← Chapters

မှိုဘုရင်က အရှက်အကြောက်ကြီးတယ်

Vol. 11 Ch. 141

မှိုဘုရင်က အရှက်အကြောက်ကြီးတယ်

Vol. 11 Ch. 141

ထိုမြင်ကွင်းကိုမြင်သော် လာရောက်အကူအညီတောင်းကြသော ဆေးဘုရင်တို့မှာ တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာသာ လှည့်ကြည့်မိလိုက်ကြတော့၏။

ဆေးဘုရင်ကြီး မသေမျိုးကမ္ဘာသို့ တက်ရောက်သွားပြီးနောက်ပိုင်းတွင် ဤသူသည်သာ ဆေးဘုရင်တောင်ကြား၏ အရှင်သခင် ဖြစ်ခဲ့သည်ပင်။

အမြဲတမ်းလိုလိုပင် ထိုသူသည် အလွန်အထီးကျန်ဆန်စွာ တစ်ကိုယ်တည်းနေထိုင်လေ့ရှိပြီး အသစ်အဆန်းများနှင့် ထိတွေ့သိကျွမ်းရန် ကြောက်ရွံ့တတ်ကာ သူတစ်ပါးနှင့် ဆက်သွယ်ပြောဆိုရာတွင် အတော်လေးမကျွမ်းကျင်လှသူလည်းဖြစ်သည်။ သူအနှစ်သက်ဆုံးအရာမှာ တိတ်ဆိတ်စွာ တစ်ယောက်တည်းနေထိုင်ခြင်း၊ လောကရေးရာများနှင့် ကင်းကွာ၍ အနှောင့်အယှက်ကင်းမဲ့ခြင်းတို့ပင် ဖြစ်၏။

ဆေးဘုရင် ထွက်ခွာသွားသည့်အချိန်မှစ၍ သူသည် အချိန်ကြာမြင့်စွာ အိပ်စက်အနားယူခဲ့ပြီး ကာလရှည်ကြာ ပြောင်းလဲမှုများကို တိတ်ဆိတ်စွာပင် ဖြတ်သန်းခဲ့လေသည်။

"လေးစားအပ်ပါသော မှိုဘုရင်ကြီးခင်ဗျား ဆေးဘုရင်တောင်ကြားကို ကယ်တင်ဖို့ အရှင့်ကို လိုအပ်နေပါတယ်!"

"လူသားကျင့်ကြံသူတွေ လာရောက်တိုက်ခိုက်နေကြပါပြီ! ကျွန်တော်တို့ရဲ့ ဆေးပင်မျိုးနွယ်တွေအားလုံးကို တွေ့တဲ့နေရာမှာ ကြုံသလိုဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အမြန်ကာကွယ်ဖို့မပြင်ဆင်ဖို့ သေခြင်းတရားကိုသာ ထိုင်စောင့်နေရုံရှိပါတော့မယ်!"

"မှိုဘုရင်ကြီး၊ ကျေးဇူးပြု၍ ကယ်တင်ပေးပါဦး!!"

ဆေးဘုရင်အုပ်စုမှာ အလွန်စိတ်လှုပ်ရှားစွာဖြင့် သူ့ထက်ငါအလုအယက် တင်လျှောက်နေကြလေသည်။

ကျောက်တိုင်အနောက်တွင် ပုန်းကွယ်နေသော မှိုခေါင်းလုံးလုံးလေး ဖြည်းညှင်းစွာ ထွက်လာသည်။ မှိုဘုရင်ကြီးမှာ လွန်စွာအံ့အားသင့်လို့နေပြီး တုံ့ပြန်ရန်စကားများကို ဂရုတစိုက် စီစဉ်နေရသည်: "ဘယ်လိုဖြစ်နိုင်မှာလဲ? ဆေးဘုရင်တောင်ကြားထဲမှာ ရှိနေသရွေ့ကာလပတ်လုံး လူသားကျင့်ကြံသူတွေဘက်က အနိုင်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ…"

ဆေးဘုရင်ကြီးကိုယ်တိုင် လူသားကျင့်ကြံသူများ ဆေးဘုရင်တောင်ကြားသို့ ဝင်ရောက်ကာ ဆေးပင်မျိုးနွယ်ကို အန္တရာယ်ပြုရန် လုံးဝမဖြစ်နိုင်ကြောင်း၊ ပြုနိုင်ပါကလည်း တစ်ဖက်လူသားသည် ဒဏ္ဍာရီတစ်လျှောက်လုံး၏ နံပါတ်တစ်ပါရမီရှင်အဖြစ် မကြုံစဖူး အားအင်နှင့် ပြည့်စုံမှသာ ဖြစ်နိုင်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောကြားခဲ့သည်ကို သူ ယောင်ဝါးဝါး မှတ်မိနေသေး၏။

သို့သော် ယခုတော့ သူသည် ထိုသတင်းကို ကြားလိုက်ရလေပြီ။

မှိုဘုရင်ကြီးသည် အနည်းငယ် ကြောက်ရွံ့လာပြီး ဤအရှုပ်ထုပ်ထဲသို့ ပါဝင်ခြေချလိုစိတ် မရှိလှပေ…

"အမှန်ပါပဲ! အမျိုးတူဆေးပင်များစွာ ဒုက္ခရောက်နေကြရပါပြီ၊ အခု ဆေးပင်မျိုးနွယ်စုကို ကယ်တင်နိုင်မယ့်သူဆိုတာ မှိုဘုရင်ကြီးတစ်ဦးသာရှိပါတော့တယ်!"

"မှိုဘုရင်ကြီးက ဒီတောင်ကြားမှာ အားအကောင်းဆုံးနဲ့ သက်တမ်းအရင့်ဆုံးဆေးပင်ပါ၊ အရှင်ရှေ့ထွက်လာလိုက်တာနဲ့ ဆေးပင်မျိုးနွယ်စုတစ်ခုလုံး အားတက်ပြီး လူသားတွေကိုပြန်လည်တိုက်ထုတ်ဖို့ တစ်ဖန်စည်းလုံးညီညွှတ်သွားကြပါလိမ့်မယ်!"

ဆေးဘုရင်အုပ်စုက တကျည်ကျည် အော်ဟစ်ဆူပူလာကြပြန်သည်။

"ငါ မလုပ်ပေးနိုင်ဘူးကွ!"

မှိုဘုရင်ကြီးသည် ခေါင်းကို ခါရမ်းလိုက်ပြီး ဤအရေးကြီးသောတာဝန်ကို သူနိုင်နင်းမည်မဟုတ်ဟု ခံစားရကာ တီးတိုးပြောလာသည်။ "ညီအစ်ကိုတို့၊ ငါ့ရဲ့တစ်ခုတည်းသောဆန္ဒလေးက ဒီမှာ တိတ်တဆိတ် နေချင်ရုံပါပဲ။ ဒါ့အပြင် ဆေးဘုရင်တောင်ကြားဖွင့်ချိန်က အကန့်အသတ်ရှိတယ်။ ပိတ်သွားတဲ့အခါ အဲဒီလူသားအုပ်စုကို အစီအရင်က အလိုအလျောက် ပြန်ပို့လိုက်လိမ့်မယ်။ အဲဒီကာလအတွင်းမှာတော့ မင်းတို့ ပုန်းနေတာ ပိုလုံခြုံလိမ့်မယ်…"

ရှည်လျားသောစကားများစွာကို အဆက်မပြတ်ပြောဆိုပြီးနောက် မှိုဘုရင်ကြီး၏အသံလေးမှာ တဖြည်းဖြည်းတိမ်ဝင်သွားရ၏။

လာရောက်စည်းရုံးသော ဆေးဘုရင်များသည်လည်း လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်နေကြရလေပြီ။ ဤခရီးသည် ဤသို့ အချည်းနှီး ဖြစ်သွားရပါသလော။

၎င်းတို့ထဲမှ သွေးရည်ကြည်မှိုနီက အကြံပေါက်လျက် ဖျတ်ခနဲဝင်ပြောလာသည်။ "မှိုဘုရင်ကြီးက ဒီကိစ္စကို ရိုးရိုးလေးတွေးနေတာပဲ၊ ဒီလောက်ကောက်ကျစ်တဲ့လူသားတွေက အရှင့်ကိုရော လွှတ်ပေးလိမ့်မယ်ထင်ပါသလား? အရှင်က ဆေးဘုရင်‌တောင်ကြားရဲ့ သက်တမ်းအရင့်ဆုံးဖြစ်တည်မှုပါ၊ သူတို့က သေချာပေါက် အရှင့်ကိုမတွေ့တွေ့အောင်ရှာကြမှာမလို့ အိပ်မက်မက်မနေဘဲ အချိန်မီတုန်း တစ်ခုခုလုပ်ဖို့သာ စဥ်းစားပါတော့!"

"အာ? လူသားတွေက ငါ့ကိုရောလာရှာကြမှာလား?" ဤစကားကို ကြားလိုက်ရသော် မှိုဘုရင်ကြီးသည် ပို၍ပင် ကြောက်ရွံ့လာပြီး မြေကြီးထဲသို့ လိုဏ်ခေါင်းတစ်ခေါင်းတူးလျက် ကမ္ဘာဆုံးသည်အထိသာ ဝင်ပုန်းနေလိုက်ချင်တော့သည်။

သွေးရည်ကြည်မှိုနီကက ဆက်ပြောသည်။ "သူတို့က အရှင့်ကိုဖမ်းမိရင် ဘေးပတ်ပတ်လည်ကနေဝိုင်းကြည့်နေပြီး ဘယ်လိုချက်စားရမလဲပဲတွေးနေကြမှာ၊ မဟုတ်ရင်လည်း လူအုပ်ကြီးအလယ်မှာ လေလံတင်ရောင်းချကြမှာပဲ!"

"မလုပ်ပါနဲ့၊ ထပ် မပြောပါနဲ့တော့…" မှိုဘုရင်ကြီးမှာ စိတ်ပိုင်းဆိုင်ရာ လုံးဝပြိုလဲတော့မတတ် ယိုင်နဲ့လို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း တဆတ်ဆတ်တုန်ယင်နေလေပြီ။

လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး လူအုပ်ကြီးမှ ဝိုင်းရံခံထားသည်ကို စဉ်းစားလိုက်ရုံဖြင့် နေရာတွင်ပင်လဲသေချင်စိတ် ပေါက်သွားရတော့၏။

"မှိုဘုရင်ကြီး၊ တကယ်တော့ ဖြေရှင်းနည်းက အရမ်းရိုးရှင်းပါတယ်။ ဒီတစ်ခေါက် လူသားကျင့်ကြံသူတွေထဲမှာ နှိမ်နင်းရအထူးခက်ခဲတဲ့လူတစ်ချို့ ပါနေလို့ပါ၊ အရှင်သာ ရှေ့ထွက်ပြီး အဲ့ခေါင်းဆောင်တွေကို နှိမ်နင်းဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကျန်တာတွေကို ကျွန်တော်တို့ ကြည့်လုပ်လိုက်လို့ အဆင်ပြေပါတယ်!"

မှိုဘုရင်၏အခြေအနေကိုအကဲခတ်ရင်း အချိန်အခါသင့်ပြီဟုထင်သောကြောင့် သွေးရည်ကြည်မှိုနီက အသာချော့ပြောသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ကိုကူညီတာက အရှင့်အသက်ကိုကယ်တင်တာနဲ့ အတူတူပါပဲ။ ပြီးသွားရင် အရှင် ဒီကို ပြန်လာပြီး တစ်သက်လုံးအိပ်လို့ရပြီလေ၊ ကျွန်တော်တို့ လုံးဝထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး!" ကျန်ဆေးဘုရင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလာကြသည်။

မှိုဘုရင်ကြီး တိတ်ဆိတ်သွားပြီး အကျိုးအပြစ်များကို ချိန်ဆနေပုံရ၏။

ခဏကြာပြီးနောက် သူသည် လိုက်လျောခဲ့ရပါသည်။ "ကောင်းပြီလေ၊ ငါ အားအကောင်းဆုံး လူသားခေါင်းဆောင်တွေကိုပဲ ကိုင်တွယ်မယ်၊ ကျန်တာတော့ မင်းတို့အပေါ်မှာ မူတည်တယ်!"

"မှိုဘုရင်ကြီး၊ ကျေးဇူးကြီးမားလှပါတယ်!" ဆေးဘုရင်များသည် ဝမ်းသာအားရခုန်ပေါက်ကာ ကျေးဇူးတင်ကြောင်း ပြောလာကြသည်။

ရွှင်လန်းတက်ကြွလှသော ဤအပြုအမူသည် မှိုဘုရင်ကြီးကို ကြောက်လန့်သွားစေကာ သူ၏ ခန္ဓာကိုယ်လုံးလုံးလေးသည် ကျောက်တိုင်နောက်သို့ ပြန်လည် ကျုံ့ဝင်သွားပြီး အသံတုန်တုန်ဖြင့်ဆိုသည်။ "မင်းတို့၊ ဒီနားမလာနဲ့၊ ငါနဲ့ ဝေးဝေးနေ! ပြီးမှ ငါ့ဘာငါထွက်လာခဲ့လိုက်မယ်!"

"အိုး!"

ဆေးဘုရင်များမှာ ကူကယ်ရာမဲ့စွာဖြင့်သာ တိတ်တဆိတ် ဆုတ်ခွာခဲ့ရတော့၏။

၎င်းတို့ထဲမှ ရောင်းရင်းတစ်ဦးက သက်ပြင်းချကာ ထပြောသည်။ "ဟေ့၊ ဒီပုံစံအတိုင်းသာဆိုရင် သူက အဲဒီလူသားတွေကို တကယ်ရော နှိမ်နင်းနိုင်ပါ့မလား? ငါ သိပ်ပြီးတော့ ယုံကြည်မှုမရှိသလို ခံစားနေရတယ်"

"ဟမ့်၊ ကြောက်တဲ့ပုံပြနေလို့ လျှော့မတွက်လိုက်လေနဲ့နော်။ ဆေးပင်မျိုးနွယ်တောင်ကြားရဲ့ စည်းမျဉ်းတွေအရ မှိုဘုရင်ကြီးရဲ့အဆင့်ဆိုရင် ထုတ်လွှတ်နိုင်တဲ့အင်အားက မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်တယ်တဲ့။ ဒါ့အပြင် သာမန် ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူတွေကများ ဘယ်လောက် အားကောင်းနိုင်မှာတဲ့လဲ? အခြေတည်ထောင်ခြင်းဆေးဘုရင်တွေလောက်ကို အနိုင်ပိုင်းနိုင်တာတော့ဟုတ်ပါပြီ ရွှေအမြုတေအဆင့်ဆေးဘုရင်ဆိုရင်ရော သူတို့ဘယ်လိုကိုင်တွယ်ကြမှာတဲ့လဲ?"

"အဲဒါက အဓိပ္ပာယ်ရှိတယ်။ ဒီသတင်းကို ငါဖြန့်လိုက်ရင် ဆေးပင်မျိုးနွယ်တွေအားလုံး ပြန်လည်စည်းလုံးညီညွှတ်လာကြပြီး အဲဒီလူသားကျင့်ကြံသူအုပ်စုကို တိုက်ခိုက်ကြလိမ့်မယ်!"

All Chapters