အခန်း ၁၇၃၀
Vol. 116 Ch. 1730
အပိုင်း (၁၇၃၀)
ကျွင်းချောင်ရှောင်းသည် အထက်စကြဝဠာ၏ အင်ပါယာဝိညာဉ်နယ်မြေနှင့် အောက်စကြဝဠာ၏ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးတို့ မည်သို့ ဆက်နွယ်နေသနည်း ဆိုသည်ကို အလွန်ပဲ စိတ်ဝင်စားမိသည်။ အထဲ၌ ရှိနေသော ဇာတ်ကြောင်း သို့မဟုတ် ဒဏ္ဌာရီလာ အကြောင်းအရာများကို သိရှိသည် ဆိုပါက အဖြေကို ရှာတွေ့နိုင်ပေလိမ့်မည်။
တိုက်ဆိုင်စွာနှင့် စုန့်တယ်ဟန်ဟုခေါ်သော ရွှေရောင်ဝိညာဉ်သည် ကျော်ကြားသည့် မိသားစုထဲမှ မွေးဖွားလာခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်တည်းက စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့သူမို့ ကိစ္စတော်တော်များများကို သိရှိခဲ့သည်။
အင်ပါယာဝိညာဉ်နယ်မြေသည် နှစ်သန်းချီ သမိုင်းကြောင်းရှိသော နယ်မြေကြီးတစ်ခုဖြစ်ပြီး အထက် စကြဝဠာ၏ ထိပ်တန်းမျိုးနွယ်စုများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်၏။
ဖန်တီးခဲ့သူသည် ဝိညာဉ်ဘိုးဘေးဖြစ်သည်။
အလွန်အားကောင်းလွန်းပြီး လောက၊ နေ နှင့် လ တို့ကိုပင် ဝါးမျိုနိုင်စွမ်းရှိသည်ဟု ပြောဆိုကြ၏။
ဝိညာဉ်ဘိုးဘေးသည် သိုင်ကျင့်ကြံခြင်းကို အဆင့်မြင့် အခြေအနေထိ ရောက်အောင် လေ့ကျင့်ပြီးနောက် ဘဝ၏ အဆုံးသတ်တွင် မိန်းမယူပြီး ကလေးမွေးဖွားခဲ့သည်။ ထိုမွေးဖွားလာသည့် ကလေး ကိုးယောက်မှ တဆင့် ယနေ့ သန်းနှင့်ချီသည့် ဝိညာဉ်မျိုးနွယ်များ ဖြစ်တည်လာခဲ့ခြင်းပင်။
“ပေါက်ကရတွေ”
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည် “တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းမှာ အားကောင်းလာရင် လောကကြီးရဲ့ အပြစ်ပေးခြင်းကို ခံရတယ်။ နှစ်အနည်းငယ် အတွင်း ဘယ်လိုလုပ် ကလေး ကိုးယောက်တောင် ရရတာလဲ”
“ကျုပ်တို့ ဘိုးဘေးကြီးက ကလေးမွေးဖွားနိုင်တဲ့ လျှို့ဝှက်နည်းစနစ်ကို ရရှိခဲ့တယ်လို့ ဆိုတယ်။ ဒါက ကောင်းကင်ရဲ့ အပြစ်ပေးမှုကို လျစ်လျူရှုနိုင်စွမ်းရှိတယ်”
ဝိညာဉ်ဘိုးဘေးသည် နတ်ဆိုးဘိုးဘေးကြီးလိုပင် ၎င်းတို့မျိုးနွယ်၏ အလုံးစုံသော ထောက်ခံအားပေးမှုကို ရရှိထားလေသည်။
နတ်ဆိုးဘိုးဘေးကြီးအကြောင်းပြောရလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောက၌ အဆင်မှ ပြေရဲ့လားမသိပေ။
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဆက်ပြော”
“ဘိုးဘေးကြီးရဲ့ သားကိုးယောက်လုံးက ပါရမီရှင်တွေကြီးပဲ။ သူတို့အရွယ်ရောက်လာတာနဲ့ အင်ပါယာဝိညာဉ်နယ်မြေကို ပိုပြီး အားကောင်းအောင် ပြုလု်ပခဲ့ကြတယ်”စုန့်တယ်ဟန် က ပြောလိုက်၏။
“ပြီးတော့ရော …”
“ဒါပဲလေ”
ချလွမ် ……
ကျွင်းချောင်ရှောင်းသည် ဓားသွားအား တစ်ဖက်လူ၏ လည်ကုပ်ပေါ်တင်ပြီး အေးစက်စက် ပြောလိုက်သည် “ခင်ဗျား စကားနားမထောင်ဘူးလား”
“…….” စုန့်တယ်ဟန်သည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။
သမိုင်းဇာတ်ကြောင်းဆိုသည်မှာ ချုံ့၍ပြောရသည် အရာမဟုတ်လား။ ဘယ်လိုကြောင့် အကျယ်ချဲ့ကာ ပြောခိုင်းနေရသနည်း။
“ဒီနှစ်ပိုင်းအတွင်း အင်ပါယာဝိညာဉ်နယ်မြေကနေ ရှင်တို့လူတွေ ထွက်ခွာခဲ့တာ ရှိလား” နှင်းဆီဧကရီ က ဝင်ကာ မေးမြန်းလိုက်သည်။
“မရှိဘူး … ဒါပေမဲ့ …. ”
စုန့်တယ်ဟန်သည် ပြောလိုက်၏ “တစ်ချို့ကတော့ နှင်ထုတ်ခံလိုက်ရတယ်”
“ဘယ်သူလဲ” နှင်းဆီဧကရီက မေးမြန်းလိုက်သည်။
စုန့်တယ်ဟန်သည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည် “နဝမဂိတ်အရှင်ပဲ ဟွာချင်းရှင်း”
နှင်းဆီဧကရီ (ဟွာမင်ကွေ့) သည် စိတ်လှုပ်ရှားသည့် အကြည့်ဖြင့် ကုန်းရှန့်အား ကြည့်ရှုလိုက်၏။ သူမ၏ မျိုးရိုးနာမည်သည် (ဟွာ) ဖြစ်သည်။ နဝမဂိတ်အရှင်၏ နာမည်ကလည်း ဟွာ ဖြစ်လို့နေသည်။ တိုက်ဆိုင်ခြင်းများ ဖြစ်နေသည်လား။ သို့မဟုတ် ……။
“သူတို့ ဘယ်ကိုထွက်သွားကြတာလဲ”
“ဒါ … ဒါတော့ ကျုပ်လည်း မသိဘူး။ သမိုင်းမှတ်တမ်းတွေ ဟွာချင်းရှင်း အနေနဲ့ အပြစ်လုပ်ခဲ့တာကြောင့် ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးပြီး တခြားဆီ နှင်ထုတ်ခံရတယ် လို့ပဲပါတယ်။ သူ့ မိသားစုကို ခေါ်ပြီး အင်ပါယာ ဝိညာဉ်နယ်မြေကနေ ထွက်ခွာသွားတာပဲ”
“အဲလူနဲ့ ပတ်သက်တဲ့ တခြားမှတ်တမ်းတွေ ရှိနေသေးလား”
“ကျုပ် စဉ်းစားလိုက်အုံးမယ်”
“ဟုတ်ပြီ”
စုန့်တယ်ဟန်သည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်သည် “အဲတုန်းက နဝမဂိတ်မှာ အားကောင်းဆုံးက ဟွာချင်းရှင်း ဖြစ်တယ်လို့ တရားမဝင် မှတ်တမ်းတွေက ဆိုတယ်။အထူးသဖြင့် ဝိညာဉ်ဘိုးဘေးကြီးနဲ့ ဆင်တူပြီး ဝိညာဉ်နည်းစနစ်တွေကို လေ့လာရတာ နှစ်သက်တယ်တဲ့။ပြီးတော့ ဝိညာဉ်ကို ပိုပြီးအားကောင်းအောင် ပြုလုပ်နိုင်မယ့် ရဲတင်းတဲ့အကြံမျိုးတွေကိုတောင် တင်ပြဖူးတယ်ကြားတယ်”
“ဘာကိုဆိုလိုတာလဲ”
“ကျုပ်တို့ ဝိညာဉ်နယ်မြေမှာ ရွှေရောင်ဝိညာဉ်က အားအကောင်းဆုံးပဲလေ။ ဒါပေမဲ့ ဟွာချင်းရှင်း က ရွှေရောင်ရဲ့ အထက်မှာ တခြားအရောင်တွေ ရှိသေးတယ်လို့ ယုံကြည်နေတယ်။ ဒါကို သုတေသန ပြုလုပ်ပြီးရင် ဘိုးဘေးကြီးလိုပဲ နေ၊လ၊ ကောင်းကင် ၊ မြေကြီးကိုပါ ဝါးမျိုနိုင်သူ ဖြစ်လာမယ် လို့ ပြောဆိုခဲ့တယ်။
အင်း .. တရားဝင်မှတ်တမ်းတွေမဟုတ်တာမို့ ဒါကဟုတ်ရဲ့လား အတည်တော့မပြုနိုင်ဘူး”
……
လှိုဏ်ဂူ၏ အပြင်ဘက်မှာတော့ ……
နှင်းဆီဧကရီသည် တွေးတွေးဆဆဖြင့် လှမ်းလျှောက်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “ဟွာချင်းရှင်း က ခင်ဗျားနဲ့ သက်ဆိုင်နေလိမ့်မယ်”
“ကျွန်မလည်း ဒီလိုမျှော်လင့်မိတယ်”
သို့ပေမဲ့ မှတ်တမ်းမှတ်ရာများမရှိသည်မို့ နာမည်နှင့် လူမျိုးတူသည်ကလွဲလျှင် ဘာမှထပ်၍ အဖြေမထုတ်နိုင်ချေ။ ပတ်သက်ဆက်နွယ်မှုဆိုသည်မှာ သဲလွန်စ နှင့် သက်သေများရှာပြီးမှ ပြောရပေမည်။
“သွားကြစို့”
“နဝမဂိတ်ဆီ သွားမယ်။ အဲမှာ သဲလွန်စတစ်ခုတလေ တွေ့ကောင်းပါရဲ့”
ဝိညာဉ်ဘိုးဘေး၏ သားကိုးယောက်သည် ဂိတ်ဌာနကိုးခုအဖြစ် ခွဲခြားခဲ့သည်။ ဂိတ်တစ်ခုချင်းစီတိုင်း၌ အင်ပါယာဝိညာဉ်လောကကို ပူးပေါင်းပြီး ထိန်းချုပ်နိုင်စွမ်းရှိသည့် စွမ်းအားမြင့် တည်ရှိသူတစ်ဉီးရှိသည်ဟု သတ်မှတ်ရပေမည်။
ဟုတ်ပေသည်။ ဟွာချင်းရှင်း ထုတ်ပယ်ခံလိုက်ရပြီးနောက် နဝမမြောက်ဂိတ်သည် သမိုင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမဲ့ ထိုနဝမဂိတ်၏ အပျက်အဆီးတည်နေရာကြီးကတော့ကျန်ရှိနေတုန်းပင်။
“အစ်ကိုကြီး”
စုန့်တယ်ဟန်သည် စိတ်ဓာတ်ကျသွားမိသည် “အဲဂိတ်က တားမြစ်နယ်မြေကြီးလေ။ ကျုပ်တို့ အဲထဲကို ဝင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ ဒီတော့ ကျုပ်ကို ရှေ့ကသွားခိုင်းတာက သတ်သေခိုင်းတာနဲ့ တူတူပဲ”
ဓားသည် လည်ကုပ်ပေါ်သို့ ထပ်မံကျရောက်သွားပြန်သည် “ကိစ္စမရှိဘူး။ ကျုပ်ရှေ့က သွားမယ်”
…….
အင်ပါယာဝိညာဉ်နယ်မြေသည် ကြီးမားလွန်းလှ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကမ္ဘာ၏ တစ်ဖက်စွန်းတွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ ရောက်အောင် သွားရပေမည်။
သူတို့ နဝမဂိတ်၏ အပျက်အဆီးတည်နေရာဆီ ရောက်ရှိချိန်မှာတော့ ညပင် နက်နေချေသည်။ လေများတဟူးဟူး နှင့် တိုက်ခတ်နေသံသည် ဝိညာဉ်များအော်ငြီးသံကဲ့သို့ပင်။ တည်နေရာပတ်ဝန်းကျင်သည် ခြောက်ခြားစရာ ကောင်းလွန်းလှ၏။
“အစ်ကိုကြီး”
စုန့်တယ်ဟန်သည် အားပြတ်သလိုပြောလိုက်သည် “ဒီတောင်ကြားရဲ့ အဝင်ဝမှာ အတားအဆီးအစီအရင် ရှိတယ်။ ဒါကို ထိလိုက်ရင် တန်ပြန်မှုကို ခံစားရလိမ့်မယ်။”
သူ၏ အသက်ရှင်သန်ချင်စိတ်သည် အလွန်အားကောင်းသည်။ ထို့ကြောင်း တောင်းပန်တိုးလျှိုးနေခြင်းသာ ဖြစ်၏။
“ပြဿနာမရှိဘူး”
ကျွင်းချောင်ရှောင်းသည် ရပ်တန့်ပြီး လက်များကို အသာယမ်းခါလိုက်သည်။
ဆွစ် …။
ထိုက်ရွှမ်အဘိုးအို ဦးဆောင်သော အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များသည် ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် အစီအရင်ကို သေချာ လေ့လာကြတော့၏။
“သောက်ကျိုးနည်း”
စုန့်တယ်ဟန်သည် မျက်လုံးများ ပြူးထွက်နေလေသည်။
ရုတ်တရက် လေထုထဲမှ သက်ရှိလူသားများပေါ်ပေါက်လာသည်။ ဆန်းကြယ်လွန်းလှချေ၏။
ထိုက်ရွှမ်အဘိုးအိုတို့အတွက် အစီအရင်ချိုးဖျက်ခြင်းဆိုသည်မှာ ထမင်းစား၊ ရေသောက်သကဲ့သို့ပင်။
ဒွီ …။
မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် တောင်ကြား၏ အဝင်ဝတည်နေရာ၌ တည်ရှိနေသော အတားအဆီး အစီအရင်သည် ပျောက်ကွယ်သွားလေတော့သည်။
“…..”
စုန့်တယ်ဟန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိ၏။
ဤတည်နေရာအား ဝိညာဉ်မျိုးနွယ်၏ ထိပ်တန်းအစီအရင်ဆရာပေါင်းများစွာ ကြိုးစား စည်းခတ်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ လူတစ်စုသည် ရောက်ရှိလာပြီးနောက် သက်တောင့်သက်သာဖြင့် ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် မြန်ဆန်လွန်းလှချေသည်။
“ပြီးပြီ” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။
ဆွစ် … ဆွစ် ….
“ဝင်ကြစို့”
ထိုက်ရွှမ်အဘိုးအို နှင့် တခြားသူများကို ထာဝရလောကကြီးဆီသို့ ပြန်လည် ပို့ဆောင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် တောင်ကြားထဲသို့ အရင်ဆုံး လှမ်းဝင်လိုက်သည်။
………
တောင်ကြားထဲတွင်တော့ နဝမဂိတ်၏ အပျက်အဆီး တည်နေရာကြီး တည်ရှိလို့နေ၏။
မြို့တစ်ခု၏ အရွယ်အစာရှိသော တည်နေရာကြီးတစ်ခုဖြစ်သော်လည်း မည်သူမှ ခြေချခြင်းမရှိသည်မှာ ကြာမြင့် လှပြီ ဖြစ်သည်မို့ ရေညှိများ၊ ခြုံနွယ်ပိတ်ပေါင်းများနှင့် ဖြစ်လို့နေသည်။
“ထူးဆန်းလိုက်တာ”
မြို့သို့သွားရာ ကျောက်လမ်းအတိုင်းလျှောက်နေရင်းမှ ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်မိနေသည်။ “ဘာလို့ မြေပေါ်မှာ သစ်ရွက်တစ်ခုမှ မရှိရတာလဲ”
လမ်း၏ နှစ်ဖက်နှစ်ချပ်တွင် မြင့်မားလွန်းသော သစ်ပင်များတည်ရှိနေပြီး လေသည်လည်း ရံဖန်ရံခါ ဆိုသလို တိုက်တတ်သည်။ သို့ပေမဲ့ မြေပြင်မှာတော့ တစ်စုံတစ်ယောက်က ရှင်းလင်းထားသလို သန့်ရှင်းလို့နေလေသည်။
“အင်း”
စုန့်တယ်ဟန်သည် ခေါင်းညိတ်လိုက်သည် “ထူးဆန်းလိုက်တာ”
“ကိုယ့်လူတို့”
ထိုအချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာသည်။ လက်ထဲ၌ တံမြက်စည်းကို ကိုင်ထားပြီး အရွက်များ လှဲကျင်းနေပုံပေါ်သော အဘိုးအိုတစ်ယောက်က ပေါ်လာ၏။
“ဟမ်”
စုန့်တယ်ဟန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
သတိပြန်ဝင်လာပြီးသည့်နောက် ၎င်း၏ အမူအရာတစ်ခုလုံးသည် အံ့အားသင့်နေရာမှ ထိတ်လန့်သည့် အ ခြေအနေဆီသို့ ပြောင်းလဲသွားသည်။ စုန့်တယ်ဟန်သည် ကျွင်းချောင်ရှောင်း၏ ကုပ်ပေါ်သို့ တက်ခွကာ အသံကုန် အော်ဟစ်တော့၏ “သရဲ …..”
“…….” နှင်းဆီဧကရီသည် ဆွံ့အလျက်ရှိသည်။
ဘုန်း …။
ကျွင်းချောင်ရှောင်းသည် ကုပ်ပေါ်ရောက်လာသော တစ်ဖက်လူကို ပခုံးမဆွဲကာ ကိုင်ပေါက်လိုက်ပြီး ရုတ်တရက် ပေါ်လာသော အဘိုးအိုကို ကြည့်ကာ မေးလိုက်၏ “ခင်ဗျား ဘယ်သူလဲ”
“ကျုပ် စောင့်နေတာ နှစ်ပေါင်းသောင်းချီနေပြီ”
ဆံပင်များရှုပ်ပွလျက်ရှိနေသော အဘိုးအိုသည် ၎င်း၏ အေးစက်သည် မျက်နှာကြီးကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် နှင်းဆီဧကရီကို ကြည့်ကာ ခြောက်ကပ်ကပ်အသံကြီးဖြင့် ရယ်မောလိုက်သည် “ဟားဟား .. ကျုပ် မင်းကိုစောင့်နေတာပဲ”
ဆွစ် … ။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်သွားပြီး အဘိုးကြီးအား ဆွဲမကာ ကိုင်ပေါက်လိုက်သည်။ ပြီးနောက် အားရပါးရ ကန်ကျောက်တော့၏ “သရဲလိုလို ၊ ဘာလိုလို လုပ်နေတာ ရပ်စမ်း”
ဘုန်း .. ဘုန်း .. ဘုန်း ..။
“မရိုက်ပါနဲ့။ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး”