အခန်း ၁၇၄၀
Vol. 117 Ch. 1740
အပိုင်း (၁၇၄၀)
ကျယ်လောင်လှသော အသံသည် ပြိုင်စံရှားဂိုဏ်းထဲ ပျံ့နှံ့သွားပြီး တပည့်များသည် ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“ရှင်းလင်းခဲ့တယ်လား”
“ငရဲခန်းလုပ်ဆောင်မှုကို ရှင်းလင်းနိုင်ခဲ့တယ်ဟုတ်လား။ စီနီယာအစ်ကိုတွေ ပီသပါပေတယ်။”
တပည့်တော်တော်များများသည် သာမာန်နှင့် ခက်ခဲသော လုပ်ဆောင်နိုင်မှုများတွင် ပိတ်မိတစ်ဆို့လျက်ရှိနေသည် ဆိုသော်လည်း လက်ရွေးစင်တပည့်များမှာတော့ ငရဲခန်းလုပ်ဆောင်မှုပုံစံကို ရှင်းလင်းနိုင်ခဲ့သည်။ ထိုအရာသည် ဂိုဏ်းအတွင်း အပူတပြင်း ဆွေးနွေးစရာဖြစ်လာသည်။
စာကြည့်ခန်းထဲမှာတော့ ….
ကျွင်းချောင်ရှောင်းသည် မျက်နှာပေါ်တွင် မျက်နှာဖုံးကို ကောက်တပ်ကာဖြင့် အကြိမ်အနည်းငယ်လောက် ပုတ်ကာ ပြောလိုက်၏ “ငါ့ကို စိတ်မပျက်စေခဲ့ဘူး”
“အဆင့်မြင့် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေရဲ့ ငရဲခန်းလုပ်ဆောင်မှုပုံစံကို ပထမဆုံးအကြိမ် ရှင်းလင်းနိုင်ခဲ့တယ်ဆိုတော့ ဂိုဏ်းသားအားလုံးသည် အတွေ့အကြုံအမှတ် တစ်ချို့ကို ဆုအဖြစ် ရရှိသည်” ကျယ်လောင်သော အသံကြီး ထပ်မံထွက်ပေါ်လာသည်။
“ဒီလိုမျိုးလည်း ရှိတယ်လား”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီး တစ်ဂိုဏ်းလုံးဆီ ကြည့်ရှုလိုက်ချိန်မှာတော့ တပည့်များအားလုံး၏ ခန္ဓာကိုယ်တွင် နတ်အလင်းများ ထွန်းလင်းနေသည်ကို သတိပြုမိလိုက်သည်။
ထိုအလင်းသည် အတွေ့အကြုံအမှတ်ပင် ဖြစ်တော့၏။
“ဒါဘာလဲ”
“ဒါကို စုပ်ယူလို့ရမယ်ထင်တယ်”
တပည့်များသည် မြေပေါ်တွင် ခြေချိတ်ကာထိုင်လိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်ကို လွှမ်းခြုံလျက်ရှိနေသော နတ်အလင်းများကို စုပ်ယူလိုက်ကြသည်။
ဤစွမ်းအင်များသည် သန့်စင်လွန်းပြီး ကောင်းကင်နှင့် မြေကြီး၏ နက်နဲလှသော အဓိပ္ပာယ်များပါဝင်နေပြီး မရီဒန်၊ ဒန်ထျန်များနှင့် တစ်ခါတည်း ပြည့်စုံစွာ ပေါင်းစပ်သွား၏။
“ဝှစ် …”
“ဝှစ် …”
အချိန်တိုအတွင်းမှာပဲ သတ်မှတ်အဆင့်တစ်ခု၌ တစ်လျက်ရှိနေသော တပည့်များသည် ထိုအတွေ့အကြုံများကို စုပ်ယူပြီး အဆင့်တက်ကုန်ကြသည်။
“ကျုပ်အဆင့်တက်ပြီ”
“ကျုပ် အစစ်အမှန် ရှာဖွေခြင်းအဆင့်ဆီ တက်လှမ်းနိုင်ပြီ”
ဂိုဏ်းထဲ၌ စိတ်လှုပ်ရှားနေသည့် အသံများတစ်ခုပြီးတစ်ခု ထွက်ပေါ်လျက်ရှိ၏။
လီချင်းယန် နှင့် တခြားသူများသည် ငရဲခန်းလုပ်ဆောင်မှု ပုံစံကို အောင်မြင်ပြီးနောက် တစ်ဂိုဏ်းလုံးအား ကြီးမားသည့် အကျိုးကျေးဇူး ရရှိစေခဲ့သည်။ ထိုအရာသည် ကျွင်ချောင်ရှောင်း မျှော်လင့်ထားသော အရာမျိုး မဟုတ်ချေ။ အံ့အားသင့်စရာ ကိစ္စပင်ဖြစ်လေသည်။
သို့ပေမဲ့ အလွန်ထူးခြားသည့် အရာတစ်ခု ကျန်ရှိနေသေး၏။
နတ်အလင်းသည် တပည့်များကို လွှမ်းခြုံသွားခဲ့သည်ဆိုသော်လည်း အထက်ပိုင်း အကြီးအကဲများ မပါဝင်ချေ။
“ငရဲခန်းလုပ်ဆောင်မှု ပုံစံကို ကျော်ဖြတ်ခဲ့တာ တပည့်တွေကြီးပဲမလို့” စနစ်က ရှင်းပြလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “အကြီးအကဲယု နဲ့ တခြားသူတွေသာ ငရဲခန်းလုပ်ဆောင်မှုကိ ရှင်းလင်းနိုင်ရင် သူတို့လည်း အကျိုးကျေးဇူးရမှာပေါ့”
“ဖြစ်နိုင်တယ်”
စနစ်သည် မသေချာပေ။ သူသည် ထောက်ပံ့ကူညီသူ နှင့် လက်ခံသူကို ရင်နာအောင် ပြုလုပ်တတ်သူ တစ်ယောက်မျှသာ ဖြစ်၏။
“အချိ်န်ရမယ်ဆိုရင် စမ်းကြည့်ခိုင်းရမယ်”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဘာပဲပြောပြော လုပ်စရာမှမရှိတာ”
ယုစီနန် နှင့် တခြားသူများသည်သာ ထိုအသံကို ကြားလျှင် ကျိန်းသေပေါက် ထကာ အော်ဟစ်နေကြပေလိမ့်မည် “တောင်ထွတ်သိုင်းပြိုင်ပွဲဆိုလို့ ကျုပ်တို့အလုပ်အရမ်းများနေတယ်လေ”
….
ဝှစ် …
ဝှစ် …..
တောင်၏ အနောက်ဘက် … သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ အရှေ့တွင်တော့ လီချင်းယန် နှင့် တခြားသူ များသည် အပြင်ဘက်သို့ ထွက်လာကြသည်။
နောက်ဆုံးအဆင့်ကို ချိုးဖျက်ပြီးသည့်နောက် သူတို့သည် အတွေ့အကြုံအမှတ်များကို တော်တော် ရရှိခဲ့သည်။ အထူးသဖြင့် လီဖေး နှင့် တခြားသူများဆိုလျှင် အစစ်အမှန်ထိပ်ဆုံးအဆင့်သို့ပင် ချိုးဖျက် ဝင်ရောက်ခဲ့ကြ၏။
အထဲသို့မဝင်ခင်က မတူညီသည့် ကျင့်ကြံခြင်းအဆင့်၌တည်ရှိကြသည် ဆိုသော်လည်း ပြန်ထွက်လာချိန်မှာတော့ အားလုံးတို့သည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားကြသည်။
လီချင်းယန် နှင့င် ရီရှင်းချန်တို့သည် အဆင့်မချိုးဖြတ်နိုင်ကြသော်လည်း သိုင်းကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမိုနက်နဲစွာ နားလည်လာကြ၏။ အခွင့်အရေးသာ ရရှိမည်ဆိုလျှင် ၎င်းတို့သည် နတ်ဘုရားလျှို့ဝှက်အဆင့်သို့ ခြေလှမ်းဝက်ပင် ဝင်ရောက်သွားနိုင်၏။
ဟုတ်ပေသည်။
သူတို့လက်ရှိ အဆင့်ချိုးဖျက်နိုင်ခြင်းနှင့်ပတ်သက်၍ ဝမ်းသာမိသည် ဆိုသော်လည်း လတ်တလောအာရုံမလာကြချေ။ အားလုံးတို့သည် အနောက်ဘက်တွင် ရှိနေသော ဟယ်ဝူတီကို ကြည့်နေရသော ကြောင့်ပင်။
ဤလူသည် နောက်ဆုံးဆရာကြီးကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့သည်။
“အရမ်းအားကောင်းတယ်”
ရီရှင်းချန်သည် အလွန်တုန်လှုပ်နေမိ၏။
ဂိုဏ်း၏ တပည့်များထဲတွင် သူသည် အားကောင်းသူတစ်ယောက်အဖြစ် မိမိကိုယ်ကိုယ် ဂုဏ်ယူမိသူဖြစ်သည်။ သို့ပေမဲ့ ဟယ်ဝူတီ ပြသခဲ့သော တိုက်ခိုက်မှုကို ကြည့်မည်ဆိုလျှင် သူတို့ကြား ကွာခြားချက် ကြီးမားကြောင်း သိလာလှသည်။
“ကောင်းကင်ဘုံ”
စုရှောင်မိုသည် အသာလှမ်းလျှောက်သွားပြီး မယုံကြည်နိုင်သလို ပြောလိုက်သည် “ဂျူနီယာညီလေး .. မင်း အားအင်အဆင့်ကို သိုဝှက်ထားတာပဲ”
ဟယ်ဝူတီသည် ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးသည်။ အားအင်အဆင့်အရဆိုလျှင် အဆိုးဆုံးမဟုတ်သလို အကောင်းဆုံးလည်းမဟုတ်ပေ။ သို့ပေမဲ့ ယနေ့တိုက်ခိုက်မှုကို ကြည့်ရမည်ဆိုလျှင် ၎င်းသည် ပြိုင်စံရှားဂိုဏ်းထဲ၌ အားအကောင်းဆုံး တပည့်ပင်ဖြစ်လေ၏။
တပည့်များတင်မကသေးပေ။
လျှို့ဝှက်နယ်မြေထဲတွင် ထုတ်ဖော်လိုက်သော နဂါးကိုးကောင်လက်ဝါးရိုက်ချက်ဆိုလျှင် ယုစီနနန်နှင့် ကုန်းစွန်းဟုန့် တို့ကို မဆိုနှင့် ကျွင်းချောင်ရှောင်းပင် လိုချင်မိတိုက်ကွက်မျိုးဖြစ်လေသည်။
ဘုတ် ..။
ထိုအချိန်မှာပဲ မတ်မတ်ရပ်လျက်ရှိသော ဟယ်ဝူတီသည် ရုတ်တရက် ရွံတစ်ခုကဲ့သို့ပင် ပျော့ခွေကာ မြေပေါ်လဲကျသွား၏။
“ဂျူနီယာညီလေးဟယ်”
စုရှောင်မိုသည် ပြေးကာ ဖေးမလိုက်သည်။
“ကျုပ် .. ကျုပ် အဆင်ပြေတယ်”
ဟယ်ဝူတီက ပြောလိုက်သည် “နည်းနည်း အားနည်းရုံပဲ”
အားလုံးတို့သည် ချက်ချင်းနားလည်သွားကြ၏။
ဂျူနီယာညီလေးရီသည် လျှို့ဝှက်နယ်မြေအတွင်း နောက်ဆုံးဆရာကြီးကို သတ်ဖြတ်ခဲ့သည် ဆိုသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များကုန်ဆုံးသည့် ပေးဆပ်မှုကို ပေးဆပ်လိုက်ရသည်။
ဤအရာသည် သာမာန်သာလျှင်ဖြစ်သည်။ မဟုတ်လျှင်လည်း ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
“မြန်မြန်”
လီချင်းယန် က ပြောလိုက်သည် “ဂျုနီယာညီလေးကို ဆေးဟောခန်းထဲ ပို့လိုက်”
“မလိုဘူး .. မလိုဘူး”
ဟယ်ဝူတီက ပြောလိုက်၏ “အိပ်ဆောင်ကိုပဲ ပြန်ပို့တော့။ ရက်အနည်းငယ်လောက် နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်”
…….
ကျွီ ….
အခန်းတံခါးပိတ်သွားသည်။
လီချင်းယန် ထွက်ခွာသွားပြီးပြီးချင်းမှာပဲ ဟယ်ဝူတီသည် အိပ်ရာမှ ချက်ချင်းကောက်ထလိုက်သည် “ငါ့ကို သိသွားကြပြီလား”
သူ၏ နိယာမသည် သိုသိုသိပ်သိပ်နေထိုင်ရမည်ဆိုသော်လည်း ရှောင်ကျီနှင့် တခြားသူတို့ တိုက်ခိုက်နေသည်ကို ကြည့်ရှုရင်း စိတ်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်ခိုက်မိခဲ့၏။
စောနက မြေပေါ်လဲကျသွားခြင်းသည် ဟန်ဆောင်ခြင်းသာဖြစ်ပြီး အားအင်ထုတ်ဖော်လိုက်သည့်အတွက် ဤသို့ ဖြစ်ခဲ့ကြောင်း အားလုံးကို သိစေချင်သောကြောင့်ပင်။
သို့ပေမဲ့ မည်မျှသိုသိုသိပ်သိပ်နေမည် ဆိုဆို အသုံးမဝင်တော့ပေ။
စောနက ဖြစ်တည်ခဲ့သော ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကြီးသည် လီချင်းယန် နှင့် တခြားသူတို့၏ စိတ်နှလုံးထဲ၌ ကမ္ဗည်းရေးထိုးထားသလို ထင်ကျန်ခဲ့ပေမည်။ အထူးသဖြင့် စုရှောင်မိုဖြစ်၏။
နောက်တစ်ရက်မှာတော့ စုရှောင်မိုသည် လေ့ကျင့်ရေးကွင်းပြင်၌ ခုံတစ်လုံးချပြီးခြေတင်ကာ မနေ့က တိုက်ပွဲအကြောင်းကို စီကာပတ်ကုံးပြောဆိုတော့သည်။
“ချီးတဲ့မှ …”
“စီနီယာအစ်ကိုဟယ် က အရမ်းအားကောင်းတာပဲ”
ဟယ်ဝူတီ၏ စွမ်းရည်အကြောင်း ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားပြီးနောက် တပည့်များသည် စတင်ကာ ဆွေးနွေးလျက်ရှိနေကြ၏။
“ဒီလိုကိစ္စမျိုးရှိလား”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို သိရှိချိန်မှာတော့ မေးစေ့ကို ပွတ်ကာ ပြောလိုက်သည် “နောက််ဆုံးတပည့်က တော်တာပဲ”
“ဟုတ်တယ်”
စုရှောင်မိုက ပြောလိုက်၏ “ဂိုဏ်းချုပ် က မမြင်လို့။ ဂျူနီယာညီလေးရီရဲ့ တိုက်ခိုက်မှုက ရိုးရှင်းတယ်။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတယ်”
“ငါသွားကြည့်လိုက်မယ်”
ကျွင်းချောင်ရှောင်းသည် တပည့်များတောင်ထွတ်ဆီ သွားလိုက်သည်။
လမ်းတလျှောက်မှာတော့ စနစ်က ပြောလိုက်၏ “တခြားသူရဲ့ သိုင်းနည်းစနစ်ကို ဓားပြ ထပ်သွားတိုက်တော့မယ်”
အဘယ့်ကြောင့် ဤသို့ပြောဆိုရသနည်းဆိုသော် တစ်ဂိုဏ်းလုံးအသုံးပြုနေသော ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်သည် ဟယ်ဝူတီဆီမှ ရရှိထားခြင်း ဖြစ်သည်။
………
“ပြိုင်ဘက်ကင်းတာ အထီးကျန်ဆန်တယ်”
ဟယ်ဝူတီသည် အိပ်ရာထက်မှာထိုင်ရင်း သီချင်းငြီးလျက်ရှိသည်။ ရုတ်တရက် တစ်စုံတစ်ယောက် လာသည့် အသံကို ကြားလိုက်ချိန်မှာတော့ အားပြတ်သလို အိပ်ရာထဲ လှဲလိုက်၏။
“ကျွီ …”
တံခါးတွန်းဖွင့်ကာ ဝင်လာသော ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်သည် “မင်းအားနည်းနေမယ်ဆိုတာသိလို့ တံခါးမခေါက်တော့ဘူး”
“ဂိုဏ်းချုပ် … ကျုပ် … ကျုပ် အဆင်ပြေပါတယ်”
ဟယ်ဝူတီသည် အစစ်အမှန် သရုပ်ဆောင်ပင် ဖြစ်လေသည်။
“ဝူတီ”
ကျွင်းချောင်ရှောင်းသည် အိပ်ရာပေါ်တက်ထိုင်ပြီး အားနည်းနေပုံပေါ်သော သူ၏တပည့်ကို ကြည့်လိုက်သည် “မင်း ဂိုဏ်းထဲရောက်တာ ဘယ်လောက်ကြာပြီလဲ”
“အင်း …”
ဟယ်ဝူတီက ပြောလိုက်၏ “ဆယ်နှစ်ကျော်ပါ”
“အသားကျပြီလား”
“ကျ .. ကျပါပြီ”
“တကယ် အသားကျပြီလား”
“အသားကျပြီ”
ဟယ်ဝူတီသည် ဖြေဆိုနေရင်းကနေ စိတ်ထဲမှာ တစ်ခုခု ခံစားလာရသည်။ တစ်ခုခု မှားနေသလိုပဲ။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏ “ငါတို့ ပြိုင်စံရှားဂိုဏ်းက သက်တန့်ရောင် သူတော်စင်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ် ဆိုပေမဲ့ သူ ချန်ခဲ့တဲ့သိုင်းနည်းစနစ်တွေကတော့ နိမ့်ပါးတယ်။ အဆင့်မြင့်လာတာနဲ့အမျှ ဒီက သိုင်းကျင့်ကြံခြင်း နည်းစနစ် တွေနဲ့ မလိုက်ဖက်တော့ဘူး”
“…….”
ဟယ်ဝူတီသည် စိတ်ထဲမှာ ကြိတ်ကာတွေးတေလိုက်သည်။ ငါ့ကို ထပ်ပြီး လှည့်စားအုံးမှာပဲ။
“ဝူတီ … ဒီနှစ်ပိုင်းအတွင်း ငါမင်းအပေါ် ကောင်းခဲ့ရဲ့လား။ ဒီနှစ်ပိုင်းအတွင်း မင်း အရင်းအမြစ် နည်းနည်းလေးကိုပဲ ရခဲ့တာလား။ ဒီနှစ်ထဲမှာ ……”
“ဂိုဏ်းချုပ် … ထပ်မပြောပါနဲ့တော့”
ဟယ်ဝူတီသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ လျှို့ဝှက်သိုင်းကျမ်းကို ထုတ်ယူပြီး နှမျောတသဖြင့် ပြောလိုက်၏ “ကျုပ် ပေးပါမယ်”
“တစ်ခုပဲလား”
“………”
ကျွင်းချောင်ရှောင်း ထပ်မပြောခင်မှာပဲ ဟယ်ဝူတီသည် နောက်ထပ် သိုင်းကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည် “နှစ်ခုပါပဲ။ ထပ်မရှိတော့ပါဘူး”
တကယ်တော့ …. အများကြီးရှိနေသေးသည်။
သို့ပေမဲ့ ထုတ်ပေးလိုက်မည်ဆိုလျှင်လည်း ဓာတ်သဘာဝအရ ကျင့်ကြံ၍မရနိုင်တော့ပေ။
“ဝူတီ”
ကျွင်းချောင်ရှောင်းသည် ပခုံးကို အသာပုတ်ကာ ပြောလိုက်သည် “ကောင်းကောင်းအနားယူ .. ငါ အားရင် မင်းဆီ လာလည်မယ်”