← Chapters

အခန်း ၁၇၁၃

Vol. 115 Ch. 1713

အခန်း ၁၇၁၃

Vol. 115 Ch. 1713

အပိုင်း (၁၇၁၃)

ပုံရိပ်ယောင်ကဲ့သို့ ဖြစ်တည်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဘေးပရိသတ်တစ်ယောက်ကဲ့သို့ပင်။ ကုရွှမ်ယွမ်ဟု ခေါ်သည့်လူတစ်ယောက်သည် ရွက်သင်္ဘောပေါင်းတစ်သောင်းနီးပါးတို့အား ရင်ဆိုင်လျက်ရှိသည်ကို ကြည့်ရှုနေ၏။ သူသည် လေးလေးနက်နက်ပဲ ထိုသူ့အား ချီးကျူးလျက်ရှိသည်။

ကျူးကျော်လာခဲ့သည့် ရွက်သင်္ဘောများသည် ထူးဆန်းသည့်အော်ရာများ ထွက်ပေါ်လျက်ရှိနေပြီး အလွန်တရာ လည်း အားကောင်းလှချေ၏။ လူတစ်ယောက်တည်းနှင့် ထိုသူများအားလုံးကို အကြောက်အလန့်ကင်းမဲ့စွာဖြင့် ရင်ဆိုင်နေသည်ကို ကြည့်ရှုရသည်မှာ ၎င်း၏သတ္တိ တစ်ခုတည်းကပင်လျှင် ချီးကျူးရန် ထိုက်တန်နေ၏။

သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ထို့အပြင် ၎င်းတို့ပြောဆိုနေသည့် အန္တိမလမ်းစဉ်ဆိုသည်မှာ ဘာလဲ။ နတ်ဘုရားလျှို့ဝှက်နယ်မြေထက် ပိုမိုကာ အဆင့်မြင့်မားသည့် အဆင့်တစ်ခု လား။ သို့မဟုတ် လမ်းစဉ်တစ်ခုလား။

ပြောဆိုခဲ့သည့် စကားအနည်းငယ်ကို နားထောင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မေးခွန်းပေါင်း မြောက်မြားစွာ ဖြစ်တည်လာခဲ့၏။ သူ့အနေနှင့် သေချာစွာ သိရှိနိုင်သည်မှာ ဤအရာသည် အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာဖြစ်ပြီး တစ်စုံတစ်ယောက်သည် အခန်းထဲကို ဝင်လိုက်သည်ဆိုသည်နှင့် ပုံရိပ်ယောင်အဖြစ်နှင့် ထိုအရာများအားလုံးကို ပြန်လည်မြင်ယောင်ရန် ဖန်တီးထားသည်ဖြစ်ကြောင်း နားလည် လိုက်မိ၏။

“ဟမ့်”

သုန်မှုန်နေသည့်အသံပိုင်ရှင်က ပြောလိုက်၏။ ၎င်းသည် ကုန်းရှန့်၏ အတွေးများကို ဖြတ်တောက်ပစ် လိုက်သည်။

“အားကောင်းလာစေဖို့အတွက် လူသားပဲဖြစ်ဖြစ်၊ နတ်ဆိုးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး”

ကုရွှမ်ယွမ်က ပြောလိုက်သည်။ “ခင်ဗျားပြောတဲ့ အားအင်အဆင့်ဆိုတာက တခြားသူတွေကို ဒုက္ခပေးဖို့လား။ ခင်ဗျားတို့ကြောင့် ဘယ်လောက်များတဲ့ဂြိုဟ်တွေ ဖျက်ဆီးခံရပြီးပြီလဲ။ ပြီးတော့ ဘယ်လောက်များတဲ့ သတ္တဝါတွေ ဝိညာဉ်အဖြစ်နဲ့ ပြောင်းလဲခဲ့ရတာလဲ”

“မကြာခင် လူသားတွေက မနှေးနဲ့ မမြန်ဆိုသလို ထွန်းတောက်လာလိမ့်မယ်။ ဒီဒုက္ခလှိုင်းတွေ အကုန်လုံးကို ဖယ်ရှားပြီးတော့ ခင်ဗျားတို့ နတ်ဆိုးတွေကို ကပ်ဘေးကြီးတစ်ခု ကျသင့်စေလိမ့်မယ်။ ကျုပ်တို့က ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ပြန်လည်နေထိုင်ပြီးတော့ အထက်စကြဝဠာတစ်ခုလုံးကို ပြန်လည်ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးကို ရောက်လာလိမ့်မယ်။”

“ငါတို့က လုံးဝဖျက်ဆီးလို့မရတဲ့မျိုးနွယ်တွေဖြစ်ကြောင်း မင်း သိထားသင့်တယ်”

ထိုစကားသည် အမှန်ပင် မောက်မာလွန်းလှ၏။

ကျွင်းချောင်ရှောင်းအနေနှင့် ထိုစကားသံကို ကြားရသည့် အချိန်မှာတော့ တုန်လှုပ်သွားမိ၏။ သူ၏ ယခင်ဘဝမှာပဲဖြစ်ဖြစ်၊ ယခုဘဝမှာပဲဖြစ်ဖြစ် သူသည် လူသား တစ်ယောက်သာဖြစ်၏။ ထိုအရာကို သံသယရှိစရာ မလိုပေ။ တစ်ဖက်လူ၏ စကားကို ကြားရချိန်မှာတော့ အမှန်ပင် သွေးများဆူလာမိသည်။

“ဟမ့်... လူသားတွေက အပြောအရမ်းများတယ်။ ဒီနေ့မှာ မရှုံးနိမ့်နိုင်ဘူး၊ ဖျက်ဆီးလို့မရနိုင်ဘူးဆိုတဲ့ အကြောင်း အရာကို မင်းကို နားလည်အောင် ပြမယ်။ မဟုတ်ရင် ငါတို့ကို အလကားလို့ ထင်နေမှာပဲ။ စစ်သူကြီးတွေ... ငါ့အမိန့်ကို နားထောင်ကြ။ ဒီ ကုရွှမ်ယွမ်ကို သတ်လိုက်ကြတော့”

“ကောင်းပါပြီ”

ချက်ချင်းပဲ ရွက်သင်္ဘောသောင်းချီ၏ တံခါးများသည် ပွင့်သွားပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားသည့် စစ်သည်များသည် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ တော်တော်များများသည် လှိုဏ်ဂူထဲမှ ထွက်ပေါ်လာခဲ့သည့် လင်းနို့များကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်း၏ အာရုံကို အရရှိထားဆုံးသူမှာ ၎င်းတို့၏ ရှေ့တွင်ရှိနေသည့် အလွန် ရုပ်ဆိုးလှသည့် ခေါင်းဆောင်ပင်ဖြစ်သည်။ ထိုသူသည် ကောင်းမွန်လှသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားသည်ဆိုသော်လည်း လူသားတစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားလှ၏။ ပုံပန်းသွင်ပြင်နှင့် အခြေအနေကို ကြည့်ရှုလိုက်သည်နှင့် လူကောင်းများ မဟုတ်ကြောင်း သိသာနိုင်သည်။

“ဒီလူတွေ အကုန်လုံးက လက်ခံသူထက် ပိုပြီး အားကောင်းတယ်” စနစ်က ပြောလိုက်၏။

အားကောင်းရုံတင်မက ပိုမို၍လည်း သန်မာလွန်းလှသည်။ ပုံရိပ်ယောင်အခြေအနေဖြင့်သာ မြင်ရခြင်းမဟုတ်ပါက ကျွင်းချောင်ရှောင်းအနေဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာသီးသန့်နှင့်ပင် ကြက်သီးများ ထနေမိမှာ သေချာသည်။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။ အထက်စကြဝဠာတစ်ခုလုံးမှာ ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတာပဲ”

ကျွင်းချောင်ရှောင်း သည် သိမ်ငယ်မှုကိုတော့ မခံစားရချေ။ ထိုအစား သူ၏မျက်လုံးများသည် တောက်ပလာခဲ့၏။ ဂိုဏ်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ဂရုထားပြီးသည့်နောက် သူသည် ပိုမိုအားကောင်းချင်သည့်လူတစ်ယောက် လည်း ဖြစ်နေသည်။ မူလအားဖြင့် သူသည် အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး ပိုမိုအားကောင်းသည့် စွမ်းအင် များကိုလည်း အလိုရှိ၏။

“ကျူးကျော်သူ”

ထိုအချိန်မှာပဲ ကုရွှမ်ယွမ်သည် သူ၏ဓားကို အသာဆွဲယူကာဖြင့် အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။ “သေစမ်း”

နောက်ဆုံးစကားကို ပြောဆိုပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားစွမ်းရည်များသည် စကြဝဠာအနှံ့တွင် ဖြစ်တည်လာခဲ့ပြီး လေဟာနယ်ကိုပင် ပိုင်းဖြတ်သွား၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

ဇွိ ဇွိ

ဓားအလင်း ဖြတ်သန်းသွားသည့် တည်နေရာတိုင်းတွင် အသားနှင့် အရိုးအရေများသည် ပြတ်တောက်သွားခဲ့သည်။

“ကြောက်စရာပဲ”

ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိ၏။ လူပေါင်းများစွာတို့သည် ထိုသူ့ဆီသို့ ပြေးဝင်သွားခဲ့သည် ဆိုသော်လည်း ထိုသက်လတ်ပိုင်းလူသည် တစ်ချက်ကလေးမှ ကြောက်လန့်ခြင်းမရှိပေ။ ရှေ့နောက် လှုပ်ရှားသွားလာရင်းနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားဆန္ဒများကို ထုတ်ဖော်လျက်ရှိ၏။ ၎င်းသည် မည်သည့်အဆင့်တွင် ရောက်ရှိနေသနည်း။ အထူးသဖြင့် ဤဓားကို ကြည့်ရှုရသည်မှာ အင်မော်တယ်ဓားထက် ပိုမိုကာ အားကောင်းသည့်ပုံပေါ်၏။

ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးရှိစဉ်ကတည်းက လက်နက် ပစ္စည်းများနှင့် ပတ်သက်လျှင် အကောင်းမွန်ဆုံးသော လက်နက်များကို ပိုင်ဆိုင်ခဲ့၏။ လောကကြီးအနှံ့ကို ခရီးလှည့်လည်သွားလာပြီးသည့်နောက် သူနှင့် ယှဉ်ပြိုင်၍ရသည့် လက်နက်ပိုင်ရှင်မျိုး မတွေ့ခဲ့ရချေ။

သို့ပေမဲ့ ယနေ့အချိန်မှာတော့ သူ့ထက်ပိုမိုကောင်းမွန်သည့် လက်နက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်၏။ တစ်ဖက်လူသည် အားကောင်းလှ၏။ ထို့ကြောင့် အလွန်အားကောင်းလှသော လက်နက်မျိုးကို ပိုင်ဆိုင် ထားသည်မှာ လက်ခံနိုင်ဖွယ်ရာပင်။

ဘုန်း ဘုန်း

ဓားစွမ်းအင်များသည် ရန်သူအဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် တိုက်ရိုက်ဆိုသလိုပဲ ရွက်သင်္ဘောများကို နှစ်ပိုင်းပြတ်စေတော့၏။ ပြင်းထန်လွန်းလှသော ပေါက်ကွဲမှုကြီးသည် ဆက်တိုက်ဆိုသလိုပဲ ဖြစ်တည်နေ၏။

“ကောင်းကင်ဘုံ” ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ကုထျန်းရှင်း၏ ပုဆိန်တိုက်ခိုက်ချက်သည် လုံလောက်အောင် အားကောင်းနေပြီဖြစ်၏။ သို့ပေမဲ့ ဤလူ၏ ဓားမှာတော့ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ စကားလုံးများနှင့် ဖော်ညွှန်းရန်ပင် ခက်ခဲလှချေသည်။ အထူးသဖြင့် ဤအမဲရောင် ရွက်သင်္ဘောများသည် ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ ရွက်သင်္ဘောထက် ပိုမိုကာ အားကောင်းလွန်းသည်။

“သတ်ကြ၊ သတ်ကြစမ်း” စကြဝဠာအနှံ့တွင် အော်ဟစ်ကြိမ်းမောင်းသံများသည် ထွက်ပေါ်နေ၏။

များပြားလှသော အလင်းတန်းများသည် ထွက်ပေါ်လျက် ရှိနေ၏။ မဲမှောင်နေသာ စကြဝဠာကြီးသည်လည်း လင်းထိန်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ဆီမှ အံ့အားသင့်စွာ ကြည့်ရှုနေ၏။ ဤအဆင့် တိုက်ခိုက်မှုသည် သူထင်မှတ်ထားသည့် အခြေအနေထက် ပိုမိုကာ မြင့်မားလွန်းလှ၏။

...........

ဘယ်လောက်မှန်းမသိသည့် အချိန်ကာလ ကြာမြင့်ပြီးသည့်နောက် တိုက်ပွဲသည် အဆုံးသတ်သွားခဲ့၏။ ဂြိုဟ်၏အပြင်ဘက်တွင် ရှိသော ရွက်သင်္ဘောများသည် မည်သည့်အခါကမှ မရှိသလို ပျောက်ကွယ်သွား၏။ စကြဝဠာထဲတွင် အလောင်းများ လွင့်မျောလျက် ရှိနေပြီး သွေးစက်များသည်လည်း လွင့်မျောလျက် ရှိနေသည်။

...........

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏မြင်ကွင်းထဲတွင် သက်လတ်ပိုင်းလူသည် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး ဆံပင်များသည်လည်း ပွစာကျဲလျက် ရှိနေ၏။ လက်ထဲတွင် ဓားတစ်စင်းကို ကိုင်ဆောင်ကာ ရပ်တန့်လျက်ရှိ၏။ မျက်နှာသည် ဖြူလျော်လျက် ရှိနေသည်ဆိုသော်လည်း စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ခိုင်မြဲလှသော စိတ်ဓာတ်အဟုန်သည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေ၏။

သူ့အနေနှင့် ထပ်မံကာ ပြောဆိုရမည်ဆိုလျှင် စကားလုံးတစ်လုံးတည်းသာရှိသည်။ ထိုသူသည် အလွန် အားကောင်း၏။

ဝေါ့

ကုရွှမ်ယွမ်သည် သွေးတစ်လုတ်အန်ထုတ်လိုက်၏။ သူသည် ရွက်သင်္ဘောပေါင်း သောင်းချီကို ဖျက်ဆီးလိုက်သည်ဆိုသော်လည်း ရှောင်လွဲ၍မရဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ။ တော်တယ် .... ဒီလူ”

ကျွင်းချောင်ရှောင်းသည် လက်မကို ထောင်ပြလိုက်၏။ သူ၏ မျက်လုံးထဲတွင် အလွန်လေးစားလှသည့် အကြည့်များ ဖြစ်ပေါ်လာခဲ့၏။

ဆွစ်

ထိုအချိန်မှာပဲ သူ၏ရှေ့တွင် ရှိနေသော မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။

ကုန်းရှန့်သည် စကြဝဠာပုံရိပ်ယောင်ထဲမှ ထွက်ခွာပြီး တောရိုင်းတစ်ခုထဲသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် တောင်များ၊ သစ်ပင်များ၊ စမ်းချောင်းများ တည်ရှိနေပြီး မြင်ကွင်းသည် အလွန်ကြည့်ကောင်းလွန်းလှ၏။

ဘုတ်

တစ်စုံတစ်ခု ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ စောနတုန်းက ကုရွှမ်ယွမ်သည် မြက်ခင်းပေါ်သို့ ပြုတ်ကျလာခြင်းပင်။ ၎င်း၏ ခန္ဓာကိုယ်တွင် သွေးစီးကြောင်းများ တည်ရှိနေပြီး မျက်နှာတစ်ခုလုံးက ဖြူလျော်နေ၏။ ၎င်းကို ကြည့်ရှု ရသည်မှာ အချိန်မရွေး သေဆုံးတော့မလိုပင်။

“ဆရာ” လူငယ်လေးတစ်ယောက်သည် မျက်ရည်များအပြည့်ဖြင့် လှမ်းလျှောက်လာခဲ့၏။

ကုရွှမ်ယွမ်သည် သူ၏လက်ကို ခက်ခက်ခဲခဲ မြှောက်ကာဖြင့် ကလေး၏ ခေါင်းကို အသာပွတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အားလုံး သွားကြပြီလား”

“သွားပါပြီ”

လူငယ်လေး ပြောလိုက်၏ “အားလုံးထွက်သွားကြပါပြီ”

“မင်းလည်း သွားသင့်ပြီ”

“ဆရာ… ဆရာ့ကို မထားခဲ့နိုင်ဘူး”

“ဒီဓားက နှစ်ပေါင်းများစွာ ကောင်းကင်နဲ့မြေကြီး၊ နေနဲ့လတို့ရဲ့ အဆီအနှစ်တွေနဲ့ သန့်စင်ခြင်း ခံထားရတာ။ ဒီနေ့မှာ မင်းကို လက်လွှဲပေးလိုက်မယ်။ မှတ်ထား။ ဒီဓားကို ရေစက်ပါလာတဲ့လူတွေကသာ အသုံးပြုလို့ရတယ်။ မင်းကြီးပြင်းလာတဲ့အချိန်မှာ ဒီဓားကို လွယ်လွယ်ကူကူနဲ့ ဆွဲမထုတ်နဲ့။ မဟုတ်ရင် တန်ပြန်မှုကို ခံစားရလိမ့်မယ်”

ကုရွှမ်ယွမ်သည် သူ၏ ဓားကို ် ကလေးဆီသို့ လှမ်းပေးလိုက်သည်။

ဝေါ့

နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်ပြန်သည်။ ကျူးကျော်သူများထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် အလွန် များပြားလွန်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် လက်ရှိအခြေအနေထိ အသက်ရှင်သန်နိုင်ဖို့ပင် မနည်းကြိုးစားနေရ၏။

“ငါတို့ရဲ့ ရွှမ်ယွမ်နယ်မြေကြီးက အထက်စကြဝဠာကြီးမှာ ပထမတန်းစား ဂြိုဟ်တစ်ခုပဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်သဘာဝတွေက အရမ်းများတယ်။ သတ္တဝါတွေ အကုန်လုံးကို ရွှေ့ပြောင်းပေးလိုက်ပြီဆိုရင်တောင်မှ နတ်ဆိုးကောင်တွေကိုတော့ မပေးနိုင်ဘူး”

ကုရွှမ်ယွမ်သည် ကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူ၏ လက်များကို စုစည်းကာဖြင့် မန္တာန်တစ်ခုကို အသာ ရေရွတ်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် မီးပွင့်ကလေးများကဲ့သို့ ဖြစ်တည်လာခဲ့ပြီး လေနှင့်အတူ လွင့်ပျယ်သွားခဲ့တော့၏။

ဝှစ် ဝှစ် ဝှစ်

အလင်းတန်းများ ဖြတ်သန်းသွားရာ တည်နေရာများရှိ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ စုပ်ယူခြင်းကို ခံလိုက်ရ၏။ ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် သစ်ပင်နှင့် ပန်းမန်များသည် အသက်ဓာတ်များ ဆုံးရှုံးပြီးသည့်နောက် မြေပေါ်သို့ ကြွေကျကုန်သည်။ မကြာခင်မှာပဲ ဂြိုဟ်ကြီးတစ်ခုလုံးသည် အမှိုက် ကုန်းမြေကြီးအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမြင်တွေ့နေရသည့် အမှိုက် ကုန်းမြေကြီးသည် လွတ်လပ်သော ဂြိုဟ်တိုက်ပွဲ နယ်မြေကြီးနှင့် တူညီနေသောကြောင့်ပင်။

သူနားလည်လိုက်မိ၏။ ဤလွတ်လပ်သော တိုက်ပွဲနယ်မြေကြီးဆိုသည်မှာ တကယ်တမ်းမှာတော့ ရွှမ်ယွမ်နယ်မြေ ဟု ခေါ်ဆို၏။

“ငါ့ရဲ့ နှစ်ပေါင်းသုံးသောင်းတိတိ ကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေ အသုံးပြုပြီးတော့ ကောင်းကင် နဲ့ မြေကြီးရဲ့ ဓာတ်သဘာဝတွေကို စည်းခတ်ခဲ့တယ်။ တကယ်လို့ ရေစက်ပါတဲ့ လူတစ်ယောက်ပေါ်လာတယ်ဆိုရင် အမွေအနှစ်ရဲ့ ဗဟိုတည်နေရာကို ရှာဖွေတွေ့ရှိပြီး ဂြိုဟ်ကြီးရဲ့ မူလအရင်းအမြစ်ကို ဆက်ခံနိုင်လိမ့်မယ်။ ပြီးတော့ သူက ရွှမ်ယွမ်နယ်မြေရဲ့သခင် ဖြစ်လာလိမ့်မယ်”

ကုရွှမ်ယွမ်၏ အသံသည် ဤစွန့်ပစ်နယ်မြေကြီးထဲတွင် ပဲ့တင်လျက် ရှိနေ၏။ သို့ပေမဲ့ သူပြောဆိုလေ ပိုမိုကာ အားနည်းလာလေဖြစ်ပြီး သူ၏ အချိန်များသည် ကုန်ဆုံးသွားတော့မလိုပင်။

ဆွစ်

ထိုအချိန်မှာတော့ ပုံရိပ်ယောင်များသည် အလုံးစုံ ပျောက်ကွယ်သွား၏။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အသာလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကျောက်အခန်းထဲသို့ ပြန်လည်ရောက်ရှိနေပြီး သူ၏ရှေ့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့် နေရာတွင် အစီအရင် မျဉ်းကြောင်းများ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ အခန်း၏ အလယ်ဗဟိုတွင် သလင်းကျောက်လေးတစ်ခုက လွင့်မျောလျက်ရှိနေပြီး တောက်ပသည့် အလင်းများဖြင့် ဖုံးလွှမ်းနေ၏။ ထိုအရာဆီမှ အားကောင်းလွန်းလှသော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများလည်း ထွက်ပေါ်လျက်ရှိသည်။

“ဒါ ... ဒါက ....”

စနစ်သည် ထကာပြောလိုက်၏။ “ဒါ ဂြိုဟ်ရဲ့ မူလအရင်းအမြစ်ပဲ”

All Chapters