အခန်း ၁၇၂၁
Vol. 116 Ch. 1721
အပိုင်း(၁၇၂၁)
ပြင်ပမှ ရန်သူများ ကျူးကျော်လာသောကြောင့် ဖြစ်တည်လာခဲ့သည့် အန္တရာယ်များသည် ပြန်လည်ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်သည်ဆိုလျှင်တောင်မှ ယနေ့အချိန်မှာတော့ အလုံးအစုံ ပြိုလဲပျက်စီးလျက်ရှိနေတော့၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ပျက်ဆီးမှုသည် ရှောင်လွှဲ၍မရနိုင်တော့ချေ။
ဟုတ်ပေသည်။ ပျက်ဆီးခြင်းတရားကို မလွှဲသွေ ကြုံရတော့မည်ဆိုလျှင်တောင်မှ ကြယ်ကြွေကုန်းမြေ တိုက်ကြီးအနေနှင့် အနည်းဆုံး ရက်အနည်းငယ်လောက်တော့ တောင့်ခံနိုင်စွမ်းရှိနေသေး၏။
ထို့ကြောင့် သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအချိန်အနည်းငယ်လောက်ကို အခွင့်အရေးယူကာဖြင့် အပြင်ဘက်ဆီသို့ ထွက်ပြေးနိုင်ကြသေး၏။ ၎င်းတို့အနေနှင့် ဤနေရာမှ ထွက်ခွာရသည်ကို နှမြောတသဖြစ်လျက် ရှိသည်ဆိုသော်လည်း တိတ်လန့်ကြောက်ရွံ့မှုတော့ မရှိချေ။ အဆင်ပြေပြေ နှင့် လွတ်မြောက်သွားမည်ဟု ယုံကြည်ချက် တည်ရှိနေသေးသည်။
မည်သူက ထင်မှတ်နေမည်နည်း။ သူတို့အနေနှင့် နေ့စဉ်နေ့တိုင်း ကြယ်လို၊ လလို မျှော်လင့် စောင့်စားလျက်ရှိသည့် ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ပြန်လည် ရောက်ရှိလာ၏။ ၎င်း၏ အော်ရာနှင့် ဟိတ်ဟန်များသည် အလွန် အားကောင်းလွန်းသောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နှလုံးသား ထဲသို့ ထက်ရှလှသည့် ဓားတစ်စင်း ထိုးနှက်လိုက်သကဲ့သို့ပင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် မြန်မြန်ဆန်ဆန်ပဲ ပြိုလဲသွားတော့၏။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်ကြီးတစ်ခုလုံးပြိုလဲပြီး မြေပြင်တစ်ခုလုံးသည် အက်ကွဲနေ၏။ နေနှင့်လတို့သည် ၎င်းတို့၏ အလင်းများ ပျောက်ကွယ်သွား၏။ တဟူးဟူးနှင့်တိုက်ခတ်နေသည့် လေများနှင့် ကြမ်းတမ်းလှသော လေဝဲများ ကြားတွင် ် ဝိညာဉ်များ၏ အော်ညည်းသံကဲ့သို့ ကြောက်မက်ဖွယ်ရာ အော်သံကြီးများ ထွက်ပေါ်နေလေသည်။
“ဘာတွေဖြစ်ကုန်တာလဲ” ကျွင်းချောင်ရှောင်းသည် သင်္ဘောကြီးမှ ပျံသန်းထွက်လာပြီး ဇဝေဇဝါဖြင့် ကြည့်ရှု လိုက်၏။
“………”
ယွမ်ဟယ်သည် ၎င်း၏စိတ်ဓာတ်ကျသည့်အခြေအနေကို ထိန်းချုပ်ပြီးသည့်နောက် ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း... ကြယ်ကြွေကုန်းမြေတိုက်ကြီးက ပျက်ဆီးသွားပြီ”
“ဘယ်သူလုပ်ခဲ့တာလဲ” ကျွင်းချောင်ရှောင်း၏ အမူအရာသည် ချက်ချင်းပင် အေးစက်သွားသည်။
ယွမ်ဟယ်၊ ကင်းသမားရင်နှင့် တခြားသောသူများသည် ချက်ချင်းဆိုသလိုပဲ ပြိုင်တူ လက်ညိုးထိုးကာ ပြောလိုက်၏။ “ခင်ဗျားပဲ”
“………”
ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ အားလုံးသော သူတို့ဆီမှ အကြောင်းအရင်းကို သိရှိပြီးသည့်နောက် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ “ကျုပ်ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ မဟုတ်ပါဘူး”
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်ဟယ်က ပြောလိုက်၏။ “ဒီအခြေအနေက အရမ်းကို အန္တရာယ်များနေပြီ။ ဒီမှာရှိနေတဲ့ သက်ရှိတွေအားလုံး ထွက်ပြေးနိုင်အောင် ကူညီမှဖြစ်မယ်။ မဟုတ်ရင် ....”
ဘုန်း ဘုန်း ......။
ထိုအချိန်မှာတော့ ကြီးမားလွန်းလှသော တည်နေရာကြီး တစ်ခုသည် ပြိုလဲသွားခဲ့၏။ လေဟာနယ်၏ အတွင်းဘက်ဆီမှ လေများတဟူးဟူး တိုက်ခတ်လာခဲ့ပြီး ထိုလေများသည် ထက်ရှသည့် ဓားကြီးများကဲ့သို့ပင် တည်နေရာများကို အစိတ်စိတ်ပိုင်းလျက်ရှိ၏။ လေဟာနယ်၏ စွမ်းအင်များသည် တည်နေရာချိုးဖြတ်ခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို သက်ရောက်ခြင်း မရှိနိုင်သည်ဆိုသော်လည်း သာမန်လူများဆိုလျှင် ထိုအရာနှင့် ထိတွေ့မည်ဆိုလျှင် ချက်ခြင်းပင် သေဆုံးသွားမှာ သေချာသည်။
“ကျုပ်တို့တော့ ဒုက္ခပဲ။ နောက်ကျသွားမှာတောင် စိုးရတယ်”
ကင်းသမားကျိ၊ ကင်းသမားရင်နှင့် တခြားသောသူအားလုံး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ ၎င်းတို့အားလုံး သည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလိုက်ကြ၏။ ထိုအချိန်မှာတော့ ဤကဲ့သို့သော ကပ်ဘေးကြီးဆီမှ လောကကြီး ကို ကယ်တင်နိုင်မည့်သူသည် တစ်ဦးတည်း သာလျှင်ရှိ၏။
“မစိုးရိမ်ကြနဲ့” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် ခပ်တည်တည် ပြောလိုက်သည်။
လောကကြီး တစ်ခုလုံးက ဖျက်ဆီးခံရတော့မည်။ အဘယ်ကြောင့် မစိုးရိမ်ကြနှင့်ဟု ပြောဆိုနေရသနည်း။
“ဂိုဏ်းချုပ်ကျွင်း... နည်းလမ်းတစ်ခုခု စဉ်းစားပါအုံး။ ဂြိုဟ်တစ်ခုလုံး ဖျက်ဆီးခံရခြင်းနောက်မှာ သက်ရှိတွေ မရေမတွက်နိုင်အောင် သေကုန်လိမ့်မယ်” ယွမ်ဟယ်သည် ဆော်ဩလိုက်၏။ အခြေအနေသည် အလျင်လိုလျက်ရှိ၏။ အချိန်ဖြုန်းရန် အခြေအနေမဟုတ်ချေ။
ရွှီး .....
ကျွင်းချောင်ရှောင်းသည် သူ၏ စပီကာကြီးကို ထုတ်ယူကာပြောလိုက်၏။ “ဟယ်လို... အားလုံးပဲ၊ ကျုပ်က ကျွင်းချောင်ရှောင်းပါ”
“………”
ယွမ်ဟယ်နှင့် တခြားသောသူများသည် မြေပေါ်သို့ လဲကျလို့မတတ်ပင် ဖြစ်သွားသည် “အစ်ကိုကြီး … ခင်ဗျား ကျွင်းချောင်ရှောင်းမှန်း တလောကလုံးသိတယ်”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဖျက်ဆီးခံရတော့မယ်။ အားလုံးပဲ စိတ်ကိုအေးအေးထားပါ။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“……..”
ယွမ်ဟယ်နှင့် ကင်းသမားရင်တို့သည် ချက်ခြင်းပဲ ရှေ့ကိုပြေးသွားပြီး ဂိုဏ်ချုပ်ကျွင်းကို ကန်ချင်စိတ်ပင် ပေါက်လျက်ရှိ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက စိတ်ကို အေးအေးထားနိုင်မည်နည်း။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအပေါ်တွင် အလုံးစုံသော ယုံကြည်ချက်တွေ ရှိနေသည်ဖြစ်သောကြောင့် သူတို့သည် စိတ်ကို တည်ငြိမ်အေးချမ်းအောင် ထိန်းချုပ်လိုက်ကြ၏။
“ဂိုဏ်းချုပ်ကျွင်းဆီမှာ ငါတို့ကို ကယ်ဖို့ နည်းလမ်းတစ်ခု ရှိရမယ်။ အားလုံးပဲ စိတ်ကိုအေးအေးသက်သာ ထားကြ”
လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် ၎င်းတို့၏ မျက်လုံးများကို မှိတ်လိုက်ကြ၏ အသိဉာဏ် မရှိသော ကြမ်းတမ်းလွန်းလှသည့် သာရိုင်းများ ဆိုလျှင်တောင်မှ မြေပေါ်တွင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ငြိမ်နေလိုက်ကြ၏။
လောကကြီးတစ်ခုလုံး အဆုံးသတ်သို့ရောက်ရှိလာသည့် အချိန်တွင် သက်ရှိများ အားလုံးသည် ယုံကြည်သူကို ဆုတောင်းမှုကို ပြုလုပ်ကြတော့သည်။
လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ယုံကြည်မှုတို့သည် နတ်ဘုရားကဲ့သို့ အစွမ်းထက်လှသော ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါအုံး။”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သက်ရှိများသည် တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်းလျက် ရှိနေတုန်းမှာပဲ ၎င်းတို့အား နတ်အလင်းကဲ့သို့ တောက်ပသည့် အလင်းများ ဖုံးလွှမ်းသွားခဲ့ပြီး အားလုံးသော သူတို့သည် လေထု ထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။
သံမဏိအရိုးတောင်ကြီးလည်း ပျောက်ကွယ်သွား၏။ ချင်းယန်မြို့လည်း ပျောက်ကွယ်သွား၏။ အရှေ့တောင်ရန်ကျူးလည်း ပျောက်ကွယ်သွား၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သက်ရှိများအားလုံး ပျောက်ကွယ်သွား၏။
လက်ရှိအခြေအနေမှာတော့ စကားလုံး တစ်ခုနှင့် အစားထိုးရမည်ဆိုလျှင် အားလုံးသော သူတို့သည် တည်နေရာ ရွှေ့ပြောင်းခြင်းကို ခံလိုက်ရခြင်းပင်။
ဘုန်း ဘုန်း ....။
တည်နေရာကြီးပြိုလဲ၍ မြေပြင်တစ်ခုလုံးအက်ကွဲပြိုလျက်ရှိ၏။ သဘာဝဘေးအန္တရာယ်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဖျက်ဆီးတော့၏။
အီး .. ဟီး .. အီး ....
ပုံရိပ်ယောင်လိုလို ဝိဉာဉ်လိုလို ကလေးတစ်ယောက်သည် မြေပြင်ပေါ်တွင် ထိုင်ကာငိုလျက်ရှိသည်။
မည်သူနည်း။ ဤအရာသည် ဂြိုလ်၏ မူလအရင်းအမြစ်ပင်ဖြစ်၏။ သက်ရှိများအားလုံး ထွက်ခွာသွားခဲ့ပြီး လောကကြီး တစ်ခုလုံး ဖျက်ဆီးခံရလုနီးပါး ဖြစ်နေသည်ဖြစ်သောကြောင့် ၎င်းသည် အကူအညီမဲ့လျက်ရှိသော မိဘမဲ့ ကလေးလေး တစ်ယောက်ကဲ့သို့ပင်။
ရွှမ်ယွမ်ကုန်းမြေတိုက်ကြီး၏ မူလအရင်းအမြစ်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မူလအရင်းအမြစ်သည် ကလေးငယ် တစ်ယောက်ကဲ့သို့ပင် သေးကွေးလွန်း၏။
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် အသာဆင်းသက်ပြီးသည့်နောက် ထိုကောင်လေး၏ ခေါင်းပေါ်သို့ လက်တင်ကာ တောင်းပန်လိုက်သည်။ “ဒီလောကကြီးကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ ပြီးတော့ မင်းကိုလည်း မကာကွယ်နိုင်ခဲ့ဘူး”
“ဒါဟာ ခင်ဗျားရဲ့ အပြစ်မဟုတ်ပါဘူး”
လူငယ်လေးသည် ငိုရှိုက်ရင်းပြောလိုက်၏။ “တစုံတခုကို အပြစ်တင်ချင်တယ်ဆိုလျှင် ဟိုမုန်းစရာကောင်းတဲ့ ကျူကျော်သူတွေကိုပဲ အပြစ်တင်ရမယ်”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ “ဒီလောကကြီး ဖျက်ဆီးခံရခြင်းက သူတို့ကြောင့်ပဲ”
အဓိက အကြောင်းအရာအားဖြင့် ကျူးကျော်သူ ရန်သူများသည် ဤနေရာကို ကျူးကျော်လာပြီးနောက် ကြီးမားသည့် အန္တရာယ်ဖြစ်တည်အောင် ဖန်တီးခဲ့၏။ မဟုတ်ပါက အေးအေးသက်သာနှင့် နေထိုင်သည့်သူများသည် ဤကဲ့သို့သော အခြေအနေကို ကြုံစရာအကြောင်းမရှိချေ။
“ဂိုဏ်းချုပ်ကျွင်း”
ကလေးငယ်သည် သူ၏ မျက်ရည်များကို သုတ်ကာဖြင့် ပြောလိုက်၏ “ဒီလောကကြီးကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
မူလစွမ်းအင်သည် စိတ်ဝိညာဉ်ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ခဲ့သည်ဆိုသော်လည်း မည်သည့်အခါကမှ ပေါ်မလာခဲ့ချေ။ သို့သော်ငြား အတိတ်က ကျွင်းချောင်ရှောင်း လုပ်ခဲ့သည့်အရာအားလုံးကို သူက သိရှိသည်။ လက်ရှိအချိန်မှာတော့ သူ၏ ကျေးဇူးတင်ခြင်းအမူကို ထုတ်ဖော်ပြသရမည့် အချိန် ရောက်ရှိလာခဲ့သည်။
“ကြယ်ကြွေကုန်းမြေတိုကကြီးက ကျုပ်ရဲ့အိမ်လေ”
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး ကျုပ်ရဲ့အိမ်ကို မကူညီပဲ ထားရမှာလဲ”
အဟင့်….အဟင့်
လူငယ်သည် မျက်ရည်များကျဆင်းလာခဲ့သည်။ “ဂိုဏ်းချုပ်ကျွင်းလို လူတစ်ယောက် ရှိနေတာ။ ကောင်းချီး မင်္ဂလာပါပဲ။ အသက်ရှင်နေထိုင်ရတာ အလကား မဟုတ်တော့ပါဘူး”
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသည့်နောက် ကလေးငယ်၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်၏။ “ကြယ်တာရာစိတ်ဝိညာဉ် လောကသို့ သွားပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ကျိန်းသေပေါက် လက်စားချေပစ်မယ်။ ဖျက်ဆီးပစ်မယ်”
“ဂိုဏ်းချုပ်ကျွင်း ဒီလိုလုပ်မယ်ဆိုတာ ကျုပ်ယုံကြည်ပါတယ်။ ဒါပေမဲ့”
ကလေးငယ်သည် ငိုရှိုက်ရင်း ပြောလိုက်ပြန်သည်။ “အဲဒီအထိ ကျုပ် မစောင့်နိုင်တော့မှာ စိုးရတယ်”
ဂြိုဟ်ကြီးသည် ဖျက်ဆီးခံလိုက်ရ၏။ သူသည်လည်း မည်သည့်အခါကမှ မရှိခဲ့သလိုပင် ပျောက်ကွယ်သွား ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ဒီလောကကြီးကို ကယ်တင်ဖို့ စွမ်းရည် ကျုပ်မှာ မရှိဘူး ဆိုပေမဲ့ မင်းကို ကယ်တင်ဖို့အတွက် စွမ်းရည်တော့ရှိတယ်။ ဒီတည်နေရာကနေ ထွက်ခွာသွားချင်စိတ် ရှိတယ်ဆိုလျှင် အိမ်အသစ်တစ်ခု ကျုပ်ရှာပေးမယ်”
“အိမ်အသစ် ဟုတ်လား” ကလေးငယ်သည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။
“စိတ်ကိုအေးအေးထား... အိမ်ကိုခေါ်သွားမယ်” ကျွင်းချောင်းရှောင်၏ အသံသည် အလွန်ပင် ညှင်သာလျက်ရှိ၏။ အလွန် ကြင်နာတတ်သော ဖခင်တစ်ယောက်ကဲ့သို့ပင်။
ဤကဲ့သို့သောသူမျိုးသည် ကြောင်တောင်တောင် ပြောင်စပ်စပ် နှင့်လူမျိုး ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်ထားလိမ့်မည် မဟုတ်ချေ။
…………..
ဝှစ်……ဝှစ်
လေအေးများသည် ဓားများကဲ့သို့ပင် တိုက်ခိုက်လျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးကို ဖျက်စီးနေ၏။ ဂြိုဟ်တစ်ခုသည် ရုတ်တရက် ရုတ်တရက် ပြိုလဲသွားလေတော့သည်။
ဝှစ်
ရုတ်တရက် လောကကြီးတစ်ခုလုံးသည် မီးတောက်မီးညွှန့်များဖြင့် ဖုံးလွှမ်းလျက်ရှိပြီး နက်မှောင်လျက် ရှိနေသည့် စကြဝဠာကြီးထဲတွင် တောက်ပလာခဲ့၏။ ထိုအရာသည် အလုံးစုံ ပျက်စီးခြင်း၏ မီးတောက်များပင်။
ကျွင်းချောင်းရှောင်းသည် မီးများကြားထဲမှ လျှောက်ထွက်လာခဲ့၏ သူ၏အမူအရာသည် ဝမ်းနည်းသည်လည်း မဟုတ်၊ ပျော်ရွှင်သည်လည်း မရှိချေ။
ဂြိုဟ်တစ်ခုလုံး မီးလောင်ကျွမ်းမှု - ဤအရာသည် ကြီးမားလှသည့် မီးသင်္ဂြိုလ်မှုကြီးနှင့်ပင် တူညီနေ၏။
“ကြယ်တာရာစိတ်ဝိညာဉ်လောက”
ကျွင်းချောင်းရှောင်သည် အဆုံးမရှိသော စကြဝဠာကြီးထဲတွင် မတ်မတ် ရပ်လျက်ရှိ၏။ သူ၏မျက်လုံးများသည် အေးစက်လို့နေသည်။ “သွေးကြွေးအတွက် သွေးနဲ့ပြန်ဆပ်ရမယ်”
မြို့တော်ဝန်ရှဲ့နှင့် အခြားသောသူများအတွက် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ၎င်းတို့၏ အိမ်ပင်ဖြစ်၏။ ထို့အတူ ကျွင်းချောင်းရှောင်း၏ အိမ်လည်းဖြစ်၏။ အားလုံးသော သူတို့၏ ကြယ်တာရာ စိတ်ဝိညာဉ်လောကကြောင့် ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ထိုကဲ့သို့သော အခြေအနေမျိုးကို ပြန်လည်ကာ လက်စားမချေဘူးဆိုပါက သူ့အား မည်ကဲ့သို့ လူတော်၊ လူကောင်းဟု သတ်မှတ်ရတော့မည်နည်း။
ဝမ် ဝမ်
ထိုအချိန်မှာတော့ အဆင့်နိမ့် စကြဝဌာကြီးတစ်ခုသည် တုန်ခါသွားခဲ့ပြီး ဒါဇင်နှင့်ချီသော ရွက်သင်္ဘောကြီးများသည် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့၏။ ထိုရွက်သင်္ဘောများသည် ထာဝရရွက်သင်္ဘောကြီးကို ဝိုင်းရံထား၏။
ကျွင်းချောင်းရှောင်သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ဤရွက်သင်္ဘောကြီး၏ ကိုယ်ထည်ပေါ်တွင် ကြယ်တာရာ စိတ်ဝိညာဉ်ဟု ရေးထိုးထားခဲ့သောကြောင့်ပင်။
သူသည် ဒေါသအလွန်ထွက်လျက်ရှိ၏။ ထိုသို့သော အချိန်မျိုးတွင် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို တစ်ဖက်လူများ သည် ပေါ်ပေါက်လာခဲ့၏။
“အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်”
“ကောင်လေး”
အဓိက ရွက်သင်္ဘောကြီးဆီမှ အေးစက်သည့်အသံတစ်ခုထွက်ပေါ်လာသည်။ “မင်း အောက်စကြဝဠာ နယ်မြေထဲကို လှည့်လည်သွားလာနေလို့ ငါမင်းကို မရှာနိုင်တော့ဘူးလို့ ထင်နေတာလား။”
ဝှစ်
ကျွင်းချောင်ရှောင်း ၏ ခန္ဓာကိုယ်တွင် မီးတောက်ကဲ့သို့ အရာများ ဖြစ်တည်လာခဲ့ပြီး ရှေးဟောင်းချပ်ဝတ်ကြီးတစ်ခု ပေါ်လာခဲ့၏။ သူသည် လက်ကိုအသာမြှောက်ပြီးသည့်နောက် လက်ထဲတွင် အင်မော်တယ်ဓားက ပေါ်ပေါက်လာ၏။
ကျွင်းချောင်းရှောင်းသည် နီရဲသည့်မျက်လုံးအစုံနှင့်အတူ သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ဒီနေ့သေရတော့မယ်”