← Chapters

အခန်း ၁၇၂၆

Vol. 116 Ch. 1726

အခန်း ၁၇၂၆

Vol. 116 Ch. 1726

အပိုင်း (၁၇၂၆)

ထိပ်တန်းဂိုဏ်းတစ်ခုအနေနှင့် ပိုမိုကောင်းမွန်လာသည့်အစီအစဉ်များကို ရေးဆွဲထားရသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့် အကြီးအကဲများသည် တပည့်များကို ဦးဆောင်ပြီး အဓိကတောင်ထွတ်၌ နှစ်စဉ်နှစ်တိုင်း ဆိုသလို ယှဉ်ပြိုင်ကြရမည်။ ထိုအကြံပြုချက်သည် ယွမ်သခင်လေးဆီမှ ရရှိလာခဲ့ခြင်းပင်။ ထိုအရာသည် ရေရှည်ဆိုသလို အကျိုးကျေးဇူးကို ရရှိနိုင်ပေလိမ့်မည်။

အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်းထဲ၌ အကြီးအကဲများသည် အချိန်အတော်ကြာလျှင် တစ်ခါဆိုသလို သိုင်းတာအိုနှင့်ပတ်သက်၍ သင်ကြားပြသခြင်းများကို ပြုလုပ်တတ်၏။ အဘိုးကြီးတင်း၊ အဘိုးကြီးကုန်းနှင့် တခြားသောသူများအားလုံးသည် ရံဖန်ရံခါဆိုသလို လာရောက်ကာ သင်ပြပေးတတ်သည်။ သို့ပေမဲ့ တပည့်အရေအတွက်မှာ အလွန်တရာ များပြားလွန်းသောကြောင့် ကောင်းမွန်လှသည့် ရလဒ်ကို ရရှိရန် ခက်ခဲလွန်းနေသည်။

အခြေအနေသည် အကြီးအကဲများအနေနှင့် တပည့်များကို လေ့ကျင့်ပေးရသည့် အခြေအနေမျိုးကို ပြောင်းလဲသွားခဲ့ပြီဖြစ်သောကြောင့် အားလုံးသော လူတို့သည် ပိုမိုကာ တက်ကြွ လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့အတူ ပြိုင်စံရှားဂိုဏ်းသည်လည်း ပို၍ ပို၍ စနစ်ကျလာခဲ့သည်။ စည်းမျဉ်းအသစ်ကို ကြေညာပြီးသည့်နောက် ဂိုဏ်းတစ်ခုလုံးသည် ရုတ်တရက် အသက်ဝင်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အကြီးအကဲများသည် တပည့်သစ်များရရှိရန်အတွက် အကြိတ်အနယ်နှင့် ကြိုးစားနေကြသောကြောင့်ပင်။

အချက်အလက်အားဖြင့် သူတို့နိုင်ခြင်းမနိုင်ခြင်းက ကိစ္စမရှိလှချေ။ သို့ပေမဲ့ ရှုံးနိမ့်သွားပြီဆိုလျှင်တော့ တစ်နှစ်ပတ်လုံး အိမ်သာဆေးရပေတော့မည်။ ထို့ကြောင့် ထိုကဲ့သို့သော အိမ်သာဆေးခြင်းကိစ္စရပ်များကို မည်သူကမျှ မပြုလုပ်ချင်သည်မှာ သဘာဝပင်ဖြစ်၏။ ပါရမီရှင်များကို ရွေးချယ်၍ အကောင်းမွန်ဆုံးသော ကျင့်ကြံသူများဖြစ်လာရန်အတွက် ပြုစုပျိုးထောင်ပေးရသည်မှာ သူတို့၏ တာဝန်အဖြစ် ဖြစ်တည်လာခဲ့၏။

ဟုတ်ပေ၏။ ယုစီနန်နှင့် တခြားသောသူများအားလုံးသည် အနည်းငယ် စိတ်ဓာတ်ကျလို့နေခဲ့၏။ လင်းရီနှင့် ရဲ့ဖန် တို့ကဲ့သို့ ပြုစုပျိုးထောင်ရန်ကောင်းမွန်လှသည် လူနှစ်ယောက်ကို ဂိုဏ်းချုပ်အရင်ဦးဆုံးလုယူသွားခဲ့၏။

“ဟင်း.....ဂိုဏ်းချုပ်ဖြစ်ရတာ ကောင်းလိုက်တာ”

..........

အိမ်သာထဲမှာတော့ အသစ်ခေါ်ယူထားသော ရှောင်ဟွမ်ယု ဆိုသော တပည့်သည် ဆောင့်ကြောင့်ထိုင်ကာ အီးအီး ပါလျက်ရှိ၏။

သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေး၏။ သို့ပေမဲ့ တဖြည်းဖြည်းနှင့် အသားကျလျက်ရှိသည့်အပြင် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နှင့်ပင် ဖြစ်တည်လာခဲ့သည်။

“ရှောင်အာ” ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာ၏။ ရှောင်အာ သည် အံ့အားသင့်စွာဖြင့် အပေါ်သို့ မော့ကြည့််လိုက်သည့်အချိန်မှာတော့ အပြင်ဘက်နံရံဆီမှ ခေါင်းလေးပြူကာဖြင့် လှမ်းခေါ်နေသည့် အကြီးအကဲစွန်းကို မြင်လိုက်ရ၏။

အကြီးအကဲစွန်း သည် ပြုံးကာပြောလိုက်သည် “မင်းအနေနဲ့ ကြယ်စုစည်းခြင်းတောင်ထွတ်ရဲ့ အဖွဲ့ဝင် ဖြစ်လာဖို့ စိတ်ဝင်စားလား”

ကျွင်းချောင်ရှောင်းသည် အတိတ်တုန်းက များပြားလှသည့် တောင်ထွတ်များကို တည်ဆောက်ခဲ့၏။ သို့ပေမဲ့ ‌တောင်ထွတ်များအားလုံးကို နံပါတ်စဉ်အရေအတွက်အတိုင်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဟူ၍ ပေးအပ်ခဲ့၏။ သို့သော်ငြား အကြီးအကဲများအနေနှင့် ထိုနေရာများကို မိမိကြိုက်နှစ်သက်သည့် နာမည်များအဖြစ် ပြောင်းလဲခွင့်လည်း‌ ပေးထား၏။

ကုန်းစွန်းဟုန့် သည် သူပိုင်ဆိုင်ရာတောင်ထွတ်ဆီသို့ ပြောင်းလဲ ပြီးသည့်နောက် သူ၏တောင်ထွတ်အား ကြယ်စုစည်းခြင်းတောင်ထွတ်ဟူ၍ နာမည်ပြောင်းလဲခဲ့သည်။

ယုစီနန် နှင့် ပိုင်လီချင်းချောင် တို့သည်လည်း ထိုကဲ့သို့ပင်။ အသီးသီးနာမည်များကို ပြောင်းလဲခဲ့သည်။ အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တခြားသောသူများသည်လည်း တူညီစွာပင်။ ဂိုဏ်းချုပ်အနေနှင့် သူတို့၏ အတွေးအခေါ်များကို ကန့်သတ်ထားခြင်းမရှိချေ။ ထို့ကြောင့် နာမည်သည် ၎င်းတို့၏ အမူအကျင့်၊ အသွင် အပြင်များနှင့် တူညီသည့် တောင်ထွတ် နာမည်များ ဖြစ်တည်လို့နေခဲ့၏။

“အား.....”

ရှောင်အာ သည် ဘောင်းဘီကို အသာပင့်တင်ကာဖြင့် အိမ်သာထဲမှ ထွက်ပြေးသွားတော့၏။ “စားသောက်ခန်းကို သွားတဲ့အချိန်မှာ လဲလိုက်လာတယ်။ အိမ်သာတက်တော့လဲ လိုက်လာတယ် ဘယ်ကိုသွားသွား လိုက်လာတယ်။ အကြီးအကဲစွန်းကတော့ ကြောက်စရာပဲ ။”

“အခြေအနေ ဘယ်လိုရှိလဲ။”

အီးပုံးများကို ထမ်းလျက်ရှိနေသည့် မြောင်ရှောင်တောင် သည် လှမ်းကာ မေးမြန်းလိုက်သည်။

“ကျွတ်” ဂေါ်တစ်ခုကို သယ်ကာဖြင့် လိုက်ပါလာခဲ့သည် ကျင်းဟီက ပြောလိုက်၏။ “ပေါက်ကရတွေ စဉ်းစားမနေနဲ့။ လုပ်စရာ ရှိတာ လုပ်တော့”

..........

ပါရမီရှင် လူခေါ်ဆိုမှု၏ အခြေအနေသည် အကြိတ်အနယ်ပင် ဖြစ်လို့နေခဲ့၏။ တပည့်အသစ်တစ်ယောက်ကို ခေါ်ဆောင်နိုင်ရန် အလို့ငှာ အကြီးအကဲ ဟုန့် နဲ့ ပိုင်လီချင်းချောင် တို့သည် လေ့ကျင့်ရေးကွင်း၌ တစ်ယောက်နှင့်တစ်ယောက် တံတွေးနှင့် ထွေးလုမတတ် စကားများခဲ့ကြသေး၏။

သို့ပေမဲ့ ဟောခန်းသခင်ကျိမှာတော့ အလွန် တည်ငြိမ်လို့နေခဲ့၏။ သူသည် ဂိုဏ်းချုပ်ဆီမှ အမိန့်ကို လက်ခံရရှိခဲ့ပြီး စိတ်ဝိညာဉ်သားရဲတောင်ထွတ်အနေဖြင့် ဤပြိုင်ပွဲသို့ ဝင်ရောက်ကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းကို သိရှိပြီး ဖြစ်၏။ သို့ပေမဲ့ တချက်ကလေးမှပင် စိုးရွံ့မနေခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ နောက်လိုက်များအားလုံးကို မြောင်ရှောင်တောင်ဆီသို့သွား၍ အိမ်သာကို မည်ကဲ့သို့ ကျွမ်းကျင်စွာ ဆေးကြောရမည်ဖြစ်ကြောင်းကို သင်ယူခိုင်းသောကြောင့်ပင်။

“ဟောခန်းသခင်”

အကြီးအကဲညိုသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “စိတ်ဝိညာဉ် သားရဲ တောင်ထွတ် အနေနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုတာ ယွမ်သခင်လေးရဲ့ အကြံအစည်လို့ သိရတယ်”

“ဟမ့်...ဒီကောင်ပဲလား” ဟောခန်းသခင်ကျသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ လက်ဝါးတွင် အားအင်များကို စုစည်းကာဖြင့် စားပွဲကို ရိုက်နှက်ရန် ပြင်ဆင်လိုက်သည်။ သို့ပေမယ့် စားပွဲကို ထိကာနီး အချိန်မှာတော့ ရုတ်တရက် ရပ်တန့်လိုက်မိသည်။

ဂိုဏ်းပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းသည် လျော်ကြေးပေးရ မည့်ကိစ္စပင်ဖြစ်၏။ ထို့ကြောင့် သူသည် အားကိုလျော့ပြီးသည့်နောက် စားပွဲပေါ်တွင်ရှိသော ဖုန်များကိုသာ အသာသုတ်ကာ ပြောလိုက်၏။ “ဒါ အရမ်းများတယ်။ ဒါအကြီးအကဲအချင်းချင်းကြားမှာရှိတဲ့ ပြိုင်ပွဲ တစ်ခုမဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဟောခန်းတစ်ခုက လာပါနေရတာလဲ။ ငါတို့က ဘာလို့ ဝင်ပြီးပြိုင်ရမှာလဲ။ ပြီးတော့ လူသားတွေက ပြုစု ပျိုးထောင်ဖို့ကောင်းတဲ့ လူတွေပဲလေ။ ငါတို့သားရဲတွေက ဘာတစ်ခုမှ သိတာမှ မဟုတ်တာ”

ဟောခန်း သခင်ကျိသည် ပြောရင်း ပြောရင်း ဒေါသထွက်လာသောကြောင့် ရုတ်တရက်ထကာ အော်လိုက်မိသည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင် လူသားများကဲ့သို့ ပြုစုပျိုးထောင်ရသည့် အလုပ်မျိုးကို စိတ်ဝိညာဉ်သားရဲ ဟောခန်းကို ပြုလုပ်ခိုင်းသည်ဆိုခြင်းမှာ အမှန်ပင် အနိုင်ကျင့်ခြင်းဖြစ်၏။

သို့ပေမဲ့ ဟောခန်းသခင်ကျိသည် သူ၏ ဟောခန်းထဲတွင်သာ ပြောဆိုနိုင်စွမ်းရှိ၏။ အစောပိုင်းတုန်းက ကျွင်းချောင်ရှောင်းနှင့် သွားရောက်ကာ ပြောဆိုသည့်အချိန်မှာတော့ ခေါင်းကို ထပ်တလဲလဲသာ ညိတ်ခဲ့ရသည်။ “ကောင်းပါပြီ၊ ကောင်းပါပြီ။ ဂိုဏ်းချုပ်.. အဆင်ပြေပါတယ်။ ကျုပ်တို့ စိတ်ဝိညာဉ် သားရဲဟောခန်းက ကျိန်းသေပေါက် ကြိုးစားပါ့မယ်”

သားရဲများအနေနှင့် လုံလောက်သည့် အစားအစာနှင့် နေထိုင်ခွင့်မပေးလျှင် ကျေးကျွန်အဖြစ် ဘယ်တော့မှ သတ်မှတ်၍ရနိုင်မည် မဟုတ်ချေ။ ဤအရာသည် ဟာသ မဟုတ်ချေ။

“ဟောခန်းသခင်”

ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာဖြင့် သတင်းပို့ လိုက်၏။ “ယွမ် သခင်လေး လာလည်ပါတယ်”

“ချီးတဲ့မှ.... ဒီကောင်”

ခရမ်းရောင် ဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “သူ ငါ့ဆီကို လာရဲတယ်ပေါ့။ ငါ စည်းကမ်းထိန်းသိမ်းရေးဟောခန်းဆီသွားပြီး အပြစ်ပေးခံရမယ် ဆိုရင်တောင်မှ ဒီကောင့်ကို ရိုက်နှက်ပစ်မယ်”

ပြောနေတုန်းမှပဲ ယွမ်သခင်လေးသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာကာ မေးလိုက်၏။ “ဟောခန်း သခင်ကျိ ဘယ်သူ့ကို ရိုက်ချင်တာလဲ”

ဆွစ် ဆွစ်

ဟောခန်းသခင်ကျိသည် ချက်ချင်းပဲ အကြီးအကဲညိုကို လက်ညှိုးနှင့်ထိုးကာ ပြောလိုက်၏။ “သူ့ကို ရိုက်မလို့လေ”

“……”

အကြီးအကဲညိုသည် ပြိုလဲလုမတတ် ဖြစ်နေသည်။ ကျုပ်လား။ ဟောခန်းသခင်… ဘယ်လိုဖြစ်ပြီးတော့ အပြောင်းအလဲက မြန်ရတာလဲ။

“ဟောခန်းသခင်ကျိ”

ယွမ်သခင်လေးသည် ထိုင်ချကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ စိတ်ဝိညာဉ်သားရဲ ဟောခန်းက လတ်တလောမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေတယ်လေ။ ကျုပ် ဒါကိုတင်ပြလိုက်တဲ့ အချိန်မှာ ဂိုဏ်းချုပ်က ခင်ဗျားကို သားရဲဆေးလုံးနှစ်သိန်းတိတိ အပိုပေးဖို့ အတည်ပြုပေးလိုက်တယ်”

စကားပြော ပြောပြီးခြင်းမှာပဲ သူသည် စားပွဲပေါ်သို့ သိုလှောင် လက်စွပ်တစ်ကွင်းကို တင်လိုက်သည်။

စကြဝဠာတစ်ခုလုံးကို မီးမြိုက်ပစ်ရန်ပင် လုံလောက်လျက်ရှိနေသည့် ဟောခန်းသခင်ကျိ၏ ဒေါသတရားများ သည် သားရဲဆေးလုံးအပိုဆိုသည့်အရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ အပြုံး အဖြစ်သို့ ပြောင်းလဲသွား ခဲ့၏။“ဒုက္ခပေးမိတာ အားနာပါတယ် ယွမ်သခင်လေး”

“ဟောခန်းသခင်ကျိ”

ယွမ်သခင်လေးက ထပ်ပြောလိုက်သည်။ “ခင်ဗျားတို့ စိတ်ဝိညာဉ်သားရဲဟောခန်းအနေနဲ့ ပြိုင်ပွဲဝင်ပြီး ပြိုင်ရမယ်ဆိုတာ ခက်ခဲလိမ့်မယ်”

“………..”

ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှာကြိတ်ကာ ဆဲဆိုလျက်ရှိ၏။ ဒီလောက်လေးတော့ သိသေးတယ် ဟုတ်လား။ ခွေးသူတောင်းစား ..။

“ဒါပေမဲ့”

ယွမ်သခင်လေးသည် လေးနက်စွာဖြင့် ပြောလိုက်သည်။ “ပြိုင်ပွဲ ဝင်ပြိုင်မှပဲ တိုးတက်မှုဆိုတာ ရှိလာမှာလေ။ ဒီတော့ ကောင်းကောင်းမွန်မွန်လုပ်ပါ”

သူ့အနေနှင့် စိတ်ဝိညာဉ်သားရဲဟောခန်းကို ပစ်မှတ်ထားချင်သောကြောင့် တမင်တကာ ဂိုဏ်းချုပ်ကို မီးလောင်ရာလေပင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းကြီးတစ်ခုလုံး ရေရှည် တိုးတက်စေရန် အတွက် အစီအစဉ်ကို ချမှတ်ခဲ့ခြင်းသာဖြစ်၏။

မှန်ပေ၏။ အစစ်အမှန် စီမံခန့်ခွဲသူများသည် မည်ကဲ့သို့ နေထိုင်၍ မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်ရမည် ဆိုသည်ကို စနစ်ကျကျ နားလည်နိုင်စွမ်းရှိ၏။ ကျွင်းချောင်ရှောင် ကဲ့သို့သာ လွတ်လွတ်လပ်လပ် အပူအပင် ကင်းကင်းနှင့် တစ်ချိန်လုံး ဂိမ်းဆာဗာခိုးရန်သာ ကြိုးစားနေလျှင် ပြိုင်စံရှားဂိုဏ်းအနေနှင့် မည်ကဲ့သို့ ဖြစ်သွားမည်နည်း။

“ဟင်း..”

ခရမ်းရောင်ဘုရင်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ “ကျုပ်တို့ စိတ်ဝိညာဉ်သားရဲဟောခန်း သားရဲတွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘယ်လိုမျိုး ရိုက်နှက်တိုက်ခိုက်ရမည် ဆိုတာကိုသိတာလေ။ ပါရမီရှင် တွေကို ဘယ်လိုမျိုး ပြုစုပျိုးထောင်ရမှာလဲ”

“မှားတယ်”

ယွမ်သခင်လေးက ပြောလိုက်သည်။ “စိတ်ဝိညာဉ်သားရဲဟောခန်းဆိုတာ ပါရမီရှင်တွေကို မွေးထုတ်ဖို့မလိုဘူးလေ။ သားရဲပါရမီရှင်တွေကို ရှာဖွေဖို့ပဲလိုတယ်”

“အမ်” ခရမ်းရောင်ဘုရင်သည် ဆွံ့အသွားမိ၏။

ယွမ်သခင်လေးသည် ထိုင်ခုံကို အသာမှီကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်က အောက်နယ်မြေကို သွားပြီးတော့ လူသားပါရမီရှင်တွေကို သွားခေါ်ခဲ့တယ်လေ။ ဒီတော့ ဟောခန်းသခင်ကလည်း စကြဝဠာအနှံ့ကို လှည့်ပြီး သားရဲပါရမီရှင်တွေကို လှည့်ခေါ်လိုက်ရုံပဲ မဟုတ်လား။”

“ဒါဟုတ်တယ်”

ခရမ်းရောင်ဘုရင်သည် နားလည်သွားသည်။ “ဘာလို့အစောကြီးထဲက မစဉ်းစားမိတာလဲ”

ခရမ်းရောင်ဘုရင်သည် လူသားပါရမီရှင်များကို ပြုစုပျိုးမထောင်နိုင်ပေ။ သို့ပေမယ့် တကယ့်ပါရမီရှင်သားရဲ များကိုတော့ ရှာဖွေနိုင်စွမ်းရှိ၏။ စကြဝဠာကြီးသည် အလွန်ကြီးမားလွန်းလှပြီး ဂြိုလ်ပေါင်းများစွာတို့လည်း တည်ရှိနေ၏။ ထို့ကြောင့် သင့်တော်လှသည့် ပါရမီရှင်အရေအတွက်ကို စိတ်ကြိုက်ရွေးချယ်ရုံပင်။

ဆွစ်

ဟောခန်းသခင်ကျိသည် ရုတ်တရက်မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “အခုဂိုဏ်းချုပ်ဆီကို သွားမေး တော့မယ်”

“ဟောခန်းသခင်…. မြောင်ရှောင်တောင်ဆီကို အိမ်သာဘယ်လိုဆေးရမလဲ သွားမေးမလို့လား” အကြီးအကဲညိုသည် နဝေတိမ်တောင်ဖြင့် လှမ်းမေးလိုက်သည်။

“ချီးတဲ့မှ… ဘာကိစ္စမေးရမှာလဲ”

All Chapters