← Chapters

အခန်း ၁၇၁၈

Vol. 115 Ch. 1718

အခန်း ၁၇၁၈

Vol. 115 Ch. 1718

အပိုင်း(၁၇၁၈)

ရွှမ်ယွမ်နယ်မြေကြီးသည် အလွန်တရားကြီးမားလှ၏။ ထို့ကြောင့် အောက်နယ်မြေတွင် နေထိုင်ကြသော သက်ရှိများအားလုံးကို ခေါ်ဆောင်လာရန်ဆိုသည်မှာ ဖြစ်နိုင်၏။ ဝိညာဉ်မျိုးနွယ်များကို ဤနေရာသို့ ခေါ်ဆောင်လာရန်ဆိုသည်မှာလည်း ပြဿနာတစ်ခု မဟုတ်ပေ။

ထို့အပြင် အရာအားလုံးသည် ကျွင်းချောင်းရှောင်းနှင့် သက်ဆိုင်လျက်ရှိ၏ သူ့အနေနှင့် အခြားသူများကို ဝင်စေချင်သည် ဆိုပါက ကျိန်းသေပေါက် ဝင်ခွင့်ပေးနိုင်သည်။

ဟုတ်ပေ၏။ အထက်နယ်မြေဆီသို့ လာသည့် လမ်းတလျှောက်မှာတော့ ကျွင်းချောင်းရှောင်းသည် နယ်မြေကြီးတစ်ခုလုံးကို ဖွံ့ဖြိုး တိုးတက်အောင်ပြုလုပ်ပြီးသည့်နောက် ရွှေ့ပြောင်းလုပ်သားများကို စီမံခန့်ခွဲရန် ရုံးတစ်ခုကိုပင် တည်ဆောက်ရန် စီစဉ်ထားသေး၏။

ပြိုင်စံရှားဂိုဏ်း ပိုင်ဆိုင်ရာ နယ်မြေကြီး၌ တရားဝင်နေထိုင်ခွင့်ရရှိသူဖြစ်စေချင်သည်လား။ ကောင်းပြီ ပိုက်ဆံပေးရပေမည်။

စနစ်က ထပ်ကာ စောဒကတက်လိုက်၏။ “လက်ခံသူ... ဒါ ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာမဟုတ်ဘူး။ နယ်မြေ တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရတာ။ မင်းအနေနဲ့ အချိန်တိုင်း ပြိုင်စံရှားဂိုဏ်း ဆိုတဲ့ နာမည်ကို ထုတ်ပြောနေတာကို ရပ်သင့်ပြီ”

“ချီးတဲ့မှ”

ကျွင်းချောင်းရှောင်းက ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက ရွှမ်ယွမ်နယ်မြေကြီးတစ်ခုလုံးကို ထိန်းချုပ်ထားတာလေ။ ဒီတော့ ဂိုဏ်းတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်တယ်လို့ပဲ သတ်မှတ်လို့ ရတယ် မဟုတ်ဘူးလား။ ပြီးတော့ ငါပြောခဲ့တယ်လေ။ ရွှမ်ယွမ်နယ်မြေတစ်ခုလုံးက စကြာဝဠာ တစ်ခုလုံးအနှံ တောက်ပတဲ့ အခြေအနေတစ်ခုနဲ့ နေထိုင်နိုင်ဖို့ဆိုတာ ငါ့ရဲ့ဂိုဏ်းအပေါ် မူတည်နေသေးတယ်။ ဟုတ်တယ်ဟုတ်”

“…..…”

စနစ်သည် ဆွံ့အသွားမိ၏။ မှန်ပေ၏။ နယ်မြေတစ်ခု၏ အားအင်အဆင့် ကောင်းမွန်မှုကို ၎င်းနယ်မြေ ထဲတွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ အားကောင်းမှုနှင့် နှိုင်းယှဉ်၍ မရချေ။ ထိုအရာများ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်မည့် ထိပ်တန်းစွမ်းအားဖြင့် ကျင့်ကြံသူများနှင့် အားကောင်းလှသည့် ဂိုဏ်းဂဏ အသီးသီးအပေါ်တွင် မူတည်လျက်ရှိသည်။

ပြိုင်စံရှားဂိုဏ်း ဤတည်နေရာတွင် တည်ရှိနေမည်ဆိုသောကြောင့် ဂိုဏ်း၏ ကျရှုံးမှုနှင့် အောင်မြင်မှုများ အားလုံးသည် ရွှမ်းယွမ်နယ်မြေ၏ အောင်မြင်မှု၊ ကျရှုံးမှုတို့နှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေရပေမည်။ ထို့ကြောင့် နယ်မြေတစ်ခုမဟုတ်ဘဲ ဂိုဏ်းတစ်ခုခုနှင့် ပြောဆို၍ ရ၏။

“အနာဂတ်မှာ ငါ့ဆီမှာ သားတစ်ယောက် ရှိလာမယ်ဆိုရင် ဂိုဏ်းတစ်ခုကို အမွေဆက်ခံရုံတင်မကဘူး။ နယ်မြေတစ်ခုကိုလည်း အမွေဆက်ခံရတော့မယ်လေ။ သူက ကျိန်းသေးပေါက် ဒုတိယ မျိုးဆက်၏ အားအကောင်းဆုံးသူ တစ်ယောက်ဖြစ်လာမှာ သေချာတယ်” ကျွင်းချောင်းရှောင်းက ပြောလိုက်သည်။

“ခွီး .....”

စနစ်သည် ထကာ ရယ်မောလိုက်မိ၏။ စတီးကဲ့သို့ခိုင်မာလှသော စိတ်ဆန္ဒနှင့် လက်ခံသူသည် မျိုးဆက်သစ်ရရှိမည့် အကြောင်းကို တွေးတောလျက်ရှိ၏။ “ကျိန်းသေပေါက် ဂေါက်ကြောင်ပဲ”

သို့ပေမဲ့ သေသေချာချာ စဉ်စားကြည့်သည့် နောက်မှာတော့ ကျွင်းချောင်းရှောင်း၏ အမူအကျင့်အရ တကယ်တမ်းသာ သားတစ်ယောက် ရှိနေမည်ဆိုပါက အသက်အရွယ် အိုမင်းလာပြီး မည်သည့်စိတ်ဆန္ဒမျှ မရှိတော့သည့် အချိန်တွင် သူ၏သားကို ရှိသမျှအရာအားလုံးကို လွှဲပေးကာဖြင့် လောကကြီးနေရာအနှံ့သို့ လှည့်လည် လျှောက်သွားနေမှာ သေချာသည်။

“ဘာတွေ စဉ်းစားနေတာလဲ” နှင်းဆီဧကရီက မေးမြန်းလိုက်၏။

အတွေးနက်လျက်ရှိသည့် ကျွင်းချောင်းရှောင်းသည် ရုတ်တရက် ထကာပြောလိုက်သည်။ “ကျုပ်သား အကြောင်းပေါ့”

သူသည် တစ်စုံတစ်ခုကို အပြင်းအထန် စဉ်းစား တွေးတောလျက် ရှိနေတုန်းမှာပင် ရုတ်တရက် မေးမြန်းလာသည်ကို ကြားရသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ နှုတ်ချော်သွားခဲ့ခြင်းပင်။

နှင်းဆီဧကရီသည် ခဏလောက် အေးခဲသွားသည်။ ပြီးလျှင် ခေါင်းကို အသာလှည့်ကာဖြင့် ရှက်စနိုး ပြောလိုက်၏။ “ရှင့်ကို ဘယ်သူက သားတစ်ယောက် မွေးပေးမယ်လို့ ပြောလို့လဲ”

“နှုတ်ချော်သွားတာ။ နှုတ်ချော်သွားတာပါ” ကျွင်းချောင်းရှောင်းသည် အလောတကြီးဖြင့် ရှင်းပြလိုက်မိသည်။

“ဗိုက်ဆာနေလား”

နှင်းဆီဧကရီက ဖြတ်ကာမေးလိုက်၏။ “ကျွန်မ ရှင့်အတွက် ဟင်းချက်ပေးမယ်”

ကျွင်းချောင်းရှောင်းသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ခင်ဗျား ဟင်းချက်တတ်တာလား”

ဤအမျိုးသမီးသည် အမှန်ပင် လုပ်ရည်ကိုင်ရည် ရှိလှ၏။ သို့ပေမဲ့ သူမသည် ဂိုဏ်းတစ်ခုလုံးကို စီမံခန့်ခွဲနေသည့် သူတစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်း၏ချက်ပြုတ်ခြင်းတာဝန်ကို လျှိုဝမ်ရှစ်ကသာ တာဝန်ယူထား သောကြောင့် သူမချက်ပြုတ်သည်ကို တစ်ခါမျှမမြင်ဖူးခဲ့ချေ။

“ရှင်တို့ယောက်ျားတွေက ဟင်းကောင်းကောင်းချက်တတ်တဲ့ မိန်းကလေး ကို ပိုအထင်ကြီးကြတာ မဟုတ်လား။” နှင်းဆီဧကရီက မေးမြန်းလိုက်သည်။

ကျွင်းချောင်းရှောင်းသည် သူမ၏စကားထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ပါဝင်နေသည်ကို သိရှိ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ကျုပ်က ယောကျာ်း၊ မိန်းမဆိုပြီး ခွဲခြားဆက်ဆံတာမျိုး ပြုလုပ်တဲ့လူမှ မဟုတ်တာ။ ချက်တတ်တာ၊ မချက်တတ်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ချက်ပေးတော့လည်း စားရတာပေါ့”

“ဒါဆိုရင် ဘာကိုစောင့်နေမှာလဲ”

နှင်းဆီဧကရီက ပြောလိုက်၏။ “မြန်မြန်... စားသောက်ခန်းကို သွားကြရအောင်။ အစားအသောက်တွေ အေးသွားလိမ့်မယ်”

“ခင်ဗျားက ချက်ပြီးသွားပြီးလား”

“ပြီးသွားပြီလေ”

အထက်နယ်မြေဆီသို့ သွားသည့်အချိန်သည် အနည်းငယ်ကြာမြင့်၏။ ထို့ကြောင့် ကျွင်းချောင်းရှောင်းသည် လေ့ကျင့်သည့်နေရာတွင် ခပ်ရှားရှားသာဖြစ်၏။ ဘာမှလုပ်စရာမရှိသည့်အချိန်တွင် စားသောက်ခန်းဆီသို့ သွားရောက်ကာ စားသောက်သည့်အကျင့်ကိုသာ ပြုလုပ်တတ်သည်။

ရွက်သင်္ဘောကြီးထဲတွင် မည်သည့် အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များမှ ပါဝင်လာခြင်း မရှိသောကြောင့် ကြီးမားလွန်းလှသည့် စားသောက်ခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ရှိ၏။ အလွန်ပင် ကဗျာဆန်လွန်းလှ၏။

ဖောက် ...။

နှင်းဆီဧကရီသည် စားပွဲပေါ်သို့ ဟင်းတစ်ခွက်ကို တင်ကာဖြင့် ပြုံးလိုက်၏။ “ဝမ်ရှစ်ဆီကနေ သေသေချာချာ သင်ထားတာလေ၊ ရှင့်အကြိုက်ဆုံး ငါးခေါင်းချဉ်စပ်ပဲ”

ပြောနေစရာပင် မလိုချေ။ အနံ့အသက်နှင့်ပင် စားချင်စိတ်များဖြစ်တည်လာခဲ့၏။ ကျွင်းချောင်းရှောင်းသည် တံတွေးများပင် ကျဆင်းလာသလို ဖြစ်မိ၏။ ထို့ကြောင့် တူကို ကောက်ယူကာဖြင့် ငါးကို အသာလှမ်းကာ ယူလိုက်၏။ ပြီးသည့်နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိ၏။ “အစ်မကြီး... ခင်ဗျား ငါးဟင်းချက်မယ်ဆိုရင် ငါးအကြေးခွံတော့ ခွာသင့်တယ် မဟုတ်ဘူးလား”

“ဪ.. ငါးက အကြေးခွံခွာရသေးတာလား”

“တော်စမ်း... အကြေးခွံမခွာတဲ့ငါးကို ဟင်းချက်တာ ဘယ်မှာမြင်ဖူးလို့လဲ”

“.........”

“ကျွန်မက ငါးမစားတော့ မသိဘူးလေ”

“……”

ကျွင်းချောင်းရှောင်းသည် ဘာတစ်ခုမှ မပြောနိုင်အောင်ပင် ဆွံ့အနေမိသည်။ လျှိုဝမ်ရှစ် ငါးဟင်းချက်သည့် အချိန်တိုင်းတွင် သူမသည် ထိုအရာများကို တချက်လေးပင်မကြည့်ဘဲ လျစ်လျူရှုထားတတ်သည်။

ထားလိုက်တော့၊ ထားလိုက်တော့။ သူမ ကိုယ်တိုင်ချက်နေတယ် ဆိုမှတော့ မျက်နှာသာပေးမှဖြစ်မယ်။

သေသေချာချာ ချက်ကျွေးထားသည့်သူကို စိတ်ဓာတ်ကျအောင် ပြောဆိုနေ၍မဖြစ်ချေ။

ကျွင်းချောင်းရှောင်းသည် ငါးအကြေးခွံများကို အသာဖယ်ပြီးသည့်နောက် အသားတုံးတစ်တုံးကို ခပ်ယူကာ ပါးစပ်ထဲသို့ထည့်လိုက်၏။ ပြီးနောက် သူသည် မျက်လုံးကို မှိတ်ကာဖြင့် သေသေချာချာ အာရုံခံမိ၏။

နှင်းဆီဧကရီသည် သူ့ကို မျှော်လင့်တကြီးပင် ကြည့်ရှုနေ၏။ သူမအနေဖြင့် ပထမဦးဆုံး ဟင်းချက်ခြင်း ဖြစ်သောကြောင့် သူမ၏ ယောကျာ်းကို ကောင်းမွန်သည့်အရသာ ရရှိခံစားစေချင်သည်။

“မဆိုးဘူး..... မဆိုးဘူး”

ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်းရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “အရသာက အရမ်းကောင်းတယ်”

နှင်းဆီဧကရီ၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုဖြစ်လာခဲ့၏။ သူမ၏မျက်နှာပေါ်တွင် ခန့်ညား ထည်ဝါလှသည့် တော်ဝင်အရိပ်အယောင်များ မတည်ရှိတော့ချေ။ ချီးကျူးမှုကိုခံရ၍ ပျော်ရွှင်နေသော မိန်းမငယ်လေးတစ်ယောက်နှင့်ပင် ဆင်တူနေသည်။

“ကောင်းကင်ဘုံ”

ကျွင်းချောင်းရှောင်းသည်သည် စိတ်ထဲမှာကြိတ်ကာ ပြောလိုက်၏။ “ဒါက သောက်ငရဲပြည်က ချက်တဲ့ဟင်းနဲ့ တူတယ်”

အကြေးခွံမခွာဘဲ ချက်ပြုတ်ထားသည့်ငါးဟင်းသည် အလွန်ကောင်းမွန်သည့် အရသာသာ တည်ရှိနေမည် ဆိုပါက ကျိန်းသေပါက် အံချီးနပမ်းဖြစ်စရာပင်။ ကုန်းရှန့်အနေနှင့် လက်ရှိအခြေအနေမှာတော့ ကောင်းမွန်သည် ဟု ပါးစပ်မှပြောဆိုလိုက်ခြင်းမှာ သူမ၏ စေသနာကို မထိခိုက်စေချင်သောကြောင့်ပင်။

“အရသာရှိတယ်ဆိုရင်လည်း ပိုစားလေ” နှင်းဆီဧကရီသည် ဟင်းပွဲများကို အသာတွန်းပေးလိုက်၏။

“……”

ကျွင်းချောင်းရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်သွားသည်။

ထိုနေ့တစ်ရက်တည်းမှာပဲ ကျွင်းချောင်းရှောင်း သည် အိမ်သာသို့ သုံးဆယ့်ခြောက်ကြိမ်တိတိ သွားခဲ့ရ၏။ နောက်ဆုံးအကြိမ် ပြန်ထွက်လာသည့်အချိန်မှာတော့ နံရံကို လက်နှစ်ဘက်ဖြင့် ထောက်ကိုင်ထားရပြီး ခြေထောက်များသည်လည်း ပျော့ခွေလျက်ရှိသည်။ ကုတင်ပေါ်သို့ရောက်ရန် လေးဘက်ပင် ထောက်၍ တစ်လှမ်းချင်း သွားနေရ၏။

“ဒါက ငါးခေါင်းချဉ်စပ် မဟုတ်ဘူး။ ငါးခေါင်းဝမ်းနုတ်ဆေးပဲ”

အားလုံးသောသူများတွင် ကြောက်မက်ဖွယ်ကောင်းလှသည့် သီးသန့် ကိုယ်ပိုင် သန္ဓေပါရမီများ တည်ရှိသည်။

ဥပမာအားဖြင့် ကျွင်းချောင်းရှောင်း၏ သီချင်းဆိုသံသည် အားလုံးသော သူများအတွက် ငရဲကပ်ဘေးကြီးတစ်ခုပင်။

ထိုနည်းတူစွာပင် နှင်းဆီဧကရီသည်လည်း လူသားတစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် ချက်ပြုတ်ရာတွင် ပါရမီမရှိချေ။ လျှိုဝမ်ရှစ် အနေနှင့် သူမကို တဆင့်ချင်း သင်ကြားပေးသည် ဆိုလျှင်တောင်မှ သူမသည် သေသေချာချာ နားလည်နိုင်စွမ်းမရှိပေ။

“လာခဲ့ ... ယောက်ျားဖို့ ... ဒါက ချိုချဉ်ကြော်လေး”

“လာခဲ့ …. ဒါက အသားလုံးလေး”

ကျွင်းချောင်းရှောင်း၏ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုကို ရရှိပြီးသည့်အခါမှာတော့ နှင်းဆီဧကရီသည် အစစ်အမှန်ပင် စေတနာထားကာ ဟင်းပွဲပေါင်းများစွာကို မထပ်ရစေရန် သေချာ ရွေးချယ် ချက်ပြုတ်လျက် ရှိ၏။ အထက်နယ်မြေဆီသို့ လာသည့်လမ်း တစ်လျှောက်တွင် သူမသည် တစ်နေ့ကို ဟင်းသုံးပွဲ ပင် ချက်ပြုတ်ပေးလျက်ရှိ၏။

ကုန်းရှန့်မှာတော့ မျက်ရည်အဝိုင်းသားဖြင့် စားသောက်နေရလေသည် “ငါ့အတွက် ခက်ခဲလိုက်တာကွာ”

……….

အထက်နယ်မြေ

ကျွင်းချောင်းရှောင်း သူ၏တပည့်များနှင့် ထွက်ခွာသွားသည့်် နောက်မှာတော့ အထက်နယ်မြေတစ်ခုလုံးသည် တည်ငြိမ်အေးဆေးလျက်ရှိ၏ အချက်အလက်အားဖြင့် ကုန်းရှန့် မလာခင်မှာလည်း အလွန်တရာ တိတ်ဆိတ် ငြိမ်သက်ခဲ့ဖူး၏။ ကုန်းရှန့် ရောက်ရှိလာခဲ့ပြီးမှသာလျှင် များပြားလှသည့် ပြဿနာများ ဖြစ်တည်ခဲ့ခြင်းပင်။

“နေအုံး”

ထူးခြားလှိုဏ်ဂူ၏ အတွင်းဘက်မှာတော့ မာဆာတိုကီကာနိုသည် ကြီးမြတ်သူတုံးကု လက်လှမ်းလိုက်သည်ကို တားဆီးလိုက်၏။

ကြီးမြတ်သူတုံးကုသည် အစောကြီးကတည်းက ရွေ့ထားပြီးသော စစ်တုရင်ရုပ်ကို အသာပြန်ယူကာဖြင့် နောက်တစ်နေရာသို့ ခပ်တည်တည် ပြန်ချလိုက်သည်။ ဤအရာသည် အမှား ပြင်ဆင်ခြင်းပင်။

“ကျုပ်သိသားပဲ”

မာဆာတိုကီကာနိုသည် သူ့ကိုစူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား ဒီထက်ပိုပြီး နည်းနည်းလောက် အရှက်ရှိရင် မကောင်းဘူးလား”

“ခင်ဗျား မနေ့တုန်းက တစ်ရာနှစ်ဆယ်ကြိမ်တိတိ အမှား ပြန်ပြင်ခဲ့တယ်လေ။ ကျုပ်က ဒီနေ့မှာ တစ်ရာသုံးကြိမ်ပဲ ပြင်ရသေးတယ်” ကြီးမြတ်သူတုံးကုသည် သဘောမတွေ့သလို ရန်ပြန်တွေ့လိုက်သည်။

“………”

မာဆာတိုကီကာနိုသည် စစ်တုရင်ခုံအား လက်ဝါးဖြင့် ရိုက်ကာပြောလိုက်၏။ “ကျုပ် ထပ်ပြီး မကစားတော့ဘူး”

ဤအရာသည် ကစားပွဲကို ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။

“ကောင်းပြီ.. ကျုပ်လည်း မကစားတော့ဘူး”

ကြီးမြတ်သူတုံးကုသည် မတ်တပ်ထရပ်ပြီးနောက် လှိုဏ်ဂူ၏ အပြင်ဘက်သို့ လျှောက်ထွက်သွား၏။ ကောင်းကင်ယံအပေါ်သို့ မော့ကြည့်ပြီးနောက် တွေးတွေးဆဆဖြင့် ပြောလိုက်မိ၏။ “ကျုပ်ရဲ့ တပည့်က အပြင်ဘက်ကို သွားပြီး ပြဿနာရှာနေတာတော့ မဟုတ်လောက်ဘူး မလား”

“သူပြဿနာရှာရှာ မရှာရှာ ခင်ဗျားအနေနဲ့ ခေါင်းခံစရာမလိုတော့ဘူး” မာဆာတိုကီကာနိုက ပြောလိုက်သည်။

ကြီးမြတ်သူတုံးကုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီကောင်လေး‌ထွက်သွားပြီဆိုတော့ တည်နေရာ တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်တယ်ဆိုပေမဲ့ ကျုပ်သူ့ကို နည်းနည်းတော့ လွမ်းမိတယ်”

“ဆရာ... ဆရာလွမ်းနေတယ်ဆိုတာကိုသိလို့ ကျုပ်ပြန်လာပါပြီ”

ရုတ်တရက် အသံတစ်ခုသည် သူ့၏နားထဲသို့ ဝင်ရောက်လာ၏။

ကြီးမြတ်သူ တုံးကု၏ မျက်နှာ တစ်ခုလုံးသည် အေးခဲသွား၏။ သူသည် ရုတ်တရက် ခေါင်းလှည့်ကာ ကြည့်လိုက်သည့် အချိန်မှာတော့ အပြင်ဘက် စစ်တုရင်ခုံနားတွင်ထိုင်ပြီး သူ့အားပြုံး၍ ကြည့်နေသော ကျွင်းချောင်ရှောင်းကို မြင်လိုက်ရလေသည်။

All Chapters