အခန်း ၁၇၂၂
Vol. 116 Ch. 1722
အပိုင်း (၁၇၂၂)
လွန်ခဲ့သည့်နှစ်တုန်းက ကျွင်းချောင်းရှောင်သည် အထက်နယ်မြေဆီမှ ထွက်ခွာသွားခဲ့ပြီးနောက် စကြဝဠာ တစ်ခုလုံးအနှံ့သို့ လှည့်လည်ကာ သွားလာနေခဲ့၏။ ထိုအချိန် အတောအတွင်းမှာပဲ ကြယ်တာရာ စိတ်ဝိညာဉ်လောကသည် ၎င်းတို့၏ရွက်သင်္ဘောများကို စေလွှတ်လျက်ရှိ၏။ ထာဝရ ရွက်သင်္ဘောကြီးဆီမှ လှုပ်ရှားမှုကို အတည်ပြုနိုင်ခဲ့သောကြောင့်ပင်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ဤရွက်သင်္ဘောကြီး သည် တခြားသော တစ်စုံတစ်ယောက်၏ ပြန်လည်ပြုပြင်မှုကို ခံထားရသည်ဆိုရင်တောင်မှ မည်သည့် နေရာတွင်ရှိသည်ဆိုသောအချက်အလက်ကို သူတို့က ကောင်းကောင်းနားလည်၏ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင် ထုတ်လုပ်ထားခဲ့သောအရာ ဖြစ်သည့်အပြင် ခြေရာခံလိုက်နိုင်သော စနစ်ကို ထည့်သွင်းထားသောကြောင့်ပင်။
ထိုက်ရွှမ်အဘိုးအိုသည် ဤအရာကို သတိမပြုမိ၍ မဟုတ်ချေ။ သို့ပေမယ့် ထိုအရာကို ပြန်လည်ပြင်ဆင်ရန် အတွက် သူ့၌စွမ်းဆောင်ရည် မရှိသောကြောင့်ပင်။ သို့ပေမဲ့ ရွက်သင်္ဘောကြီးကို လေ့လာရင်း၊ လေ့လာရင်းနှင့် များပြားလှသည့် အစီရင်များကို အသစ်တဖန် ပြန်လည်ပြင်ဆင်ရင်း မကြာခင်မှာပင် သဲလွန်စတစ်ခုကို ရရှိခဲ့၏။ သို့ပေမဲ့ ပြန်လည် ဖျက်ဆီးရန်အတွက် အချိန်မရရှိခဲ့သေးချေ။
“ငါတို့ကို သတ်ပစ်မှာဟုတ်လား”
အဓိက ရွက်သင်္ဘောကြီးဆီမှ နှာခေါင်းရှုံသံ တစ်ခု ထွက်လာ၏။ “မင်း...အိမ်မက်ထဲမှာ စကား ပြောနေတာလား”
ခလွပ် ခလွပ်
ရွက်သင်္ဘောကြီးဆီမှ ဒါဇင်နှင့်ချီသော တံခါးပေါက်များ ပွင့်သွားခဲ့၏။ ကြယ်တာရာ စိတ်ဝိညာဉ် လောကမှ စစ်သည်တော်များသည် ကောင်းမွန်လှသည့် လက်နက်ပစ္စည်းများကို ကိုင်ဆောင်ကာဖြင့် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလာခဲ့ကြသည်။
၎င်းတို့သည် စုစုပေါင်း လူဦးရေ တစ်သိန်းနီးပါးခန့်ရှိပြီး အစစ်အမှန် ရှာဖွေခြင်းအလယ်လတ်အဆင့်နှင့် အထက်အဆင့် ကျင့်ကြံသူ တော်တော် များများပါဝင်၏။ တချို့ဆိုလျှင် အစစ်အမှန်ရှာဖွေခြင်း၊ ထိပ်ဆုံးအဆင့်နှင့် နတ်ဘုရား လျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း ကျင့်ကြံခြင်း အဆင့်များပင်လျှင် ပါဝင် နေသေး၏။
ပထမ ရွက်သင်္ဘောကြီးသည် လူပေါင်းများစွာကို စေလွှတ်ကာဖြင့် အထက်နယ်မြေကို ကျူးကျော်လာသည် ဆိုသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုစွမ်းအားသည် ဒရုန်းများပေါ်တွင်သာ အခြေခံခဲ့၏။ လက်ရှိ အခြေအနေမှာတော့ များပြားလှသော စစ်သည်တော်များကို ခေါ်ဆောင်လာခဲ့သောကြောင့် တစ်ဘက်လူ များသည် အလွန်တရာ လေးနက်စွာဖြင့် ပြုမှုဆောင်ရွက်လာကြောင်း သိသာသည်။
သူတို့သည် ကျွင်းချောင်ရှောင်အား အသက်ရှင်ရန် လက်လွှတ်ပေးမည့်ပုံမပေါ်ချေ။ စကားနှင့်မဟုတ်ပေ။ အမူအရာနှင့် ပြသနေခဲ့၏။
ဆွစ်
စစ်သည်များ စုစည်းလာပြီးသည့်နောက် ငွေရောင်ဆံပင်နှင့် လူတစ်ယောက်သည် အဓိက ရွက်သင်္ဘောထဲမှ ပျံသန်းထွက်ခွာလာ၏။ ၎င်း၏အသားအရည် တစ်ခုလုံးသည် ချောမောပြီး ကြည့်ကောင်းလွန်းလှ၏ အမျိုးသမီးများထက်ပင် ပိုမိုကာ လှပနေသေးသည်။
ဆံပင်ဖြူနှင့်လူသည် ဤရွက်သင်္ဘောကြီး၏ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်၏။ သူ၏ ဂုဏ်သိက္ခာနှင့် ကျင့်ကြံခြင်းအဆင့်သည် ကြယ်တာရာ စိတ်ဝိညာဉ်လောကကြီးဆီမှ ပထမ ရေတပ်ဦးစီးချုပ်ထက် ပိုမိုကာ အဆင့်မြင့်မား၏။
တွက်ချက်မှုအရဆိုလျှင် သူ၏တိုက်ခိုက်နိုင်မှုစွမ်းရည်သည် တစ်သောင်းအထက်တွင်ရှိ၏။ သူသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်သည်။ “တစ်သောင်းကိုတောင် မကျော်ပဲနှင့် ဆရာကြီးလိုပုံစံမျိုးလုပ်မနေနဲ့”
တကယ်တမ်း ရွက်သင်္ဘောတွင် ရှိနေသော ပစ္စည်းများဆီမှာ တိကျသည့် သုံးသပ်ချက်များ ရှိနေ၏။ ထိုအရာသည် ကျွင်းချောင်းရှောင်၏ တိုက်ခိုက်မှုစွမ်းရည်မှာ ကိုးထောင်ပင် မကျော်ကြောင်းကို ပြသလျက် ရှိနေ၏။
ဟုတ်ပေသည်။ ဤအရာသည် စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သောကြောင့်သာ ဤမျှလောက် ပြသနေခြင်းဖြစ်၏။ ထိုအရာကိုသာ ဝတ်ဆင်မထားပါက သူ၏တိုက်ခိုက်နိုင်မှု စွမ်းအားသည် ခုနှစ်ထောင် အောက်တွင် တည်ရှိနေပေလိမ့်မည်။
တိုက်ခိုက်နိုင်မှုစွမ်းရည်ကိုထားအုံး။ လက်နက်ပစ္စည်းများကို ဝတ်ဆင်၊ ကိုင်ဆောင်လိုက်သည်နှင့် ဤမျှကြီးမားလှသည့် တိုက်ခိုက်နိုင်မှုစွမ်းရည်ကို တိုးတက်သွားသောကြောင့် ကျွင်းချောင်းရှောင်အနေဖြင့် အင်ပါယာ မိုးကောင်းကင် လောကမှ သူများအား အင်မော်တယ်ဓား တစ်လက်တည်းဖြင့် တိုက်ခိုက် အနိုင်ယူနိုင်ခြင်း မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
“ကောင်လေး”
ဆံပင်အဖြူနှင့်လူသည် ထူးမခြာနားသလို ပြောလိုက်၏ “ငါတို့ ကြယ်တာရာ စိတ်ဝိညာဉ် လောကက ရွက်သင်္ဘောကြီးကိုတောင် ယူပြီးသုံးရဲတယ် ဟုတ်လား။ မင်းအသက်ရှင်ရတာ ပင်ပန်း နေလို့နေမယ်။”
“ရွက်သင်္ဘောကြီးမှာ ရှိနေတဲ့ ယန္တရားတွေက မင်း ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ကောင်းကောင်း ပြသနိုင်တယ်။ ဒီတော့ မင်းအနေနှင့် ပေါက်ကရတွေ လျှောက်တွေးပြီးလုပ်ဖို့ စဉ်းစားမနေနဲ့။ ပြီးတော့ လူသေတွေက အတွေး မရှိကြဘူးလေ။ ဆက်လည်း တွေးနိုင်တော့မဟုတ်ပါဘူး” ဆံပင်ဖြူနှင့်လူသည် အေးစက်စက်ပြုံးလိုက်သည်။
“ခင်ဗျား ပြောပြီးပြီးလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏ သူ၏ အမူအရာသည် အေးစက်လျက် ရှိပြီး စကားလည်း နည်းပါးလှ၏။
ရံဖန်ရံခါဆိုသလို လက်ခံသူအား ရင်နာအောင် ဝင်ရောက်ကာ ပြောဆို တတ်သည့် စနစ်သည် လက်ရှိအခြေအနေမှာတော့ ငြိမ်သက်တိတ်ဆိတ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် လက်ခံသူသည် လက်ရှိအခြေအနေတွင် အလွန်တရာ လေးနက်လျက်နေကြောင်း သိရှိသောကြောင့်ပင်။ ထို့ကြောင့် အခြေအနေကို ပျက်စီးသွားအောင် ဝင်ရောက်ကာ မနှောင့်ယှက်ချင်ပေ။
“ကျွတ် ကျွတ် ကျွတ်”
ဆံပင်အဖြူရောင်နှင့်လူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ပုံစံကြည့်ရတာ နည်းနည်း ကြောက်ဖို့ကောင်းပုံပဲ။ ဟား……..ဟား”
သူ၏ မျက်လုံးများသည် အေးစက်သွားခဲ့သည် “ဒီနေ့မှာ သေခြင်းတရားဆိုတာ ဘာလဲ မင်းကိုပြမယ်”
ဆွစ် ဆွစ်
ရုတ်တရက် အလင်းတန်းများသည် လေဟာနယ်ကို ချိုးဖျက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာ၏။ ထိုအရာသည် သေးငယ်လွန်းလှသော အပ်လေးများပင်ဖြစ်၏။ သို့ပေမဲ့ နှိုင်းယှဉ်၍ မရအောင် ထက်ရှလွန်း၏။
ဒင် ဒင်
ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို မတ်မတ်ထားကာဖြင့် ဝင်ရောက်လာသည့် လက်နက်ပုန်းများ အားလုံးကို တားဆီလိုက်သည်။
ရွှီ ရွှီ
သေးငယ်လှသော အပ်ကလေးများအားလုံးသည် စကြဝဠာ၏လေဟာနယ်ကို ထွင်းဖောက်ကာဖြင့် နောက်ကွယ်သို့ ရောက်ရှိသွားသည့် အချိန်တွင် နက်ရှိုင်းပြီး ကြီးမားလွန်းလှသည့် အက်ကွဲကြောင်းများ သည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ဤအပ်ကလေးများသည် သာမန်အပ်ကလေးများ မဟုတ်ပေ။ အဆင်မြင့်ရတနာများသာ ဖြစ်လို့နေ၏။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ အဖြူရောင်ဆံပင်နှင့်လူသည် ရှေ့ဆီသို့လှမ်းတက်လာ၏။ သူ့ကိုကြည့်နေသည်မှာ ဝိညာဉ်တစ်ကောင်ကဲ့သို့ပင်။ တည်နေရာ ရွေ့လျားပြီးသည့်နောက် ပုံရိပ်ယောင်များသည် အထပ်ထပ် ကျန်ရှိခဲ့၏။ မည်သည့်အရာသည် အစစ်၊ မည်သည့်အရာသည် ပုံရိပ်ယောင်ဆိုသည်ကိုပင် ခန့်မှန်းရန် ခက်ခဲ လှ၏။ သူသည် အမှန်ပင်ကောင်းမွန်လှသည့် တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်ကာ တစ်ဖက်လူအား အံ့အားသင့်အောင် ပြုလုပ်နေခြင်းပင်။
သို့ပေမဲ့ ကျွင်းချောင်းရှောင်းအတွက် အံ့အားသင့်ခြင်း၊ မသင့်ခြင်းကို အရေးမကြီးလှပေ။ အရေးကြီးသည်မှာ တစ်ဘက်လူအား တိုက်ခိုက်ရန်ပင်ဖြစ်၏ “သေစမ်း”
ရုတ်တရက် အေးစက်လှသည့် အော်ဟစ်သံသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ သိုင်းကျင့်ကြံသူ၏ အတွေးကို ဖြတ်တောက်သွားခဲ့သည်။
ကြီးမားလှသည့် ဓားကြီးတစ်ခုသည် သူ့၏ အမြင်အာရုံထဲတွင် ဖြစ်တည်လာသည်ကို မြင်လိုက်ရ၏။
အားလုံးသော သူတို့သည် ဆွံ့အသွားခဲ့ကြ၏။ ကြက်သီးမွေးညင်း များလည်း ထလာတော့သည်။
ဒွီ ဒွီ
အဓိက ရွက်သင်္ဘောကြီးတွင်ရှိနေသော တိုက်ခိုက်နိုင်မှုစွမ်းရည်ကို ပြသသော စွမ်းဆောင်ရည်တိုင်းတာသည့် စက်မြင်ကွင်းမှာတော့ ကျွင်းချောင်းရှောင်း၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တဖြည်းဖြည်း တိုးတက်လျက်ရှိ၏။
“ကိုးထောင်၊ တစ်သောင်း၊ သောင်းတစ်ထောင် ၊ သောင်းနှစ်ထောင်”
ထိုနေရာတွင်ရှိနေသည့် စစ်သည်တော်သည် မျက်လုံးများ ပြူးထွက်လာမတက် ဖြစ်နေ၏။ အဓိက ရွက်သင်္ဘောကြီးနှင့် ချိတ်ဆက်လျက် ရှိနေသည့် အဖြူရောင်ဆံပင်နှင့်လူသည် ထိုအချင်းအရာကိုမြင်၏။ သူ၏အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝှစ်
ဓား၏အော်ရာများသည် ပေါက်ကွဲထွက်သွားပြီး တည်နေရာတစ်ခုလုံးကို ဆွဲဖြဲသွား၏။
……………..
ယုဒြာကုန်းမြေတိုက်
ကဲ့ကျင်းနန်သည် ခြံ၏အနောက်ဘက်တွင် လဲလျောင်းပြီး နေပူဆာလှုံနေ၏။ ကျွင်းချောင်ရှောင်း နှင့် ရင်းနှီးလှသည့် စီးပွားရေးလုပ်ငန်းဖော် တစ်ယောက်ဖြစ်သည်မို့ သူမသည် ယခုနှစ်ပိုင်းအတွင်း အလွန် သက်တောင့်သက်သာသော ဘဝ၌ နေထိုင်နေရ၏။
“အမ်”
ရုတ်တရက် သူမ၏ မျက်လုံးများသည် ပြူးထွက်သွား၏။ သာမာန်မျက်စိနှင့်ပင် မြင်နိုင်စွမ်းရှိသော အလင်းတန်းကြီးတစ်ခုသည် တည်ငြိမ်အေးချမ်းလျက်ရှိနေသည့် ကောင်းကင်ယံကြီးတွင် ပေါ်ပေါက်လာခဲ့သည်။
“ဒါက”
ကဲ့ကျင်းနန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အံ့အားသင့်စွာ ပြောလိုက်၏။ “ဓားရဲ့အော်ရာတွေ ပါလား”
ယုဒြာကုန်းမြေတိုက်မှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ထိုအလင်းကို မြင်လိုက်ရ၏။ ထိုအလင်းတန်းကြီး သည် ကောင်းကင်တစ်ခုလုံးကိုပင် ထိုးခွဲသွားသလိုပင်။ အားလုံးသော သူတို့၏ နှလုံးသားများသည် ထိတ်လန့်တုန်လှုပ်မှုများဖြစ်တည်လာခဲ့သည်။ “စကြဝဠာထဲမှာ ဓားအော်ရာတစ်ခု ပေါ်လာတာပဲ”
………………………
ဘုံကိုးပါးကုန်းမြေတိုက်
မိုရှန်ရှမ်းသည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိပြီး အထက်ပိုင်း အကြီးအကဲများနှင့် စီးပွားရေး ကိစ္စများ ဆွေးနွေးနေ၏။
“မြို့တော်ဝန်”
ထိုအချိန်မှာတော့ နောက်လိုက်တစ်ယောက်သည် အထဲသို့လျှောက်ဝင်ကာဖြင့် ပြောလိုက်သည်။ “အခြေ... အပြင်မှာ အခြေအနေတစ်ခုဖြစ်နေတယ်”
မိုရှန်းရှမ်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အဓိကဟောခန်း၏ အပြင်ဘက်ဆီသို့ ထွက်လျှောက် လိုက်၏။ ပြီးသည့်နောက် ကောင်ကင်ယံတစ်ခုလုံးတွင် ဓားအော်ရာများပြည့်နှက်နေသော အလင်းတန်းကြီးတစ်ခု ဖြစ်တည်နေကြောင်း မြင်လိုက်ရချိန်မှာတော့ သူ၏ မျက်နှာအမူအရာသည် အေးခဲသွား၏။
“ဓားအော်ရာတွေ” တည်နေရာ ရွှေ့ပြောင်းခြင်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်၊ လင်းယွမ်ကုန်းမြေတိုက်နှင့် အင်ပါရီယာဓား ကုန်းမြေတိုက်တို့မှ လူများအားလုံးသည်လည်း ထိုအချင်းအရာကို မြင်နေကြ၏။
် တလက်လက် တောက်ပလျက် ရှိနေသည့် ဓားအော်ရာများကို ဂြိုဟ်အသီးသီးဆီမှ မြင်နေရခြင်းပင်။ ဓား၏ အော်ရာများသည် ကြောက်ခမန်းလိလိ ကြောက်မက်ဖွယ်ရာကောင်းလှသည်။
…………………………….
ဝှစ် ဝှစ်
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် မီးတောက်မီးလျှံများနှင့် တောက်ပလျက် ရှိနေသေး၏။ အနီးအနားရှိ စကြဝဠာထဲမှာတော့ ကြီးမားလွန်းလှသော လေဟာနယ်၏ အက်ကွဲကြောင်းများ ဖြစ်တည်နေ၏။ ထိုအရာများသည် အဆင့်နိမ့်ဂြိုဟ်တစ်ခုခုအား နှစ်ပိုင်းပိုင်းဖြတ်နိုင်သည်အထိ အားကောင်း၏။
ကောင်ကင်ယံထက်တွင် လွှင့်မြောလျက် ရှိနေသည့် ဒါဇင်နှင့်ရှိသော ရွက်သင်္ဘောများ အားလုံးနှင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်သိန်းတို့သည် တွေဝေငေးငိုင်စွာဖြင့် မတ်မတ်ရပ်နေကြ၏။ အဖြူရောင်ဆံပင်နှင့်လူသည်လည်း ထိုတည်နေရာတွင်ရှိနေသည်။ ၎င်း၏ခန္ဓာကိုယ်နှင့် ကြွက်သားများ အားလုံးသည် တုန်ယင်လျက်ရှိ၏။
သူ၏ရှေ့မှာတော့ ကျွင်းချောင်ရှောင်း၏ တိုက်ပွဲဝင်ဝတ်စုံနှင့်အတူ လေထုထဲတွင် လွင့်မျောလျက် ရှိနေ၏။ ခန္ဓာကိုယ်တွင် မီးတောက်များ တောက်လောင်နေသည်။ လက်ထဲတွင်ရှိနေသော အင်မော်တယ်ဓားသည် အလင်းတန်းများနှင့် တောက်ပနေသည်။ ထိုအရာက အဓိက မဟုတ်ပေ။
အဓိကမှာ ကျွင်းချောင်းရှောင်၏ အနောက်ဘက်တွင် မျောက်ကဲ့သို့ ပုံရိပ်ယောင်တစ်ကောင် ထင်ပေါ် လာခဲ့ပြီး လက်များကို ပိုက်ကာဖြင့် အေးစက်စက် အော်ဟစ်လိုက်ခြင်းပင်။ “ငါနဲ့ ယှဉ်ချင်သေးတာလား”
“ခင်ဗျား”
အဖြူရောင်ဆံပင်နှင့်လူသည် အံ့အားသင့်သွား၏။ သို့ပေမဲ့ သူ့အနေနှင့် စကားကို ပြီးဆုံးအောင် မပြောလိုက်ရချေ။ သူ၏နဖူး၊ နှာခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ် တစ်ခုလုံးသည် နှစ်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။
ဇွိ ဇွိ
တချိန်တည်းမှာပင် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးဆီမှ လူတစ်သိန်းကျော်တို့၏ လက်များ၊ ခြေများနှင့် သွေးများအားလုံးသည် စကြဝဠာထဲတွင် လွင့်မျောကုန်၏။
ဘုန်း ဘုန်း ဘုန်း
ဒါဇင်နှင့်ရှိသော ရွက်သင်္ဘောကြီးများသည် ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး ၎င်းကိုမောင်းနှင်သူများကဲ့သို့ပင် တစစီ ဖြစ်ကုန်သည်။
ဓားတစ်ချက်နှင့် အားလုံးသောသူတို့ကို ဖျက်ဆီးခဲ့၏။ မျောက်မင်းကြီး အသက်ဝင်လာခြင်းသည် ကြောက်မက်ဖွယ်ရာပင်။
“အင်း”
စနစ်သည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါတွေကို ဖျက်ဆီးဖို့အတွက် ရှိသမျှ အမှတ်သုံးမှတ်လုံးကို ကုန်ဆုံးအောင် ပြုလုပ်နေရုံတင်မကဘူး မျောက်မင်းကြီးကိုပါ ဖိတ်ခေါ်ခဲ့သေးတယ်။ လက်ခံသူက လေးနက်တဲ့ အချိန်မှာ လူသားတောင်မဆန်တော့ပါလား”
…………………
ဝှစ် ဝှစ်
မီးလောင်ကျွမ်းလျက်ရှိသော ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ အလောင်းပေါင်း တစ်သိန်းကျော်တို့သည် ရောက်ရှိသွား၏။ ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့်အတူ မီးသဂြိုလ်ခြင်းကို ခံလိုက်ရတော့၏။ ထိုမှသာလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား လေးစားသမှု ထားရှိခဲ့ခြင်းပင်ဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်တွင်ရှိသော သိုလှောင်လက်စွပ်များပင်လျှင် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သောအရာများကို ရယူသိမ်းဆည်းတတ်သည့် လူတစ်ယောက် ဖြစ်လျှင်တောင်မှ လက်ရှိအခြေအနေတွင် ထိုအရာများကို ဂရုမစိုက်တော့ချေ။ သူ၏ နောက်ကျော တစ်ခုလုံးသည် မီးတောက်များနှင့် တောက်ပလျက်ရှိပြီး အလွန်တရာအေးစက်လှသည့် အမူအရာများကို ထုတ်ဖော်နေသည်။
ကျွင်းချောင်ရှောင်းသည် စတင်ကာ တိုက်ခိုက်ရန် စဉ်စားစဉ်တည်းက နောက်ဆုံးအချိန်ထိ စကားတစ်ခွန်းတည်းသာလျှင် ပြောခဲ့၏။ ထိုစကားသည် “သေစမ်း” ဟူသော စကားပင်။