← Chapters

အခန်း ၁၇၀၈

Vol. 115 Ch. 1708

အခန်း ၁၇၀၈

Vol. 115 Ch. 1708

အပိုင်း (၁၇၀၈)

ဝှစ်

လွတ်လပ်သော တိုက်ပွဲတည်နေရာကြီးအတွင်းမှာတော့ အလင်းတန်းတစ်ခုသည် ရုတ်တရက် ဖြစ်တည်လာခဲ့ သည်။ ထိုအရာသည် ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်သွားခဲ့သလိုပင်။

ကျွင်းချောင်ရှောင်းအား လိုက်လံ မဖမ်းဆီးနိုင်ခဲ့သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်လျက်ရှိနေသည့် အင်ပါယာ မိုးကောင်းကင်ခံတပ်ဆီမှ သိုင်းကျင့်ကြံသူများသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးများ လင်းလက် သွားခဲ့၏။

“မိုင်းတွင်းကြီး ပေါ်လာပြီပဲ။ လာကြ... အားလုံး စုစည်းကြတော့” ချက်ချင်းပဲ ခံတပ်ကြီးတစ်ခုလုံးသည် သက်ဝင် လှုပ်ရှားလာခဲ့ကြသည်။

ပြီးသည့်နောက် သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့သည် ပြိုင်တူဆိုသလိုပဲ အပြင်ဘက်သို့ ပျံသန်းထွက်ခွာလာ၏။ ထိုသူတို့သည် ကောင်းကင်ပေါ်သို့ ထွင်းဖောက်နေသည့် အလင်းတန်းများ ဆီသို့ ဦးတည်နေကြခြင်းပင်။

အလင်းတန်းသည် ကောင်းကင်ကို ထွင်းဖောက်နေသည် ဆိုခြင်းမှာ မိုင်းတွင်းကြီး ပေါ်ပေါက်လာခဲ့ခြင်းပင်။ အင်ပါယာမိုးကောင်းကင်ခံတပ်မှ သိုင်းကျင့်ကြံသူများသည် ထိုအရာကို အတွေ့အကြုံ ရယူထားပြီးသားဖြစ်၏။ ဘယ်သောအခါမှ မမှားယွင်းခဲ့ချေ။ ထို့ကြောင့် အပြင်သို့ ထွက်လာသည့်အချိန်တွင် ၎င်းတို့သည် အင်ပါယာဝိညာဉ် နယ်မြေမှ လူများနှင့် တိုက်ခိုက်ရန်အတွက် လက်နက်များကိုပင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

“အကြီးအကဲလင်း”

စွမ်းအားမြင့်ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဒီအလင်းတန်းက အရမ်းကိုကြီးတယ်ဆိုတော့ မိုင်းတွင်းကလည်း မသေးကွေးလောက်ဘူး”

“ဒါကတော့ အမှန်ပဲ”

အကြီးအကဲလင်း ဟုခေါ်သော အဘိုးအိုသည် ခေါင်းညိတ်ကာဖြင့် ပြောလိုက်သည်။ “အနည်းဆုံး ကြီးမားတဲ့ မိုင်းတွင်းကြီးပဲဖြစ်ရမယ်”

ထိုအသံကို ကြားသည့်အချိန်မှာတော့ အားလုံးသောသူတို့၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။ ကြီးမားသည့်မိုင်းတွင်းကြီးဆိုသည်မှာ အနည်းဆုံး ဘီလီယံနှင့်ချီသည့် စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်ပေ လိမ့်မည်။ ထိုအရာကို အင်ပါယာမိုးကောင်းကင်နယ်မြေမှသာ သိမ်းဆည်းထားနိုင်မည်ဆိုပါက ကျိန်းသေပေါက် ခန့်မှန်း၍ မရနိုင်သော ငွေကြေးများကို ရမှာသေချာ၏။

“အားလုံးပဲ”

အကြီးအကဲလင်းသည် ပျံသန်းပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “အခု ထွက်လာတဲ့ အလင်းတန်းတွေက အင်ပါယာမိုးကောင်းကင်ခံတပ်နဲ့ ပိုပြီးတော့ နီးတယ်လေ။ ငါတို့ရောက်သွားပြီဆိုတာနဲ့ တစ်ခါတည်း အကာအကွယ်စည်းတွေကို ထားလိုက်မယ်။ အင်ပါယာဝိညာဉ်နယ်မြေကလူတွေ အတင်းဝင်လာလို့ လုံးဝမရစေရဘူး”

“ကောင်းပါပြီ”

ဝှစ် ဝှစ် ဝှစ်

မကြာခင်မှာပဲ အကြီးအကဲလင်း ဦးဆောင်သော သိုင်းကျင့်ကြံသူတစ်သောင်းကျော်တို့သည် အလင်းတန်းရှိရာ ဆီသို့ လှမ်းလျှောက်လာခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် လျင်လျင်မြန်မြန်ပဲ အကာအကွယ် အတားအဆီး တစ်ခုကို ဖန်တီးကြ၏။ ထောင်နှင့်ချီသော အစီအရင်ဆရာများအားလုံးသည် တည်နေရာသို့ ရောက်ရှိလာကြပြီး မျိုးစုံလှသော အကာအကွယ် အစီအရင်များကို လျင်လျင်မြန်မြန် ဖန်တီးကြ၏။

အလင်းတန်း၏ အသွင်အပြင်သည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း မွေးဖွားလာခဲ့ခြင်းကို ညွှန်ပြ၏။ ထို့ကြောင့် အချိန်အနည်းငယ်ယူရပေလိမ့်မည်။ သူတို့လုပ်စရာရှိသည့် တစ်ခုတည်းသောအရာသည် အစီအရင်များကို ဖန်တီး ပြီးသည့်နောက် အင်ပါယာဝိညာဉ်နယ်မြေမှလူများ ဝင်ရောက်လာခြင်းကို တားဆီးရန်ဖြစ်သည်။

“အရှေ့ဘက်မှာ အစီအရင်ပြီးပြီ”

“အနောက်ဘက်မှ အစီအရင်ပြီးပြီ”

...........

အစီအရင်ဆရာများသည် အကာအကွယ်အစီအရင်များကို တစ်ခုပြီးတစ်ခု ဖန်တီးပြီးသည့်အချိန်၌ သတင်း ပေးပို့မှုကို ပြုလုပ်ကြ၏။ များပြားလွန်းလှသော လူများသည် တပြိုင်နက်တည်း ပြုလုပ်သည်ဆိုသောကြောင့် အလွန်လည်း ကြည့်ရှုလို့ကောင်းလှ၏။

“ထူးဆန်းလိုက်တာ”

မြောက်ဘက်ပိုင်းအစီအရင်ကို ဖန်တီးပြုလုပ်နေသည့် အစီအရင်ဆရာတစ်ယောက်သည် မဲနက်နေသည့် တွင်းကြီး တစ်ခုရှေ့တွင် မတ်တပ်ရပ်ကာဖြင့် စဉ်းစားလိုက်သည်။ “ဘာလို့ ဒီတွင်းကြီးက ရှိနေရတာလဲ”

“စီနီယာစွန်း... မပြီးသေးဘူးလား”

“ခဏလေး... ခဏနေ လာမယ်” ဤလူသည် တွင်းကြီးနှင့်ပတ်သက်၍ စိတ်အနှောက်အယှက် မဖြစ်တော့ချေ။ ထို့ကြောင့် သူသည် တခြားနေရာဆီသို့ လှည့်ကာသွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ကျွမ်းကျင်စွာဖြင့် အစီအရင်အလံများကို မြေပြင်ပေါ်သို့ ထိုးစိုက်ပြီးသည့်နောက် တခြားသော အစီအရင်ဆရာများနှင့်အတူ ပူးပေါင်းကာဖြင့် အစီအရင်မျဉ်းကြောင်းကြီးတစ်ခုလုံးကို ဖန်တီးချိတ်ဆက်လိုက်တော့သည်။ ထိုအရာသည် စုစုပေါင်း ဆယ့်ငါးမိနစ်သာ ကြာမြင့်၏။

မူလအားဖြင့် သာမန်ဖြစ်ပြီး လူသူကင်းရှင်းလှသည့် ကုန်းမြေကြီးတစ်ခုသည် များပြားလှသည့် အစီအရင်များနှင့် ဖျက်ဆီး၍ မရနိုင်သည့် စစ်တပ်၏ ခံတပ်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်သွားခဲ့၏။ အင်ပါယာမိုးကောင်ကင်ခံတပ် ဆီမှ လူများသည် ဒီအတိုင်းမနေကြချေ။ တစ်ယောက်ချင်းစီတိုင်းသည် လိုအပ်သည့်တည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် စတင်စောင့်ကြပ်လျက် ရှိနေကြသည်။ အင်ပါယာဝိညာဉ်နယ်မြေဆီမှ လူများ မရောက်ရှိ လာခဲ့သေးပေ။ သို့ပေမဲ့ အခြေအနေသည် အစောကြီးကတည်းက လေးနက်နေပြီဖြစ်သည်။

ဆွစ် ဆွစ်

ရုတ်တရက် အလင်းတန်းများသည် အဝေးတစ်နေရာဆီမှ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် လှမ်းလျှောက်လျက်ရှိနေသည့် ဂဏန်းကောင်များကဲ့သို့ပင် လှုပ်ရွရွနှင့်ဖြစ်၏။

“သူတို့လာပြီပဲ”

အကြီးအကဲလင်း၏ အမူအရာသည် အေးစက်စက် ဖြစ်သွားခဲ့၏။ အင်ပါယာမိုးကောင်းကင်ခံတပ် ဆီမှ သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည် တူညီစွာပင် ဖြစ်သည်။ သူတို့သည် ကြောက်ရွံ့မှု မရှိကြချေ။

ဤလွတ်လပ်သော တိုက်ပွဲနယ်မြေဆီသို့ ဝင်ရောက်လာကြသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် စိတ်ဝိညာဉ် ကျောက်တုံးများကို ရရှိရန်ဆိုသည့် မျှော်လင့်ချက်ရှိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် ကြီးမားလွန်းလှသော မိုင်းတွင်းကြီး ပေါ်ပေါက်လာသည့်အချိန်တွင် တိုက်ခိုက်ပွဲ၌ သေဆုံးရမည်ဆိုလျှင်တောင်မှ အလျော့ပေးလိမ့်မည် မဟုတ်ချေ။

ဝှစ် ဝှစ်

များပြားလွန်းလှသော အလင်းတန်းများသည် အကာအကွယ် အတားအဆီး အစီအရင်၏ အပြင်ဘက်တွင် ရပ်တန့် သွားခဲ့ကြ၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် အရပ်ရှည်ရှည်၊ သန်မာတောင့်တင်းလှသည့် သိုင်းကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းတို့၏ အသွင်အပြင်ကို ကြည့်ရှုရမည်ဆိုလျှင် ဝိညာဉ်နှင့် ဆင်တူ လှသည်ဆိုသော်လည်း အထူးသဖြင့် ၎င်းတို့၏ မျက်လုံးများသည် ထူးဆန်းသည့် အလင်းတန်းများနှင့် တောက်ပ နေ၏။

မှန်ပေသည်။ ဤလူများသည် အင်ပါယာဝိညာဉ်နယ်မြေဆီမှ လူများပင်ဖြစ်သည်။ ဤတစ်ကြိမ် ရောက်ရှိလာခဲ့ သည့်လူများထဲတွင် အမျိုးသမီး တော်တော်များများ ပါဝင်၏။ ၎င်းတို့သည် လုံလောက်အောင် လှပခြင်း မရှိဘူး ဆိုသော်လည်း ၎င်းတို့၏ အော်ရာများမှာတော့ နှင်းဆီဧကရီနှင့် ဆင်တူလျက်ရှိသည်။

အနှစ်ချုပ်ရမည်ဆိုလျှင် အင်ပါယာဝိညာဉ်လောကမျိုးနွယ်များသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးနှင့် ကျိန်းသေပေါက် ဆက်စပ်နေရ မည်။

ကျွင်းချောင်ရှောင်းသည် အင်ပါယာဝိညာဉ်နယ်မြေ၏ သမက်ဟု သူ့ကိုယ်သူ ဖော်ညွှန်းခဲ့၏။ ထိုသို့ဆိုလျှင် ဤလူများအားလုံးသည် သူ၏ယောက်ဖ၊ မရီး၊ ခယ်မ စသည်တို့ ဖြစ်လိမ့်မည်။ ဦးဆောင်လာသည့် သက်လတ်ပိုင်း လူသည် နှာခေါင်းကို ရှုံ့လိုက်၏။ “အင်ပါယာမိုးကောင်းကင်နယ်မြေကလူတွေက မြန်မြန် ရောက်လာကြတာပဲ”

“ဟမ့်”

အကြီးအကဲလင်းသည် အပြုံးတု တစ်ခုကို ဖန်တီးကာဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်ကနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ခင်ဗျားက နည်းနည်းလေးတော့ တိုးတက်လာတာပဲ”

လွန်ခဲ့သည့် နှစ်နှစ်တုန်းက အလယ်အလတ်တန်းစား မိုင်းတွင်းတစ်ခုသည် အင်ပါယာဝိညာဉ်နယ်မြေ၏ ခံတပ် အနီးအနားတွင် ပေါ်ပေါက်လာခဲ့၏။ ထိုတုန်းက အင်ပါယာဝိညာဉ်နယ်မြေမှ လူများသည် ရုတ်တရက် ရောက်ရှိလာကာဖြင့် မိုင်ရှစ်ရာ အကွာအဝေးအတွင်းကို အကာအကွယ် အတားအဆီးများ ပြုလုပ်ခဲ့၏။

“ကျုပ်အထင်အရဆိုရင်”

ထိုသက်လတ်ပိုင်းလူက ပြောလိုက်သည်။ “ကျုပ်တို့မျိုးနွယ်တွေက နှစ်ပေါင်းများစွာ ကြအောင် မိုင်းတွင်းအတွက် တိုက်ခိုက်နေခဲ့ကြတာလေ။ ဒါကြောင့် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဘာလို့ ညှိနှိုင်း ဆွေးနွေးပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း မပြုလုပ်ကြတာလဲ”

“ဟမ့်”

ကျွမ်းကျင်သူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “အင်ပါယာမိုးကောင်းကင်နယ်မြေက အရင်ကတည်းက အကောင်းဆုံးတည်နေရာကို အပိုင်သိမ်းထားပြီးသားလေ။ ဒီလိုအချိန်ရောက်မှ အင်ပါယာဝိညာဉ်နယ်မြေက လာပြီးတော့ ညှိနှိုင်းဆွေးနွေးမှုကို လုပ်ချင်နေတယ်။ ခင်ဗျားတို့ဆီမှာ အရှက်ကော ရှိသေးရဲ့လား”

“ဒီလိုဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ် မိုင်းတွင်းကြီး ပေါ်လာတုန်းက ဘာလို့ ညှိနှိုင်းဆွေးနွေးမှုကို မလုပ်ခဲ့ကြတာလဲ”

“ကောင်းပြီ”

ထိုသက်လတ်ပိုင်းလူသည် ပခုံးကိုတွန့်ကာဖြင့် ပြောလိုက်သည်။ “အင်ပါယာမိုးကောင်းကင်နယ်မြေက ညှိနှိုင်းဆွေးနွေးမှု ကို မလုပ်ချင်ဘူးဆိုမှတော့ အင်ပါယာဝိညာဉ်နယ်မြေကလည်း အားသုံးဖို့ပဲ ရှိတော့တာပေါ့”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် လူပေါင်းများစွာတို့ကို ခေါ်ဆောင်မလာခဲ့ချေ။ ထို့အပြင် တစ်ဖက်သော လူများသည် အကောင်းဆုံးသော တည်နေရာကို အရယူကာဖြင့် အကာအကွယ် အစီအရင်များကို ဖန်တီးပြုလုပ် ထားခဲ့၏။ ထို့ကြောင့် တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့သည် ကြီးကြီးမားမား ဆုံးရှုံးကြမှာ သေချာ၏။

“လာခဲ့စမ်း”

အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်၏။ “ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ”

“ဟမ့်”

သက်လတ်ပိုင်းလူသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် သူ၏နောက်လိုက်များကို ချက်ချင်းတိုက်ခိုက်ရန် မအော်ခဲ့ချေ။ အကာအကွယ် အတားအဆီး၏ အပြင်ဘက်တွင် ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်တန့်နေခဲ့၏။ အင်ပါယာ ဝိညာဉ်နယ်မြေမှ သိုင်းကျင့်ကြံသူများသည်လည်း တိုက်ခိုက်ရန် အစီအစဉ် မရှိသေးချေ။

သူတို့သည် တိုက်ခိုက်ရပေလိမ့်မည်။ သို့ပေမဲ့ အလင်းတန်းကြီး ပျောက်ကွယ်သွားသည့်အချိန်မှသာ တိုက်ခိုက်ရန် စောင့်စားနေကြ၏။ အဘယ်ကြောင့်ဆိုသော် မိုင်းတွင်းကြီးသည် အလုံးစုံမြေပြင်ထဲမှ ထွက်ပေါ်မလာခင် တိုက်ခိုက်မည်ဆိုပါက မတော်တဆ မြေပြင်ကြီးကို သက်ရောက်သွားစေနိုင်၏။ ထိုသို့ဆိုလျှင် ကြိုးစားထားသမျှ သည် အလဟသ ဖြစ်ကုန်ပေလိမ့်မည်။

ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် ဤနေရာတွင် စုစည်းနေကြပြီး ယေဘူယျအားဖြင့် နှစ်သောင်းနီးပါးခန့်ပင် ရှိနေသည်။ ၎င်းတို့အားလုံးသည် ငြိမ်ငြိမ်သက်သက်ဖြင့် တည်ရှိနေကြသည် ဆိုသော်လည်း မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းဆန္ဒများမှာတော့ ပိုမိုအားကောင်းလာခဲ့သည်။

မိုင်းတွင်းကြီး ပေါ်ပေါက်လာပြီးသည့်နောက် ဤတည်နေရာကြီးသည် ရက်စက် လွန်းလှသည့် သားသတ်ရုံ တစ်ခုကဲ့သို့ ပြောင်းလဲပေတော့မည်။

အရင်းအမြစ်များအတွက် သတ်ဖြတ်ခြင်း၊ အရင်းအမြစ်များအတွက် သေဆုံးခြင်း - ဤအရာသည် ကျင့်ကြံခြင်းလောကတွင် သာမန်မြင်တွေ့နေကြအရာမျိုးဖြစ်၏။

သဘာဝ၏ နိယာမသည် တောတွင်းနိယာမကို အခြေခံထားပြီး အားကောင်းသူသာလျှင် ဤတည်နေရာတွင် ရပ်တည်နေနိုင်မှာဖြစ်သည်။ အရင်းအမြစ်များကို ရရှိပေလိမ့်မည်။

အချိန်သည် ဖြည်းညှင်းစွာ ကုန်ဆုံးလာခဲ့သည်။

ဝှစ်

နှစ်ရက်ကြာပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ် ထိုးတက်နေသည့် အလင်းတန်းများသည် ရပ်တန့်ခါနီး ဖြစ်လာ၏။ မူလက ငြိမ်းချမ်းလျက်ရှိနေသည့် တည်နေရာတစ်ခုလုံးသည် ရုတ်တရက် သတ်ဖြတ်လိုခြင်းဆန္ဒများ ပိုမိုဖြစ်တည်လာခဲ့၏။

“သတ်ကြ။ သတ်ကြတော့”

အင်ပါယာဝိညာဉ်နယ်မြေမှ သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ၎င်းတို့သည် အရှေ့ဆီသို့ သားရဲရိုင်းများကဲ့သို့ပင် ထိုးတက်သွားပြီး အကာအကွယ် အစီအရင်ကို စတင်ကာ ဖျက်ဆီးကြသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည် ဆိုခြင်းမှာ မိုင်းတွင်းကြီး ပေါ်ပေါက်လာခြင်းပင်။ ထို့ကြောင့် မိုင်းတွင်း၏ အကာအကွယ်အစီအရင်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး ချိုးဖြတ်ရန် လိုအပ်သည်။

“တိုက်ခိုက်ကြ” အကြီးအကဲလင်းသည် အော်ဟစ်လိုက်၏။

ဝမ် ဝမ်

အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆီမှ ချိတ်ဆက်ထားသည့် အစီအရင်ကြီး လေးခုသည် စတင်ကာ အသက်ဝင် သွားခဲ့ပြီးသည့်နောက်မှာတော့ အကာအကွယ် အတားအဆီး၏ အားအင်သည် အဆပေါင်းများစွာ ပိုမိုတိုးတက် သွားခဲ့သည်။ ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုများသည် တည်နေရာတွင် စတင်ကာ ဖြစ်ပွားပေတော့မည်။

ဘုန်း

သို့ပေမဲ့ အင်ပါယာဝိညာဉ်နယ်မြေမှ ကျွမ်းကျင်သူများ ရှေ့ဆီသို့ မလှမ်းတက်ရသေးခင်မှာပဲ မြောက်ဘက်ပိုင်းတွင် ရှိနေသည့် အကာအကွယ်စနစ်ကြီးသည် ကြီးမားလှသော မြေတွင်း၏ တုန်ခါမှုကြောင့် သက်ရောက်ခဲ့သည်။ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးတစ်ခု ထိုတည်နေရာတွင် ဖြစ်တည်လာခဲ့သည်။

“ဒါ ဘာဖြစ်တာလဲ” အကြီးအကဲလင်းက အော်ဟစ်လိုက်၏။

အင်ပါယာဝိညာဉ်နယ်မြေမှလူများ တိုက်ခိုက်လာမည့် အချိန်ဖြစ်သည်။ အကာအကွယ် အတားအဆီး စည်းမျဉ်းသည် ရုတ်တရက် ပြိုလဲသွားသည်ဆိုပါက ကျိန်းသေပေါက် တခြားသောအရာများကို သက်ရောက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ဖန်တီးထားသည့် အကာအကွယ်အစီအရင်ဆိုသည်မှာ ဘာမှ မဟုတ်တော့ချေ။

“အကြီးအကဲလင်း”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။ “တစ်ယောက်ယောက်က အပြင်ကို ထွက်လာတယ်”

ပြောနေစရာပင် မလိုချေ။ အကြီးအကဲလင်းသည်လည်း ထိုအရာကို မြင်လိုက်၏။ အလွန်မြန်ဆန်သော အလင်းတန်းတစ်ခုသည် ဖြတ်သန်းသွား၏။ မြောက်ဘက်ပိုင်းရှိ အကာအကွယ်စည်းမျဉ်းကို ဖျက်ဆီးပြီးသည့်နောက် ၎င်းသည် ကောင်းကင်ယံထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။

အကြီးအကဲလင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ထိုအရာကို လိုက်လံကာ ကြည့်ရှုလိုက်၏။ စောနတုန်းက ခံတပ်ကို ချိုးဖြတ်ခဲ့သည့် အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်သည့်အချိန်မှာတော့ သူသည် တုန်လှုပ်သွားမိသည်။ “သူတို့ဘာလို့ ဒီထဲကို ရောက်နေရတာလဲ”

ဘုန်း

ရုတ်တရက် မြေပြင်တစ်ခုလုံးသည် တုန်ခါလာ၏။ ပြီးသည့်နောက် တဖြည်းဖြည်းနှင့် ပြိုလဲလာပြီး ချိုင့်ဝင်သွားခဲ့သည်။ ပတ်ဝန်းကျင် တည်နေရာထဲတွင် ရှိနေသော အတားအဆီး အစီအရင်များသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ပြိုလဲသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သက်ဝင်လှုပ်ရှားမှုများ ရပ်တန့်ကာဖြင့် မည်သည့်အခါကမှ မရှိခဲ့သလို အတားအဆီး အစီအရင်များသည် ပျောက်ကွယ်သွား၏။

ဘုန်း ဘုန်း ဘုန်း

အချိန်အတော်ကြာသည်အထိ တုန်ခါပြီးသည့်နောက် ကောင်းကင်ယံတစ်ခုလုံး ဖုန်များ တလိပ်လိပ်နှင့် တက်လျက်ရှိသည်။

“ဒါက” အင်ပါယာဝိညာဉ်နယ်မြေဆီမှ ကျွမ်းကျင်သူများသည် ဆွံ့အသွားခဲ့ကြသည်။ သူတို့သည် အစီအရင်ကို ချိုးဖြတ်ခြင်းပင် မပြုလုပ်ရသေးပေ။ အဘယ်ကြောင့် အစီအရင်သည် အထဲမှစ၍ ကျိုးပြတ်သွားခဲ့ရသနည်း

“ကောင်းကင်က ငါတို့ကို ကူညီတာပဲ ဖြစ်ရမယ်”

သက်လတ်ပိုင်းလူက အော်ဟစ်လိုက်၏။ “အားကုန်သုံးပြီး ရှေ့ကို တက်ကြတော့”

“တက်....... တက်.....”

မြေပြင်တစ်ခုလုံးသည် တုန်ခါနေရာမှ ရပ်တန့်သွား၏။ ဖုန်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ လေထုထဲတွင် ဖြစ်တည်နေသည့် သတ်ဖြတ်ခြင်းအော်ရာများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အင်ပါယာဝိညာဉ်နယ်မြေနှင့် အင်ပါယာမိုးကောင်းကင်နယ်မြေတို့ဆီမှ ကျွမ်းကျင်သူများ သည် မတိုက်ခိုက်ခဲ့ကြသောကြောင့်ပင်။ ၎င်းတို့သည် လေထုထဲတွင် ရပ်တန့်လျက် ရှိနေပြီး ကြောင်အအနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနေ၏။

သူတို့သည် အောက်ဖက်တွင်တော့ အရာအားလုံးကို ကြည်လင်ရှင်းလင်းစွာ မြင်နေရ၏။ အလွန့်အလွန် နက်ရှိုင်းလှသော တွင်းကြီးတစ်ခု ပေါ်ပေါက်နေပြီး ထိုအရာသည် မိုင်းတွင်းကြီးကဲ့သို့ပင်။ သို့ပေမဲ့ အထဲ၌ မည်သည့်အရာမှ မရှိချေ။ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် တစက်ကလေးမှ မရှိချေ။ မိုင်းတွင်းကြီး စတင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ပေါက်ကွဲပြီး ပျောက်ကွယ်သွားခဲ့သလိုပင်။

ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်တို့သည် လက်ရှိအချိန်မှာတော့ နဝေတိမ်တောင် ဖြစ်လို့နေလေသည်။

“မိုင်းတွင်း ဘယ်ရောက်သွားတာလဲ။ စိတ်ဝိညာဉ်ကျောက်တုံးတွေကော ဘယ်ရောက်သွားတာလဲ။ ဒါ ဘယ်သူယူသွားတာလဲ”

All Chapters