အခန်း ၁၇၃၁
Vol. 116 Ch. 1731
အပိုင်း (၁၇၃၁)
ရုတ်တရက် ပေါ်ပေါက်လာသော ဆန်းကြယ်လှသည့် အဘိုးအိုသည် ရိုက်နှက်ခြင်းကို ခံနေရ၏။ ၎င်းသည် နှာခေါင်းမှ သွေးများ ထွက်လျက် ရှိနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ဖူးယောင်နေခဲ့၏။ "ငါသာ ငယ်ငယ်တုန်းကဆိုရင် မြေပေါ်မှာ လဲနေတဲ့သူက မင်းပဲဖြစ်လိမ့်မယ်"
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်ကို မြောက်ကာဖြင့် ထပ်တလဲလဲ ကန်ကျောက်ပြန်သည်။ လူကြီးနှင့်လူငယ် လေးစားမှုကို ပြသသည့်အနေဖြင့် သူသည် အားအင်ကို တစ်စက်ကလေးမှ လျော့မပေးခဲ့ချေ။
"အ အား …. ငါမှားပါပြီ ငါမှားပါပြီ"
ဒုတိယအကြိမ် ရိုက်နှက်ခံရပြီးနောက် အဘိုးအို၏ မျက်နှာသည် ဝက်မျက်နှာကဲ့သို့ ဖူးယောင်နေပြီး မျက်လုံးများမှာလည်း ပွင့်တောင် မပွင့်တော့ချေ။
"ဘာလို့ ကျွန်မကို စောင့်နေရတာလဲ" ဟွာမင်ကွေ့သည် ဝင်ကာ မေးမြန်းလိုက်သည်။
အဘိုးအိုသည် လေးနက်သွားခဲ့၏။ ပြီးနောက် ပြောလိုက်၏။ "သူ့ရဲ့ မျိုးဆက်တွေ ကျိန်းသေပေါက် ရောက်လာလိမ့်မယ်လို့ သခင်ကြီးက မှာခဲ့တယ်"
"သခင်ကြီး ဟုတ်လား"
ဟွာမင်ကွေ့က မေးမြန်းလိုက်သည်။ "ဘယ်သူလဲ"
"နဝမမြောက် ဂိတ်တံခါးရဲ့အရှင် ဟွာချင်းရှင်းပေါ့" အဘိုးအိုက ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ အလွန်ချီးကျူးဂုဏ်ယူသည့် အမူအရာများက တည်ရှိလို့နေ၏။
"..."
ဟွာမင်ကွေ့ သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူမ၏ နှလုံးသားများသည် လှုပ်ခါလာခဲ့၏။ နဝမမြောက် ဂိတ်တံခါးအရှင်ဟု သိရှိပြီးနောက် သူမနှင့် ဆက်စပ်နေမလားဟု စဉ်းစားမိ၏။ ကြည့်ရှုရသည်မှာ ဖြစ်ပုံပေါ်သည်။
"လိုရင်းကို ပြောရအောင်"
ကျွင်းချောင်ရှောင်းသည် ဝင်ကာ အေးစက်စက်ဖြင့် သတိပေးလိုက်သည်။
"ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ"
အဘိုးအိုသည် သူတို့သုံးယောက်အား မြို့၏ အတွင်းပိုင်းဆီသို့ ဦးဆောင်ကာ ကြီးမားလှသော ကျောက်တံခါးကြီး၏ ရှေ့သို့ ခေါ်ဆောင်လာသည်။ ပြီးနောက် အဘိုးအိုက ပြောလိုက်၏။ "ဒီပေါ်ကို လက်တင်ထားလိုက်။ သခင်ကြီးနဲ့ သွေးမျိုးဆက်ရှိတယ်ဆိုရင် သူ့အလိုလို ပွင့်သွားလိမ့်မယ်"
ဟွာမင်ကွေ့ သည် ရှေ့ဆီသို့ လှမ်းလျှောက်လိုက်သည်။
ကျွင်းချောင်ရှောင်းသည်လည်း သူမ၏နောက်မှ လိုက်သွားပြီး အသင့်ပြင်ထားလိုက်သည်။ တစ်စုံတစ်ခု ဖြစ်လာသည်နှင့် သူမကို ချက်ချင်းကာကွယ်နိုင်ရန် ပြင်ဆင်ထားခြင်းပင်။ ပြိုင်စံရှားဂိုဏ်းရှိ လူများကို တူညီစွာ ဆက်ဆံသည်ဆိုေသာ်လည်း ဤအမျိုးသမီးနှင့် ပတ်သက်၍တော့ သူက အထူးစိတ်ပူနေမိ၏။ သူမသည် သူ၏ မိန်းမ ဖြစ်နေသည် မဟုတ်ပါလား။
ဖောက်
ဟွာမင်ကွေ့သည် ကျောက်တံခါးပေါ်သို့ လက်တင်လိုက်၏။ ကျောက်တံခါးပေါ်၌ မျဉ်းကျောင်းများ တဖြည်းဖြည်း ဖြစ်တည်လာခဲ့ပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ပြီးနောက် ကျောက်တံခါးကြီးသည် ပျောက်ကွယ်သွားခဲ့၏။
"မင်းက တကယ့်ကို သခင်ကြီးရဲ့ မျိုးဆက်ပဲ" အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"သွားကြရအောင် အထဲကို ဝင်ကြမယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ ပြောပြီးသည့်နောက် သူသည် ဂူထဲသို့ အရင်ဆုံး လှမ်းဝင်လိုက်၏။ သူသည် တစ်ချိန်လုံး သတိအပြည့်နှင့် ဖြစ်လို့နေလေ၏။
ဝှစ်
လမ်းများကြားတွင် လေအေးများ တိုက်ခတ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် ခြောက်သွေ့ကာ တိတ်ဆိတ် အထီးကျန် ဆန်လွန်းလှသည်။
နောက်မှ လိုက်လျှောက်လျက် ရှိနေသည့် စုန့်တယ်ဟန်သည် ကြက်သီးများ ထလျက်ရှိ၏။ သူ၏မျက်လုံးထဲတွင် ရှိနေသော ကြောက်လန့်မူများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ နဝမမြောက် ဂိတ်တံခါးဆိုသည်မှာ သူ ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသော ကြောက်လန့်ဖွယ်ရာ ပုံပြင်ကြီးပင် ဖြစ်သည်။ တစ်နေ့ ဤထဲသို့ ဝင်ရောက်ရလိမ့်မည် တစ်ခါမှ မစဉ်းစားဖူးချေ။
"ငကြောက်”
အဘိုးအိုသည် မျက်လုံးများ ချာချာလည်လျက် ရှိနေ၏။
"ချီးတဲ့မှ "
စုန့်တယ်ဟန်သည် ထကာ အော်ဟစ်လိုက်သည်။ "ခင်ဗျားလည်း အတူတူပဲ မဟုတ်လား"
မြို့သည် အချိန်အတော်ကြာကကည်းက စည်းခတ်ခြင်းကို ခံထားရ၏။ ထို့ပြင် သီးခြားဖြစ်တည်ခြင်း အစီအရင်များ တည်ရှိနေသည် ဖြစ်သောကြောင့် မြို့ထဲတွင် အလွန်သန့်ရှင်းနေပြီး အဆောက်အဦ များသည်လည်း ဖုန်များ ကင်းစင်နေ၏။ အလွန်ကောင်းမွန်သည့် ဗိသုကာလက်ရာများကို မြင်နိုင်စွမ်းရှိနေ၏။
ဟွာမင်ကွေ့သည် ပိုမိုကာ လေးနက်လာခဲ့၏။ သူမအနေဖြင့် ဤမြို့ထဲသို့ ရောက်ရှိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ထိုအရာများနှင့် အလွန်ရင်းနှီးနေသည်ဟု ခံစားနေမိ၏။ ပြန်လည်စဉ်းစားရလျှင် ဤနေတွင် နေထိုင်ခဲ့သူများမှာ သူမနှင့် ပတ်သက်ဆက်နွယ်နေမှာ သေချာသည်။
အဘိုးအိုသည် မြို့ပျက်ထဲရှိ အဓိကဟောခန်းရှေ့တွင် မတ်တပ်ရပ်လိုက်၏။ "မင်းဝင်သွားလို့ရပြီ"
မြို့၏ဂိတ်တံခါး ပွင့်ပြီးသည့်နောက်မှာတော့ အဘိုးအိုသည် ပိုမိုကာ လေးနက်လာခဲ့သည်။
နှင်းဆီဧကရီသည် ခနလောက် တွန့်ဆုတ်ပြီးသည့်နောက် သမိုင်းပုံပြင်များ တည်ရှိနေသည့် ကျောက်လှေကားကြီးအတိုင်း အပေါ်သို့ လျှောက်တက်သွားခဲ့၏။
"အမှိုက်ကောင် "
အဘိုးအိုက ပြောလိုက်သည်။ "မင်းဝင်လို့မရဘူး"
"ဘာလို့လဲ"
ပြောပြီးပြီးခြင်းမှာပဲ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနောက်သို့ လိုက်လိုက်၏။ သို့ပေမဲ့ ကျောက်လှေကားပေါ်သို့ လှမ်းတက်လိုက်သည့် အခါမှာပဲ အတားအဆီး အကန့်အသတ်တစ်ခုကို ခံစားလိုက်မိ၏။ ပြီးနောက် ဆန်းကြယ်လှသော ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာခဲ့ပြီး သူ၏ သိစိတ်ပင်လယ်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့၏။
"လာ …. နောက်ကိုဆုတ်"
အဘိုးအိုက ပြောလိုက်သည်။
"အဓိကဟောခန်းထဲမှာ ဝိညာဉ်ကန့်သတ်ခြင်း အစီအရင်တွေကို ဖန်တီးထားတယ်။ သခင်ကြီးရဲ့ သွေးမျိုးဆက် မဟုတ်ရင် အထဲကို ဝင်လို့မရဘူး။ သေသွားလိမ့်မယ်"
"ဆုတ်ရမယ် ဟုတ်လား"
မဖြစ်နိုင်ချေ။ ကျောက်လှေကားပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်စွမ်းအင်နှင့် ကျန်းချီများသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာခဲ့ပြီး သူ့အား တိုက်ခိုက်နေသည့် အပြင်ဖက် ဝိညာဉ်စွမ်းအင်များကို ခုခံလိုက်၏။ သူ၏သွေးများသည် ရုတ်တရက် ဆူဝေလာခဲ့၏။
"သွားစမ်း"
ဝှစ် ဝှစ်
ကျောက်လှေကားထဲတွင် ရှိနေသော ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပဲ ပျောက်ကွယ်ကုန်သည်။
ဖောက် ဖောက်
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်နှင့် လှမ်းတက်သွားခဲ့ပြီး အဓိကဟောခန်းရှေ့တွင် မတ်တပ်ရပ်လိုက်၏။
"ဒါ …. ဒါက"
အဘိုးအိုသည် ဆွံ့အသွားခဲ့မိ၏။ ကလန်သားမဟုတ်သည့် လူတစ်ယောက်သည် အဓိကဟောခန်းထဲသို့ အဘယ့်ကြောင့် ဝင်သွားနိုင်သနည်း။
"ဝင်ကြရအောင်"
ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့ ကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် နှစ်ယောက်သား ဘေးချင်းယှဉ်ကာ လျှောက်ရင်း ပွင့်လျက်ရှိနေသော ဟောခန်းထဲသို့ ဝင်လိုက်၏။ သူသည် သက်တော်စောင့် တစ်ယောက်ပင် ဖြစ်လို့နေသည်။
……….
နဝမဂိတ်တံခါး၏ အဓိကဟောခန်းအတွင်းတွင်တော့ ရိုးရှင်းလွန်းလှ၏။ ဆန်းကြယ်ပြီး ခမ်းနားလှသည့် ပုလ္လင်တစ်ခုမှလွဲလျင် အခြား မည်သည့်အရာမှ မရှိချေ။
ဒွီ
ရုတ်တရက် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် အထဲကိုလျှောက်ကာ ဝင်လိုက်သည့် အခါမှာတော့ သူတို့နင်းလျှောက်နေသည့် ကျောင်တုံးပေါ်တွင် ထူးဆန်းလှသည့် အရေးကြောင်းများ ဖြစ်တည်သွားခဲ့ပြီး သူတို့အား ပုံရိပ်ယောင် လောကဆီသို့ ခေါ်ဆောင်သွား၏။
သူတို့သည် အဓိကဟောခန်းတွင်သာ တည်ရှိနေသေး၏။ သို့ပေမဲ့ သူတို့၏ ရှေ့တွင် အင်ပါယာမြို့တော်မှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ဖွဲ့က တည်ရှိလို့နေသည်။
ထင်ရှားလွန်းသည့် မျက်ခုံးနှင့် လူငယ်တစ်ယောက်သည် ပုလ္လင်အထက်တွင် ထိုက်လျက် ရှိနေ၏။ ၎င်းသည် ညာဘက်လက်ကို မျက်နှာပေါ်သို့တင်ကာ စဉ်းစားခန်းဝင်လို့နေသည်။ ၎င်း၏မျက်လုံးတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေ၏။
"သူက ဟွာချင်းရှင်းပဲ ဖြစ်မယ်"
ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရှုပြီး ကျွင်းချောင်ရှောင်းသည် အလွန်တည်ငြိမ်လို့ နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော ပုံရိပ်ယောင်မြင်ကွင်းမျိုးကို သူအကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် အသားကျနေခဲ့၏။
ဟွာမင်ကွေ့ သည် ဘာစကားမှ မဆိုချေ။ သို့ပေမဲ့ အဓိကဟောခန်းနှင့် လူငယ်ကို မြင်ရသည့် အချိန်မှာတော့ သူမ၏နှလုံးသားထဲတွင် ရှိနေသော သွေးချင်း ဆက်စပ်မှုသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
"အရှင်"
ထိုအချိန်မှာတော့ ဆံပင်အဖြူနှင့် အဘိုးအိုသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
"အရှင် …… အရှင့်ရဲ့ ရှာဖွေတွေ့ရှိမှု၊ ဖန်တီးမှုတွေက ကြောက်ဖို့ကောင်းတယ်။ တခြားဂိတ်ရှစ်ခုကတော့ သူတို့ရဲ့ တည်ရှိမှု အာဏာကို ထိခိုက်မှာ ကြောက်ဖို့ ပြာယာခပ်ကုန်မယ်ထင်တယ်”
လူငယ်သည် ပျင်းရိသည့် လေသံဖြင့် ပြောလိုက်၏။ "အဲတော့"
ဆံပင်အဖြူနှင့် အဘိုးအိုက ပြောလိုက်သည်။ "အရှင် …. သုသေသနလုပ်တာကို သူတို့သည်းခံနိုင်မှာ မဟုတ်ဘူး။ ဒီနဝမ ဂိတ်တံခါး ရှိနေတာတောင်မှ သူတို့ တော်တော် မခံရပ်နိုင်အောင် ဖြစ်နေကြပြီ"
ဟင်း …..
လူငယ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒီကြောင်တောင်တာင်နဲ့ အဘိုးအိုတစ်စုကတော့ ဘာတစ်ခုမှ တိုးတက်အောင် မလုပ်နိုင်ကြဘူး။ အဓိပ္ပာယ်မဲ့ အနိုင်လိုချင်နေကြတာပဲ။ အနာဂတ်မှာ သူတို့က ကျုပ်တို့မျိုးနွယ်တွေကို ဘယ်လိုများ ဦးဆောင်မှာလဲ။ ထားလိုက်တော့။ မတူညီတဲ့လမ်းကို လျှောက်လှမ်းချိန်မှာ တူတူသွားလို့မရဘူးတဲ့ "
သူသည် မတ်တပ်ထရပ်ကာဖြင့် ဂုဏ်ဟူစွာ ပြောလိုက်၏။ “တခြား ဂိတ်တံခါး ရှစ်ခုက ကျုပ်တို့က နဝမဂိတ်နဲ့ ပြဿနာရှိတယ် ဆိုရင် ဒီအင်ပါယာ ဝိညာဉ်နယ်မြေကနေ ကျုပ်တို့ ထွက်သွားရင်ကော ဘယ်လိုလဲ"
"ဒါပေမဲ့ … "
အဘိုးအိုသည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်ဆင်လိုက်သည်။
လူငယ်က တားဆီးလိုက်၏။ "ဒါပေမဲ့ ဆိုတာ မရှိဘူး။ ကျုပ်ရဲ့ နားလည်မှုအရဆိုရင် လွင်တီးခေါင်ဒေသမှာ နေထိုင်ရင်တောင်မှ ကျုပ်တို့ ဆက်ပြီး အသက်ရှင်သွားနိုင်သေးတယ် "
ထိုအရာကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက တွက်ချက်လိုက်မိသည်။ "ဒါကြောင့် ခင်ဗျားက ငှက်တောင် ချီးမပါတဲ့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးမှာ သွားနေတာကိုး"
ဂိုဏ်းဆီမှ ထွက်ခွာသွားပြီးနောက် သင့်တော်သည့် ဂြိုလ်တစ်ခုကို မရှာပဲ အဘယ့်ကြောင့် လွင်တီးခေါင် ကဲ့သို့သော နေရာကို ရွေးချယ်ခဲ့ရသနည်း။ မျိုးဆက်များအား နေချင်သလိုနေဟု ခွင့်ပြုထားခြင်းလား။
"ဟုတ်တယ်”
လူငယ်က ပြောလိုက်၏။ “အနာဂတ်မှာ ဘဝကို ခက်ခဲစွာ ရှင်သန်နေထိုင်ရမယ်။ ဒါမှပဲ ကျုပ်တို့ မျိုးနွယ်တွေရဲ့ စိတ်ကို ပိုပြီးသန်မာလာစေလိမ့်မယ်။ ဒီလို သန်မာကြမှပဲ အနာဂတ်မှာ ရွှေရောင်ဝိညာဉ်ထက် ပိုပြီးမြင့်မြတ်တဲ့ အဆင့်ကို တက်လှမ်းနိုင်မှာပေါ့”
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း ခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်တော့သည်။ ရည်ရွယ်ချက် ရှိရှိဖြင့် လွင်တီးခေါင် ကဲ့သို့သော ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးဆီ သွားနေကြခြင်းပင်။
"အရှင်"
အဘိုးအိုသည် ဇဝေဇဝါနှင့် ဖြစ်သွားမိ၏။
"ရွှေရောင်ဝိညာဉ်အထက်မှာ ဘာရှိသေးလဲ"
"ကျုပ်မသိဘူး"
လူငယ်သည် ခနလောက်ရပ်တန့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ဘိုးဘေးရဲ့သွေးမျိုးဆက်နဲ့ နှိုင်းယှဉ်လို့ရတဲ့ သွေးမျိုးဆက်တစ်ခု ရှိတာသေချာတယ်။ တကယ်လို့ မျိုးဆက်သစ်တစ်ယောက်က ဒါကို အမွေဆက်ခံနိုင်ရင် ပိုးအိမ်ထဲက ထွက်လာတဲ့ လိပ်ပြာတစ်ကောင်လိုပဲ မတူညီတဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒီတော့ ကျုပ်က ဒါကို ဓာတ်တစ်ထောင် ဝိညာဉ်လို့ အမည်ပေးထားတယ်"
"……..."
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ မည်ကဲ့သို့သော နာမည်မျိုးကို ပေးအပ်ထားရသနည်း။
ဆွစ်
ထိုအချိန်မှာပဲ ပုံရိပ်ယောင်သည် ပြောင်းလဲသွား၏။ သူနှင့် နှင်းဆီဧကရီတို့သည် မြို့၏ကောင်းကင်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိ၏။ နဝမဂိတ်မှ အဖွဲ့အဝင်များ အားလုံးသည် သူတို့၏ အဝတ်များကို ထုတ်ပိုးကာဖြင့် ဤနေရာမှ ရွေ့ပြောင်းသွားလာရန် ပြင်ဆင်နေကြ၏။
"အရှင် … ဘယ်ကိုသွားကြမလဲ" အဓိကဟောခန်းရှေ့တွင် ရှိနေသော လူငယ်လေး တစ်ယောက် မေးမြန်းလိုက်သည်။
"အောက်နယ်မြေကိုပေါ့"
"ဘာလို့ အထက်စကြဝဠာမှာ မနေရတာလဲ"
"ဓာတ်တစ်ထောင် ဝိညာဉ်ဆိုတာ မူလစကြာဝဠာကြီးထဲမှာ ရှင်သန်ဖို့ လိုအပ်တယ်။ အားစွေ့ … မင်းဒီဂိတ်မှာ နေပြီးတော့ မျိုးဆက်သစ်ရောက်လာမှာကို စောင့်တော့"
"ကောင်းပါပြီ" အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တင်းလှသော လူငယ်က ပြောလိုက်၏။
ဤလူကို သေချာကြည့်လျှင် စောနက ရိုက်နှက်ခံရသည့် အဘိုးအိုပင် ဖြစ်တော့၏။ အချိန်များ ကုန်လွန်သွားပြီးနောက် ၎င်းသည် အိုမင်းသွားခဲ့သည်။
နဝမမြောက်ဂိတ်မှ အဖွဲ့ဝင်များ အားလုံးသည် ဂိတ်မှ ထွက်ခွာသွားခဲ့၏။ ဟွာချင်းရှင်းသည် များပြားလှသော အစီအရင်များကို ဖန်တီးပြီးနောက် ကြီးမားလှသည့် ဂိတ်တံခါးကြီးရှေ့တွင် မတ်မတ်ရပ်ကာဖြင့် ဂိတ်တံခါးကို စည်းခတ်ခဲ့လိုက်၏။
" နဝမမြောက်ဂိတ်ရဲ့ မျိုးဆက်သစ်ရောက်လာရင် ဓာတ်တစ်ထောင်ဝိညာဉ် အမွေဆက်ခံနိုင်လိမ့်မယ်"
သူသည် သူ့ကိုယ့်သူ ပြောဆိုနေခြင်း မဟုတ်ပေ။ ပုံရိပ်ယောင် မြင်ကွင်းမှ လူများကို ပြောဆိုနေခြင်းပင် ဖြစ်သည်။
"ဒါပေမဲ့ …"
ဟွာချင်းရှင်းက ထပ်ပြောလိုက်၏။ "အဲလူက အစိမ်းရောင် ဝိညာဉ်ပိုင်ရှင်ပဲ"