သားရဲများအလိုက်ခံရခြင်း
Vol. 129 Ch. 1796
“ဝေါင်း”
“အဝူး”
ရုတ်တရက် မရဏာသားရဲမျိုးစု၏ မာန်ဖီသံများသည် တောင်များဆီမှ ထွက်လာသည်။ ရှီမာယူယူတို့သည် စနောက်နေသည်များကို ဘေးချိတ်ထား လိုက်ပြီး ထိုဘက်သို့နိုးနိုးကြားကြားကြည့်လိုက်ကြသည်။
မကြာမီတွင် ကျယ်လောင်သော ခြေသံများသည် သူတို့ဆီသို့ချည်းကပ် လာရာ မရဏာသားရဲများ သူတို့ဆီသို့လာနေသည်မှာ သေချာနေသည်။
မာန်ဖီသံများကို နားစွင့်ကြည့်ရာ မရဏာသားရဲများ အရေအတွက်မှာ အများအပြားပင်။
“အဲဒီမရဏာသားရဲတွေက ရုတ်တရက်ကြီး ဘာလို့စိတ်ရိုင်းဝင်နေတာလဲ” ယွမ်ယွမ်သည် လှုပ်ရှားသံများကိုကြားရချိန်တွင် လက်သီးကိုကျစ်ကျစ်ပါ အောင် ဆုပ်လိုက်သည်။
ရှီမာယူယူသည် မိုကျိနှင့် ယွမ်ယွမ်အနားကပ်ကာ အနံ့ခံလိုက်သည်။ ထို့နောက် သူမ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ပြောလိုက်သည် “ရှင်တို့ သူများရဲ့ အကွက်ထဲဝင်သွားပြီ”
“ဘာဖြစ်လို့လဲ” ယွမ်ယွမ်သည် သူ့လက်ကိုမြှောက်ပြီး အနံ့ရှုကြည့်လိုက် ရာ ထူးဆန်းမှုတစ်စုံတစ်ရာကိုမှ မတွေ့ရပေ။
“ရှင့်ဆီက ပန်းနံ့သင်းသင်းလေးရတယ် ရှင်က အာရုံခံမကောင်းလို့ အနံ့ မရတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါက အရမ်းကိုနူးညံ့တဲ့ နဂါး ဖြားယောင်းပန်းပွင့်နဲ့ သန့်စင်ထားတာပဲ ဒါက ခန္ဓာကိုယ်ပေါ် နည်းနည်းလေး ရောက်သွားရင်တောင် သားရဲအုပ်ကိုလှုံ့ဆော်နိုင်တယ်”
“နဂါးဖြားယောင်းပန်းဟုတ်လား” နာမည်ကို ကြားလိုက်ရသောအခါ မိုကျိနှင့် ယွမ်ယွမ်တို့၏ မျက်နှာမှာ ပြောင်းလဲသွားကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် နမ်းရှုတ်ကြည့်ရာ အမှန်တကယ်ပင် ပန်းအနံ့ သင်းသင်းလေးရလေသည်။
လက်ရှိတွင် သူတို့သည် သစ်တောထဲရောက်နေသဖြင့် လေထဲတွင် ပန်းနံ့ ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သေချာအနံ့မခံကြည့်လျှင် သတိထားမိမည် ပင်မဟုတ်ပေ။
‘နဂါးဖြားယောင်းပန်” ဆိုသည့်နာမည်ကို သူတို့လည်း ကြားဖူးသည်။ ဤကဲ့သို့ ပန်းရနံ့သည် အနီးရှိ ဝိညာဉ်သားရဲများကို ရှုပ်ထွေးသွားစေကာ မြင်မြင်သမျှလူများကို တိုက်ခိုက်တတ်သည်။ အထွတ်အထိပ်သားရဲများပင် အလွယ်တကူ စိတ်ရှုပ်သွားစေနိုင်သည်။
“ငါတို့ ယွဲ့ရှီတောင်ကြားကို ရောက်ကတည်းက ဘယ်သူနဲ့မှ မဆက်သွယ် ဖူးဘူး ဘယ်လိုလုပ် ဒါရောက်လာတာပါလိမ့်” ယွမ်ယွမ်သည် နားမလည်နိုင် ဖြစ်နေသည်။
“အရင်က ဘေးကင်းတယ်… ဒီပန်းနံ့ကို ရေမျက်နှာပြင်မှာကျဲထားတာ ဖြစ်မယ် ရှင်တို့ ရေအေးကန်အောက်ခြေကို ဆင်းသွားခဲ့တာလေ ရေထဲကပြန် ထွက်လာတော့ အဲဒီကပါလာတာနေမှာ” ရှီမာယူယူ ခန့်မှန်းသည် “ယွမ်ယွမ် ရှင့်မှာ ရန်သူတွေရှိလား”
“ငါ…” ယွမ်ယွမ်သည် ငြင်းဆန်ဟန်ပြုလိုက်သည်။ သို့သော် သူ၏ မျိုးနွယ်ကို စဉ်းစားမိချိန်တွင် သက်ပြင်းချပြီး ပြောလိုက်သည် “မိသားစုထဲမှာ ငါ့ကိုသေစေချင်တဲ့လူတွေတော့ အများကြီးပဲ”
“ဒါဆို အဓိပ္ပာယ်ရှိသွားပြီ” မရဏာရင်ဝံပုလွေများ သုန်းမျိုးနွယ် ညီအစ်မ ကို သတ်စဉ်က ခြေရာကောက်မရသော လူကို ရှီမာယူယူ မှတ်မိသည်။ ထိုလူ သည် သူတို့ကိုမြင်ပြီး ယွမ်ယွမ်ကို သတ်ရန်လာခြင်းဖြစ်မည်။
“ဒီလောက်များတဲ့ မရဏာသားရဲတွေနဲ့ဆိုရင် ငါတို့ကိုင်တွယ်ဖို့ ပိုခက် သွားပြီ” မိုကျိ ပြောလိုက်သည် “ဒီလှုပ်ရှားသံကို နားထောင်ရသလောက် အားကောင်းတဲ့ မရဏာသားရဲတွေ ရာချီရှိမှာစိုးတယ်”
“ရှင်တို့ လျှို့ဝှက်ကာကွယ်ပေးတဲ့ ကိုယ်ရံတော်တွေခေါ်လာလား” ရှီမာယူယူ မေးလိုက်သည်။
“မခေါ်လာဘူး” ယွမ်ယွမ် ခေါင်းခါလိုက်သည် “ငါတို့ အတွေ့အကြုံထွက် ယူတဲ့အချိန်ဆိုရင် လျှို့ဝှက်ကိုယ်ရံတော်တွေ ခေါ်မလာဘူး ငါတို့ဘာသာပဲ အားကိုးပြီးလုပ်တာ သေချာတာပေါ့ အဲဒါက မိတ်ဆွေရှာတဲ့နေရာမှာလည်း အသုံးဝင်တယ်လေ ငါ့နောက်ကလိုက်တဲ့ ကိုယ်ရံတော်တွေလည်း လျောင်ချန် မြို့မှာနေခဲ့တယ်”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလိုနည်းလမ်းက လူသတ် သမားတွေအတွက် ပြင်ဆင်ထားသလိုဖြစ်နေမှာပဲမလား။
ရှင်က ကြီးကျယ်ခမ်းနားလှတဲ့ သခင်လေးလေ။ အဲဒါကို အားကောင်းတဲ့ လျှို့ဝှက်ကိုယ်ရံတော်ကိုတော် ခေါ်မလာဘူးလား။ ရှင့်ကိုသတ်ဖို့မလွယ်လွန်း ဘူးလား။
ယွမ်ယွမ်သည် ရှီမာယူယူ၏ အကြည့်ကိုနားလည်သဖြင့် ရှင်းပြလေသည် “အဲလိုပတ်ဝန်းကျင်မှာ ကြီးလာတဲ့လူတွေက မိသားစုအတွက် အသုံးဝင်ရမှာ လေ ဘယ်နည်းလမ်းကိုပဲသုံးသုံး အသက်ရှင်နေရင်ပြီးတာပဲ”
“ဟုတ်ပါပြီ ရှင်တို့မိသားစု… ကျွန်မက အကဲဖြတ်ရတာတွေကို မကြိုက် ပါဘူး ဒါပေမဲ့ အခုဘာလုပ်ကြမလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလောက်များ တဲ့ မရဏာသားရဲတွေကို ရှင်တို့နှစ်ယောက်နိုင်လား”
“ဒါက…” သူတို့နှစ်ယောက်သည် ခေါင်းခါလိုက်ကြသည်။ ဒါဇင်အနည်း ငယ်မျှဆို အဆင်ပြေသည်။ သို့သော် ယွဲ့ရှီတောင်ကြားမှ မရဏာသားရဲတစ် ဝက်ခန့်ကို ရင်ဆိုင်ရလောက်အထိ အစွမ်းအစမရှိပေ။
သူတို့တွင် အရည်အချင်းတစ်ချို့ရှိသည်။ သို့သော် ယွဲ့ရှီတောင်ကြား၏ သားရဲတစ်ဝက်လောက်က တစုတစည်းတည်းရှိလိမ့်မည်ဟု ထင်မထားပေ။
ရှီမာယူယူသည် နဖူးကိုထောက်လိုက်သည် “ရှင်တို့နဲ့ အတူသွားရင် အကျိုးရှိမယ်လို့ထင်ထားတာ ဒါပေမဲ့ ပြဿနာအကြီးစားကြီး ရလာမယ်လို့ ထင်မထားဘူး”
“မင်းက ရေအေးကန်ထဲကရေကို ထိတောင်မထိဘူးလေ မင်းမှာ နဂါး ဖြားယောင်းပန်းနံ့မှမရှိတာ ငါတို့နဲ့လမ်းခွဲလိုက်တော့ အဲဒါဆိုရင် မရဏာသားရဲ တွေက မင်းကိုလိုက်တော့မှာမဟုတ်ဘူး” ယွမ်ယွမ်သည် စိတ်ပိုင်းဖြတ်ကာ ပြောလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်သည် “အဲဒီနည်းက အသုံးဝင်ရင် စောစောကတည်းက ပြောလိုက်ပြီ အခု မရဏာသားရဲတွေက ပိတ်ထားပြီလေ နဂါးဖြားယောင်းပန်းရှိတာမရှိတာနဲ့ မဆိုင်တော့ဘူး”
“နောက်ဆုံးတော့ မင်းကိုဆွဲသွင်းမိမယ်လို့ထင်မထားဘူး” ယွမ်ယွမ်သည် သူမကို အားနာစွာဖြင့် ကြည့်လေသည်။
သူသည် အစက သူမကိုကာကွယ်ပေးရန် ဖိတ်လိုက်ခြင်းဖြစ်သည်။ သို့သော် သူကသာ ဤကပ်ဘေး၏အရင်းအမြစ်ဖြစ်ပြီး ပြဿနာဖြစ်စေလိမ့် မည်ဟု ထင်မထားပေ။
“အခုမှပြောနေလည်း နောက်ကျနေပြီ” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့နှစ်ယောက်မှာ အကြံရှိလား”
“အဆုံးထိတိုက်…” မိုကျိသည် ရှီမာယူယူ၏ ခွင့်မပြုသော အကြည့်ကို မြင်သောအခါ ပြုံးလိုက်သည် “မဖြစ်နိုင်ဘူးပဲ”
“ရှင်ဘာလုပ်နိုင်လဲ” ရှီမာယူယူ မေးလိုက်သည်။
“စစ်ဆင်ရေးဗျူဟာ ၃၆ သွယ်သိတယ်လေ အဲထဲကမှ အကောင်းဆုံးက ထွက်ပြေးတာပဲ” မိုကျိသည် ချက်ချင်းပင် အရေးပေါ်ဖြတ်လမ်းဝင်္ကပါထုတ် လိုက်သည် “သွားမယ် သူတို့ကပဲမြန်မလား ငါတို့တည်ဆောက်မှုကပဲ မြန် မလားကြည့်တာပေါ့”
ရှီမာယူယူသည် တည်ဆောက်မှုကိုကြည့်လိုက်သည်။ လူသုံးယောက် ဝင်လျှင် တစ်ကြိမ်ကို ကီလိုမီတာ တစ်ထောင်လောက်တော့ သွားနိုင်သည်။ အကြိမ်အနည်းငယ်သုံးလိုက်လျှင် မရဏာသားရဲများကို ယာယီရှင်းထုတ်နိုင် မည်။
သူမသည် ဖြတ်လမ်းဝင်္ကပါ ဝန်ကိုလျော့ချရန် အိပ်မက်လေးတို့အားလုံး ကို သိမ်းလိုကု်သည်။ ထိုအခါမှသာ အိပ်မက်လေးသည် သူမ၏ စာချုပ်သားရဲ ထဲမှ တစ်ယောက်ဖြစ်သည်ကို မိုကျိနှင့် ယွမ်ယွမ်တို့ သိလိုက်ရလေသည်။
သူမ ဘယ်လောက်တောင် သန်မာတာလဲ။ မရဏာသားရဲဒီလောက် အများကြီးကို စာချုပ်တည်ထောင်နိုင်တယ်။ သူတို့နှစ်ယောက်သည် သိချင်မိ ကြသည်။ သို့သော် ထိုအရာကိုလေ့လာနေရန် အချိန်မရှိပေ။ သူတို့သုံးယောက် သည် ဖြတ်လမ်းတည်ဆောက်မှုပေါ်တက်လိုက်ပြီး မရဏာသားရဲများ မရောက် လာခင်တွင် မျက်စိရှေ့မှ ပျောက်သွားကြလေသည်။
“ဝေါင်း”
အကြောင်းအရင်းပျောက်သွားကြသော သားရဲများသည် တစ်ခဏမျှ မှင်တက်သွားကြသည်။ သူတို့သည် မစဉ်းစားတတ်တော့ဘဲ ရှေ့မှအခြေအနေ ကိုနားမလည်နိုင်ဖြစ်သွားကြသည်။
“အဝူး”
မရဏာသားရဲတစ်ကောင်သည် ရှည်လျားစွာ အော်ဟစ်လိုက်ရာ မရဏာသားရဲများမှာ သူတို့ထွက်သွားသည့်ဘက်သို့ ဆက်လိုက်လေသည်။ ထိုဦးတည်ဘက်မှာ ရှီမာယူယူတို့ထွက်သွားသည့်ဘက်ပင်ဖြစ်သည်။
သူတို့သုံးယောက် ဖြတ်လမ်းဝင်္ကပါမှထွက်လိုက်လိုက်ချင်းပင် အနောက် မှ မာန်ဖီသံများကို ကြားလိုက်ရပြန်သည်။
“နဂါးဖြားယောင်းပန်းကတော့ တကယ်ကိုမိုက်တာပဲ ငါတို့ ဖြတ်လမ်း ဝင်္ကပါထဲမှာရှိတာတောင် လေထဲမှာ ပန်းအနံ့ပျံ့နေတာကို တားမရဘူး” ယွမ်ယွမ် သက်ပြင်းချလိုက်သည်။
“အဲဒါကြောင့် နဂါးဖြားယောင်းပန်းကို နဂါးဖြားယောင်းပန်းလို့ခေါ်တာပဲ ပြီးတော့ အရသာကိုလည်း နဂါးတွေ ခံနိုင်ရည်မရှိဘူး ဒါကိုပန်းအနံ့နဲ့ သန့်စင် ထားတာဆိုတော့ ဒီမှာသုံးလိုက်ရင် သတ်လိုက်တာပဲ” ရှီမာယူယူ ပြောလိုက် သည်။
“သွားမယ်” မိုကျိသည် အရေးပေါ်ဖြတ်လမ်းဝင်္ကပါကို ထပ်ဖွင့်လိုက်ရာ သူတို့သုံးယောက်သည် ဝင်ပြီးအမြန်ပင် ပျောက်ကွယ်သွားတော့သည်။
မရဏာသားရဲများ ရောက်လာချိန်တစ်ခဏအတွင်းတွင် ကျန်သုံးယောက် သည် ပျောက်ကွယ်သွားပြန်သည်။
“အဝူး”
လေထကိုအနံ့ခံလိုက်သည့် အကောင်သည် ချက်ချင်းပင် ဦးတည်ချက်ကို ရှာတွေံပြီး လိုက်ရာ ကျန်မရဏာသားရဲများလည်း လိုက်ကြလေသည်။
သည်လိုနှင့် သူတို့သုံးယေက် ပြေးပြီး မရဏာသားရဲများသည် အနောက်မှ လိုက်ကြရာ မရဏာသားရဲများပိုပိုလိုက်လာကြသည်။ ယွဲ့ရှီတောင်ကြား၏ အတွင်းဘက်နံရံများမှာ တုန်ခါနေရာ အပြင်တွင်စောင့်ကြပ်နေသော လူများကို ထိတ်လန့်စေပြီး အထဲမှအဖြစ်အပျက်ကိုသိချင်နေကြသသည်။
အစပိုင်းတွင် မိုကျိနှင့် တခြားသူများသည် ထွက်ပြေးရန်စီစဉ်ထားကြ သည်။ သို့သော် မရဏာသားရဲများကို ရှင်းထုတ်ရန်မဖြစ်နိုင်သဖြင့် မတတ်သာ တော့ဘဲ တခြားဦးတည်ဘက်သို့ ပြေးရတော့သည်။ မရဏာသားရဲများ ထွက် လာပါက အပြင်မှလူများ သေသွားနိုင်သည်။
သူတို့သည် ဖြတ်လမ်းဝင်္ကပါမှ ပြန်ထွက်လာချိန်တွင် ရင်းနှီးသောနေရာ ကိုမြင်လိုက်ရသည်နှင့် နှုတ်ခမ်းတွန့်မိကြသည်။
ဒီနေရာက နဂါးဖြားယောင်းပန်းအနံ့ဆွဲခဲ့တဲ့ ရေအေးကန်မလား။ အပတ်ကြီးပတ်လာပြီးသွားတော့ ဒီနေရာကိုပဲပြန်ရောက်လာမယ်လို့ ထင်မထားဘူး။
“တစ်ခုခုရှိတယ်… ” မိုကျိပြောလိုက်ရာ သူ့အသံကြားသည်နှင့် ယွမ်ယွမ် သည်စိတ်ထဲမှ ကြိုမှန်းမိလေသည်။
***