← Chapters

အခန်း ၁၇၄၄

Vol. 117 Ch. 1744

အခန်း ၁၇၄၄

Vol. 117 Ch. 1744

အပိုင်း (၁၇၄၄)

တောင်ပင်လယ်နယ်မြေ

ထာဝရရွက်သင်္ဘောကြီး၏ အပျက်အစီး၊ အပိုင်းအစများသည် တောနက်ထဲတွင် ကျဆင်းလျက်ရှိ၏။ ရံဖန်ရံခါ ဆိုသလို အပျက်အစီးများကြားမှ အစိမ်းရောင်အငွေ့များ ထွက်ပေါ်နေသည်။ အချိန်အတော်ကြာ ကြိုးစားပြီးသည့် နောက် သူ၏ ညီငယ်လေး ပြန်လည်မွေးဖွားလာရာ လောကဆီသို့ ရောက်အောင်လာခဲ့၏။ သို့ပေမဲ့ ရောက်ရောက်ခြင်းမှာပဲ သူ့ညီငယ်လေး၏ အဖေသည် လက်စွမ်းပြခဲ့၏။

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာဖြင့် ရင်ဘတ်ကို အုပ်ကိုင်ကာ ငိုယိုလျက် ရှိနေသည်။ “ငါ့သင်္ဘောလေး.. ငါ့သင်္ဘောလေး... ဘယ်လိုဖြစ်ပြီး ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်သွားရတာလဲ”

“ဂိုဏ်းချုပ်ကျွင်း”

သူ၏ဘေးနားတွင်တော့ ကုထျန်းရှင်းသည် ရုတ်တရက် ရောက်ရှိလာကာဖြင့် ကြောင်အအဖြင့် ပြောလိုက်၏။ “ဘာလို့ စောစောကတည်းက ကြိုမပြောရတာလဲ”

ထာဝရရွက်သင်္ဘောကြီးသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရွက်သင်္ဘောကြီးကို ပြန်လည်ပြင်ဆင်ထား သည့်အရာအဖြစ်၏။ ထို့ကြောင့် အသွင်အပြင်ကို ပြောင်းလဲမထားခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ကျူးကျော်သူများဟု ထင်မှတ်ကာ ကုထျန်းရှင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဦးလေး... ကျုပ်က ပြောချင်တယ်လေ။ ဒါပေမဲ့ ခင်ဗျားရဲ့ ပုဆိန်က အရမ်း မြန်လွန်းအားကြီးတယ်။ အခွင့်အရေး တစ်ခုတောင် မရလိုက်ဘူး။

“ဒါ ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး”

ထိုအချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် ရုတ်တရက် ရောက်ရှိလာကာဖြင့် လှမ်းအော်လိုက်၏။ “ဒါကို ပြင်လို့ရသေးတယ်။ အချိန်တော့ လိုတာပေါ့”

ဦးလေးကုသည် အံ့အားသင့်စရာပင်ဖြစ်သည်။ ပုဆိန်ကြီး ဖြတ်သန်းသွားသည့် တည်နေရာသည် စီစီရီရီ ညီညီညာညာဖြင့် ပိုင်းဖြတ်လျက်ရှိ၏။ ရွက်သင်္ဘောကြီးသည် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်ဆိုသော်လည်း ကြီးကြီး မားမား ထိခိုက်သွားလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် ရွက်သင်္ဘောကြီးအား ပြန်လည်ကယ်တင်၍ ရနိုင်သေးသည်။

“ဟမ်”

ရှန့်ကွမ်းရှင်းရောင်သည် ရွက်သင်္ဘောကြီး၏ ကျိုးပြတ်နေသည့် အစိတ်အပိုင်း တစ်ခုဆီမှ ထွက်လျှောက် လာကာ ပြောလိုက်၏။ “ဒါ ဘာကြီးလဲ”

သံပြားကြီးနှစ်ခု၏ ကြားထဲမှာတော့ တောက်ပလွန်းလှသည့် သလင်းအမြူတေလေးတစ်ခုက တည်ရှိလို့နေ၏။ ရံဖန်ရံခါဆိုသလို ထိုအရာသည် တဖျတ်ဖျတ်နှင့် လင်းလက်နေ၏။ လူသားတစ်ယောက်၏ နှလုံးကဲ့သို့ပင်။

“ထူးဆန်းလိုက်တာ”

ထိုက်ရွှမ်အဘိုးအိုသည် အသာလှမ်းလျှောက်သွားပြီးသည့်နောက် ထိုအရာကို လေ့လာလိုက်သည်။ “ဘာလို့ ဒါကြီးက ရှိနေတာလဲ”

သလင်းအမြူတေသည် ရွက်သင်္ဘောကြီး၏ အသက်သွေး မောင်းနှင်မှုစနစ်တွင် ပါဝင်သည့်အရာ မဟုတ်ချေ။ သီးခြားဖြစ်တည်နေသည့်အရာဖြစ်၏။ သာမန်မျက်စိနှင့် ရှာဖွေတွေ့ရှိနိုင်ရန်မဆိုနှင့် စိတ်ဝိညာဉ်အာရုံများနှင့် ရှာဖွေလျှင်ပင် တွေ့ရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။

“ဖြစ်နိုင်တာက”

ထိုက်ရွှမ်အဘိုးအိုက ခန့်မှန်းလိုက်သည်။ “ဒါက ရွက်သင်္ဘောကြီးရဲ့ တည်နေရာကို ပြသနိုင်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်လိမ့်မယ်”

“ဒါ အမှန်ပဲ”

သူ၏ရှေ့တွင်တော့ ကုထျန်းရှင်းက ပေါ်ပေါက်လာသည်။ ၎င်းသည် သလင်းအမြူတေကို လှမ်းယူလိုက်၏။ “ဒါကို တည်နေရာလှုပ်ခါခြင်းကျောက်တုံးလို့ ခေါ်တယ်။ စွမ်းအင်လှိုင်းတစ်ခုက ထုတ်ဖော်ပြီးတော့ ဘယ်လောက်ဝေးဝေးမှာပဲရှိရှိ သူ့ရဲ့ မိခင်ကျောက်တုံးဆီကို စွမ်းအင်လှိုင်းတွေ ပေးပို့နိုင်တယ်။”

“ဒါက ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကို အချက်ပြနေသလို ဖြစ်တာပေါ့”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ရယ်ချင်သွားမိ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှလူများ သူတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ နောက်ဆုံးတော့ အဖြေကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

“ချီးတဲ့မှ”

စနစ်က ပြောလိုက်၏။ “ကံကောင်းလို့ တွေ့တာပဲ”

...........

ဖောက်

ကျွင်းချောင်ရှောင်းသည် ထိုကျောက်တုံးကို အသာချိုးချေပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ “သူတို့ ကျုပ်ကို ဘယ်လို ထပ်ရှာအုံးမလဲ”

“ဂိုဏ်းချုပ်ကျွင်း”

ကုထျန်းရှင်းက မေးလိုက်၏။ “တောင်ပင်လယ်နယ်မြေကို ခင်ဗျား ဘာလာလုပ်တာလဲ”

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် တည်တံ့သည့်မျက်နှာသွင်ပြင်ပြောင်းကာ ပြောလိုက်သည်။ “စီနီယာကု... ခင်ဗျားက ကျုပ်တို့အထက်နယ်မြေကို ဘေးဒုက္ခကြီးကနေ ကယ်တင်ပေးခဲ့တယ်လေ။ သေသေချာချာ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျုပ် ကျေးဇူးတင်မှုနဲ့ လေးစားမှုကို ပြသတဲ့အနေနဲ့ လာလည်ဖို့ ဆုံးဖြတ်လိုက်တာပဲ”

သူ့အနေနှင့် ကုကျောင်းရှစ်အား လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ပြော၍ မဖြစ်နိုင်ပေ။ သူ၏ ညီလေး ပြန်လည် မွေးဖွားသည့်ကိစ္စရပ် ပေါ်ပေါက်သွားမှာကို စိုးရိမ်ရ၏။

သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ကုထျန်းရှင်းသည် အရာအားလုံးကို သိရှိပြီးဖြစ်၏။ သူနှင့် သူ၏ မိန်းမတို့သည် ကုကျောင်းရှစ်၌ ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ပိုင်ဆိုင်သည်ဆိုလျှင်ပင် ဂရုမစိုက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်တည်နေသည့် ကုကုန်းဟွသည် သူတို့၏သွေး၊ သူတို့၏သားနှင့် ဖြစ်တည်လာခဲ့သည့် သွေးသားဖြစ်နေသောကြောင့်ပင်။

“ဟင်း...”

ကုထျန်းရှင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်သားက အိမ်ကနေသာ ထွက်ပြေးမသွားဘူး ဆိုရင် ဂိုဏ်းချုပ်ကျွင်းနဲ့ စကားအေးအေးဆေးဆေး ပြောလို့ရမှာပဲ”

“ဘာ..”

ကျွင်းချောင်ရှောင်းသည် အံအားသင့် တုန်လှုပ်သွား၏။ “ကျုပ်ညီလေးက အိမ်ကနေ ထွက်ပြေးသွားတယ် ဟုတ်လား”

“မင်းရဲ့ညီလေး ဟုတ်လား”

“အင်း”

သူ စကားလွန်သွားသည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ရှင်းပြလိုက်၏။ “ကျုပ်က စီနီယာကို ဦးလေးတစ်ယောက်အနေနဲ့ သတ်မှတ်ထားတယ်ဆိုတော့ ဦးလေးရဲ့သားက ကျုပ်ရဲ့ညီပေါ့”

လှပလှသည့် နည်းလမ်းဖြင့် စကားကို ပြန်လည်ပြင်ဆင်လိုက်ရသည်။

“အင်း” ကုထျန်းရှင်းသည် များများစားစား တွေးတောမနေခဲ့ချေ။ ထပ်မံကာ သက်ပြင်းချလိုက်၏။ “ကံဆိုးစွာနဲ့ပဲ မင်းရဲ့ညီလေးက ဒီမှာ မရှိတော့ဘူး။ အရွယ်တောင်မရောက်သေးဘူး။ အိမ်ကနေ ထွက်ပြေးသွားပြီ”

“ဘာ... ဘာကြောင့်လဲ” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ ကုကျောင်းရှစ်နှင့်ပတ်သက်၍ သူ၏ နားလည်မှုအရဆိုလျှင် အားကောင်းလှသည့် မိဘများကို ပိုင်ဆိုင်ရခြင်းသည် ကောင်းချီးတစ်ပါးပင်ဖြစ်၏။ အဘယ်ကြောင့် အိမ်ကနေ ထွက်ပြေးရသနည်း။ “ညီလေး... မင်းဘယ်လိုဖြစ်ရတာလဲ”

ကုထျန်းရှင်းက ဖြေလိုက်၏။ “အင်း... သူ့ရဲ့ စေ့စပ်ထားတဲ့ မိန်းမကို မကြိုက်လို့တဲ့”

“.......”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လက်ရှိအချိန်မှာတော့ ကုကျောင်းရှစ်သာ ရှိသည်ဆိုပါက ကျိန်းသေပေါက် သူ၏ညီလေးအား နှစ်သိမ့်ပေးမှာ သေချာ၏။ “နယ်မြေသခင်ရဲ့ သမီးကိုတောင် မကြိုက်ဘူး ဆိုမှတော့ ဘယ်သူ့ကို သွားကြိုက်မှာလဲ”

သူ၏သားအကြောင်း ပြောပြီးသည့်နောက် ကုထျန်းရှင်းသည် အလွန် စိတ်နာလျက်ရှိသည့် အဘိုးအိုတစ်ယောက် ကဲ့သို့ပင် ပြောင်းလဲသွား၏။ သူက တီးတိုးရေရွတ်လိုက်သည်။ “ကောင်မလေးရဲ့ မိဘတွေက တောင်ပင်လယ်မှာ အချောဆုံးလူနဲ့ အလှဆုံးမိန်းမပဲလေ။ ဘယ်လိုဖြစ်ပြီး သူ့အတွက် မလုံလောက်ရတာလဲ”

“ဦးလေးကု... စိတ်ကို အေးအေးထားပါ”

ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်မိ၏။ “ပြီးတော့ ကျုပ်ညီလေးက ငယ်သေးတယ်လေ”

ကုကျောင်းရှစ် အိမ်က ထွက်ပြေးသွားသည်ကို သူသဘောမတွေ့ဘူးဖြစ်နေသော်လည်း သူ၏ ညီလေးဖြစ်နေသောကြောင့် ကျိန်းသေပေါက် ညီလေးဘက်မှ လိုက်ပါ ပြောဆိုပေးရပေမည်။

“အင်း..”

ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ငါတို့က သနားစရာမိဘတွေပေါ့ကွာ”

“ဦးလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် မြန်မြန် ညီလေးကို ရှာကြရအောင်”

စီနီယာကုအား ဦးလေးကုဟု ခေါ်ဆိုရင်းဖြင့် သူတို့၏ ပတ်သက်ဆက်နွယ်မှုသည် တဖြည်းဖြည်းနှင့် နီးကပ်လာသည်ဟု ခံစားမိစေ၏။

“ဒီခွေးလေးက ငါဖန်တီးထားတဲ့ ချီဖုံးကွယ်ခြင်းဆေးလုံးကို ခိုးယူသွားခဲ့သေးတယ်။ ဒါကြောင့် တောင်ပင်လယ် နယ်မြေထဲမှာ သူ့ကို လွယ်လွယ်နဲ့ ရှာလို့ မတွေ့နိုင်ဘူး”

ကျွင်းချောင်ရှောင်းက အံ့အားသင့်သွား၏။ ဆေးလုံးလေးတစ်လုံးသည် စီနီယာကုကိုပင် အကူအညီမဲ့အောင် ပြုလုပ်နိုင်စွမ်းရှိနေသည်။ ဤအရာသည် တကယ်ပင် အထင်ကြီးလှစရာကောင်းသည့် ဆေးလုံးမျိုးပင် ဖြစ်ရပေမည်။ ဆေးဟောခန်းမကသာ သန့်စင်နိုင်သည်ဆိုပါက...

“ဒင်... သီးခြားတာဝန် အသက်ဝင်”

“သီးခြားတာဝန် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် စနစ်ကို မြန်မြန်ဆန်ဆန်ဖြင့် ဖွင့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ “အိမ်မှ ထွက်ခွာသွားခဲ့သည့် ကုထျန်းရှင်း၏သားကို ကူညီကာ ရှာဖွေပေးရန်”

ဤအရာသည် တာဝန်တစ်ခု ဖြစ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် တောင်ပင်လယ်နယ်မြေတစ်ခုလုံးကို လှည့်လည်သွားလာကာ သူ၏ညီငယ်လေးကို ရှာဖွေရမှာ သဘာဝပင်ဖြစ်၏။ ထို့ကြောင့် တာဝန်သည် သူလုပ်ချင်သည့်အလုပ်နှင့် တစ်ထပ်တည်း ကျလို့နေ၏။

“အမ်.. မှတ်ချက်တစ်ခု ရှိသေးတာပဲ”

တခြား သီးခြားတာဝန်များနှင့် မတူဘဲ အောက်တွင် မှတ်ချက်လေးတစ်ခုက ပါဝင်နေသည်။ ပါဝင်သည့်အကြောင်းအရာသည် “ဆုလာဘ် - ချီဖုံးကွယ်ခြင်းဆေးလုံး ဖော်မြူလာ”

ကျွင်းချောင်ရှောင်းသည် တစ်စက္ကန့်လောက် ငြိမ်သက်သွား၏။ ပြီးနောက် သူသည် ရုတ်တရက်ထကာ မအော်မိ စေရန် သူ၏ပါးစပ်ကိုပင် အုပ်ကိုင်ထားမိသည်။ ဤအရာသည် သူအစစ်အမှန် လိုချင်နေသည့်အရာဖြစ်၏။

“ဦးလေး”

ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ညီလေးကို ရှာဖို့အတွက် ကျုပ် ကူညီပါမယ်”

“ဒါက”

ဆွစ် ဆွစ်

ပြောပြောပြီးချင်းမှာပဲ ပြိုင်စံရှားဂိုဏ်းမှ တပည့်ပေါင်းတစ်သိန်း၊ နတ်ဆိုးစစ်သည်ပေါင်း တစ်သန်းနှင့် ကျွဲရိုင်း စက်ရုပ် တစ်သောင်းတို့ ထွက်ပေါ်လာခဲ့၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “တောင်ပင်လယ်နယ်မြေ ဘယ်လောက် ကြီးကြီး ကျိန်းသေပေါက် ရှာလို့ရတယ်”

တခြားသူများဆိုပါက ရုတ်တရက် ပေါ်ပေါက်လာသည့် များပြားလှသည့် သိုင်းကျင့်ကြံသူများကို မြင်လျှင် ရုတ်တရက် အံ့အားသင့်သွားပေလိမ့်မည်။ သို့ပေမဲ့ ကုထျန်းရှင်းမှာတော့ ခြားနားလွန်းလှသည်။ ထို့အပြင် သူသည် အထက်စကြဝဠာတစ်ခုလုံးတွင် အားအကောင်းဆုံးသော လူများထဲမှ တစ်ယောက်ဖြစ်သည် မဟုတ်ပါလား။ သူ၏ သားကို အလျင်အမြန်ဖြင့် ရှာပေးမည်ဟု ပြောဆိုနေသောကြောင့် သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒုက္ခပေးမိတာ အားနာပါတယ် ဂိုဏ်းချုပ်ကျွင်း”

ချီဖုံးကွယ်ခြင်းဆေးလုံးသည် အော်ရာများအားလုံးကို ဖုံးကွယ်ထားနိုင်စွမ်းရှိသည်။ သူ့အနေနှင့် သူ၏သားကို လိုက်လံရှာဖွေနေရခြင်းမှာ ကောက်ရိုးပုံထဲ အပ်ရှာနေရသကဲ့သို့ပင် ဖြစ်လို့နေသည်။ လက်ရှိအချိန်မှာတော့ လူပေါင်းများစွာတို့ ရောက်ရှိလာသည်ဆိုခြင်းမှာ အလွန်ပင် အသုံးတည့်ပေလိမ့်မည်။

“တပည့်တို့... နားထောင်ကြ”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာပြောလိုက်၏။ “ဒီလောကကြီးမှာရှိတဲ့ တစ်လက်မချင်းစီတိုင်းကို ရှာကြမယ်။ စီနီယာကုရဲ့သားကို ကျိန်းသေတွေ့မှဖြစ်မယ်”

“ကောင်းပါပြီ”

ဆွစ် ဆွစ်

ချက်ချင်းပဲ ထိုက်ရွှမ်အဘိုးအိုနှင့် သူ၏ အစီအရင်ဟောခန်းမှ လူများမှလွဲ၍ ပြိုင်စံရှားဂိုဏ်းရှိ တခြားသော တပည့်များ အားလုံးသည် မတူညီသည့် တည်နေရာအနှံ့သို့ ပျံသန်းသွားကြသည်။

“ဦးလေး”

ကျွင်းချောင်ရှောင်းသည် အားပျော့သလို ပြောလိုက်၏။ “ချီဖုံးကွယ်ခြင်းဆေးလုံးဆိုတာ ဘာကို ပြောတာလဲ”

ဆေးလုံးအကြောင်း ပြောရမည်ဆိုလျှင် ကုထျန်းရှင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလျက်ရှိသည်။ “ဒါက ငါ နှစ်ပေါင်းတစ်သောင်းလောက် အချိန်ကုန်ခံပြီး သုတေသန ပြုလုပ်ထားတဲ့ မှော်ဆန်တဲ့ ဆေးနည်းတစ်ခုပေါ့။ ဒီအရာကို သောက်သုံးလိုက်မယ်ဆိုရင် ဘာအော်ရာကိုမှ ရှာဖွေတွေ့ရှိမှာ မဟုတ်တော့ဘူး။ အားလုံးကို လိမ်ညာ လှည့်စားလို့ရတယ်”

........

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ချီဖုံးကွယ်ခြင်းဆေးလုံးဆိုသည်မှာ တစ်ဖက်လူ ဖန်တီး ထားသည့်အရာဖြစ်နေသည်ဆိုတော့ တာဝန်ပြည့်စုံသွားလျှင် သူသည် သူ့ညီလေး၏အဖေဆီမှ ခိုးယူသည်နှင့် တူညီနေသည် မဟုတ်ပါလား။

မဖြစ်သေးဘူး... ငါလို သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ကျွင်းချောင်ရှောင်းက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်လို့ ဖြစ်မှာလဲ။

All Chapters