့၏။
ဘုန်း ……။
ကျယ်ပြောလှသည့် တည်နေရာထဲတွင် ရှိနေသော မြေပြင်သည် ချိုင့်ဝင်သွားသည်။
ဝှစ် ဝှစ် ဝှစ် ……..။
အငွေ့များ ထွက်ပေါ်လာပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် ပိုမိုကာ ပူလောင်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် အခိုးအငွေ့များကြားမှ လျှောက်ထွက်လာကာ ပြောလိုက်၏။ "ကျုပ် အားသုံးတာ နည်းနည်းများသွားတာပဲ"
ပြောပြီးသည့်နောက် သူသည် နှင်းဆီဧကရီကို အသာလွှတ်ကာဖြင့် အောက်သို့ ချလိုက်၏။ သို့ပေမဲ့ ဤအမျိုးသမီးသည် သူမ၏လည်ကုပ်ကို ဖက်ထားပြီး လက်လွှတ်ချင်ပုံမပေါ်ချေ။
"ဆင်းစမ်း"
နှင်းဆီဧကရီသည် မချင့်မရဲဖြင့် ရင်ခွင်ထဲမှ အသာခုန်ချလိုက်သည်။ ပြီးသည့်နောက် သူမနောက်တွင် ရှိနေသော တွင်းကြီးကို အသာကြည့်ရှုကာ ပြောလိုက်သည်။ "ဒီလိုကြီးမားတဲ့ အခြေအနေကြီးဖြစ်သွားမှတော့ အားလုံးက သတိပြုမိတော့မှာပေါ့"
ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ချေ။ လက်ရှိအချိန်မှာတော့ သူသည် မျက်လုံးကို မှိတ်လိုက်ပြီး သန့်စင်လွန်းသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို အာရုံခံမိနေ၏။
စနစ်က ပြောလိုက်သည်။ "အနည်းဆုံး အထက်နယ်မြေထက် အဆပေါင်း နှစ်ဆယ်လောက် ပိုပြီး အားကောင်းတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒီမှာ နတ်ဘုရားခြေလှမ်းဝက်အဆင့်ကို ရောက်ရှိနေတဲ့ လူတွေ အများကြီးရှိတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ"
အချက်အလက်အားဖြင့် နတ်ဘုရား လျို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်ရန် ဆိုသည်မှာ အခွင့်အရေးနှင့် လောက၏ နိယာမများ နားလည်ပုံ ကွာခြား၏။ ဤလောကကြီးသည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ အလွန်အားကောင်းသောကြောင့် သိုင်းကျင့်ကြံသူများ၏ အလုံးစုံသော အားအင်အဆင့်သည် ပိုမိုကာ အားကောင်းပေလိမ့်မည်။ ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ဖို့က ပိုမို၍ ရာခိုင်နှုန်းများ၏။
ဥပမာအားဖြင့် အထက်နယ်မြေဆိုလျှင် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိသော သူများအနေဖြင့် လူသုံးထောင်နီးပါးခန့် ရှိသည်ဆိုသော်လည်း ကုန်းစွန်းရော့လီနှင့် နတ်ဆိုးဘိုးဘေးကြီးတို့သာလျှင် နတ်ဘုရား လျို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း / ခြေလှမ်းဝက်လောက် လှမ်းနိုင်ခဲ့သည်။
ဝှစ် ဝှစ် ….။
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများကို ခံစားလျက် ရှိနေတုန်းမှာပဲ အလင်းတန်းများသည် အပြာရောင် ကောင်းကင်ယံတွင် စတင်ကာ စုဝေးလာခဲ့၏။ ၎င်းတို့သည် သူတို့၏ အထက်တွင် စုဝေးလျက် ရှိနေပြီး စက်ဝိုင်းသုံးခုပုံစုံဖြင့် ဝိုင်းပတ်ထား၏။
ဟမ်
ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုဖွင့်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် မျက်နှာပြင်တစ်ခုလုံးသည် ကြောင်အအနှင့်ဖြစ်သွား၏။ မူလအားဖြင့် သူသည် ခိုးဝင်ခဲ့ခြင်းပင်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အားသုံးများသွားပြီး တည်နေရာအတားအဆီးကို ချိုးဖျက်သလိုဖြစ်ကာ အားလုံးသောသူတို့ကို သတိပြုမိစေခဲ့သည်။
"မင်းဘယ်သူလဲ"
သူတို့အား စကြာဝဠာ၏ အပြင်ဖက်တွင် တားဆီးခဲ့သော တာအိုဝတ်စုံနှင့် အဘိုးအိုပင် ဖြစ်တော့၏။ ထိုသူသည် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ "ကျုပ်တို့ အင်ပါယာမိုးကောင်းကင် နယ်မြေ ထဲကို ခိုးဝင်ရဲတယ်ဆိုတော့ ဘယ်လိုလူမျိုးလဲ"
"အင်ပါယာ မိုးကောင်းကင်နယ်မြေ ဟုတ်လား"
ဤနာမည်သည် အလွန်ပင် ခန့်ညားလွန်းနေသည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ကျုပ် အရှေ့ဖက် ထန်ပြည်နယ်ကနေ လာပြီးတော့ အနောက်ဖက် …"
"မင်းပဲကို"
ပြောလို့ မပြီးသေးခင်မှာဘဲ အဘိုးကြီးသည် ချက်ချင်းပဲ မှတ်မိသွားခဲ့ပြီး မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။ အလွန်အားကောင်းလှသော ဓာတ်သဘာဝများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့ပြီးနောက် သူ၏တာအိုဝတ်စုံပင်လျှင် ပေါက်ကွဲလုမတတ် ဖြစ်မိနေသည်။
ဝှစ် ဝှစ် ဝှစ်
ကောင်းကင်ယံတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည်လည်း ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော် လိုက်ကြ၏။ အခြေအနေတစ်ခုလုံးသည် သတ်ဖြတ်ပွဲကဲ့သို့ ပြောင်းလဲတော့မည် ဖြစ်သည်။ အစောတုန်းက လမ်းမှား၍ ရောက်ရှိလာသည်ဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ ချက်ချင်းပဲ အထဲသို့ ခိုးဝင်ခဲ့၏။ ဤအရာသည် ဘာကိုဆိုလိုသနည်း။ ဟုတ်ပေသည်။ တမင်သက်သက် ပြဿနာလာရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
"အမှိုက်ကောင်"
တာအိုဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်၏။ "ငါမင်းကို အခွင့်အရေး ပေးပြီးသွားပြီ။ ဒါပေမဲ့ မင်းက အထဲကို ခိုးပြီးဝင်လာတယ်။ ဒီတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ဒီမှာထားခဲ့ပြီး ငရဲပြည်ကို သတင်းပို့လိုက်တော့။ "
"ကောင်းပါပြီ"
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ၏ ရှေ့သို့ လှမ်းတက်လိုက်ပြီးနောက် သူမကို ကာကွယ်ထား၏။ ပြီးနောက် အင်မော်တယ်ဓားကို ထုတ်ယူကာဖြင့် ပြောလိုက်သည်။ "ကျုပ်ဘဝမှာ ငရဲမင်းကိုတောင် ဂရုစိုက်ခဲ့တာ မဟုတ်ဘူး"
"ငါ နည်းနည်း ဇဝေဇဝါ ဖြစ်နေတယ်"
စနစ်က ပြောလိုက်၏။ "ငရဲပြည်ဆိုတာကလည်း အဆင့်မြင့်သိုင်းကျင့်ကြံခြင်း ဂြိုလ်ကြီးများ ဖြစ်နေမလား မသိဘူး။ အလကားနေ ငရဲပြည်ကို လွှတ်နေကြတာ"