← Chapters

အခန်း ၁၇၀၁

Vol. 114 Ch. 1701

အခန်း ၁၇၀၁

Vol. 114 Ch. 1701

အပိုင်း (၁၇၀၁)

ကျွင်းချောင်ရှောင်းသည် အင်ပါယာမိုးကောင်းကင်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် အလွန် ကြီးမားသည့် ဂြိုလ်ကြီး ဖြစ်သည်နှင့်အညီ မည်မျှအားကောင်းသနည်းဆိုသည်ကို ဝင်ရောက်ကာ ကြည့်ရှု့ချင်မိခြင်းပင်။ သို့ပေမဲ့ တဖက်လူများသည် သူ့ကို မကြိုဆိုရုံသာမက တိုက်ခိုက်ရန်ပင် စဉ်းစားလျက် ရှိနေ၏။

ကောင်းပေသည်။ သူသည် တခြားသောသူများနှင့် ဆော့ကစားရန် ဆုံးဖြတ်လိုက်မိ၏။ ဤအချိန်အတော အတွင်း၌ သူသည် သိပ်ပြီး အားမကောင်းလှသည့် ဂြိုလ်ကြီး နှစ်ခုကို ဖြတ်သန်းခဲ့ရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ဟိတ်ကြီးဟန်ကြီး အစွမ်းအစကို ထုတ်ဖော်မပြခဲ့ရချေ။ လက်ရှိများပြားလှသော ကျွမ်းကျင်သူများ တည်ရှိနေသည့်ဆိုသောကြောင့် ် စိတ်လိုလက်ရ တိုက်ခိုက်ဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာကတည်းက ကုန်းရှန့်သည် သိုင်းကျင့်ကြံခြင်းလောကကြီးထဲသို့ ရောက်ရှိပြီး အလုံးစုံ အသားကျနေပြီဖြစ်၏။ သူ၏ သွေးများတွင် တိုက်ခိုက်လိုသည့် ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိ၏။ ဂိုဏ်းချုပ်တစ်ယောက်ဟူသော သူ၏ ဂုဏ်သိက္ခာကိုသာ ငဲ့ကွက်မထားရသည်ဆိုပါက သူသည် တစ်လောကလုံးတွင် ရှိနေသော သူရဲကောင်းများ အားလုံးကို စိန်ခေါ်ချင်သည့် လူတစ်ယောက် အဖြစ် လှည့်လည်ကာ လျှောက်သွားနေမိပေမည်။

“မင်းရဲ့လက်နက်ထုတ်ရဲတယ်လား”

တာအိုဝတ်စုံနှင့်အဘိုးအိုသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းကသေလမ်းရှာနေတာပဲ”

“ဟမ့်”

သက်လတ်ပိုင်းအရွယ် သိုင်းကျင့်ကြံသူတစ်ယောက်သည် လက်ကို မြှောက်လိုက်ပြီးသည့်နောက် ထူးဆန်းသည့် အရေးအကြောင်းများ ရေးထိုးထားသည့် လှံရှည်ကြီး တစ်စင်းကို ထုတ်ယူလိုက်၏။ ပြီးနောက် သူကပြောလိုက်သည်။ “ကျုပ်ဒီကောင်လေးကို ရင်ဆိုင်တိုက်မယ်”

“တိုက်ပွဲကျားလှံ”

အားလုံးသော သူတို့၏မျက်လုံးထဲတွင် မနာလိုစိတ်များနှင့် ပြည့်နှက်သွားခဲ့၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် တူညီလှ၏။ သို့ပေမယ့် အနိုင်ရချင်သည်ဆိုပါက လုံလောက်သည့် လက်နက် ပစ္စည်းကိုလည်း ကိုင်တွယ်ထားရန် လိုအပ်သေးသည်။ ထို့အပြင် တခြားသောသူများ မနာလို ဖြစ်ရလောက်သည့် ကောင်းမွန်သည့် အရာတစ်ခုကို လက်ထဲတွင် ကိုင်ထားသည် မဟုတ်ပါလား။

“အင်း ဒီလှံကတော့မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းက မှတ်ချက်ပေးလိုက်၏။ သူသည် စနစ်၏ စတိုးဆီမှ များပြားလှသည့် လက်နက်ပစ္စည်းများကို ရယူခဲ့၏။ ထို့ပြင် သူ့၌ ဖန်းရီကျိကဲ့သို့သော တော်လွန်းလှသည့် ပန်းပဲဆရာတစ်ယောက်ကိုလည်း ပိုင်ဆိုင်သည်။ လက်နက်အားအင်အရဆိုလျှင် သူသည် အလုံးစုံ မနိမ့်ကျလှချေ။

စနစ်ကပြောလိုက်သည်။ “ဒီလှံထိပ်က နီရဲနေတာပဲ။ ဒါကို သေသေချာချာမြင်ရတယ်မဟုတ်လား”

ဆွစ်

ထိုအချိန်မှာပဲ သက်လတ်ပိုင်းလူသည် သူ၏ လှံကြီးကို အသာဝှေ့ရမ်းလိုက်၏။ အားကောင်းလွန်းလှသော ဓာတ်သဘာဝများသည် လှံထိပ်တွင် ဖြစ်တည်လာခဲ့၏။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် တွန့်လိမ်လျက် ရှိ၏။

နတ်ဘုရား လျှို့ဝှက်အဆင့်သို့ ခြေတစ်လှမ်း လှမ်းပြီးသော လူတစ်ယောက်ဖြစ်သည်နှင့်အညီ ၎င်း၏ တိုက်ခိုက်ချက်တွင် ကြမ်းတမ်းလွန်းလှသည့် အားအင်လှိုင်းများ ပါဝင်လျက်ရှိနေ၏။

“ရှေ့က ဖယ်စမ်း” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဤစကားစုသည် နှင်းဆီဧကရီအား ပြောဆိုခဲ့ခြင်း ဖြစ်၏။ သူသည် တိုက်ခိုက်ရန် တည်နေရာကို ကျယ်ကျယ်ဝန်းဝန်း လိုချင်မိသည်။ ဝိညာဉ်မျိုးနွယ်၏ ဧကရီမ ဖြစ်သည်နှင့်အညီ နှင်းဆီဧကရီသည် ရေတွက်၍ မရအောင်များပြားလှသော တိုက်ပွဲများကို တွေ့ကြုံပြီးပြီဖြစ်၏။ ထို့ကြောင့် အထူးတလည် ပြောနေစရာပင် မလိုချေ။ တစ်ချက် အကြည့်၊ တစ်ချက်လှုပ်ရှားလိုက်ပြီ ဆိုသည်နှင့် အခြေအနေတစ်ခုလုံးကို သူမကနားလည်သည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင် နှင်းဆီဧကရီသည် ကုန်းရှန့်၏ရှေ့တွင် သိုသိုသိပ်သိပ်နှင့်နေထိုင်တတ်သည့် မိန်းကလေးသာ ဖြစ်ချင်ခဲ့၏။ သို့ပေမယ့် သူမသည် ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်မရှိဟု မဆိုလိုချေ။ လိုအပ်နေသည်မှာ ရီရှင်းချန်ကဲ့သို့ လောကကြီးတစ်ခုဆီသို့ သွားရောက်၍ အစွမ်းပြခွင့် ရရှိခြင်းပင်။

ဟူး..ဟူး...

မြစ်တစ်ခုကဲ့သို့ စီးဆင်းလျက်ရှိနေသည့် စွမ်းအင်လှိုင်းများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များနှင့် ပေါင်းစပ်ပြီးသည့်နောက် အထက်ဆီမှ ကျဆင်းလာခဲ့၏။

အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ခံစားပြီးသည့်နောက်မှတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများ သည် ပိုမိုကာ အသက်ဝင်လာခဲ့၏။ သူ၏ တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒများသည် သိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ခန္ဓာကိုယ်ထဲရှိ အာရုံကြောများ အားလုံးကိုပင် လှုံ့ဆော်ခဲ့သည်။

“လာခဲ့စမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားကြီးကို အသာမြှောက်ကိုင်ကာဖြင့် ပြောလိုက်၏။ “တိုက်ခိုက်ရအောင်”

ဟူး... ဟူး...

ထိုအချိန်မှာပင် အားကောင်းလှသည့် ဓားတစ်စင်း၏ အော်ရာသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် နှိုင်းယှဉ်၍ မရနိုင်အောင် ထက်ရှသွားပြီး သူ၏ ပုံပန်းသွင်ပြင်သည်လည်း အလုံးစုံ ပြောင်းလဲသွားခဲ့သည်။

ဝှစ်....

ကျွင်းချောင်ရှောင်းသည် သူ၏ဓားအား အောက်မှ အပေါ်ဆီသို့ အသာဆွဲကာတင်လိုက်၏။ တလက်လက် တောက်ပလျှက်ရှိနေသည့် ဓား၏ အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ဖြောက် ဖြောက် ဖြောက်

တည်နေရာကြီးတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး ဓားအော်ရာများ သည်လည်း မိုင်ပေါင်းသောင်းချီကို ရောက်ရှိကုန်သည်။

ဤဓား - ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ပြောင်ပြောင်နောက်နောက် နေထိုင်တတ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း အားကောင်းလှသည့် ရန်သူနှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူသည် ခန့်မှန်း၍ မရနိုင်အောင်ပင် လေးနက်လျက်ရှိနေ၏။

ဟူး. ဟူး ....။

ဓား၏ အော်ရာများသည် ဒီရေလှိုင်းများကဲ့သို့ပင် တည်နေရာအနှံ့သို့ ဖုံးလွှမ်းသွားခဲ့၏။ ထိုအရာသည် အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ အားကောင်းလှပါသည်ဆိုသော လူများအားလုံးကိုပင် တုန်လှုပ် စေခဲ့သည်။

ဤလူ၏ လက်နက်သည်သာမန်ထက်ပိုလွန်းလှ၏။

တဖက်လူများ ဘာတွေ တွေးနေကြောင်း သိရှိသည်ဆိုပါက ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။ သူသည် အလွန်အားကောင်းလှသည့် ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သော်လည်း အဆုံးသတ်မှာတော့ အားလုံးသော သူတို့သည် လက်နက်ကိုသာ ချီးကျူးလျက် ရှိနေသည်။

ဟူး ဟူး ... ။

အားကောင်းလွန်းပါသည်ဆိုသော စွမ်းအင်လှိုင်းများ အားလုံးသည် နဂါးကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်တည် လာခဲ့ပြီးသည့်နောက် ဝင်ရောက်လာသည့် ဓား၏အော်ရာများကို တဖန်ပြန်လည်တိုက်ခိုက်၏။ ကောင်းကင် နှင့်မြေကြီးတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားသလို တည်နေရာကြီးတစ်ခုလုံးပင် ပြိုလဲသွားခဲ့၏။

ဤတိုက်ခိုက်ပွဲ၏ အရှိန်အဟုန်သည် အမှန်ပင်ပြင်းထန်လွန်းလှသည်။

…….

သက်လတ်ပိုင်းလူ၏ မျက်နှာသည် လေးနက်လျက် ရှိနေ၏။ အရှိန်အဟုန်အရ ပြောရမည်ဆိုလျှင် သူ၏ တိုက်ပွဲကျားလှံကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များကို စုစည်းထားပြီ ဖြစ်သောကြောင့် တဖက်လူ ထုတ်ဖော်လိုက်သည့် ဓားအော်ရာများထက် မည်သို့မျှ အားမနည်းလှချေ။ သို့ပေမဲ့ သူခံစား နေရသည်မှာ....

ဘုန်း

ထိုအချိန်မှာတော့ အားလှိုင်းနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် တွေ့ဆုံခဲ့၏။ ကြမ်းတမ်းလွန်းလှသော အားလှိုင်းများနှင့် ကြမ်းရမ်းလွန်းလှသော ဓား၏ အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ၎င်း အော်ရာများ ဖြတ်သန်းသွားသည့် တည်နေရာကြီးတစ်ခုလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး တစ်စစီပင် အက်ကွဲကုန်၏။ အထက်နယ်မြေတွင် ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှုကို ပြုလုပ်မည်ဆိုပါက လောကကြီး တစ်ခုလုံးပင်လျှင် တုန်ခါသွားမှာ သေချာသည်။

ဟုတ်ပေသည်။ အင်ပါယာမိုးကောင်ကင်နယ်မြေကြီး တစ်ခုလုံးသည်လည်း တုန်ခါလျက် ရှိနေ၏။ အကောင်းဆုံး ဥပမာအရ ပြောရမည်ဆိုလျှင် ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှု၏အောက်တွင် ဖြစ်ပေါ်လာသည့် လှိုင်းအဟုန်များကို ရင်ဆိုင်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေကြသည့် စွမ်းအားမြင့်ကျင့်ကြံသူများ အားလုံး၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။

ကျွင်းချောင်ရှောင်းအနေနှင့် တည်နေရာအတားအဆီးကို ချိုးဖျက်ပြီး ရောက်ရှိလာသည် ဆိုသောကြောင့် အားကောင်းလှသည်ဟု သူတို့က သိရှိပြီးဖြစ်သည်။ သို့ပေမယ့် တဖက်လူ ထုတ်ဖော်လိုက်သည့် အားအင် အဆင့်သည် သာမန်ထက် ပိုလွန်းနေသည်။

မှန်ပေ၏။ ဤကဲ့သို့ စွမ်းရည်သာမရှိသည်ဆိုပါက ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်းနှင့် ရောက်ရှိ လာလိမ့်မည် မဟုတ်ချေ။

ဆွစ် ဆွစ် ဆွစ်

လေထုထဲမှာတော့ ကြမ်းတမ်းလွန်းလှသော အားလှိုင်းနှစ်ခုသည် ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီးတစ်ခုလုံး ကွဲအက်သည့်အသံလည်း ထွက်ပေါ်လျက်ရှိ၏။ လူများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ကွဲအက်လျက် ရှိနေသည့် အကြောင်းအရာကို ဂရုမစိုက်နိုင်အားပေ။ တဖက်လူများ ထုတ်လွှတ်လိုက်သည့် အားအင် အဆင့်ကြောင့် ဖြစ်တည်လာသည့် စွမ်းအင်လှိုင်းများသည် သူတို့ဆီသို့ပါ သက်ရောက်လာသည်ကို ခံစားမိပြီးသည့်နောက် မျက်နှာတွေပျက်လျက် ရှိနေကြ၏။

ကျွင်းချောင်ရှောင်း၏ အရှေ့တွင် ရပ်တန့်လျက်ရှိနေသော သက်လတ်ပိုင်းလူသည် ငြိမ်ငြိမ်သက်သက်နှင့် ရပ်တန့်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ လည်ကုပ်ထက်တွင် သုံးပေခန့်ရှည်သော ဓားတစ်စင်းက ရောက်ရှိနေသောကြောင့်ပင်။

အားလုံးသောသူများသည် မျက်လုံးအပြူးသားဖြင့် ကြည့်မိနေကြ၏။ အထူးသဖြင့် တိုက်ပွဲကျားလှံသည် ကျိုးသွားခဲ့လေသည်။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်း၏ ဆံပင်များသည် ရှုပ်ပွမနေချေ။ သူ၏လေသံကလည်း တည်ငြိမ်လျက် ရှိနေ၏။ “ခင်ဗျား လက်နက်က ကောင်းတယ်။ ဒါပေမဲ့ ကျုပ်လောက်တော့ မကောင်းဘူး”

“............”

သက်လတ်ပိုင်းလူ၏ မျက်နှာသည် ဒေါသတရားနှင့် ပြည့်နှက်သွားခဲ့၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အတွေ့အကြုံ ရင့်ကျက်လွန်းသော လူတစ်ယောက် ဖြစ်သည်နှင့်အညီ စောနက တိုက်ခိုက်လိုက်သည့်အချိန် ခဏအတွင်းမှာပဲ သူ၏ အားအင် တစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့သည်ကို ခံစားလိုက်မိ၏။ တဖက်လူသည် ချက်ချင်းပဲ သူ၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး သူ၏ လက်နက်ကို ချိုးဖျက်ကာ လည်ကုပ်ပေါ်သို့ ဓားတင်ထားခဲ့သည်။

“ကျေးဇူးတင်ပါတယ်။ ကျုပ်ကိုမသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်”

သက်လတ်ပိုင်းလူသည် အရှုံးကို ဝန်မခံချင်သည် ဆိုသော်လည်း အချက်အလက်အားဖြင့် ဤလူငယ်သည် သူ့ကို သတ်ဖြတ်ချင်သည်သာ ဆိုပါက တစ်ခါတည်း သတ်ဖြတ်သွားမှာဖြစ်၏။

ချလွမ်

ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီးသည့်နောက် လက်သီးကို ဆုပ်လိုက်သည်။ “ကျုပ်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူ၏ လှုပ်ရှားမှုများသည် တကယ်ပင် ကြမ်းတမ်းပြီး ကြည့်ကောင်းလွန်းလှချေ၏။ ထို့အတူ ဟိတ်ဟန်လည်း ကောင်းလွန်းလှ၏။

.....................

ကျွမ်းကျင်သူအားလုံး၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့၏။ အင်ပါယာမိုးကောင်ကင်နယ်မြေကြီးတွင် အလွန်အမင်း ကျော်ကြားလှသော လီရန်ချန်းပင်လျှင် တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ရှုံးနိမ့်ခဲ့၏။ ထို့အပြင် ၎င်း၏ တိုက်ပွဲကျားလှံသည်လည်း နှစ်ပိုင်းပြတ်သွားခဲ့သည်။

ကျွမ်းကျင်သူ၊ ဤအရာသည် အလုံးစုံ ကျွမ်းကျင်သူ တစ်ယောက်ပင်ဖြစ်ပေလိမ့်မည်။

တာအိုဝတ်စုံနှင့် အဘိုးအိုအပြင် တခြားသောသူများအားလုံးသည် သတိအပြည့်ဖြင့်ဖြစ်သွား၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်ကာဖြင့် သူ၏ အင်မော်တယ်ဓားကို လက်ထဲ၌ ကိုင်ထား၏။ သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျုပ်က ဒီရတနာကုန်းမြေကြီးကို ဖြတ်သွားတာပါ။ ဒါပေမဲ့ တစ်ညလောက် နေချင်ရုံ သက်သက်ပါပဲ။ ကျုပ်မှာ မကောင်းတဲ့ ရည်မှန်းချက် ဘာတစ်ခုမှ မရှိဘူး။ ကျေးဇူးပြုပြီး ခြွင်းချက်အနေနဲ့ လက်ခံပေးပါ”

လက်ရှိအခြေအနေမှာတော့ သူသည် အလွန်အမင်း ရိုင်းရိုင်းစိုင်းစိုင်း ပြုလုပ်ရန် ရည်ရွယ်ချက်မရှိတော့ချေ။ သူ၏ စကားလုံးနှင့်အပြုအမှုများသည် ယဉ်ကျေးလျက် ရှိနေ၏။ သူ့၌ မည်သည့်အပြစ်မှ ရှာဖွေ၍ မတွေ့နိုင်ချေ။

“ခင်ဗျားက ဓားပညာနှင့်ပတ်သက်ပြီး နက်နက်နဲနဲ နားလည်နေတယ်”

အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ကြီးမားလှသည့်ဓားကြီးကို ကိုင်ဆောင်ကာဖြင့် အရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ “ ကျုပ် ခင်ဗျားဆီက သင်ယူချင်တယ်”

“ဓားမိစ္ဆာကုန်းပိုင်ယု ...... ခင်ဗျား ဘယ်တုန်းက ရောက်လာတာလဲ”

“ခုနတုန်းက ဓားစွမ်းအင်တွေကို ခံစားမိလို့ဖြစ်လိမ့်မယ်။ စိတ်ဝင်စားစရာပဲ”

အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် တီးတိုးပြောဆိုနေကြသည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျလျက်ရှိ၏။ သူသည် တိုက်ခိုက်ချင်သည်။ သို့ပေမယ့် တစ်ပွဲ တိုက်ခိုက်လျှင် လုံလောက်ပြီဖြစ်သည်။ ဤနေရာတွင် သိုင်းကျင့်ကြံသူ အများအပြား ရှိနေသောကြောင့် အဆုံးမဲ့သာ တိုက်ခိုက်နေရမည်ဆိုလျှင် အထက်နယ်မြေထက် ပိုမိုကာ အားကောင်းလွန်းသည့် ဤဂြိုလ်ထဲသို့ ခရီးသွားလာ လည်ပတ်ရန် အချိန်မည်သို့ရမည်နည်း။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက‌ ပြောလိုက်သည်။ “ရှုံးနိမ့်သူက တစ်ခုခုပေးရမယ်”

အကယ်၍ တိုက်ခိုက်ချင်သည်ဆိုလျှင် သူသည် အဆုံးအစွန်ထိ တိုက်ခိုက်ပေးမည်ဖြစ်၏။ သို့ပေမဲ့ သိုင်းကျင့်ကြံသူများအနေနှင့် တစ်ခုခုကိုတော့ ကြိုတင်ကာ ပြင်ဆင်ထားဖို့သင့်သည်။ ဤအရာသည် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းပင် ဖြစ်တော့၏။

All Chapters