အခန်း ၁၇၂၇
Vol. 116 Ch. 1727
အပိုင်း (၁၇၂၇)
ယွမ်သခင်လေး၏ လမ်းညွှန်ပေးမှုအောက်မှတော့ ခရမ်းရောင်ဘုရင်သည် ပါရမီရှင်များကို ပြုစုပျိုးထောင် ပေးရန် မလိုအပ်ဘဲ သားရဲပါရမီရှင်များကို ရွေးချယ်ခေါ်ယူရန်သာ လိုအပ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် သူသည် သိုင်းကျင့်ကြံရန် နည်းလမ်းများကို သင်ကြားပြသပေးရန် မလိုဘဲ အစားအစာများကို ထောက်ပံ့ ပေးရန်သာ လိုအပ်တော့၏။ လွယ်လွန်းလှချေသည်။
ထိုနေ့မှာပဲ ဟောခန်းသခင်ကျိသည် ဂိုဏ်းချုပ်ကို တောင်းဆိုခဲ့သည်။ ဂိုဏ်းချုပ်ကလည်း လွယ်လွယ်ကူကူပင် ခွင့်ပြုပေးခဲ့၏။ ကျွင်းချောင်ရှောင်းအနေနှင့် လူသား သို့မဟုတ် သားရဲများကို ဂရုစိုက် လိမ့်မည် မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိသည်ဆိုသည်နှင့် တစ်ပြိုင်နက် အားလုံးသော သူတို့သည် မိသားစုများပင်။
ဝှစ်...
ခရမ်းရောင်ဘုရင်သည် အကြီးအကဲညိုကို ခေါ်ဆောင်ကာ ထာဝရရွက်သင်္ဘော ကြီးနှင့်အတူ အဆင့်နိမ့် စကြဝဠာထဲသို့ လှည့်လည် လျှောက်သွားပြီး ပါရမီရှင် သားရဲများကို ခေါ်ဆောင်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းမှာတော့ ထာဝရလောကကြီး၏ တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှု့လျက်ရှိပြီး ရံဖန်ရံခါဆိုသလို တည်ဆောက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ လီချင်းရန်နှင့် ဆွေးနွေးလျက်ရှိသည်။
မြို့အကြောင်းကို ပြောရမည်ဆိုလျှင် အသစ်တည်ဆောက်လျက်ရှိသည့် သံမဏိအရိုးမြို့ကြီးကိုလည်း ထုတ်ဖော်ကာ ပြောရပေလိမ့်မည်။ မြို့၏အရှေ့တွင် မားမားမတ်မတ်နှင့် ခန့်ခန့်ညားညားရေးထိုးထားခဲ့သည့် သံမဏိအရိုး ဆိုသည့် စာလုံးကြီးသည် ယခင်ခေါင်းဆောင်ဝမ် ကို ကိုယ်စားပြုလျှက်ရှိ၏။
ဂိုဏ်း၏ နာမည် သည် ပြောင်းလဲခဲ့ပြီ ဆိုလျှင်တောင်မှ သံမဏိအရိုး ဆိုသည့်စာတန်းသည် အဓိကဟောခန်း ၏ ရှေ့တွင် မားမားမတ်မတ်နှင့် တည်ရှိနေခဲ့တုန်းပင်။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေ ကပြောလိုက်၏။ “မျိုးစေ့တွေ လိုအပ်နေပြီ”
ဤတလောအတွင်း သူသည် အဖွဲ့ဝင်များကို ခေါ်ဆောင်ကာဖြင့် ဂိုဏ်း၏ တည်နေရာအနှံ့တွင် များပြားလွန်းလှသော ဆေးပင်များကို စိုက်ပျိုးလျက် ရှိနေ၏။ ထို့ကြောင့် ဆေးမျိုးစေ့များကို လိုအပ်လာခဲ့သည်။ သူသည် တကယ်တမ်း စိုက်ပျိုးရမည်ဆိုလျှင် တော်ရုံလောက်ကို မစိုက်ပျိုးချင်ပေ။ အလုံးစုံကြီးမားလွန်းလှသော စိုက်ခင်းကြီးများအဖြစ် ဖန်တီးချင်သည်။
“အင်း.. ကျုပ် အဝယ်တော် ဟောခန်းကို သတင်းပေးလိုက်မယ်။ သူတို့ကို တခြားဂြိုလ်တွေဆီကို သွားပြီးတော့ မျိုးစေ့တွေ ရနိုင်သလောက်ဝယ်ခိုင်းလိုက်မယ်”
“များလေကောင်းလေ။ အရည်အသွေးကောင်းလေ ကောင်းလေပဲ”
အကြီးအကဲများအားလုံးသည် ပါရမီရှင် များကို ပြုစုပျိုးထောင်ရန် အလုပ်များလျက်ရှိ၏။ စိတ်ဝိညာဉ်သားရဲဟောခန်းသည်တောင်မှ အလုပ်ရှုပ်နေ သည်။ တခြားသော ဟောခန်းများသည်လည်း အလကားမနေချေ။
ဥပမာအားဖြင့် သားရဲစီးဟောခန်းဆိုလျှင် စက်ရုပ်များကို ပြင်းပြင်းထန်ထန်နှင့် လေ့ကျင့်လျက်ရှိ၏။ တိုက်ခိုက်နိုင်မှု စွမ်းအင်သည် ဤအတိုင်း ရပ်တန့်နေ၍ မဖြစ်ချေ။
ကျွင်းချောင်ရှောင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် မနှေးမမြန်ဆိုသလို တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။ ထို့ကြောင့် ကျိန်သေပေါက် ကိုယ့်ကိုကိုယ် မှီခိုရပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ဖန်းရီကျိသည် ရုတ်တရက်ရောက်ရှိလာကာ ပြောလိုက်၏။ “ဒီဂြိုလ်က ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေ အရမ်းအားကောင်းတယ်ဆိုပေမဲ့ လုပ်ငန်းအတွက် ကျောက်ရိုင်းတုံးတွေ မရှိဘူး။ ကျုပ်တို့ ပန်းပဲခန်းမက အနာဂတ်မှာ ဘယ်လိုမျိုး ပစ္စည်းပစ္စယတွေ သုံးရတော့မှာလဲ”
ဟုတ်ပေ၏။ သူသည် အားလပ်သည့်အချိန်တိုင်း ထိုအရာကို တွေးတောထားပြီးဖြစ်သည်။
“အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အနာဂတ်မှာ ဖြစ်လာလိမ့်မယ်”
ပြိုင်စံရှားဂိုဏ်း သည် ထာဝရလောကကြီးတွင် နေရာယူပြီးပြီဖြစ်၏။ ထိုအရာသည် အဆောက်အဦ အခြေအနေသာ တည်ဆောက်ရသေး၏။ အရာရာအားလုံးသည် လိုအပ်လျက်ရှိနေသည်ဆိုရင်တောင်မှ တဖြည်းဖြည်းနှင့် ရယူနိုင်ရန် နည်းလမ်းကို ကျိန်းသေပေါက်စဉ်းစားရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ “အထက်စကြဝဠာကြီးထဲမှာ ကျောက်ရိုင်းတွေကိုပဲ အဓိကအသုံးပြုတဲ့ လောကကြီး ရှိရင် ရှိနိုင်တယ်လေ။ အဲဒီကို သွားလို့ရှိရင် ကျုပ်တို့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ဖို့ အခွင့်အရေးရလိမ့်မယ်”
အောက်နယ်မြေတွင် တကယ့် ပါရမီရှင်များကို ရှာဖွေရန် တာဝန်တည်ရှိသည်ဆိုသော်လည်း အရင်းအမြစ်များ အတွက်တော့ သူသည် အထက်စကြဝဠာထဲသို့ သွားရောက်မှ ဖြစ်ပေလိမ့်မည်။
.........
မြို့၏ တည်ဆောက်မှုနှင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုများအားလုံးကို သက်ဆိုင်ရာလူများဆီသို့ လွှဲအပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီးဆီသို့ ပြန်သွားပြီး အဆင့်မြင့်စကြဝဠာထဲသို့ လှည့်လည်သွားလာခဲ့၏။ တစ်ချိန်တည်းမှာပင် သူသည် မိတ်ဆွေရောင်းရင်း တချို့ဆီသို့ သွားရောက်လည်ပတ်ခဲ့၏။
ဥပမာအားဖြင့် ဘုံကိုးပါးကုန်မြေတိုက်ကြီးဆီမှ မိုရှန်ရှမ်း ပင်။
လဝက်ခန့် ကြာပြီးသည့်နောက် ခရမ်းရောင်ဘုရင်သည် ၎င်း၏ နောက်လိုက်နောက်ပါများကို ခေါ်ဆောင်ကာဖြင့် ပြန်လည်ရောက်ရှိလာ၏။ ၎င်းတို့ခေါ်ဆောင်လာခဲ့သည်မှာ ကြက်၊ ဘဲ၊ နွားနှင့် သိုးများပင်ဖြစ်သည်။
“ဟောခန်းသခင်ကျိ”
စားသောက်ခန်း၏ ရှေ့တွင် ထိုင်လျက်ရှိနေသည့် လျှိုဝမ်ရှစ်သည် ကွာစေ့ကို ကိုက်ဝါးနေရင်းမှ လှမ်းကာ မေးမြန်းလိုက်၏။ “ကျွန်မရဲ့ စားသောက်ခန်းထဲမှာ အသားတွေ လိုအပ်နေတယ်ဆိုတာ ဘယ်လိုများ သိသွားတာလဲ”
“.........”
ခရမ်းရောင်ဘုရင်သည် ရုတ်တရက်လှည့်ကာ အော်ဟစ်လိုက်သည်။ “ဒါတွေက ကျုပ်ရှာလာတဲ့ တကယ့်ကို ပါရမီရှင် သားရဲတွေ။ စားဖို့မဟုတ်ဘူး”
“ဪ”
လျှိုဝမ်ရှစ် သည် ပြုံးကာ ပြောလိုက်၏။ “ဘယ်လိုချက်ရမလဲဆိုတာ ကျွန်မက ကောင်းကောင်း သိတယ်ဆိုတာ မမေ့နဲ့နော်။ သုံးမရရင် ဒီကိုသာ ပို့လိုက်”
ချလွမ်
မာယုံနင်သည် စဉ်းတီတုံးပေါ်သို့ သူ၏ ဓားကြီးကို စိုက်ကာပြောလိုက်သည်။ “အဆင်သင့်ပဲနော်”
“သွားကြ... သွားကြ..”
ခရမ်းရောင်ဘုရင်သည် သူ၏ သားရဲလေးများအား စိတ်ဝိညာဉ်သားရဲဟောခန်းမဆီသို့ လျင်လျင်မြန်မြန် ခေါ်ဆောင်လာခဲ့၏။ စားသောက်ခန်းနားဆီသို့ ဘယ်တော့မှ မသွားရန်လည်း အထူးမှာကြားခဲ့သေး၏။ ပိုမိုစိတ်ချစေရန်အလို့ငှာ သူသည် အကြီးအကဲညို ကို ခေါ်ဆောင်ကာဖြင့် စိတ်ဝိညာဉ်သားရဲဟောခန်း၏ တဝိုက်တွင် အတားအဆီး အစီအရင်များကို ဖန်တီးထားသည်။ တခြားသူများ ကျူးကျော်ဝင်မလာစေရန် စီစဉ်ခဲ့ခြင်းပင်။
ပြီးသည့်နောက် စိတ်ဝိညာဉ်သားရဲဟောခန်း၏ အခြေအနေသည် ပြောင်းလဲသွား၏။ အရင်တုန်းက အားလုံးသောသူများသည် အဝတ်အစားကို မည်ကဲ့သို့ ချုပ်လုပ်ရမည်ကိုလေ့လာသင်ယူခဲ့ရသည် ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ သတ္တဝါလေးများကို သင်ကြားပြသခြင်းကို ပြုလုပ်နေကြရ၏။
“ထိုင်ပြစမ်း”
ဘုတ်
အမွှေးပွခွေးလေးသည် ပါးစပ်ထဲတွင်ရှိနေသောအရိုးကို ကိုက်ကာဖြင့် အမှီးလေးလှုပ်လျက်ရှိ၏။
“ဟောခန်းသခင်”
အကြီးအကဲညိုသည် ခေါင်းကိုကုတ်၊ မျက်မှောင်ကုပ်ကာဖြင့် ပြောလိုက်၏။ “ဒီသားရဲတွေက လိမ္မာယဉ်ကျေးကြတယ်ဆိုပေမဲ့ သားရဲဆေးလုံးတစ်ခုတည်းကို စားပြီး လူသားအဖြစ်ကို အသွင်ပြောင်းလဲဖို့ ဆိုရင် နှစ်အတော်ကြာမယ်နဲ့တူတယ်။ ဒီတော့ သိုင်းပြိုင်ပွဲသာပြီးသွားမယ် သူတို့ ပြိုင်ပွဲစဉ်မြင့်ပေါ်တောင် ရောက်လိုက်မှာ မဟုတ်ဘူး။”
ခရမ်းရောင်ဘုရင်သည် အလိုမကျသလိုဖြစ်နေသည်။ “ဒါဆိုရင် သူတို့ကိုမပို့ဘဲ ဘယ်သူ့ကို သွားပို့ရမှာလဲ”
“........”
အကြီးအကဲညို သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ တောင်ထွတ်များ၏ သိုင်းပြိုင်ပွဲ ကျင်းပမည့်အချိန်၌ အကြီးအကဲအသီးသီးတို့သည် ၎င်းတို့၏ ဂုဏ်ယူဝံ့ကြွားရလောက်သည့် တပည့်များကို ခေါ်ဆောင်လာ သော်လည်း သူတို့၏ ခေါင်းဆောင်သည် ကြက်များ၊ ဘဲများ၊ နွားများ၊ သိုးများ ခေါ်ဆောင်ကာဖြင့် လှမ်းတက်လာမည့် မြင်ကွင်းကို မြင်ယောင်ရင်း ရယ်ချင်စိတ်ကို မနည်းပင် ထိန်းသိမ်းထားရ၏။
“ဟုတ်ပြီ...”
ခရမ်းရောင်ဘုရင်သည် သူတို့၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် လေးလေး နက်နက်ပြောလိုက်၏။ “လူသားတွေက သူတို့ရဲ့ တပည့်တွေကို ဘယ်လိုပြုစုပျိုးထောင်တယ်ဆိုတာကို ငါတို့သွားကြည့်ရမယ်။ ဒါဆိုရင် တစ်စုံတစ်ခုတော့ သင်ယူနိုင်စွမ်းရှိလိမ့်မယ်”
..........
ဘန်း ဘန်း
ကြယ်စုစည်းခြင်းတောင်ထွတ်၊ သိုင်းလေ့ကျင့်ရေးစင်မြင့်
ရှောင်အာ သည် မြေခွေး လက်သီးကို ထုတ်ဖော်ကာ အသုံးပြုလျက်ရှိ၏။ လေများသည် တဟူးဟူးနှင့် တိုက်ခတ်လျက်ရှိနေ၏။ လက်သီးထိုးချက် တစ်ခုချင်းစီ၌ပင် မိုးခြိမ်းသံကဲ့သို့ပင် အသံကြီးထွက်ပေါ်နေ၏။
ဤသိုင်းနည်းစနစ်သည် အောက်နယ်မြေတုန်းကလေ့ကျင့်ခဲ့သည့် သိုင်းနည်းစနစ်ဖြစ်သော်လည်း တပည့်များ အနေနှင့် လုံလောက်သည့် အားအင်အဆင့် မပိုင်ဆိုင်ရသေးချိန်တွင် ဤကဲ့သို့ အဆင့်နိမ့်သိုင်းနည်းစနစ် များကို လေ့လာသင်ယူရပေလိမ့်မည်။
သို့ပေမဲ့ ရှောင်အာ ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်မြန်ဆန်လွန်းလှ၏။ ဂိုဏ်းထဲသို့ မဝင်ရောက်ခင်က ရှောင်အာ သည် စွမ်းအင်ဖွဲ့ခြင်းအဆင့်၌သာ တည်ရှိသည်ဆိုသော်လည်း ရက်အနည်းငယ်အတွင်းမှာပင် သိုင်းဘုရင်အဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့၏။
ထို့အပြင် သူ၏အဆင့်ကို တိုးတက်စေရန်အတွက် မည်သည့် ဆေးလုံးကိုမှ မသောက်သုံးခဲ့ချေ။ သူ၏နားလည်မှု သီးသန့်ဖြင့် အဆင့်တိုးတက်ခဲ့ခြင်းဖြစ်သည်။
အဆင့်နိမ့် စကြဝဠာဆီမှ ခေါ်ဆောင်လာခဲ့သည့် ဂိုဏ်းသားများကိုလည်း မျက်နှာလွှဲ ခဲပစ် ပြုလုပ်မခံရချေ။ အားလုံးသောသူတို့သည် တူညီသည့်ဆက်ဆံမှုကို ခံစားရ၏။ ထို့အပြင် အားလုံးသော သူတို့သည် နောက်ကောက်မကျစေရန်အတွက် ပိုမိုကြိုးစားခြင်းကို ပြုလုပ်လာကြ၏။
“မဆိုးဘူး.... မဆိုးဘူး....”
ကုန်းစွန်းဟုန့် သည် ထိုင်ခုံပေါ်တွင် ထိုင်၍ သူ၏ တပည့်လေ့ကျင့်နေသည်ကို သေသေချာချာ ကြည့်ရှု့နေ၏။ မျက်လုံးထဲတွင် စိတ်ကျေနပ်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ ဤကောင်လေးအား ခေါ်ယူနိုင်ရန်အတွက် စားသောက်ခန်းဆီမှ အိမ်သာအထိ တကောက်ကောက်လိုက်ကာ ပြောဆိုသိမ်းသွင်းခဲ့ရခြင်းဆိုသည်မှာ အချိန်ဖြုန်းခဲ့ခြင်းမဟုတ်ပေ။ ကျိန်းသေပေါက် သိုင်းပြိုင်ပွဲတွင် တောက်ပလာမည့် လူစားမျိုးပင်။
ထပ်ပြောရရင် အကြီးအကဲစွန်းသည် ရှောင်အာ အပြင် အခြားသော တပည့်သစ်များကိုလည်း ခေါ်ယူခဲ့၏။ အားလုံးသောသူတို့သည် များပြားလှသော ဂြိုဟ်အသီးသီးဆီမှ ကျွင်းချောင်ရှောင်း ကိုယ်တိုင် ရွေးချယ်ခဲ့သည့် လူများဖြစ်သောကြောင့် ပင်ကိုစွမ်းရည်သည် မေးခွန်းထုတ်စရာမလိုအပ်ချေ။
ကောင်းမွန်လှသည့် ဆရာ၏ သင်ကြားပြသမှုအောက်မှာတော့ အားလုံးသောသူများသည် အနာဂတ်၌ ပြိုင်စံရှားဂိုဏ်း၏ ဒုတိယ မျိုးဆက်ဒေါက်တိုင်များ ဖြစ်တည်လာမှာ ကျိန်းသေသည်။
ထိုသို့ဆိုလျှင် ပထမ မျိုးဆက်က မည်သူများ ဖြစ်မည်နည်း။ လုချင်းချင်း၊ လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများပင်။ မြောင်ရှောင်တောင်နှင့် ကျင်းဟီ တို့ကဲ့သို့ လူများပင်လျှင် ပထမမျိုးဆက် တပည့်များအဖြစ် သတ်မှတ်နိုင်စွမ်း ရှိ၏။ ပြောရမည်ဆိုလျှင် လင်းရီနှင့် ရန်ဖန်တို့ ဂိုဏ်းထဲဝင်ရောက်ခဲ့သည့် အချိန်ကာလကို တွက်ချက်ရမည်ဆိုလျှင် ၎င်းတို့သည် ဒုတိယမျိုးဆက် တပည့်များဖြစ်၏။
“နားလည်ပြီလား” ခပ်ဝေးဝေး တည်နေရာဆီ၏ ခြုံပုတ်ထဲမှာတော့ ခရမ်းရောင် ဘုရင်သည် အသံပို့လွှတ်ကာ မေးမြန်းလိုက်သည်။
“အင်း”
အကြီးအကဲညိုသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “နားလည်ပြီ”
“ဒါပေမယ့် ဒီနည်းလမ်းကို ဘယ်လိုလုပ် သားရဲတွေကို သွားသုံးလို့ရမှာလဲ”
၎င်းတို့နှစ်ယောက်သည် အချိန်အတော် ကြာသည်ထိ ကြယ်စုစည်းခြင်းတောင်ထွတ်၏ ခြုံပုတ်တစ်ခုထဲတွင် ဆောင့်ကြောင့် ထိုင်ကာဖြင့် ကုန်းစွန်းဟုန့် တစ်ယောက် သူ၏တပည့်များကို မည်ကဲ့သို့ ပြုစုပျိုးထောင်လျက်ရှိနေသည်ကို လာရောက်ချောင်းမြောင်းနေခြင်းပင်။သူတို့အတွက် ခက်ခဲလှချေသည်။
“ဘယ်သူလဲ... ဘယ်သူလာချောင်းနေတာလဲ” ထိုအချိန်မှာတော့ ကုန်းစွန်းဟုန့် သည် သတိပြုမိလိုက်၏။ သူသည် ခြုံပုတ်ဆီသို့ စူးရှသည့် အကြည့်ဖြင့် လှမ်းကာကြည့်ရှု့လိုက်၏။
“နောက်ကိုဆုတ်...နောက်ကိုဆုတ်...”
ဝှစ်... ဝှစ်
ခရမ်းရောင်ဘုရင်နှင့် အကြီးအကဲ ညိုတို့သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ သူတို့သည် အလောတကြီး ထွက်ခွာသွားခဲ့သည်ဖြစ်သောကြောင့် ဂိုဏ်းဝတ်စုံများပင်လျှင် သစ်ကိုင်းများနှင့်ညှိကာ ပြဲကုန်သည်။
အကြီးအကဲညိုသည် ထ၍ အော်လုမတတ်ပင် စိတ်ဓာတ်ကျလျက် ရှိ၏။
“ထားလိုက်တော့... ထားလိုက်တော့.... ပြန်ချုပ်ရတာလဲ အသားကျနေပါပြီ”
..........
ရက်အနည်းငယ်အတွင်းမှာပဲ ဟောခန်းသခင်ကျိသည် အကြီးအကဲတောင်ထွတ်များဆီသို့ သွားရောက်ကာ ချောင်းမြောင်းရင်း တပည့်များအား မည်ကဲ့သို့ သင်ကြားပြသသည်ဆိုသည်ကို မှတ်သားလျက်ရှိသည်။
သူ၏တောင်ထွက် ဆီသို့ ပြန်ပြီးသည့်နောက် အဖွဲ့ဝင်များကို ခေါ်ဆောင်ကာဖြင့် မည်ကဲ့သို့ သားရဲများကို ပျိုးထောင်ရမည် ဆိုသည့် အကြံအစည်ကို ဦးနှောက်ခြောက်စွာဖြင့် ဆွေးနွေးတိုင်ပင်လျက်ရှိ၏။
ဤသိုင်းပြိုင်ပွဲတွင် တခြားသောအကြီးအကဲများ အလုပ်များလား၊ မများလားဆိုသည်ကိုတော့ သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ ဟောခန်းသခင်ကျိတစ်ယောက်မှာတော့ အစစ်အမှန်ပင် အလုပ်များလျက်ရှိသည်။ “ဒါ ငါ့အတွက် ခက်ခဲလိုက်တာကွာ”
တစ်ရက်မှာတော့ တောင်၏ထိပ်တွင် မတ်တပ်ရပ်လျက်ရှိသည့် ခရမ်းရောင်ဘုရင်သည် သူ၏ ခံစားချက် များကို မည်သို့မျှ မထိန်းချုပ်နိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။ အဆုံးသတ်တွင် အားသုံးတာ များသွားသောကြောင့် အသစ်ဝယ်ယူထားသော ဂိုဏ်းဝတ်စုံသည် ပြဲသွားခဲ့ပြန်လေသည်။
“ချီး..”