← Chapters

အခန်း ၁၇၄၅

Vol. 117 Ch. 1745

အခန်း ၁၇၄၅

Vol. 117 Ch. 1745

အပိုင်း (၁၇၄၅)

ရွှီး ရွှီး

တော၏အနက် အတွင်းဘက်မှာတော့ လူတစ်ယောက်သည် ထွက်ပြေးလျက် ရှိနေ၏။ ၎င်းသည် ကြမ်းတမ်းလွန်း လှသော သားရဲရိုင်းမျိုးစုံတို့၏ တိုက်ခိုက်မှုကို ရှောင်ရှားပြီးသည့်နောက် ရေကန်ကြီးတစ်ခု၏ ရှေ့ဆီသို့ ခုန်ဆင်း လိုက်၏။ ၎င်းသည် သွယ်လျသည့် ခန္ဓာကိုယ်နှင့် အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးလေးတစ်ယောက်ပင် ဖြစ်၏။

မှန်ပေသည်။ ဤလူသည် ထွက်ပြေးလာခဲ့သော ကုကျောင်းရှစ်ပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူသည် အတိတ်ဘဝတုန်းက မှတ်ဉာဏ်ပေါင်းများစွာကို ပြန်လည်ရရှိပြီးဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ ကလေးဆန်လှသည့်အလုပ်ကို ပြုလုပ်နေရသနည်း။

ကုကျောင်းရှစ်သည် နာကျင်စွာဖြင့် တွေးလျက်ရှိသည်။ “ငါ့ရဲ့ စေ့စပ်ထားတဲ့မိန်းမက အရမ်းကြောက်ဖို့ ကောင်းတယ်”

သူသည် နယ်မြေသခင်နဲ့ ပထမဦးဆုံးအကြိမ် စတင်တွေ့ရှိလိုက်စဉ်ကတည်းက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်မည်မှန်း သိခဲ့၏။ ထိုသူ၏ သမီးသည်လည်း ထိုကဲ့သို့ အသွင် အပြင်မျိုး ရှိပေလိမ့်မည်။

မိချောင်းခေါင်းနှင့် လူခန္ဓာကိုယ် .... စဉ်းစားကြည့်လိုက်ရုံနှင့်တင် ကြောက်မက်ဖွယ်ကောင်း၏။ ထို့ကြောင့်ပင်လျှင် အနာဂတ်ပျော်ရွှင်မှုကို ရရှိရန်အလို့ငှာ သူသည် စေ့စပ်ပွဲကို ငြင်းလိုက်ချင်၏။ သို့ပေမဲ့ သူ၏ အဖေသည် ကျိန်းသေပေါက် တစ်ဖက်လူနှင့် ရင်းနှီး ပတ်သက်မှုကို မဖျက်ဆီးချင်သောကြောင့် သဘောတူညီလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် စောစောစီးစီး အိမ်မှ ထွက်ပြေးရန်သာရှိခဲ့၏။

ထို့ကြောင့် အနှစ်ချုပ်ရမည်ဆိုလျှင် ကုကျောင်းရှစ်သည် အိမ်မှ ထွက်ပြေးခဲ့ခြင်းပင်။ အချက်အလက်အားဖြင့် ကုကျောင်းရှစ်၏ အမူအရာသည် လက်ထပ်ပွဲပြုလုပ်ခါနီးမှ ပြုလုပ်ရမည့်အရာဖြစ်၏။ သို့ပေမဲ့ သူသည် အသက်ပင် မပြည့်သေးချေ။ ငယ်ငယ်ရွယ်ရွယ်မှာတင် စတင်ကာ ထွက်ပြေးခဲ့လေသည်။

ဂလု ဂလု

စမ်းရေများကို လက်နှင့်ခပ်ကာ သောက်ပြီးသည့်နောက် ကျောက်တုံးတစ်ခုပေါ်တွင် ခြေချိတ်ထိုင်ကာဖြင့် အသက်ကို စတင်ကာ ရှူလိုက်၏။ သူသည် အိမ်ကထွက်ပြေးနေသည့်အခြေအနေသို့ ရောက်ရှိနေသည် ဆိုသော်လည်း ကျင့်ကြံခြင်းအား ဘယ်သောအခါမှ လျစ်လျှူမရှုခဲ့ချေ။

ကုကျောင်းရှစ်အနေနှင့် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်နှင့် ကောင်းကင်လက်ဝါးရိုက်ချက်တို့ကဲ့သို့သော အားကောင်းလှသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အဓိကထားကာ လေ့ကျင့်၏။ ထိုအရာများသည် အရင် အတိတ်ဘဝက ဂိုဏ်းထဲတွင် လေ့ကျင့်ခဲ့သည့်အရာများ ဖြစ်နေခြင်းကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကျွမ်းကျင်နေခဲ့ပြီဖြစ်၏။

ဗွမ်း ....။

ထိုအချိန်မှာတော့ ရေထဲသို့ ဆင်းသွားသည့်အသံတစ်ခု ထွက်ပေါ်လာသည်။

“အမ်” ကုကျောင်းရှစ်သည် ရုတ်တရက် မျက်လုံးကို ဖွင့်ကာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ တစ်စုံတစ်ယောက်သည် ရေချိုးရန် အတွက် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရ၏။

လက်ရှိ ရာသီဥတုသည် တောင်ပင်လယ်နယ်မြေ၏ နွေဦးရာသီပင်ဖြစ်၏။ ထို့ကြောင့် ရေချိုးသည်ဆိုသည်မှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။ ခက်သည်မှာ လက်ရှိ ရေချိုးနေသည့်လူသည် အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းပင်။ သူမသည် အဝတ်အစားများကို ဝတ်ဆင်ထားသည်ဆိုသော်လည်း ရေထဲသို့ ရောက်ရှိပြီးသည့်နောက် .....

အမျိုးသမီးသည် အသက် ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်နီးပါးခန့်ရှိ၏။ ရွှေရောင်ဆံပင်များသည် ရေပေါ်တွင် ပေါ်လျက် ရှိနေပြီး သွယ်လှ၍ လှပလွန်းလှသော နှာခေါင်း၊ နှင်းဆီကဲ့သို့ နီထွေးလျက်ရှိနေသည့် နှုတ်ခမ်း၊ ပါးမို့မို့ လေးများနှင့်အတူ တောက်ပစူးရှလျက်ရှိသည့် မျက်လုံးအစုံကို ပိုင်ဆိုင်သည်။ အလွန် ချောမောလွန်းလှချေ၏။

ကုကျောင်းရှစ်အနေနှင့် အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာသည့်လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ စူးစိုက်ကာ ကြည့်ရှုနေမိ၏။ သူသည် ယခင်တုန်းက လှပသည့် မိန်းကလေးများကို မမြင်ဖူး၍ မဟုတ်ချေ။ သို့ပေမဲ့ ဤအမျိုးသမီးကို ကြည့်ရှုပြီးသည့်နောက် လှပလွန်းသည်ဟု မတွေးဘဲ မနေနိုင်ချေ။

“သူမက ငါ့ရဲ့ စေ့စပ်ထားတဲ့ မိန်းမထက် အဆပေါင်း ဒါဇင်ချီ လှပတာပဲ။ မဟုတ်ဘူး။ အဆတစ်သောင်းလောက် ပိုလှတယ်”

ထိုသို့ဆိုလျှင် သူနှင့် စေ့စပ်ထားသည့် မိန်းမသည် မည်မျှရုပ်ဆိုးလိုက်သနည်း။

“ဟမ်”

ဆံပင်ရွှေရောင်နှင့် အမျိုးသမီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံပေါ်၏။ ထို့ကြောင့် ခေါင်းကိုမော့ကာ အဝေးတစ်နေရာရှိ ခြုံပုတ်ရှိသောတည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်သည်။

ကုကျောင်းရှစ်နှင့် အကြည့်ချင်း ဆုံသွားမိသည်။ သူကလည်း သူမကို ကြည့်လျက်ရှိ၏။ သူမကလည်း သူ့ကို ပြန်လည်ကြည့်ရှုနေသည်။ မြင်ကွင်း သည် အခြေအနေတစ်ခုလုံး အေးခဲသွားသကဲ့သို့ပင်။

“မင်း”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် မျက်မှောင်ကုတ်ကာဖြင့် မေးလိုက်၏။ “ငါ ရေချိုးနေတာကို လာပြီး ချောင်းနေတာလား”

“ဟာသပဲ”

သူ၊ ကုကျောင်းရှစ်သည် ဘယ်လိုလူမျိုး ဖြစ်သနည်း။

ထိုကဲ့သို့ တွေးတောနေသည်ဆိုလျှင်တောင်မှ သူသည် အပြစ်ကင်းစင်လှသည့် အပြုံးတစ်ခုကို မြန်မြန်ဆန်ဆန် ပြုံးကာ ပြောလိုက်၏။ “အစ်မကြီး... ကျုပ်က ဒီနားကနေ ဖြတ်သွားတာပါ”

ကုကျောင်းရှစ်သည် ကလေးကဲ့သို့ သွင်ပြင်မူရာများကို ပြုလုပ်ပြီး ပြဿနာများကို တော်တော်များများ ဖြေရှင်းတတ်သူတစ်ယောက်ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူ၏ အပြစ်ကင်းစင်လှသည့် အပြုံးမျိုးနှင့် ပြောဆို လိုက်မည်ဆိုလျှင် တစ်ဖက်လူအနေဖြင့် အေးအေးသက်သာဖြင့် ခွင့်လွှတ်ပေးနိုင်မည် မဟုတ်ပါလား။

ဟူး..

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် ရေကန်ထဲမှ ခုန်ထွက်လာ၏။ ချက်ချင်းပဲ ကမ်းစပ်၌ ရှိနေသည့် ကိုယ်သုတ် ပုဝါကို ယူကာဖြင့် ရစ်ပတ်လိုက်သည်။ သူမသည် ခြေဗလာ၊ စိုရွှဲလျက်ရှိနေသည့် ဆံပင်များနှင့်အတူ ကုန်းဝ၏ ရှေ့ဆီသို့ ရောက်ရှိလာ၏။ သူမသည် လက်ထဲတွင် ဓားမြောင်သေးသေးလေးကို ကိုင်ဆောင်ကာဖြင့် ကုကျောင်းရှစ်၏ လည်ကုပ်ပေါ်သို့ တင်လိုက်၏။

“မင်းက အရမ်းငယ်သေးတယ်။ ဒါပေမဲ့ မကောင်းတဲ့ အတတ်တွေ တတ်နေပြီပဲ။ ကြီးလာရင် ဒီထက် ဆိုးလိမ့်မယ်”

“အစ်မကြီး”

ကုကျောင်းရှစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်က ဒီကိုအရင်ရောက်တာပါ။ ခင်ဗျားက နောက်မှ ရောက်လာတာ”

“ဘာ... အဲတာတွေက အရေးမကြီးဘူး။ အရေးကြီးတာက မမြင်သင့်တဲ့အရာကို မင်းမြင်သွားတာ အရေးကြီးတာပဲ။ အပြစ်ပေးမှု အနေနဲ့ကတော့ မင်း...”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာခဲ့၏။ သူမက ပြောလိုက်သည်။ “သေရမယ်”

သူရေချိုးတုန်း ငါ ဘာမြင်လိုက်တာလဲ။ သူ အဝတ်တွေ ဝတ်ထားတာ မဟုတ်လား။

ကုကျောင်းရှစ်သည် ရုတ်တရက် ထကာ အော်လိုက်ချင်သည် ဆိုသော်လည်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားရ၏။ “ခင်ဗျား သေသေချာချာ သုံးသပ်စဉ်းစားကြည့်ပါအုံး”

“ငါ သေချာစဉ်းစားပြီးပြီ”

ဆံပင်ရွှေရောင်နှင့် အမျိုးသမီးသည် ဓားမြှောင်ကို ရှေ့ဆီသို့ ပိုမိုကာ တိုးလိုက်သည်။ “မှတ်ထား... ပြန်လည်ဝင်စားပြီးတဲ့အချိန်မှာ မိန်းကလေးတစ်ယောက် ရေချိုးတာကို ဘယ်တော့မှ မချောင်းနဲ့”

“........”

ကုကျောင်းရှစ်သည် ဆွံ့အသွားမိ၏။ “အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျုပ် ဒီကို ရေလာသောက်တာပဲ။ ဒါပေမဲ့ ခင်ဗျားက ရုတ်တရက်ကြီး ရေကူးဖို့ ရေထဲကို ခုန်ဆင်းလာတာလေ။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို လာအပြစ်တင်ရ တာလဲ”

“ဟုတ်လား”

ဤအမျိုးသမီးသည် အကျိုးအကြောင်း မဆီလျော်လှချေ။

ဆွစ်

ရုတ်တရက် ကုကျောင်းရှစ်သည် သူ၏ ညာဘက်လက်ဖြင့် ဓားမြှောင်ကို ရိုက်ခါပြီးသည့်နောက် ယုန်ကလေး တစ်ကောင်ကဲ့သို့ပင် ထွက်ပြေးသွား၏။ မီတာရာချီ အဝေးဆီသို ရောက်သည့်အချိန်မှာတော့ နောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ရုပ်ဆိုးတဲ့ အမျိုးသမီး ရေချိုးတာကို ဘယ်သူက ချောင်းမှာလဲ”

ဆံပင်ရွှေရောင်နှင့် အမျိုးသမီးသည် ဒေါသထွက်သွား၏။ “ခွေးလေး... သေချင်နေတာ ဟုတ်လား”

“ရုပ်ဆိုးမကြီး... ရုပ်ဆိုးမကြီး”

ကုကျောင်းရှစ်သည် အသံကုန်အော်ဟစ်ကာ ပြေးလွှားနေ၏။ အချက်အလက် အားဖြင့် သူသည် ဆံပင်ရွှေရောင်နှင့် အမျိုးသမီး၏ဓားအား လွယ်လွယ်ကူကူ ရှောင်ရှားနိုင်၏။ သို့ပေမဲ့ အနီးအနားတွင် ရှိနေသော သားရဲများ အလန့်တကြား ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ငြိမ်ငြိမ်သက်သက်ဖြင့် ခံနေရခြင်းဖြစ်သည်။

ဝုန်း ဝုန်း

သေချာပေ၏။ သူလှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် အနီးအနားတွင် ရှိနေသော သားရဲများသည် သတိပြုမိသွားပြီး စတင်ကာ အော်ဟစ်လာကြ၏။

ရွှီး

ထိုအချိန်မှာပဲ ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် သူ၏အနောက်မှ လိုက်ပါလာခဲ့၏။ သူမ မရောက်ခင်မှာပဲ သတ်ဖြတ်လိုခြင်းဆန္ဒများက အရင်ရောက်ရှိလာ၏။ ဤအရာသည် ကုကျောင်းရှစ် လိုချင်သည့် အရာမျိုးပင် ဖြစ်၏။ ဤတည်နေရာတွင် များပြားလှသော သားရဲများလည်း တည်ရှိနေ၏။ သူမကိုသာ သားရဲများ ဝိုင်းပတ်မိ သွားမည်ဆိုလျှင် သူလိုချင်နေသည့် လွတ်မြောက်ဖို့ အခွင့်အရေး ရရှိပေလိမ့်မည်။

“နေအုံး... သားရဲတွေ အကုန်လုံးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။ သူ့ကိုလည်း မကြည့်ပါလား”

ဆွစ်ဆွစ်

ထိုအချိန်မှာပဲ ဘယ်၊ ညာဆီမှ ကြီးမားလွန်းလှသော သားရဲတစ်ဒါဇင်ကျော်တို့သည် ရောက်ရှိလာ၏။ ၎င်းတို့သည် တောင်ထွတ်ကြီးများကဲ့သို့ပင် သူ၏လမ်းကို တားဆီးထား၏။

“အမ်”

သူသည် ကြံရာမရစွာဖြင့် ဟောင်ကြည့်လိုက်သည်။

ဝုတ် ဝုတ်

“ခွေးလေး”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် ပျံသန်းလာပြီးသည့်နောက် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ခြင်္သေ့ကြီး ပေါ်သို့ ဆင်းသက်လိုက်၏။ သူမသည် ပြုံးကာဖြင့် ထက်ရှလှသည့် သွားစွယ်နှစ်ခုကို ထုတ်ပြလိုက်၏။ “မင်း ဘယ်ကို ပြေးချင်တာလဲ”

ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ခင်ဗျားက လူသား မဟုတ်ဘူးလား”

ခစ်ခစ်

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် အရွှန်းဖောက်လိုက်၏။ “သားရဲတွေ အုပ်စိုးတဲ့ လောကကြီးမှာ လူသားတွေ ဆိုတာ ရှားပါးတယ် မဟုတ်လား”

“ခင်ဗျားက လူလည်း မဟုတ်ဘူးလေ။ ရေချိုးတဲ့အချိန် သူများတွေ ချောင်းတာကို ဘာဂရုစိုက်နေစရာ လိုလို့လဲ။ သားရဲတွေက အင်္ကျီမဝတ်ဘဲ လျှောက်သွားနေတာ မဟုတ်လား” ကုကျောင်းရှစ်သည် ပြောလိုက်သည်။

သူသည် ပတ်ဝန်းကျင်တစ်ခုလုံးကို သေချာကြည့်ရှုပြီးသည့်နောက် သူ့အား မွန်းစတားသားရဲများ ဝိုင်းရံထားသည်ကို သိရှိလိုက်ရ၏။ သူ့အနေနှင့် ထွက်ပြေးရန် လမ်းမရှိတော့ချေ။

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် အေးစက်စက် ပြောလိုက်၏။ “ရှင်တို့လူသားတွေ တန်ဖိုးထားတဲ့ ဂုဏ်သိက္ခာကို ကျွန်မလည်း တန်ဖိုးထားလို့ မရဘူးလား”

ဤစကားစုသည် ကုကျောင်းရှစ်အား အမှန်ပင် ဆွံ့အသွားစေသည်။

“ဒီနေ့မှာတော့”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်သည်။ “ဘယ်သူမှ မင်းကို ကယ်လို့ မရတော့ဘူး။ ငါ့ရဲ့ အပြစ်ကင်းစင်မှုကို ပြသနိုင်ဖို့အတွက် မင်း သေကို သေရလိမ့်မယ်”

“.........”

ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ အပြစ်ကင်းစင်မှုကို ပြသရအောင် သူ ဘာလုပ်ခဲ့သနည်း။ ဘာမှလည်း မလုပ်ခဲ့ရပေ။

“ကောင်းပြီ”

ကုကျောင်းရှစ်သည် မြေပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီးသည့်နောက် သေးငယ်လှသော အဆောင်ပြားလေးကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီကိစ္စကို ပတ်သတ်ပြီး ပြဿနာအကြီးကြီး မဖြစ်ချင်ဘူး။ ခင်ဗျား ကျုပ်ကို တွန်းအား မပေးပါနဲ့”

“ကောင်းကင်ကြယ်အဆောင်လား”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် လေးလေးနက်နက် ကြည့်ကာဖြင့် ပြောလိုက်သည်။ “မင်းက ကုထျန်းရှင်းနဲ့ ဘာတော်လဲ”

ကုကျောင်းရှစ်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “သူ့ရဲ့သားပဲလေ”

ဤမျှအားကောင်းလှသည့် အဖေ တစ်ယောက်ရှိနေသည့်အတွက် သူသည် အလုံးစုံ ဝံ့ကြွားလှသည့် ဟန်ပန်အမူအရာ၊ အပြောအဆိုမျိုးနှင့် ခွန်းတုံ့ပြန်သည်မှာ သဘာဝပင်ဖြစ်သည်။

“သား”

ဆိုသည့် စကားလုံးကို ကြားရသည့်အချိန်မှာတော့ ရွှေရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးထဲတွင် နာကျည်းသည့်အရိပ်အယောင်များ၊ ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ “ဒါဆိုရင် မင်းက ကုထျန်းရှင်းရဲ့ သားပေါ့”

ကုကျောင်းရှစ်သည် သူမ၏ မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့သည့် ခံစားချက် အရိပ်အယောင်များကို အလစ်အငိုက် ဖမ်းမိလိုက်၏။ ထို့ကြောင့် စိတ်ထဲမှာ ကြိတ်ကာ တွေးလိုက်မိသည်။

“သွားပြီ။ ဒီမိန်းမက အဖေနဲ့ မရှင်းမရှင်း ဆက်ဆံရေး တည်ရှိနေတာနဲ့ တူတယ်။ ငါ ဘယ်သူလဲဆိုတာ သိသွားပြီဆိုမှတော့ ကျိန်းသေပေါက် ဒုက္ခရောက်ပြီနဲ့ တူတယ်”

“လုပ်လိုက်လေ”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်၏။ “ကုမောင်နှံကို ခေါ်လိုက်စမ်းပါ”

......

ကုကျောင်းရှစ်သည် တွန့်ဆုတ်လို့ နေခဲ့၏။ သူ၏အဖေကို ခေါ်ရန်မှာ ပြဿနာကြီး မဟုတ်ပေ။ သို့ပေမဲ့ သူ၏ အမေကိုသာ ခေါ်ဆိုလိုက်မည်ဆိုပါက သူ၏အဖေကို ကျိန်းသေပေါက် ငိုယိုအောင် ရိုက်နှက်တော့မှာ သေချာ၏။ ဤအရာသည် အချစ်ရေးပြဿနာ ကိစ္စရပ်ကြီးပင်။

“မဖြစ်သေးဘူး။ ငါ့အဖေရဲ့ တခြား အချစ်ရေး၊ အချစ်ရာ ပြဿနာတွေကို ငါ့အမေ သိလို့မဖြစ်ဘူး။ မဟုတ်ရင် ပြဿနာက လေးနက်သွားလိမ့်မယ်”

ကုကျောင်းရှစ်သည် ကောင်းကင်ကြယ်အဆောင်အား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းကာ ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့မိန်းမ မဟုတ်ဘူးလေ။ ဘာလို့ ခင်ဗျားပြောတဲ့အတိုင်း ကျုပ်က လုပ်ရမှာလဲ”

“မင်း မလုပ်ဘူးလား”

ရွှေရောင်ဆံပင်နှင့်အမျိုးသမီးသည် ခြင်္သေ့သားရဲကြီးဆီမှ ပျံသန်းလာပြီးသည့်နောက် လက်ထဲတွင်ရှိနေသော ဓားမြှောင်သည် လင်းကနဲ လက်သွားသည်။ “ဒါဆိုလည်း သေစမ်း”

ကုကျောင်းရှစ်သည် သေဆုံးရန် ငြိမ်ငြိမ်လေး ရပ်တန့်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အသာလှည့်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ အလင်းတန်းတစ်ခုသည် ရုတ်တရက် ရောက်ရှိလာပြီးသည့်နောက် သူ၏ ရှေ့ဆီသို့ ကျဆင်းလာ၏။ ထိုသူ့ဆီမှ ခံစားချက် ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ “ညီငယ်လေး... ငါရောက်လာပြီ”

All Chapters