အခန်း ၁၆၈၈
Vol. 114 Ch. 1688
အပိုင်း(၁၆၈၈)
ဘုန်း
မြေပြင်တစ်ခုလုံး ထပ်မံကာတုန်ခါသွားပြီး ဖုန်များတလိမ့်လိမ့်နှင့် ဖြစ်တည်နေ၏။ အရာအားလုံးပြန်လည် တည်ငြိမ်သွားသည့်အချိန်မှာတော့ မြေယင်သည် ကောင်းကင်ယန်၏ ဘေးနားတွင် လဲလျောင်းလျက်ရှိနေ၏။ ၎င်းတို့နှစ်ယောက်လုံးသည် ပြိုင်တူဆိုသလိုပဲ လှုပ်ရှားခဲ့၏။ သို့ပေမဲ့ ပြိုင်တူဆိုသလိုပဲ ပါးစပ်ထဲမှ အမြှုပ်တွေ ထွက်ကာဖြင့် တဆတ်ဆတ် တုန်ယင်လျက်ရှိနေတော့သည်။
“ဟင်း”
လေထဲတွင်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အရမ်းအားနည်းလွန်းတယ်။”
သူသည် ဟန်ထုတ်နေခြင်းမဟုတ်ပေ။ တကယ်ပင် ကောင်းကောင်းမတိုက်ခိုက်ရသောကြောင့် စိတ်ပျက် လျက်ရှိနေခြင်းပင်။
“……….” ရီရှင်းချန်သည် ဆွံ့အလျက်ရှိနေ၏။
ဤအဘိုးကြီးနှစ်ယောက်သည် အားနည်းလွန်းသည်မဟုတ်ချေ။ ဂိုဏ်းချုပ်ကသာလျှင် အားကောင်းနေခြင်းပင်။
အားမကောင်းဘဲနှင့် အထက် စကြဝဠာနယ်မြေတစ်ခုလုံးတွင် အဘယ်သို့ လှည့်လည်ကာ သွား၍ ရနေမည်နည်း။ အကျယ်အဝန်းအရ ပြောရမည်ဆိုလျှင် တောင်မြစ်နယ်မြေကြီးတစ်ခုလုံးသည် ကြက်သွေးရောင်ငရဲလောကကြီးထက် ပိုမိုကာ ကြီးမား၏။ ကောင်းကင်နှင့်မြေပြင်၏ ဓာတ်သဘာဝများသည် အလွန်ပဲ ဆန်းကြယ်လွန်းလှ၏။ ထို့ကြောင့် အလုံးစုံသော သိုင်းကျင့်ကြံခြင်း၏ အဆင့်သည် မြင့်မားပေလိမ့်မည်။ အားကောင်းဆုံးသော သိုင်းကျင့်ကြံသူ ၂ ယောက်ဖြစ်သည့် ကောင်းကင်ယန်နှင့် မြေယင်တို့ ၂ ယောက်လုံးသည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၌သာ တည်ရှိနေ၏။ ထို့ကြောင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် ဘာမှ မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေလှမ်းဝင်လှမ်းပြီးသား လူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။ အထက်နယ်မြေဆီမှ ထွက်ခွာလာပြီး စကြဝဠာတည်နေရာကြီး ထဲသို့ လှည့်လည်ကာ ခရီးသွားလာနေသည့် ကျွင်းချောင်ရှောင်းသည် အမှန်ပင် အစွမ်းပြလျက်ရှိနေတော့၏။
“ခင်ဗျားတို့ အရှုံးပေးပြီလား။”
“ပေး ပေးပါပြီ။” ကောင်းကင်ယန်နှင့် မြေယင်တို့သည် ခက်ခက်ခဲခဲပြောလိုက်သည်။
ကျွင်းချောင်ရှောင်းအနေနှင့် ထိုသူတို့ကို ထပ်မံကာ မရိုက်နှက်ခဲ့ချေ။ သို့ပေမဲ့ ဤနှစ်ယောက်တို့သည် လက်ရှိအခြေအနေမှာတော့ မသက်မသာ ခံစားလို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လောကကြီးတွင် နံပါတ် ၁ သိုင်းကျင့်ကြံသူများအဖြစ် မှတ်တမ်းဝင်ပြီးသားဖြစ်၏။ သို့ပေမဲ့ ပြင်ပမှ ရောက်ရှိလာသည့် လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ချေ၏။ အမှန်ပင် ဝမ်းနည်းစရာ ကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်အသာထိုင်ကာဖြင့် ပြောလိုက်သည်။ “သိုင်းကျင့်ကြံခြင်းရဲ့ လမ်းစဉ်ဆိုတာ အဆုံးမဲ့တဲ့ ပင်လယ်လိုပဲ။ ခင်ဗျားတို့အနေနဲ့ အခြားတစ်ဖက်ကို ရောက်ဖို့ဆိုရင် အန္တရာယ်တွေကို ကျော်ဖြတ်ဖို့လိုအပ်တယ်။ ဒီတော့ ခင်ဗျားတို့အနေနဲ့ လမ်းညွှန်ပြသဖို့ မီးပြတိုက်တစ်ခုကို လိုအပ်နေတာပဲ။”
ကောင်းကင်ယန်နှင့် မြေယင်တို့သည် အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။
“ပြီးတော့ ကျုပ်”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်က တကယ့် လှိုင်းတွေ၊ လေတွေထဲမှာ မတ်မတ်ရပ်ရပ်တည်ရှိနေတဲ့ မီးပြတိုက်တစ်ခုပဲ။”
သူသည် အမှန်ပဲ ထိုသူတို့ကို ခေါ်ဆောင်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။ ကြယ်တာရာစိတ်ဝိညာဉ်လောက ဆီမှ ပထမရေတပ်ဦးစီး အထက်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်တွင် အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူထောင်ကျော်တို့ကို ဆင့်ခေါ်ခဲ့၏။ ဤအရာသည် ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင် ထင်ထင် ရှားရှားနှင့် တည်ရှိလို့နေခဲ့သေး၏။ ထို့ကြောင့် သူသည် ဖြစ်နိုင်သမျှ အားကောင်းသည့်လူများကို ခေါ်ဆောင် သွားချင်မိ၏။
ကြက်သွေးရောင်ငရဲလောကကြီးတွင် အဆင့်မြင့် သိုင်းကျင့်ကြံသူ များများစားစားမရှိလှချေ။ ထို့ကြောင့် ၎င်းတို့ကို ခေါ်ဆောင်သွားရန်မဖြစ်နိုင်ချေ။ လက်ရှိ တည်နေရာမှာတော့ အစစ်အမှန် ရှာဖွေခြင်းအဆင့် ထိပ်ဆုံး ကျင့်ကြံသူ ၂ ယောက်တို့က တည်ရှိလို့နေ၏။ ထို့ကြောင့် ၎င်းတို့ကို ခေါ်ဆောင်သွားသင့်ပေသည်။
ဂြိုဟ်တစ်ခုကို လူ ၂ ယောက် ခေါ်ဆောင်သွားနိုင်ပြီဆိုလျှင် ဂြိုဟ် ၁၀ ခုလျှင် လူ ၂၀ ဖြစ်ပေလိ့မ်မည်။ ဂြိုဟ် ၁၀၀ ဆိုပါက ၂၀၀ ပင်။ ဂြိုဟ် ၁၀၀၀ သာဆိုလျှင် ကုန်းရှန့်သည် ဆက်လက်ကာ မတွက်တော့ချေ။ တွက်၍လည်း မှန်လိမ့်မည် မဟုတ်ပေ။ သူသည် သင်္ချာအလွန်ညံ့၏။ အချိန် ရောက်လာသည်ဆိုပါက သူသည် များပြားလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူများကို ဦးဆောင်ကာဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ရောက်ရှိနေပေလိမ့်မည်။ သူဘာကို ကြောက်ရွံ့ရတော့မည်နည်း။
“ကောင်းပြီ။”
ကောင်းကင်ယန်သည် လိုလိုချင်ချင်နှင့် ပြောလိုက်၏။ “ကျုပ်တို့ ခင်ဗျားရဲ့ လမ်းညွှန်ပြသမှုကို လက်ခံပါမယ်။”
“အင်း …. ဉာဏ်ကောင်းတဲ့လူတွေက အခြေအနေကို နားလည်တယ်။”
ကျွင်းချောင်ရှောင်းသည် သဘောတကျနှင့် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် သူသည် လက်ထဲတွင် ကိုင်ထားသော နဂါးစိမ်းလခြမ်းဓားမော့၊ ကောင်းကင်နဂါးဓား၊ AWM စနိုက်ပါနှင့် တခြားသောလက်နက် ပစ္စည်းများအားလုံးကို ပြန်လည်ကာ သိမ်းဆည်းလိုက်တော့သည်။
…
တောင်မြစ်လောကဆီမှ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်တို့ကို ရင်ဆိုင်ပြီးသည့်နောက် အဓိက တာဝန်သည် မပြည့်စုံသွားခဲ့ပေ။ ဆိုလိုသည်မှာ ဤတည်နေရာသည် တာဝန်၏ သက်ရောက်မှုထဲတွင် မပါဝင်သည့် အရာပင် ဖြစ်ပေလိမ့်မည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “စကြဝဠာက အရမ်းကြီးတယ်။ ဂြိုဟ်တွေကလည်း အရမ်းကို များပြားတယ်လေ။ သဲလွန်စ တစ်ခုတစ်လေမှ မပေးဘူးဆိုရင် ဘယ်လောက်များတဲ့ဂြိုဟ်တွေကို ငါလိုက်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားနေရမှာလဲ။”
“ကောင်းပါတယ်”
စနစ်က နှစ်သိမ့်ပေးလိုက်၏။ “အနည်းဆုံး အချိန်ကာလ သတ်မှတ်ချက်တော့ မရှိဘူးလေ။”
“………”
ကျွင်းချောင်ရှောင်းသည် သူ၏ စောဒက တက်ချင်စိတ်များကို ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ ပြီးနောက် ကောင်းကင်ယန်နှင့် မြေယင်တို့ကို ခေါ်ဆောင်ကာဖြင့် တောင်မြစ်လောကကြီးသို့ လှည့်လည်လျှောက်သွားခဲ့၏။ သူ၏ ရည်ရွယ်ချက်သည် သိုင်းပညာအရင်းအမြစ်များကို လိုက်လံစုဆောင်းရန်ပင် ဖြစ်သည်။
ဤဂြိုဟ်၏ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝကြီးသည် အားမနည်းလှချေ။ ထို့ကြောင့် အဆင့်မြင့် ကျောက်ရိုင်းတုံးများဖြစ်တည်နေမှာ သေချာသည်။ ထိုအရာများကိုသာ ရှာဖွေနိုင်မည်ဆိုလျှင် ရွက်သင်္ဘောကြီးများကို မောင်းနှင်ရန်အတွက် လောင်စာအဖြစ် အသုံးပြု၍ ရနိုင်သည်။ ဤတည်နေရာတွင် ပြဿနာတစ်ခုတည်ရှိနေ၏။ ထိုအရာများကို မည်သို့ ရယူရမည်နည်း။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာများကို လုယက်ရန် အစီအစဉ်မရှိချေ။ သေသေချာချာ စဉ်းစားပြီးသည့်နောက် တောင်မြစ်လောက ကြီးနှင့် စီးပွားရေးပြုလုပ်ရန် စဉ်းစားခဲ့မိ၏။ သူသည် တူညီသည့်တန်ဖိုးနှင့် ကျောက်ရိုင်းများကို လဲလှယ်မည်ဖြစ်၏။
“ခင်ဗျားတို့ဘာလိုချင်လဲ။ ကျုပ်ဆီမှာ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၊ ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံး၊ အအေးဓား၊ ကျန်းရန်ဝတ်စုံ၊ ခင်ဗျားတို့မှာ မရှိတဲ့အရာတွေအားလုံး ကျုပ်မှာရှိတယ်။”
“………”
စနစ်သည် ဆွံ့အသွားမိ၏။
စနစ်ဆီမှ သိုင်းလျှို့ဝှက်နည်းစနစ်များကို တခြားသူများဆီ ပေးအပ်၍ မရနိုင်ချေ။ သို့ပေမဲ့ ဆေးလုံး၊ လက်နက်ပစ္စည်းနှင့် ရတနာများကိုတော့ ပေးအပ်၍ ရနိုင်၏။ ဥပမာအားဖြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးပင်ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအနေနှင့် ထိုအရာကို ဂိုဏ်းထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် သောက်သုံးခွင့်ရခဲ့၏။ ထို့ကြောင့် သာမန်ပင်ဖြစ်သည်ဟု ပြောဆို၍ ရသည်။
သို့ပေမဲ့ တခြားသောသူများအတွက် ထိုအရာသည် နတ်ဘုရားဆေးလုံးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်စွမ်းရှိသည်။ ပိုက်ဆံ တော်တော်များများကို ပေးအပ်မှသာလျှင် ဝယ်ယူရရှိနိုင်သည့် အရာမျိုးပင် ဖြစ်၏။
လုယက်ဖို့ မဖြစ်နိုင်ဘူး ဆိုမှတော့ သူသည် ဤဂြိုဟ်တွင် ဆေးလုံးများကို ရောင်းချပြီး စီးပွားရေးလုပ်ရန် စဉ်းစားခဲ့တော့သည်။
“မြို့တော်ဝန်ဟယ်က တောင်မြစ်လောကရဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သိန်းကို အသုံးပြုပြီးတော့ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ၁၀၀ ကို ဝယ်ယူခဲ့တယ်။”
“ဂိုဏ်းချုပ်လင်းက တောင်မြစ်စိတ်ဝိညာဉ်ကျောက်တုံး ၃ သိန်းကို အသုံးပြုပြီးတော့ အဆင့်မြင့် တိမ်ခေါက်ဓားမော့ကို ဝယ်ယူခဲ့တယ်။”
…..
တောင်မြစ်လောက၏ အကြီးမားဆုံးသော မြို့ထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော တပည့် များအားလုံးတို့သည် ဈေးသည်များကဲ့သို့ပင် ပစ္စည်းများကို ရောင်းချနေရ၏။ ၎င်းတို့အားလုံးသည် အလုပ်များလျက် ရှိနေသည်။ စနစ်မှ ထုတ်လုပ်လိုက်သော ပစ္စည်းများအားလုံးသည် တကယ့် အရည် အသွေးမြင့်ပစ္စည်းများပင်ဖြစ်၏။ များပြားလှသော ဆေးလုံးများနှင့် လက်နက်အသုံးအဆောင်ပစ္စည်းများ၏ အရည်အသွေးသည် ထိပ်ဆုံးစာရင်းဝင်၏။
“ဂိုဏ်းချုပ်”
ရက်အနည်းငယ်ကြာပြီးသည့်နောက် လီချင်းယန်သည် လာရောက်ကာ သတင်းပို့သည်။ “တောင်မြစ်စိတ်ဝိညာဉ်ကျောက်တုံး စုစုပေါင်း အရေအတွက် သန်း ၃၆၀ ရပါတယ်။”
“မဆိုးဘူး။ မဆိုးဘူး။”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျသွား၏။ ပထမဦးဆုံး သူသည် အခြားသောသူများဆီမှ လုယက်ခြင်းကို မပြုလုပ်ခဲ့ချေ။ ဒုတိယအားဖြင့် ခိုးယူခြင်းကိုလည်း မပြုလုပ်ခဲ့ချေ။ ဆေးလုံးနှင့် လက်နက် ပစ္စည်းများကို အသုံးပြုပြီးသည့်နောက် လိုချင်သည်များကို ရအောင် ဖန်တီးနိုင်ခဲ့၏။ ဤနေရာတွင် မည်သူက သူ့ကို အပြစ်လာဆို၍ ရမည်နည်း။
“သွားကြရအောင်။”
ဆွစ် ဆွစ်
ထိုနေ့မှာပဲ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယန်နှင့်မြေယင်တို့ကို ခေါ်ဆောင်ကာဖြင့် တောင်မြစ် လောကကြီးဆီမှ ထွက်ခွာသွားခဲ့၏။ သူသည် ငြိမ်ငြိမ်သက်သက်နှင့် ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ရုတ်တရက် ပြန်လည်ထွက်ခွာသွားခဲ့တော့၏။ သူ၏ လက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီကတော့ ပါဝင်သွားခဲ့သည်။
သူသည် တကယ်ပဲ ကောင်းကျိုးကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် များပြားလှသော ဆေးလုံးများကို သောက်သုံးခြင်းအားဖြင့် ဤဂြိုဟ်၏ လူငယ်မျိုးဆက်များ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ပိုမိုကာ အားကောင်းလာမှာ သေချာ၏။
…
စကြဝဠာကြီးသည် ကျယ်ပြောလွန်းလှ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အဝေးတစ်နေရာမှာတော့ ရွက်သင်္ဘောများသည် တစ်ခုပြီး တစ်ခု ပျံသန်းထွက်ခွာလာခဲ့သည်။
“ခေါင်းဆောင်”
နောက်လိုက်တစ်ယောက်သည် ကြယ်ကောင်းကင်မြေပုံကို သေသေချာချာ ကြည့်ရှုကာဖြင့် လေးလေး နက်နက် ပြောလိုက်၏။ “ပထမရေတပ်ဦးစီးရဲ့ အဓိက ရွက်သင်္ဘောကြီးက အထက်နယ်မြေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတာ မဟုတ်လား။ ဘာလို့ ရုတ်တရက် အသက်ဝင်ပြီးတော့ စကြဝဠာထဲမှာ ခရီးသွားနေတာလဲ။”
“ဒါ အရမ်းရိုးရှင်းတယ်လေ။”
ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေသည့် ငွေရောင်ဆံပင်နှင့် လူသည် ဝိုင်ခွက်ကို အသာကောက်ယူကာဖြင့် တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ “တစ်စုံတစ်ယောက်က ပြင်ပြီးတော့ ဒါကို အသုံးပြုနေတာပေါ့။ အရင်ရခဲ့တဲ့ သတင်းတွေအရဆိုရင် အထက် နယ်မြေ ပြိုင်စံရှားဂိုဏ်းရဲ့ နည်းပညာက တကယ့်ကို ကောင်းမွန်တယ်လို့ ပြောတယ်။”
“အင်း …. အဲလိုပဲနေလိမ့်မယ်။”
ခေါင်းဆောင်သည် ဝိုင်တစ်ခွက်ကို အသာမော့ကာဖြင့် ပြောလိုက်သည်။ “အဓိကရွက်သင်္ဘောကြီးရဲ့ တည်နေရာကို ပစ်မှတ်ထားလိုက်တော့။”
“ပစ်မှတ်ထားမယ်။”
“ငါတို့ ဆုံဖို့အတွက် ဘယ်လောက်လောက် လိုအုံးမလဲ။”
“တစ်နှစ်လောက်တော့ကြာအုံးမယ်။”
ခေါင်းဆောင်သည် ဝိုင်ခွက်ကို အသာချပြီးသည့်နောက် အေးစက်စက်ပြောလိုက်၏။ “ကုထျန်းရှစ်ရဲ့ မျက်နှာကြောင့် ငါတို့က အထက်နယ်မြေကို ဘာပြဿနာမှ မလုပ်ခဲ့ဘူး။ အခုက သူတို့ ကိုယ်တိုင်လာခဲ့ပြီဆိုတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကကို အပြစ်တင်စရာ မလိုတော့ဘူးပေါ့။”
ဝှစ် ဝှစ်
ဒါဇင်နှင့်ချီသော ရွက်သင်္ဘောများသည် လေဟာနယ်ကို ချိုးဖြတ်ကာဖြင့် အမြန်ဆန်ဆုံးနှုန်းဖြင့် ခရီးသွား လာလျက်ရှိနေတော့သည်။
အထက်နယ်မြေဆီမှ ထွက်ခွာပြီး အဆုံးအစမဲ့သော စကြဝဠာထဲသို့ ခရီးထွက် လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းမှာတော့ သူ၏ ရွက်သင်္ဘောကြီးသည် တခြားသောသူများအား အချက်ပြလျက်ရှိနေကြောင်း မသိရှိခဲ့ချေ။ ထို့ကြောင့် သူသည် ပဲ့ခန်းတွင် ထိုင်လျက်ရှိနေပြီး တတိယမြောက်ဂြိုဟ် ကို ဝင်ရမလား၊ မဝင်ရမလား ဆိုသည်ကို စဉ်းစားလျက်ရှိနေသည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန်က ပြောလိုက်၏။ “ကျုပ် အောက်ကို ဆင်းပြီးတော့ အရင်ဆုံး စုံစမ်းလိုက်မယ်။”
ဂြိုဟ်တိုင်း ဂြိုဟ်တိုင်းသည် မြေပုံအသစ်နှင့် တည်နေရာအသစ်ကြီးပင် ဖြစ်တော့၏။ ထို့ကြောင့် ဂိုဏ်းချုပ် တစ်ယောက်တည်း သွားနေသည်ဆိုမှတော့ သူ့အနေနှင့် အဘယ်သို့ ကောင်းမွန်လှသည့် အတွေ့အကြုံနှင့် အားအင်များကို ရရှိတော့မည်နည်း။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ “မင်းသွားလိုက်။”
ဝှစ်
ရီရှင်းချန်သည် ဂြိုဟ်၏ တည်နေရာအတားအဆီးကို ချိုးဖြတ်ပြီးသည့်နောက် ဂြိုဟ်ထဲသို့ ဝင်ရောက်သွား၏။ ပြီးသည့်နောက် သူသည် မတူညီသည့်ဝတ်စုံများကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူအဖွဲ့တစ်ခု၏ ဝိုင်းရံ ခြင်းကို ခံလိုက်ရသည်။
မုတ်ဆိတ်မွှေးနှင့် လူက ပြောလိုက်၏။
“နတ်ဆိုးကောင်မ …. ဒါ မင်းခေါ်လိုက်တဲ့ စစ်ကူလား။”
ရီရှင်းချန်သည် အနည်းငယ် မျက်မှောင်ကုတ်မိသွား၏။ ဤတည်နေရာတွင် သိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့ စုဝေးနေခဲ့ကြ၏။ သို့ပေမဲ့ သူ့အား ဝိုင်းရံနေခြင်းမဟုတ်ချေ။ ဒဏ်ရာရထားသည့် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဝန်းရံထားခြင်းပင် ဖြစ်သည်။
“တောင်းပန်ပါတယ်။ ကျုပ် လမ်းမှားပြီး ရောက်လာတာပါ။”
ရီရှင်းချန်သည် သူ၏ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီးသည့်နောက် အသာ လှမ်းလျှောက်ထွက် လိုက်၏။ သူရဲကောင်းများသည် လှပသောမိန်းကလေးကို ကယ်တင်ရမည် မဟုတ်ပါလား။
ထိုအချက်မှာ မှန်ကန်သည်။ သို့ပေမဲ့ သူသည် သူရဲကောင်းမဟုတ်ချေ။